အခန်း ၂၇၁
Viewers 43k

အခန်း (၂၇၁) - ပျော်ရွှင်စရာကောင်းသော ဘဝ၏ နောက်ကွယ်


လောင်အာ့၏ ရလဒ်က မရောက်လာသေးသော်လည်း လေကြီးမိုးကြီးကတော့ ရောက်ရှိလာခဲ့သည်။ 


ခုနစ်ရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရပ်တန့်သွားခဲ့သည်။ လောင်အာ့၏ ရလဒ်တွေလည်း ထွက်လာပြီ။ 


ကောင်တီခရိုင်၏ ပထမနေရာ ဖြစ်သည်။ သင်္ချာရမှတ်နှင့် အင်္ဂလိပ်စာရမှတ်များက သူ့ကို ခရိုင်ဒုတိယနေရာ၏ရမှတ်နဲ့ အမှတ် ၅၀ ကွာခြားစေခဲ့သည်။ 


ကောင်တီခရိုင်အထက်တန်းကျောင်း၏ အဖွဲ့အစည်းနှင့် သူတို့၏ ရပ်ရွာအလယ်တန်းကျောင်း နှစ်ခုစလုံးက ပညာသင်ဆု ချီးမြှင့်ခဲ့သည်။ 


လင်းချင်းဟယ်သည် ဤပညာသင်ဆု၏ တစ်ဝက်ကို သိမ်းဆည်းခဲ့သည်။ ကျန်တစ်ဝက်ကို လောင်အာ့အတွက် သူ့ဘာသာသူ စီမံခန့်ခွဲရန် ချန်ထားခဲ့သည်။ 


လောင်စန်းက အရမ်းစိတ်လှုပ်ရှားနေသည်။ “လောင်အာ့… မင်း ငါ့ကို ဘောလုံးတစ်လုံး ဝယ်ပေးလို့ရတယ်။”


ဘောလုံးအဟောင်းသည် ဟောင်းနွမ်းစုတ်ပြတ်နေပြီး နောက်ထပ် ကစားလို့ မရနိုင်တော့ပေ။ သူသည် ဘောလုံးအသစ်တစ်လုံးကို အသည်းအသန် လိုချင်နေသဖြင့် ၎င်းကို ဝယ်ရန် ပိုက်ဆံစုနေသည်။ 


သူ့မှာ မုန့်ဖိုးရှိသည်။ ဥပမာအားဖြင့် သူ့အမေက ကောလိပ်မတက်ခင်၌ မုန့်ဖိုး သုံးယွမ် ပေးခဲ့သည်။ အားလုံးကို သူ သိမ်းဆည်းထားခဲ့သည်။ 


တခါတရံ သူ အဟောင်းအစုတ်အချို့ကို ကောက်ယူရန် သွားခဲ့ပြီး ၎င်းတို့ကို ငွေအနည်းငယ်ဖြင့် လဲလှယ်ခဲ့သည်။ သွားတိုက်ဆေးဗူးအခွံကိုလည်း ပိုက်ဆံဖြင့် လဲလှယ်နိုင်သည်။ ဒါတောင် သူက အများကြီး မစုဆောင်းမိဘူး။ 


“ပိုက်ဆံမရှိဘူး။ ငါ စာလေ့လာဖို့ သင်ထောက်ကူပစ္စည်းတွေ ဝယ်ချင်တယ်။ ငါလည်း ဟိုရောက်ရင် ဘတ်စကတ်ဘော ဝယ်ချင်တယ်။” လောင်အာ့က ပြန်ဖြေသည်။ 


“မင်းမှာ အများကြီးရှိနေတာပဲ။ ငါ အများကြီး မလိုချင်ပါဘူး။ ဆယ်ယွမ်လောက်ပဲ ပေးပါ။” လောင်စန်းက သူ့ကို ဖက်တွယ်ထားရင်း ပြောလိုက်သည်။ 


နောက်ဆုံးမှာတော့ လောင်အာ့သည် တွန့်ဆုတ်စွာဖြင့် သူ့အား ငါးယွမ် ပေးလိုက်သည်။ လောင်စန်းသည် သူ စုထားသည့်မုန့်ဖိုးများကို ထုတ်ယူလိုက်ပြီး သူ့အမေကို သွားရှာသည်။ 


လင်းချင်းဟယ်က ပိုက်ဆံကို လက်ခံလိုက်ပြီး “နောက်တစ်ခါ မင်းအတွက် ဝယ်ပေးခဲ့မယ်။” ဟူ၍ သဘောတူလိုက်သည်။ 


လောင်စန်းက ကျေနပ်သွားသည်။ 


လင်းချင်းဟယ်သည် သူ့သားတွေကို ပိုက်ဆံကိစ္စတွင် တင်းကျပ်ခြင်း မရှိသော်လည်း သူမသည် အလွန် ရက်ရောသူလည်း မဟုတ်ပေ။ များစွာသော ကိစ္စများတွင် သူတို့ကို ငွေရှာရန် သူတို့၏ ဦးနှောက်အား အသုံးပြုကာ နည်းလမ်းရှာစေခဲ့သည်။ 


မရိုးဖြောင့်သော နည်းလမ်းများကို အသုံးမပြုသရွေ့ သူမသည် ယေဘုယျအားဖြင့် ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ 


ယောကျ်ားလေးတွေအတွက်တော့ သူတို့ကို ကြမ်းကြမ်းတမ်းတမ်း ပြုစုပျိုးထောင်ရန် လိုအပ်သည်။ 


ရွာကလူတွေ၏အမြင်မှာတော့ သူမသည် ကလေးတွေကို အလိုလိုက် ဖျက်ဆီးနေသည်ဟု ထင်မြင်ကြသည်။ 


ထိုနေ့ကျော်လွန်သွားသည့်နှင့်တပြိုင်နက် လောင်အာ့သည် သူ့အတန်းအတွက် ကြိုတင်စတင်လေ့လာတော့သည်။ 


အထက်တန်းကျောင်းက အခုချိန်တွင် အလုပ်ရှုပ်နေသည်။ လောင်အာ့ ကျောင်းတက်ရမည့်အချိန်သည် သြဂုတ် ၁၅ ရက်နေ့တွင် ဖြစ်သည်။ 


လင်းချင်းဟယ်က သူ့ကို ကျိုးရှောင်မိန်၏နေရာတွင် နေထိုင်ရန် ခေါ်လာခဲ့သည်။ လမ်းခရီးတွင် အဝတ်အစားနှင့် ရေချိုးခန်းသုံးပစ္စည်းများကို ဝယ်ပေးခဲ့သည်။ 


“နောက်နှစ်မှာ အမေ မင်းအတွက် လျှပ်စစ်ပန်ကာတစ်လုံး ပြန်ယူလာပေးမယ်။” လင်းချင်းဟယ်က ပြောသည်။ 


“မလိုပါဘူး။ နည်းနည်းသည်းခံလိုက်ရင် အဆင်ပြေသွားမှာပါ။ နှစ်နှစ်ပဲ တက်ရမှာ။ အဲဒီပိုက်ဆံကို သုံးစရာ မလိုပါဘူး။” လောင်အာ့က စိတ်မဝင်စားချေ။ 


သားသုံးယောက်ထဲမှ ဒီကလေးသည် သူမနဲ့ အတူဆုံးဖြစ်ပြီး အတော်ဆုံး အလိမ္မာဆုံးလည်း ဖြစ်သည်။ 


လင်းချင်းဟယ်က ပြုံးလိုက်သည်။ သူမသည် ဒီကိစ္စနဲ့ ပတ်သက်ပြီး သူနဲ့ မငြင်းခုံတော့ပေ။ ပစ္စည်းများချရန် ကျိုးရှောင်မိန်၏နေရာသို့ ရောက်ရှိလာပြီးနောက် သူမသည် လောင်အာ့ကို အေးအေးလူလူ လျှောက်ပတ်ကြည့်ရန် အပြင်သို့ ခေါ်သွားခဲ့သည်။ 


လောင်အာ့သည် ကောင်တီခရိုင်မြို့တွင် သူစိမ်းတစ်ယောက် မဟုတ်ပေ။ မကြာခဏ မရောက်ဖူးသော်လည်း ဤနေရာတွင် သူ့အစ်ကိုကြီး ကျောင်းတက်နေချိန်၌ သူ အလည်လာဖူးခဲ့သည်။ 


ကျိုးရှောင်မိန်၏အိမ်က ကျောင်းနဲ့ သိပ်မဝေးပေ။ လမ်းလျှောက်လျှင် ၁၅ မိနစ်ခန့်သာ ကြာမည်ဖြစ်သောကြောင့် သူမသည် လောင်အာ့ကို လမ်းလျှောက်သွားစေသည်။ 


ဒီတစ်ခါတော့ သူမသည် ကျိုးရှောင်မိန်၏အိမ်၌ ထမင်းစားလိုက်သည်။ စုတာ့လင်း၏ ဟင်းချက်လက်ရာက အရသာရှိသည်။ လောင်တက တစ်ချိန်လုံး ချီးမွမ်းလေ့ရှိသည်။ ပေးထားသည့် စားဝတ်နေရေးစရိတ်ကလည်း လုံလောက်သည်။ 


“အန်တီ… လောင်အာ့…” သားအမိနှစ်ယောက် လမ်းလျှောက်သွားနေစဉ်တွင် သူတို့၏အနောက်မှ အံ့သြတကြီး အော်ခေါ်သံ ထွက်လာသည်။ 


လင်းချင်းဟယ်နှင့် လောင်အာ့တို့ လှည့်ကြည့်လိုက်သောအခါ အသိမိတ်ဆွေတစ်ယောက်ကို တွေ့လိုက်ရသည်။ 


အင်း… ဒါက ဟန်ရှုကျယ် မဟုတ်ဘူးလား။ 


လင်းချင်းဟယ်သည် ဟန်ရှုကျယ်နှင့် ပတ်သက်၍ သူမ၏ နိုးကြားသတိရှိမှုကို လုံးလုံးလျားလျား စွန့်လွှတ်လိုက်ပြီဟု ယူဆနိုင်သည်။ နောက်ဆုံးတော့ သူမ၏သားကြီးက တက္ကသိုလ်တက်ပြီး အနာဂါတ်မှာ စစ်တပ်ထဲ ဝင်တော့မည်။ ထို့ကြောင့် သူသည် ယခင်ဘဝနှင့်တူညီသော လမ်းကြောင်းကို လျှောက်လှမ်းတော့မည် မဟုတ်ပေ။


လုံးဝ စိုးရိမ်စရာ မရှိတော့ပေ။ 


“ရှုကျယ်” လင်းချင်းဟယ်သည် အမျိုးသားဇာတ်လိုက်ဖြစ်သူ ဟန်ရှုကျယ်ကို တွေ့ရတော့ ဝမ်းသာသွားသည်။ 


“အစ်ကိုရှုကျယ်” လောင်အာ့ကလည်း အော်ဟစ်နှုတ်ဆက်လိုက်သည်။ 


“အန်တီ… လောင်အာ့… ဒီကို ဘယ်လိုလုပ်ရောက်နေကြတာလဲ။” ဟန်ရှုကျယ်က အနားသို့ လျှောက်လာပြီး အပြုံးလေးဖြင့် မေးလိုက်သည်။ 


“မနက်ဖြန်ဆို သူက ကျောင်းစတက်ရတော့မယ်လေ။ ဒါကြောင့် ဒီနားတစ်ဝိုက်ကို ရင်းနှီးကျွမ်းဝင်နေအောင် အရင်လာခဲ့လိုက်တာ။” လင်းချင်းဟယ်က ပြုံးပြရင်း ပြန်ဖြေလိုက်သည်။ 


“အဲဒါကို ကျွန်တော် မစဉ်းစားမိဘူး။ ဒီနှစ်တော့ လောင်အာ့က အထက်တန်းပထမနှစ် တက်ရတော့မှာပေါ့။” ဟန်ရှုကျယ်သည် ထိုအခါမှ သဘောပေါက်သွားသည်။ 


“ဒီနှစ် ပြန်လာဖို့ အချိန်ရတာလား။” လင်းချင်းဟယ်က မေးလိုက်သည်။ 


“ကျွန်တော်က နှစ်တိုင်း ပြန်လာတယ်။ ကျိုးခိုင်ကော ဒီနှစ် မပြန်လာဘူးလား။” ဟန်ရှုကျယ်က မေးသည်။ 


လင်းချင်းဟယ်က ပြောလိုက်သည်။ “သူ ပြန်မလာဘူး။ မြို့တော်မှာ လျှောက်ပတ်ပြီး စူးစမ်းလေ့လာနေတယ်။ ရှန်းယန်မှာ မင်းကို သွားတွေ့ချင်တဲ့အကြောင်း အန်တီကို သူ ပြောသေးတယ်။” 


အမျိုးသားဇာတ်လိုက်အနေဖြင့် ဟန်ရှုကျယ်သည် ရည်မွန်သော ထိပ်တန်းကျောင်းသား တစ်ဦး ဖြစ်သည်။ သူက ရှန်းယန်ရှိ အကောင်းဆုံး ရဲသင်တန်းကျောင်းသို့ တိုက်ရိုက်တက်ရောက်ခွင့် ရခဲ့သည်။ သို့သော်လည်း ဟန်ရှုကျယ်သည် မိသားစုကို အလေးပေးသောသူ ဖြစ်သည်မှာ သိသာထင်ရှားလှသည်။ 


နောင်မှာလည်း သူ့မွေးရပ်မြေသို့ ပြန်လာမည် ဖြစ်သည်။ 


ပုံမှန်ဖြစ်ရပ်များအရ သူသည် ၁၉၈၁ ခုနစ်တွင် ဘွဲ့ရပြီး ၁၉၈၃ ခုနစ်၌ ဖြိုခွင်းတိုက်ခိုက်မှုအတွင်း လေးစားအောင်မြင်မှုများစွာကို လက်ခံရရှိခဲ့သည်။ ထို့နောက်တွင် သူသည် တိုးတက်လာပြီး မြူနီစီပယ်မြို့တော်တွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည် ဖြစ်သည်။ 


မြူနီစီပယ်မြို့တော်သာ ဖြစ်သော်လည်း အဆင့်ကတော့ မနိမ့်လှပေ။ ထို့အပြင် ၎င်းသည် သူ အသက် သုံးဆယ်အရွယ်တွင် ရရှိခဲ့သော အောင်မြင်မှုတစ်ခုပင် ဖြစ်သည်။ အသက် သုံးဆယ်ကျော်သောအခါတွင် သူသည် ပို၍ပင် ကြီးပွားချမ်းသာလာပြီး ပြည်နယ်အဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်။ 


လင်းချင်းဟယ်သည် သူမရှေ့က လူငယ်ကို ကြည့်လိုက်သည်။ သူမသည် စိတ်ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။ “ကျိုးခိုင်က နောင်ကျရင် စစ်တပ်ထဲ ဝင်လိမ့်မယ်။ မင်းလည်း ဒီအလုပ်အကိုင်ကို လုပ်နေတယ်။ မင်းတို့နှစ်ယောက်က တကယ့်ကို ညီနောင်ကောင်းတွေပဲ။”


အမျိုးသားဇာတ်ဆောင်က ဖြောင့်မတ်သည်။ သူတို့တွေ ပိုပြီး ပတ်သက်ဆက်နွယ်နိုင်သည်။ အရပ် ၅ပေ ၉လက်မ (1.8 မီတာ)ရှိသော လူငယ်လေးသည် သူမ၏ အကြီးဆုံးသားကဲ့သို့ပင် ထူးချွန်ထက်မြက်ပေသည်။ 


သို့သော်လည်း လင်းချင်းဟယ်သည် အခုထိ မပေါ်လာသေးသော မင်းသမီးကို ကြောက်မိသည်။ 


အထူးသဖြင့် သူမသည် သူမ(လင်းချင်းဟယ်)၏ တတိယမြောက်သားနှင့် အမျိုးသားဇာတ်ဆောင်ကြား လူးလားခတ်ပြောင်းလဲနေသည့် ညှို့ယူဆွဲဆောင်နိုင်သော အမျိုးသမီး ဖြစ်သောကြောင့် အထူးကြောက်လန့်နေမိသလိုပင်။ ထို့ကြောင့် အရမ်းရင်းနှီးသော ဆက်ဆံမှုမျိုးကို မလိုချင်ပေ။ 


အမွှေးတိုင်ဖြင့် ဆုတောင်းလို့ရလျှင်တော့ ပိုကောင်းပေလိမ့်မည်။ 


ဟန်ရှုကျယ်က ရယ်မောပြီး “သူ စစ်တပ်က ထွက်လာရင် သူနဲ့ ကျွန်တော် မှတ်တမ်းတွေကို နှိုင်းယှဉ်ပြလိုက်မယ်။”


လုပ်စရာတွေ ရှိနေသေးသဖြင့် သူတို့သည် တခဏသာ စကားစမြည်ပြောပြီးနောက် သူ ပြန်သွားခဲ့သည်။ 


လင်းချင်းဟယ်က သူ့ကို ပြန်ခွင့်ပြုလိုက်သည်။ လောင်အာ့ကို ကျောင်းနှင့်အနီးတဝိုက်နေရာများအား လှည့်ပတ်ကြည့်ရှုစေပြီးနောက် သူမသည် လောင်စန်းအတွက် ဘောလုံးဝယ်ရန် ကုန်တိုက်သို့ ရောက်ရှိလာခဲ့သည်။ 


ထို့အပြင် သူမသည် သကြားလုံးနှစ်ထုပ်ကို ဝယ်ပြီး လောင်အာ့ကို တစ်ထုပ် ပေးလိုက်သည်။ သူ့ဝမ်းကွဲညီများဖြင့် မျှဝေစားဖို့ ယူသွားရန် သူမက သူအား ပြောလိုက်သည်။ တခြားတစ်ထုပ်ကို လောင်စန်းအတွက် သူမ ချန်ထားခဲ့သည်။ 


“ကြိုးကြိုးစားစား လေ့လာသင်ယူပြီး နေ့တိုင်း တိုးတက်လာအောင်လုပ်၊ ဒါဆို အမေ အခု ပြန်တော့မယ်။” လင်းချင်းဟယ်က လက်ဝှေ့ယမ်းပြပြီး ပြောလိုက်သည်။ 


“အမေ… သတိထားပြန်နော်။” လောင်အာ့က ပြန်လည်လက်ပြနှုတ်ဆက်ပြီး သူ့အဒေါ်အိမ်ထဲသို့ ဝင်သွားလိုက်သည်။ 


လင်းချင်းဟယ် အိမ်ပြန်ရောက်သောအခါ လောင်စန်းကို ဘောလုံးပေးကာ ပြောလိုက်သည်။ “အိမ်မှာ သကြားလုံးတွေ ချန်ထားခဲ့မယ်။ ကိုယ့်ဘာသာ ယူစားလိုက်။”


“သိပါပြီ။” လောင်စန်းက ပြန်ဖြေသည်။ သူက ဘောလုံးကို ပွေ့ပိုက်ရင်း အပြင်ပြေးထွက်ပြီ ဖြစ်သည်။ 


အမေကျိုးက “အခု သူ့မှာ ဒီဘောလုံးရှိသွားတော့ တစ်နေ့လုံး အိမ်မှာမရှိမှာကို စိုးရိမ်မိတယ်။” ဟု ပြောလာသည်။


“ကလေးတွေ ကြီးပြင်းလာတာနဲ့အမျှ ဒီလိုပါပဲ။ ကျွန်မတို့မိခင်တွေ အနေနဲ့ သူတို့ကို ပြုစုပျိုးထောင်ဖို့ပဲ လိုအပ်တာပါ။ တစ်သက်လုံး စိုးရိမ်စိတ်ပူပေးနေစရာ မလိုပါဘူး။ ကျန်တဲ့ဘဝခရီးလမ်းကို သူတို့ကိုယ်တိုင် လျှောက်လှမ်းကြပါစေ။ သူတို့တွေ ကျွန်မတို့ကို လိုအပ်တဲ့အခါ အကြံဉာဏ်တောင်းခံဖို့ ကျွန်မတို့ဆီ ရောက်လာကြမှာပဲ။” လင်းချင်းဟယ်က ပြန်ဖြေသည်။ 


အနည်းငယ် ဒုက္ခပေးတတ်သော မုန်လာဥဖြူလေးတွေ မျက်စိတစ်မှိတ်အတွင်း ကြီးပြင်းလာသည့်အကြောင်းနှင့် ပတ်သက်၍ သူမ လွမ်းမောတသသ ဖြစ်နေမိသော်လည်း ဒါက ဘဝပင်။


တစ်ခါတစ်ရံ စိတ်ထိခိုက်သောအခါ သူမသည် လှပသော အချိန်အခိုက်အတန့်များကို ပြန်အမှတ်ရမိသည်။ 


အမေကျိုးက ပြုံးပြီး ပြောလာသည်။ “နင့်အဖေနဲ့ ငါက အများကြီး စိုးရိမ်ကြောင့်ကြခဲ့ရတယ်။” 


“ကျွန်မ ပိုက်ဆံတွေအားလုံး သုံးဖြုန်းလိုက်မှာကို စိုးရိမ်တာလား။ ပြီးတော့ ကောင်လေးတွေ အနာဂါတ်မှာ ဇနီးမယားတစ်ယောက်ကို လက်မထပ်နိုင်မှာ စိုးရိမ်နေတာလား။” လင်းချင်းဟယ်က မေးသည်။ 


“ဟုတ်တယ်။ အဲဒီအချိန်တုန်းက ငါ အဲအကြောင်းနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်ပူနေခဲ့တာ။ နင့်အဖေရော ငါရော ကောင်းကောင်း အလုပ်လုပ်နိုင်တုန်းမှာ ပိုက်ဆံများများရှာပြီး စုဆောင်းထားဖို့ စဉ်းစားခဲ့ကြတာ။” အမေကျိုးက ပြုံးရယ်ရင်း ပြောလာသည်။ 


“အဲဒီအချိန်တုန်းက ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြန်စတော့မယ်လို့ ကျွန်မ ခန့်မှန်းမိတယ်။ ဒါပေမယ့် ဘယ်သူမှ မယုံမှာကို စိုးရိမ်မိတဲ့အတွက် ကျွန်မ ဘာမှ မပြောခဲ့တာ။” လင်းချင်းဟယ်က ရှင်းပြသည်။ 


“အဲဒီတုန်းက အခြေအနေနဲ့ဆိုရင် ဘယ်သူမှ ယုံကြမှာမဟုတ်ဘူး။” အမေကျိုးက သဘောတူသည်။ 


“အနာဂါတ်မှာ ဖွံ့ဖြိုးတိုးတက်မှုတွေက ပိုကောင်းသထက် ကောင်းလာမှာ။ အရင်ကနဲ့ တူတော့မှာ မဟုတ်ဘူး။ အမေ…အဖေရော အမေရော နှစ်ယောက်စလုံး ကျန်းမာရေးကို ဂရုစိုက်ရမယ်။ နောင်တစ်ချိန်မှာ စိတ်ချမ်းမြေ့ ပျော်ရွှင်စရာကောင်းတဲ့ဘဝကို ရလာလိမ့်မယ်။” လင်းချင်းဟယ်က ပြောသည်။