အခန်း (၂၇၀) - အထက်တန်းကျောင်း ဝင်ခွင့်စာမေးပွဲ
နောက်တစ်ကြိမ်၌ တစ်ချို့ကို ယူပြန်လာပေးဖို့ ရှန်းယွီ၏ တောင်းဆိုချက်ကို သဘောတူပြီးနောက် လင်းချင်းဟယ်သည် ကျိုးရှောင်မိန်၏နေရာသို့ ရောက်ရှိလာခဲ့သည်။
သူမက ဖရဲသီးနှစ်လုံးကို ဝယ်ခဲ့သည်။ တစ်လုံးကို ကျိုးရှောင်မိန်အား ပေးလိုက်သည်။
“စတုတ္ထမရီး… ဘယ်နေ့က ပြန်ရောက်တာလဲ။” ကျိုးရှောင်မိန်က အလွန် အံ့သြသွားသည်။
သူမသည် ယခုလကတည်းက အလုပ်မသွားဘဲ အိမ်မှာနေကာ ကိုယ်ဝန်ကို စောင့်ရှောက်နေခဲ့သည်။ ယခု သူမ၏ကိုယ်ဝန်သည် ခုနစ်လနီးပါး ရှိနေပြီဖြစ်ပြီး သေးငယ်လှတော့သည် မဟုတ်ပေ။
“နွေရာသီ ကောက်ရိတ်သိမ်းချိန်အတောအတွင်း အပြေးအလွှား ပြန်လာခဲ့တာ။ အဲဒီတုန်းက အနီးအနားရွာကို ပြန်မယ့် လယ်ထွန်စက်တစ်စီးလည်း လမ်းကြုံရှိနေတာနဲ့ ချက်ချင်းပဲ အပြန်လိုက်သွားလိုက်တာ။ နင့်ကို ပြောဖို့ အချိန်မရလိုက်ဘူး။” လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။
“စတုတ္ထဒေါ်လေး… ကျွန်တော်တို့မိသားစုမှာလည်း ဖရဲသီးအကြီးကြီးတစ်လုံး ရှိတယ်။ နှစ်လုံးစလုံးကို ဒုတိယအစ်ကိုနဲ့ တစ်ခြားသူတွေ စားရအောင် ပြန်ယူသွားလိုက်ပါ။” စုချန်းက ပြောသည်။
သူက မူလတန်းကျောင်းတက်နေပြီ ဖြစ်သည်။ သူသည် အလွန်ထက်မြက်ပြီး စဉ်းစားချင့်ချိန်တတ်သူ ဖြစ်သည်။
ဒါ့အပြင် သူသည် သူ၏ဝမ်းကွဲအစ်ကိုများဖြစ်သော လောင်အာ့နှင့် လောင်စန်းတို့နှစ်ယောက်နှင့်လည်း ရင်းနှီးခဲ့သည်။ ငယ်ငယ်တုန်းက ဇာတိမြို့မှာ နေခဲ့ရသည့် နေ့ရက်များကို အခုထိတိုင်အောင် သူ သတိရနေဆဲဖြစ်သည်။
“ဒီနေ့ တာ့လင်းလည်း တစ်လုံး ဝယ်ခဲ့တယ်။ မီးဖိုချောင်ထဲမှာ ထား,ထားတယ်။ ခွဲမစားရသေးဘူး။” ကျိုးရှောင်မိန်က ပြုံးပြရင်း ပြောလိုက်သည်။
ထို့နောက် သူမသည် သူမ၏ စတုတ္ထမရီးအား ဧည့်ခံကျွေးမွေးရန် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး ဖရဲသီးကို ခွဲလိုက်သည်။
“အပင်ပန်းမခံပါနဲ့။ ငါ့ဘာသာ လုပ်လိုက်မယ်။” လင်းချင်းဟယ်သည် သူမ၏ကိုယ်ဝန်ကို လှမ်းကြည့်လိုက်သည်။ သူမက အမှန်တကယ်ပင် ဒီတိုင်းထိုင်နေပြီး ကျိုးရှောင်မိန်အား သူမကို ဧည့်ခံခွင့် မပေးရဲပါဘူး။
ထို့ကြောင့် သူမသည် အထဲဝင်သွားကာ ဖရဲသီးကို သူမကိုယ်တိုင် ခွဲလိုက်သည်။
“ဖရဲသီးက အေးတယ်… လျော့စားနော်။” လင်းချင်းဟယ်က သူမကို ပြောလိုက်သည်။
ကျိုးရှောင်မိန်က ပြောသည်။ “စတုတ္ထမရီး… ကျွန်မ အလုပ်ပြုတ်သွားပြီ။”
“အလုပ်ပြုတ်သွားရင်လည်း ပြုတ်တယ်ပဲ ထားလိုက်တော့ပေါ့။ တစ်လကို ယွမ်သုံးဆယ်က မများပါဘူး။” လင်းချင်းဟယ်က သူမလက်ကို ဝှေ့ယမ်းပြီး ဂရုမစိုက်ဟန်ဖြင့် ပြောသည်။ သူမသည် စုချန်းကို ကြည့်ကာ “လာ… ဖရဲသီးလာစား…။ ဒေါ်လေး ယူလာတဲ့ဖရဲသီးကို သားတို့အဖေ စားဖို့ သိမ်းထားလို့ ရတယ်။”
စုချန်းသည် ဖရဲသီးကို ကောက်ယူပြီး စားလိုက်သည်။
“စတုတ္ထမရီး… အစ်မ ချမ်းသာလာပြီလား။” ကျိုးရှောင်မိန်ကလည်း ဖရဲသီးတစ်စိတ်ကို လှမ်းယူရင်း မေးလိုက်သည်။
တစ်လကို ယွမ်သုံးဆယ်တောင်……။ အဲဒါက တကယ်အများကြီးပဲ။
“ဘယ်လိုလုပ်ပြီး ချမ်းသာတယ်လို့ ဆိုရမှာလဲ။ တစ်လ ယွမ်သုံးဆယ်က သိပ်မများပါဘူး။ နင်သာ ငါ ပြောတာ နားထောင်မယ်ဆိုရင် ကလေးကိုပဲ သေသေချာချာ ဂရုစိုက်ပြီးမွေး…။ ကျန်တာအားလုံး ဘာမှစိတ်ပူနေစရာ မလိုဘူး။ အချိန်တန်ရင် နင်ရဲ့စတုတ္ထမရီးက နင့်ကို ဆွဲခေါ်သွားပေးမယ်။ နင်က ပိုက်ဆံကို ရေတွက်နေဖို့ပဲ လိုအပ်မယ်။ အဲကိစ္စနဲ့ ပတ်သက်ပြီး ဘာမှစိုးရိမ်မနေနဲ့။” လင်းချင်းဟယ်က ပြန်ဖြေသည်။
ထိုစကားကို ကြားသောအခါ ကျိုးရှောင်မိန်သည် ရယ်မောလိုက်ပြီး “စတုတ္ထမရီး… အစ်မက ကျွန်မကို စိတ်ချမ်းသာပျော်ရွှင်အောင် အရမ်းပြောတတ်တာပဲ။”
“နင် ပျော်ရွှင်နေသရွေ့ပေါ့။ နင် အားရင် ကလေးတွေကို အပြင်ခေါ်ပြီး လမ်းများများလျှောက်ပေး… အိမ်ထဲမှာပဲ နေ မနေနဲ့ဦး။ မွန်းကြပ်စရာကောင်းတယ်။” လင်းချင်းဟယ်က အကြံပေးသည်။ ထို့နောက် သူမက မေးလိုက်သည်။ “နောက်တစ်ခါ ပြန်လာတဲ့အခါကျရင် ငါ နင့်အတွက် လျှပ်စစ်ပန်ကာ ယူလာပေးရမလား။”
မြို့ပေါ်၌ လျှပ်စစ်မီး ရနေပြီ ဖြစ်သော်လည်း ကျိုးရှောင်မိန်တွင် လျှပ်စစ်သုံးပစ္စည်းအသုံးအဆောင်များ မရှိသေးချေ။
“အဲဒါက အရမ်းဈေးကြီးတယ်။ ဝယ်ဖို့ မလွယ်လောက်ဘူး။ ပြီးတော့ အဆယ်အသွယ်တွေလည်း အများကြီး လိုသေးတယ်။” ကျိုးရှောင်မိန်က ခေါင်းခါရင်း ပြောလိုက်သည်။
“ဟုတ်တယ်… အဲဒါက တော်တော်လေး ဈေးကြီးတယ်။” လင်းချင်းဟယ်က ပြန်ဖြေသည်။
ဤအချိန်၌ လျှပ်စစ်သုံး ပစ္စည်းအသုံးအဆောင်များသည် အမှန်တကယ်ပင် ဈေးကြီးလှသည်။ ရေခဲသေတ္တာတစ်လုံးသည် ယွမ်ထောင်ပေါင်းများစွာ ကုန်ကျကြောင်း သူမ ကြားသိရသည်။ ဒါ့အပြင် ယခု နေအိမ်အဆောက်အအုံတွေက ဘယ်လောက်တန်ကြေး ရှိနေမည်နည်း။
“အနာဂါတ်မှာ မရီးက မြို့တော်မှာ အခြေချနေထိုင်တော့မယ်။ ကျွန်မလည်း အဲဒီကို လာပြီး မရီးနဲ့အတူ အခြေချဖို့ စီစဉ်ထားတယ်။ အခုလက်ရှိ ကျွန်မလက်ထဲမှာ ရှိနေတဲ့ပိုက်ဆံအားလုံးကို သိမ်းဆည်းထားတယ်။” ကျိုးရှောင်မိန်က ဆိုသည်။
အိမ်နှင့်ဝေးကွာသောအခါ ပိုက်ဆံများများ ယူဆောင်သွားခြင်းက ပို၍စိတ်ချယုံကြည်ရကြောင်း သူမလည်း နားလည်သဘောပေါက်ထားသည်။
လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။
ဒီအချိန်မှာ စုတာ့လင်းသည် အလုပ်မှာ ရှိနေပြီး လင်းချင်းဟယ်က အကြာကြီး မနေခဲ့ပေ။ သူမသည် ဖရဲသီးတစ်လုံးကို ချန်ထားခဲ့သည်။ သို့သော် ကျိုးရှောင်မိန်က ပြန်ယူလာပြီး “ အိမ်မှာ လူအများကြီး ရှိနေတာ… အိမ်မှာစားဖို့ ပြန်ယူသွားလိုက်ပါ။ ဒီမှာ မရှိတာလည်း မဟုတ်ဘူးလေ “
“စတုတ္ထဒေါ်လေး… အဲဒါကို ပြန်ယူသွားပြီး ဒုတိယအစ်ကိုနဲ့ တခြားသူတွေကို ကျွေးလိုက်ပါ။ ဒီနှစ်ဆို ဒုတိယအစ်ကိုက အထက်တန်းပထမနှစ် တက်ရတော့မယ်။ ကျွန်တော်တို့အိမ်မှာ နေပြီး ကျွန်တော်နဲ့အတူ လာအိပ်ဖို့ ဒုတိယအစ်ကိုကို ပြောပေးပါဦး။” စုချန်းက ပြောသည်။
“ကောင်းပြီ။” လင်းချင်းဟယ်က ပြုံးပြီး စက်ဘီးစီးကာ ပြန်ခဲ့သည်။
သူမ၏ လောင်အာ့က ယခုနှစ်တွင် အထက်တန်းပထမနှစ် တက်ရောက်ရတော့မည်ကို သူမ သတိမထားမိခဲ့ပေ။ ထို့ကြောင့် သူမ ယူဆောင်လာသမျှ လျှပ်စစ်ပန်ကာအားလုံးကို ရောင်းချပြီးသွားပြီ။ မဟုတ်ပါက ရှောင်မိန်၏နေရာ၌ ပန်ကာတစ်လုံးကို ထားခဲ့ရလျှင် ဘယ်လောက် ကောင်းလိုက်မလဲ။
မြို့ထဲက ဘန်ကလိုလေးတွေက အဆင်ပြေပေမယ့် အရမ်းလှောင်ပိတ်လွန်းသည်။ ကျေးလက်၏ ရိုးသားပွင့်လင်းမှုနှင့် ယှဉ်လို့မရပါဘူး။
နောက်တစ်ခေါက်မှ သူမ ပန်ကာတစ်လုံးကို ပြန်ယူလာတော့မည်။
လင်းချင်းဟယ်သည် ဖရဲသီးနှစ်လုံးကို ယူလာသည်။ သူမသည် ရွာကို ချက်ချင်း ပြန်မသွားပေ။ သူမသည် လမ်းလွှဲကာ သူမ၏ တတိယမောင်လေးထံသို့ သွားပြီး တစ်လုံး ပေးလိုက်သည်။
သူမ၏မောင်လေးနှင့် ယောက်မနှစ်ယောက်စလုံးသည် လယ်ကွင်းထဲတွင် အလုပ်လုပ်နေကြသည်။ အိမ်မှာ မိန်းကလေးနှစ်ယောက်တည်းပဲ ရှိနေသည်။ လင်းချင်းဟယ်သည် ဖရဲသီးပေးပြီးနောက် ပြန်လာခဲ့သည်။
လင်းချင်းဟယ် အိမ်ပြန်ရောက်သောအခါ ဝူနီနှင့် ကျိုးယန်တို့ နှစ်ယောက်စလုံး ခြံထဲတွင် စာကျက်နေကြသည်။ လင်းချင်းဟယ်သည် အရာအားလုံးကို ခဏဘေးဖယ်ထားပြီး သူတို့ကို စစ်ဆေးရန် သွားလိုက်သည်။ သူမသည် မေးခွန်းနှစ်ခုကို ရှင်းပြပြီး နောက်ထပ်မေးခွန်းသုံးခုကို သူတို့တွေ ဖြေဆိုရန် ပေးလိုက်သည်။
ထိုမေးခွန်းသုံးခုကို မဖြေခင်မှာ မနေ့က အတန်းပြီးချိန်တွင် အလွတ်ကျက်ရန် လင်းချင်းဟယ် ပြောထားသည့် အင်္ဂလိပ်စကားလုံးများအား သူတို့ကို ချရေးခိုင်းလိုက်သည်။
သူမသည် သူတို့ကိုယ်တိုင် အဖြေစစ်ဆေးခွင့် ပေးလိုက်သည်။
ဝူနီက နှစ်ခု မှားခဲ့ပြီး ကျိုးယန်ကတော့ တစ်ခုသာ မှားခဲ့သည်။
လင်းချင်းဟယ်သည် သူတို့၏ အရည်အချင်းပေါ် အခြေခံ၍ စကားလုံးငါးလုံးကိုသာ ပေးခဲ့သည်။ ပြန်ရေးရမည့် ယခင်က အလွတ်ကျက်ထားသော စာလုံးများလည်း ရှိသည်။ အမှားများလည်း ရှိနေဆဲ ဖြစ်သည်။
“မှားတာတွေကို ဆယ်ခါ ပြန်ရေးမယ်။ မနက်ဖြန်ကျရင် ပြန်စစ်မယ်။ အခု မေးခွန်းတွေကို ဆက်ပြီး လုပ်ကြရအောင်။” လင်းချင်းဟယ်က ပြောလိုက်သည်။
မောင်နှမနှစ်ယောက်သည် မေးခွန်းပုစ္ဆာများကို ဖြေဆိုကြသည်။
သူတို့၏ စတုတ္ထဒေါ်လေးဆီမှ မေးခွန်းများသည် မလွယ်ကူလှပေ။ သူတို့နှစ်ယောက်သည် သူတို့ဘာသာသီးသန့် ဖြေဆိုကြပြီး သီးခြားစီ အချိန်ယူ စဉ်းစားကြသည်။
မကြာခင်မှာပဲ လောင်အာ့နှင့် လောင်စန်းတို့ ပြန်ရောက်လာကြသည်။
နှစ်ယောက်စလုံးသည် အချိန်ပိုအတန်းများကို တက်ရောက်ကြသည်။ ဝူနီနှင့် ကျိုးယန်တို့က မတက်ကြပေ။
လောင်အာ့နှင့် လောင်စန်းတို့သည် တိုးဝှေ့ပူးကပ်ကာ မေးခွန်းများကို ကြည့်ကြသည်။ လောင်စန်းက မတွက်ချက်ရသေးပေမယ့် သင်္ချာအိုလံပစ်ပုစ္ဆာတွေ အများကြီး လုပ်ခဲ့သည်။ သူက မှတ်ချက်ပေးလိုက်သည်။ “ ဒီပုစ္ဆာတွေက မခက်ပါဘူး။ အစ်မ… နင် ဒီမေးခွန်းအတွက် သုံးထားတဲ့နည်းလမ်းနဲ့ ဖြေရှင်းလို့ရတယ် “
သူက ဝူနီ၏ ယခင်အိမ်စာမှ မေးခွန်းကို ဆွဲထုတ်ပြသည်။
“အရမ်းခက်တယ်။” ဝူနီက ငြီးတွားလိုက်သည်။ သူမသည် မေးခွန်းနှစ်ခုကြား ဆက်စပ်မှုကို နားမလည်ချေ။
“အားလုံးက ဒီပုံစံထဲမှာပဲ ရှိနေတာ။ မခက်ပါဘူး။” လောင်စန်းက ပြောသည်။
“မင်း စကားလုံးတွေ ကျက်ပြီးပြီလား။” လောင်အာ့က မေးသည်။
လောင်စန်းက လျှာထုတ်ပြောင်ပြပြီး သူ့ကိုယ်ပိုင် အင်္ဂလိပ်စာလုံးများကို ရွတ်ဆိုရန် သွားခဲ့သည်။ လင်းချင်းဟယ်သည် သူမ၏ စကားပြော ကျွမ်းကျင်သော ဘာသာစကားကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခဲ့သဖြင့် ဝူနီနှင့် ကျိုးယန်တို့ မနာလို ဖြစ်ခဲ့ရသည်။
လောင်အာ့လည်း သူ့ကိုယ်ပိုင်အိမ်စာများကို စလုပ်သည်။
ဒီတစ်ယောက်က မြို့တော်မှာ တက္ကသိုလ်တက်ရန် စိတ်အားထက်သန်သည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ လုံလစိုက်ပြီး စာလေ့လာရာတွင် အလွန်ကြိုးစားအားထုတ်ခဲ့သည်။
လက်ရှိတွင် သူသည် ရပ်ရွာ၏အလယ်တန်းကျောင်း၌ ပထမ ဖြစ်သည်။
ထို့အပြင် သူသည် လောလောဆယ် အချိန်ပိုအတန်းများ တက်နေသည်။ ရပ်ရွာ၏ဆရာ/မသည် အမှန်တကယ်တော့ သီးသန့်သင်ခန်းစာများကို ပေးပြီး အထက်တန်းကျောင်း အသိပညာများကို သူ့အား ကြိုတင်ကြည့်ရှုခွင့် ပေးခဲ့သည်။
သူ ဝင်ခွင့်စာမေးပွဲအောင်သွားလျှင် ကျောင်းနဲ့ ဘာမှမဆိုင်ဘူး၊ ကျောင်းက ဂရုမစိုက်ဘူးလို့ မဆိုလိုပါဘူး။ နောင်တွင် လောင်အာ့သည် ကောင်တီခရိုင်အထက်တန်းကျောင်းမှ အခြားကျောင်းသား/သူများထက် သာလွန်ခဲ့လျှင် ရပ်ရွာ၏အလယ်တန်းကျောင်းသည်လည်း ကျော်ကြားလာမည်။ အထူးသဖြင့် ဂုဏ်သိက္ခာရှိလာလိမ့်မည် ဖြစ်သည်။
နောက်ဆုံးတော့ သူသည် ရပ်ရွာ၏ အလယ်တန်းကျောင်းမှ ကျောင်းဆင်းခဲ့ခြင်းပင် ဖြစ်သည်။
“နင့်ရဲ့အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲအောင်စာရင်းက မကြာခင် ထွက်တော့မှာလား။” လင်းချင်းဟယ်က မေးသည်။
“ဒီရက်ပိုင်းလောက်တော့ ဖြစ်မယ် ထင်တယ်။” လောင်အာ့က ခေါင်းညိတ်သည်။
လင်းချင်းဟယ်က ဆက်မမေးတော့ပေ။ ကျိုးယန်က မနေနိုင်ဘဲ မေးလိုက်သည်။ “မင်း စာမေးပွဲမှာ ဘယ်လိုဖြေခဲ့လဲ။”
“ကျွန်တော် တတ်နိုင်သမျှ ဖြေခဲ့ပြီးပြီ။ ဘာမှမချန်ထားခဲ့ဘူး။ မှန်မမှန်တော့ ကျွန်တော်လည်း မသိဘူး။” လောင်အာ့က ခေါင်းယမ်းလိုက်သည်။
ကျိုးယန်သည် သူ့ကို မလေးစားဘဲ မနေနိုင်ပေ။ သူ မလုပ်နိုင်တာ ဘာမှမရှိဘူး။ အရမ်းမိုက်တယ်ပဲ။
ဝူနီလည်း မနာလိုစိတ် ပေါ်လာသည်။ သူတို့အားလုံး ရပ်ရွာ၏ အလယ်တန်းကျောင်းတွင် ပညာသင်ကြားကြသည်။ လောင်အာ့ ဘယ်လောက်တော်တယ်ဆိုတာ သူတို့အားလုံး သိကြသည်။
“မင်းတို့လည်း ကြိုးစားကြ။ နောက်နှစ်ဆို မင်းတို့အလှည့်ပဲ။” လောင်အာ့က ပြောလိုက်သည်။
“အင်း” ကျိုးယန်နှင့် ဝူနီတို့ နှစ်ယောက်စလုံး ခေါင်းညိတ်ပြကြသည်။
သူတို့လည်း စာမေးပွဲအောင်ပြီး မြို့သို့ သွားကာ စာလေ့လာချင်ကြသည်။ သူတို့သည် မည်သည့်အဆင့်ကိုမျှ မတွေးဝံ့ကြပေ။