အခန်း ၂၆၉
Viewers 43k

အခန်း (၂၆၉) - ဆိုင်ခန်းငယ် တစ်ခု ဖွင့်လှစ်ခြင်း


သူမ၏ယောက်ျားကို ယုံကြည်သည်က ကိစ္စတစ်ခုပင်။ အခြားတစ်ဖက်တွင်မူ သူမ၏အိမ်ထောင်ရေးကို ကာကွယ်ရန် သူမ အာရုံစိုက်ရမည် ဖြစ်သည်။


တတိယမရီးထံမှ ကြားသိပြီးနောက် လင်းချင်းဟယ်သည် ထိုကိစ္စကို ဘေးချိတ်ထားလိုက်တော့သည်။


ထိုအစား သူမသည် ဝူနီ၏ရလဒ်များအကြောင်းကို တတိယမရီးနှင့် စကားစမြည်ပြောခဲ့သည်။


“ဒီအဆင့်တွေနဲ့ဆိုရင် ကောင်စီခရိုင်ရဲ့ အလယ်တန်းကျောင်းကို တက်ဖို့ ပိုကြိုးစားရမယ်။ ဒီနွေရာသီ အားလပ်ရက်ကို ကောင်းကောင်းအသုံးချပြီး ကဗျာနဲ့သီချင်းတွေ များများကျက်မှတ်ပြီး အလွတ်ချရေးနိုင်အောင် ကြိုးစားရမယ်။ ဒီရက်ပိုင်းအတွင်း သူတို့အတွက် မေးခွန်းစာရွက်နှစ်စောင် ပေးလိုက်မယ်။ သူတို့ကို ဖြေခိုင်းကြည့်လိုက်ဦး။” လင်းချင်းဟယ်က ပြောသည်။


“ငါတို့ နင့်ကို ဒုက္ခပေးမိပြီ။” တတိယမရီးက ချက်ချင်းပင် ပြန်ဖြေသည်။


“ဒါက ပြဿနာသိပ်မရှိပါဘူး။ ဒါပေမယ့် စာကျက်တာက ကလေးတွေရဲ့ ဦးနှောက်ကို ပင်ပန်းစေတယ်။ တတိယမရီး… နင်နဲ့ အကြီးဆုံးမရီးတို့က အရမ်းချင့်ချိန်ပြီး သုံးမနေပါနဲ့။ အများကြီး မကုန်ကျပါဘူး။ အခုလက်ရှိအခြေအနေက အရင်ကထက် ပိုကောင်းလာပြီလေ။ အားဖြည့်စာအနေနဲ့ သူတို့ကို တစ်နေ့ ကြက်ဥနှစ်လုံး ကျွေးလိုက်ပါ။” လင်းချင်းဟယ်က ဖျောင်းဖျသည်။


ထိုအကြောင်းကြောင့် သူမသည် သူတို့၏ကြက်ဥများကို မလိုချင်ခြင်း ဖြစ်သည်။


အခြေခံအားဖြင့်တော့ သူတို့သည် အသားအများကြီး မဝယ်ကြပေ။ မိသားစုရှိ တစ်ခုတည်းသော အသားဓာတ်မှာ ဤကြက်ဥများသာ ဖြစ်သည်။


တစ်ခါတလေ သူတို့သည် ငါး၊ ပုဇွန်၊ ငါးရှဉ့် အစရှိသဖြင့် စားကြသည်။ ကြက်ဥကိုတော့ အများဆုံး စားဖြစ်သည်မှာ သိသာပေသည်။ ထို့ကြောင့် သူတို့၏ကြက်ဥများကို ယူထားရန်မှာ မသင့်တော်ဘူးဟု သူမ ခံစားမိသည်။


သူမ ပြန်သွားချိန်တွင် ထိုအကြောင်းကို အကြီးဆုံးမရီးအား ပြောပြပေးရန် တတိယမရီးအား ပြောခဲ့သည်။ ထို့နောက် လင်းချင်းဟယ်သည် အိမ်ပြန်လာခဲ့သည်။


ကျိုးအိမ်ဟောင်း၏ အိမ်ပေါက်ဝမှ သူမ ထွက်လာသည်နှင့်တစ်ပြိုင်နက် လျှိုနီသည် နောက်မှ လိုက်လာခဲ့သည်။


ထိုကလေးမလေးသည် အရွယ်ရောက်လာသည်နှင့်အမျှ အရင်ကထက် ပိုမို စိတ်အနှောင့်အယှက်ပေးကာ ဒုက္ခပေးတတ်သည်။


သူမက ဉာဏ်ကောင်းသည်မှာ မှန်သော်လည်း သိသာစွာ ချက်ချာပါးနပ်လွန်းလှသည်။ ပါးနပ်လိမ္မာသည့်သူများသည် သူတို့ကိုယ်သူတို့ ခင်မင်နှစ်လို့ဖွယ်ရာကောင်းအောင် မည်ကဲ့သို့ လုပ်ရမည်မှန်း သိကြသည်။


သို့သော်လည်း လွန်ကဲစွာ ပါးနပ်လွန်းသူများသည် လူတို့၏ မကြိုက်နှစ်သက်ခြင်းကိုသာ တိုးပွားစေပါသည်။


“စတုတ္ထဒေါ်လေး… ကျွန်မကို စောင့်ပါဦး။” လျှိုနီသည် အနောက်မှ လိုက်ရင်း အော်ခေါ်လိုက်သည်။


လင်းချင်းဟယ်သည် သူမကို တစ်ချက်ကြည့်လိုက်ပြီး “လျှိုနီ… ဘာကိစ္စရှိလို့လဲ။”


“စတုတ္ထဒေါ်လေး… ဒေါ်လေးက နောင်တစ်ချိန်မှာ မြို့တော်မှာပဲ နေပြီး မပြန်လာတော့ဘူးလား။” လျှိုနီက ဘွင်းဘွင်းရှင်းရှင်း မေးလိုက်သည်။


လင်းချင်းဟယ်က ပြုံးလိုက်ပြီး “ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါ့မွေးရပ်မြေက အမြဲတမ်းငါ့အိမ်ပဲ။ ဒါက ငါတို့ရဲ့ အရင်းမြစ်လေ။ အနာဂါတ်မှာ အပြင်ထွက်ပြီး တိုးတက်ဖွံ့ဖြိုးလာရင်တောင် လူတွေက သူတို့ရဲ့ အရင်းမြစ်ကို မေ့ထားလို့မရဘူး။ လျှိုနီ… နင်ကော သဘောတူတယ်မလား “


လျှိုနီက ပြန်ဖြေသည်။ “ စတုတ္ထဒေါ်လေး… နောင်အနာဂါတ်မှာ ဒေါ်လေး မြို့တော်မှာ နေမယ်ဆိုရင် ကျွန်မကော သွားလို့ရမလား။ ဒေါ်လေးအတွက် ကျွန်မ အိမ်မှုကိစ္စတွေကို လုပ်ပေးနိုင်တယ်။ အိမ်မှာ သန့်ရှင်းရေးလုပ်စရာ အားလုံးကို သန့်ရှင်းပေးနိုင်တယ်။ ထမင်းဟင်းချက်၊ အဝတ်လျှော်လည်း လုပ်နိုင်တယ် “


ထို့နောက် လင်းချင်းဟယ် နားလည်သွားသည်။ ကြည့်ပါလား သူမပြောတာ မှန်နေပြီ။ ဒီမိန်းကလေးက ဉာဏ်ကောင်းလွန်းသည်။


“အဲကိစ္စကို စိတ်ပူမနေပါနဲ့။ အိမ်မှာနေပြီး နင့်အမေ့ကိုပဲ အိမ်ဝေယျာဝစ္စတွေ ကူလုပ်ပေးလိုက်ပါ။” လင်းချင်းဟယ်က ပြန်ဖြေပြီးတော့ အိမ်ပြန်ရန် လှည့်ထွက်လာခဲ့သည်။


လျှိုနီသည် သူမ(လင်းချင်းဟယ်)၏နောက်ကျောအား ကြည့်ပြီး မျက်မှောင်ကြုတ်ကာ “သူမဘဝက ကောင်းစားနေပြီး တူမကိုတောင် မြေတောင်မမြှောက်ပေးချင်ဘူး။ အကြင်နာမဲ့ရက်စက်လွန်းတယ်။ ဒီဘဝမှာ သမီးမမွေးနိုင်တာ အံ့သြစရာ မဟုတ်ဘူး။”


“လျှိုနီ… နင် ဘာတွေပြောနေတာလဲ။” ဝူနီက စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။


လျှိုနီက လန့်သွားသည်။ သူမကို လှည့်ကြည့်ကာ မကျေမနပ်ပြောလိုက်သည်။ “ လူတွေက သေလောက်အောင် ထိတ်လန့်နိုင်တယ်ဆိုတာ နင် မသိဘူးလား။ တိတ်တိတ်လေး လမ်းလျှောက်လာရလား “


“စတုတ္ထဒေါ်လေးအကြောင်း မကောင်းပြောနေတာကို ငါ ကြားသွားတာတောင် ကတ်သီးကတ်သတ် အပြစ်ရှာရဲသေးတာလား။” ဝူနီက ပြန်ပြောသည်။


“ဘာတွေလျှောက်ပြောနေတာလဲ။ စတုတ္ထဒေါ်လေးက အရမ်းသဘောကောင်းတာ… ဘယ်လိုလုပ် ငါက စတုတ္ထဒေါ်လေးအကြောင်း မကောင်းပြောရမှာလဲ။” လျှိုနီသည် ဒေါသတကြီးဖြင့် ပြန်ပြောပြီးနောက် လှည့်ပြန်သွားသည်။


ဝူနီသည် စိတ်တိုလွန်းသဖြင့် အိမ်သို့ပြန်သွားပြီး သူမအမေအား ပြောပြလိုက်သည်။


တတိယမရီးက မျက်မှောင်ကြုတ်ကာ “ သူမအကြောင်း စိတ်ပူမနေနဲ့တော့။ နင်ရဲ့စတုတ္ထဒေါ်လေးက သူမလို ကလေးမလေး အစီအစဉ်ချ ကျိတ်ကြံနိုင်မယ့်သူ မဟုတ်ဘူး “


သူမသည် ပြန်ဖြေပြီးနောက် သက်ပြင်းချလိုက်သည်။


တကယ်ပဲ… ဒီဒုတိယမိသားစုအခွဲကတော့…… သူတို့ရဲ့ ဒုတိယသမီးက ဘယ်လိုဖြစ်နေလဲဆိုတာ မသိကြဘူးလား။ လူတိုင်း ဒီအကြောင်းကို သိမြင်ကြတယ်။ ဘာလို့ ဒီလင်မယားက မမြင်ကြတာလဲ။


လင်းချင်းဟယ်က ဒါကို ဂရုမစိုက်ပါဘူး။ တတိယမရီး ပြောသည့်အတိုင်းပင် သူမသည် လျှိုနီလို ကလေးမလေး၏ အကြံအစည်ထဲ ကျရောက်ပါ့မလား။


တကယ်တော့ သူမ(လျှိုနီ )သာ လူကောင်းတစ်ယောက်ဖြစ်လျှင် မြို့တော်မှာ ဆိုင်ဖွင့်သောအခါ ဒါမှမဟုတ် တစ်ခုခုလုပ်သောအခါ ကူညီပေးရန် သူမကို ခေါ်ဆောင်သွားပေးနိုင်သည်။ လစာပေးရလည်း ကိစ္စမရှိပေ။


သို့သော် လျှိုနီ၏ အပြုအမူကြောင့် သူမကို မည်သူက ခေါ်ဆောင်ဝံ့မည်နည်း။


သူမ၏မျက်လုံးတွေကိုပဲ ကြည့်ပါဦး။ မျက်လုံးက ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုပြီး ထိန်းမနိုင်သိမ်းမနိုင်သော ရိုင်းစိုင်းမှုကို ပြသနေသည်။ ထိုအရာက လူများကို စိတ်မသက်မသာ ခံစားရစေသည်။


လင်းချင်းဟယ်သည် ထိုအကြောင်းကို ခေါင်းထဲမထည့်ထားတော့ပေ။ အိမ်ပြန်ရောက်သောအခါ သူမသည် စာအုပ်များကို ဆက်ဖတ်ပြီး မှတ်စုများကို တိတ်တိတ်လေး ချရေးနေလိုက်သည်။


ယခု နွေရာသီ ကောက်ရိတ်သိမ်းခြင်း ကုန်ဆုံးသွားချိန်၌ လယ်ကွင်းထဲတွင် အလုပ်လုပ်နေသူမှာ ကျိုးချင်းပိုင် တစ်ဦးတည်းသာ ရှိသည်။ အဖေကျိုးသည် မနက်စောစောတွင် မနက်စာစားပြီး ဘဲအုပ်ကို ကျောင်းရန် ထွက်သွားသည်။


အမေကျိုးကတော့ လောလောဆယ်တွင် အပြင်သွားပြီး တခြားအဘွားအိုများနှင့် စကားစမြည်ပြောနေသည်။


စာလေ့လာနေတာ တစ်ဝက်လောက် ရောက်ချိန်တွင် လင်းချင်းဟယ်သည် အနည်းငယ် အိုက်စပ်စပ်ဖြစ်နေမှန်း ခံစားမိလိုက်သည်။


ခဏအကြာတွင် အမေကျိုး ပြန်ရောက်လာသည်။ လင်းချင်းဟယ်က မေးလိုက်သည်။ “အမေ… ရာသီဥတုကို ကြည့်ရတာ မိုးရွာမယ်လို့ ထင်လား။”


“မိုးရွာတော့မယ်လို့ ခံစားရတယ်။” အမေကျိုးက ပြန်ဖြေသည်။


ရာသီဥတုက အရမ်းပူနေသည်။ ကျိုးချင်းပိုင်က အလုပ်လုပ်နေသေးသောကြောင့် လင်းချင်းဟယ်သည် ရိုးရှင်းသော နေ့လည်စာကို ချက်ပြုတ်ခဲ့သည်။ ထို့ကြောင့် သူသည် မန်ထိုကို ယာဂုနှင့် စွပ်ပြုတ်တွဲကာ စားခဲ့သည်။ အရံဟင်းအချို့လည်း ပါရှိသည်။  


နေ့လည်စာ စားပြီးသောအခါ လင်းချင်းဟယ်သည် သူမ၏စက်ဘီးကို နင်းကာ မြို့ထဲသို့ ရောက်လာခဲ့သည်။


လောင်အာ့နှင့် လောင်စန်းတို့ကတော့ ကျောင်းတွင် အချိန်ပိုအတန်းများကို ဆက်လက် တက်ရောက်ရမည် ဖြစ်သည်။


ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည် သက်ဝင်နိုးကြွလာချိန်မှစ၍ ရပ်ရွာ၏ မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းသည် ကဏ္ဍသစ်တစ်ခုကို စတင်ခဲ့ကြသည်။ သူတို့သည် ကျောင်းသား/သူများကို လေ့ကျင့်ပေးရန် ကြိုးစားကြသည်။


သေချာတာပေါ့… ဒီနွေရာသီ နောက်ဆက်တွဲသင်ခန်းစာများအတွက် ဘာမှကုန်ကျမည် မဟုတ်ပေ။ ဒီသင်ခန်းစာများကို သင်ယူသောသူတွေကလည်း အများကြီး မရှိပေ။ လိုအပ်ချက်မှာ ထိပ်တန်းအဆင့်များ ဖြစ်သည်။ လောင်အာ့နှင့် လောင်စန်းတို့ နှစ်ယောက်လုံး ပါဝင်ကြသည်။


လင်းချင်းဟယ်သည် မြို့သို့ ရောက်လာပြီး ရှန်းယွီ၏ နေရာတွင် ရပ်လိုက်သည်။


ရှန်းယွီသည် သူမ ရောက်လာတာကို မြင်သောအခါ အရမ်းပျော်သွားပြီး “အစ်မ… ဒီနေ့ ဘာဝယ်မလို့လဲ။”


“ငါ့အတွက် ပုဇွန်ခြောက်၊ တရုတ်ဇီးချိုသီးနဲ့ လုံငန်းသီးခြောက်တွေကို နည်းနည်းစီ ချိန်ထားပေးပါ။” လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။


သူမ ဝယ်ချင်သည့်အရာတွေ အများကြီး ရှိနေသည်။ နို့မှုန့်ကဲ့သို့သော ပစ္စည်းမျိုးပင်။ သူမသည် ၎င်းတို့ကို တစ်ထုပ် ဝယ်ခဲ့သည်။ ၎င်းကို သူမနှင့် ကျိုးချင်းပိုင်တို့အတွက် ကျန်းမာရေး ထိန်းသိမ်းရန်အလို့ငှါ ညဘက်တွင် သောက်သုံးရန် သိမ်းဆည်းထားမည် ဖြစ်သည်။


ဖရဲသီး အကြီးကြီး နှစ်လုံးလည်း ပါသေးသည်။


ဈေးဝယ်ပြီးသွားသောအခါ သူမသည် ထုပ်ပိုးထားသော ပစ္စည်းအိတ်ကို ဘေးမှာ ထားလိုက်သည်။ လင်းချင်းဟယ်က တိုးတိုးလေး မေးလိုက်သည်။ “ဘယ်လိုလဲ ရောင်းရလား။”


“အရမ်း ရောင်းရတယ်။” ဒါကို တုံ့ပြန်သည့်အနေဖြင့် ရှန်းယွီသည် ပြုံးရယ်ကာ စကားပြောရန် လင်းချင်းဟယ်ကို အပြင်သို့ ခေါ်ထုတ်လိုက်ပြီး “တစ်ချို့တော့ ကျန်နေသေးတယ်။ မကြာခင် ရောင်းကုန်တော့မယ်လို့ ကျွန်မတော့ ခန့်မှန်းထားတယ်။”


တကယ်တော့ လင်းချင်းဟယ်သည် ဒီကို ရောက်လာချိန်တွင် ရှန်းယွီ၏ မြူးကြွပျော်ရွှင်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် ဒီစီးပွားရေးက မဆိုးဘူးဆိုတာ သူမ သိထားပြီးပြီ။


ထိုအဝတ်အစားများ၏ပုံစံက လင်းချင်းဟယ်၏ မျက်လုံးထဲတွင် အနည်းငယ် ရိုးရှင်းပုံပေါက်နေသော်လည်း ဤစီရင်စုကောင်စီတွင်တော့ ထိုပုံစံများသည် တကယ်ပင် ကောင်းနေပြီ။


အမျိုးသမီးအဖော်များသည် ၎င်းကို လှမ်းမြင်လိုက်တာနဲ့ ခြေတစ်လှမ်းမျှပင် ရှေ့ဆက်မလှမ်းနိုင်တော့ပေ။


ဒါပေမယ့် လက်ရှိပတ်ဝန်းကျင်သည် အရင်ကဲ့သို့ မဟုတ်တော့ပေ။ ဒီနှစ်တွင် လင်းချင်းဟယ်သည် မတွေ့ရတာ ကြာပြီဖြစ်သော စကတ်တွေကိုတောင် ဟိုင်မြို့၌ လူတချို့ စတင်ဝတ်ဆင်လာကြသည်ကို တွေ့ခဲ့ရသည်။


ထို့ကြောင့် ဒီလိုအဝတ်အစားမျိုးကို ဒီနေရာမှာ ရောင်းချရန် ယူလာခဲ့လျှင် စီးပွားရေးလုပ်ငန်းက အလွန်ကောင်းမည်မှာ သေချာပါသည်။


လင်းချင်းဟယ်သည် အဝတ်အစား သို့မဟုတ် အမျိုးသားခါးပတ် တစ်ခုစီအတွက် ခုနစ်ယွမ်နီးပါး ရရှိခဲ့သည်။ ရှန်းယွီနှင့် သူမ၏ လုပ်ဖော်ကိုင်ဖက်များသည် ဈေးနှုန်းကို နှစ်ယွမ် သို့မဟုတ် သုံးယွမ်အထိ တိုးမြှင့်နိုင်သည်။ ဟိုင်မြို့ကနေ စီရင်စုကောင်စီမြို့အထိ ဈေးနှုန်းကွာခြားမှု ဆယ်ယွမ်က သိပ်ဈေးမကြီးပေ။


ထိုအစား ရှန်ဟိုင်းမြို့သို့ သွားမည်လား။


သို့သော် အထည်များသည် အမြတ်အနည်းငယ်သာ ရခဲ့သည်။ လျှပ်စစ်ပန်ကာများနှင့် နာရီများကဲ့သို့သော ထုတ်ကုန်များမှ ဝင်ငွေအများဆုံး ရရှိခဲ့သည်။


သို့သော်ငြား ယခုအချိန်တွင် ၎င်းတို့အား အရင်းအမြစ်ရှာရန်မှာ အမှန်တကယ်ပင် ခက်ခဲလှသည်။ နောက်နှစ်မှာ အခြေအနေက နောက်တစ်ဆင့်သို့ ကူးပြောင်းရောက်ရှိသွားလျှင် သူမသည် ကျိုးချင်းပိုင်ကို မြို့တော်သို့ ခေါ်သွားပြီး လမ်းဘေး၌ ဆိုင်ခန်းငယ်တစ်ဆိုင်ကို ဖွင့်လှစ်ခွင့်ပေးမည်။