အခန်း (၉) - ဘာကောင်းတာ လိုချင်လို့လဲ
ရှစ်ချင်းလျို့က ထိုင်ပြီး အနားယူလိုက်သည်။
သူမက အမျိုးသမီးနျို့ကိုကြည့်ကာ ပြောလေသည် "ရေဆာတယ် လက်ဖက်ရည်တစ်ခွက် သွားယူလာပေး"
အမျိုးသမီးနျို့က ပိုပြီးမောက်မာလာသည့် ထိုသမီးကို ပါးတွေ ရိုက်ပစ်ချင်နေသည်။ ဘယ်လိုမိန်းမယုတ်သမီးက အမေအရင်းကို ရေခပ်ခိုင်းတာ လက်ဖက်ရည်ငှဲ့ခိုင်းတာ လုပ်ခိုင်းလို့လဲ။
ကံဆိုးချင်တော့ သူမ မလုပ်ရဲခဲ့ပေ။
အရင်တုန်းက အကြိမ်အနည်းငယ် ပြန်ပြောခဲ့တုန်းက သူမ ကြိမ်တုတ်နှင့် အရိုက်ခံခဲ့ရသည်။
သူမ တစ်ကိုယ်လုံး နာကျင်နေခဲ့ရသည်။
"ရော့ သောက်" သူမက လက်ဖက်ရည်ငှဲ့ပေးပြီး စားပွဲပေါ် ဆောင့်ချပေးလိုက်သည်။ ရေသီးပြီး သေသွားလည်း အေးတာပဲ။
အဖိုးအိုရှစ်က နာကျင်သည့် အမူအရာဖြင့် ကြည့်နေသည်။ ထိုလက်ဖက်ရည်ကို သူကိုယ်တိုင်တောင် မသောက်ရက်ဘဲ သိမ်းထားခဲ့ရခြင်းဖြစ်သည်။
ဒီရက်အနည်းငယ်အတွင်း ထိုမကောင်းဆိုးဝါးက အကုန်မြိုစို့သွားခဲ့တာကြောင့် တော်တော် စိတ်သောကရောက်နေသည်။
ရှစ်ချင်းလျို့က တစ်ငုံလောက်သောက်ပြီး ရွံရှာစွာ ပြောလေသည်"လက်ဖက်ရည်ရဲ့ အရည်အသွေးက နည်းနည်းညံ့တယ်၊ သောက်စရာမရှိတာထက်စာရင်တော့ ကောင်းပါတယ်"
မော်ဒန်ခေတ်တုန်းက သူ့အဖိုး လက်ဖက်ရည်သောက်တာကြောင့် သူမ ပါ လက်ဖက်ရည်သောက်တာ စွဲလမ်းခဲ့ရသည်။
အရင်တုန်းကဆိုရင်တော့ ထို့သို့သော လက်ဖက်ခြောက်ကို သူမ လှည့်ကြည့်မိတောင် မဟုတ်ပေ။ အခုတော့ ဒါကိုပဲ ကြိတ်မှိတ်သောက်ရမည်ဖြစ်သည်။
ပိုက်ဆံရှာနိုင်သည့် တစ်နေ့ကျရင်တာ့ ပိုကောင်းသည့် လက်ဖက်ရည်ဝယ်မည်။
အဖိုးအိုရှစ်က ဆွံ့အသွားခဲ့သည်။
သူမသောက်ရက်သည့် အဖိုးတန် လက်ဖက်ရည်ကို သူမက အကုန်နီးပါး သောက်သွားခဲ့သည်။ ဒါကိုတောင် သူမက အထင်အမြင်သေးနေသေးသည်။
သူက ဒေါသတွေကို ဖိနှိပ်ထားလိုက်သည် "နင်လက်ထပ်တော့မယ်ဆိုတာ ဘာကို ပြောတာလဲ"
ရှစ်ချင်းလျို့က ပြန်ဖြေလေသည် "မိသားစုတစ်ခုကို စိတ်ဝင်စားနေတယ်၊ သူတို့နဲ့ သဘောတူညီမှုလည်း ယူခဲ့ပြီးပြီ၊ သဘက်ခါကျရင် လက်ထပ်မယ်"
"ဖွီး" အဖိုးအိုရှစ်က သောက်နေသည့်ရေပင် ပြန်ထွက်သွားခဲ့သည်။
တခြားလူတွေကလည်း ကြက်သေသေနေခဲ့သည်။
တတိယသားက သူနားကြားမှားတယ်လို့ထင်ပြီး "ဘာရယ်၊ သဘက်ခါလက်ထပ်မယ်ဟုတ်လား"
အဖွားရှစ်နှင့် အမျိုးသမီးနျို့က ပြိုင်တူမေးလေသည် "ဘယ်မိသားစုလဲ"
ရှစ်ချင်းလျို့က အမှန်အတိုင်း ပြန်ဖြေလေသည် "ရှာ့ရှီရွာက စာသင်သားရှောင်ရဲ့မိသားစု"
အမျိုးသမီးနျို့က အလွန်အံ့သြသွားပြီး မေးလေသည်
"ဘာ၊ စာသင်သားရှောင်နဲ့ လက်ထပ်မလို့ဟုတ်လား"
သူမက အပြင်မှာ အတင်းပြောနေကြမလို့ စာသင်သားရှောင်ရဲ့ မိသားစု အခြေအနေကို သူမ သိသည်။
ရှစ်ချင်းလျို့က သူမကို မျက်လုံးလည်ပြလိုက်သည် "ဟုတ်တယ် သူ့ကို လက်မထပ်တော့ သူ့ညီလေးနဲ့ လက်ထပ်ရမှာလား"
အမျိုးသမီးနျို့က မေးလေသည် "စာသင်သားရှောင်က သတိလစ်နေတာ နင်သိလား မုဆိုးမ ဖြစ်ချင်နေတာလား၊ အဲမိသားစုက ဆေးဝယ်ဖို့တောင် ပိုက်ဆံမရှိတာကို သိလား၊ သူက သူ့အဖေ ဗိုလ်ချုပ်ကြီးနဲ့ အဆက်အသွယ်ဖြတ်ခဲ့တာကိုကော သိလား"
သူက အာဏာကြီးသည့် ဖခင်ဗိုလ်ချုပ်ကြီးနောက်မလိုက်ဘဲ ဆင်းရဲသား အမေနောက်ကိုလိုက်ခဲ့သည်။ သူမ မျက်လုံးထဲတွင် စာသင်သားရှောင်က အရူးနှင့်တူနေသည်။
ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြကာ "ဒါပေါ့ သိတယ်၊ သူ့မိသားစု အခြေအနေကြောင့်ပဲ သူ့ကို လက်ထပ်ချင်တာ"
သူမက ရှစ်မိသားစုကို ဝေ့ကြည့်ကာ အမှုမထားသလို ပြောလေသည် "ကျွန်မက သူနဲ့လက်ထပ်ပြီး မုဆိုးမ ဖြစ်သွားရင်တောင် ရှင်တို့နဲ့ အတူတူ နေရတာထက်စာရင် ပိုသက်သောင့်သက်သာရှိတယ်"
ရှစ်မိသားစုက ကြက်သေသေသွားခဲ့သည်။
အဖွားရှစ်က မည်းမှောင်သော မျက်နှာထားဖြင့် ပြောလေသည် "ရူးနေလား၊ မကြာခင်က ရှောင်မိသားစုမှာ ဘာမှမဖြစ်ခဲ့ရင်တော့ သူတို့က မိသားစုကောင်းတစ်ခုလို့ ပြောလို့ရတယ်၊ အခု သူတို့က မီးတွင်းထဲကျနေတာ"
ရှစ်ချင်းလျို့က မျက်ခုံးပင့်ကာ "သူတို့တွေ ဘယ်လိုပဲ မီးတွင်းထဲကျနေပါစေ၊ ရှစ်မိသားစုလောက်တော့ မဆိုးဘူးမလား"
"သူတို့မိသားစုက တင်တောင်းတဲ့လက်ဆောင်တွ မပေးနိုင်လို့ ဒီစကားတွေ ပြောနေတာမလား"
ရှစ်မိသားစုက ပြဿနာကောင်တွေ၏ မကောင်းသည့် စိတ်ထားကို သူမ သိသည်။
ထိုစကားကိုကြားတော့ အဖွားရှစ်ရဲ့ အမူအရာက တောင့်ခဲသွားခဲ့သည်။
သူမက ခနဲ့လေသည် "ငါတို့မိသားစုက နင့်ကို ပျိုးထောင်ခဲ့တာပဲ၊ နင်လက်ထပ်ရင် တင်တောင်းတဲ့ပစ္စည်းတွေ ရထိုက်တာပဲမလား"
မီးတွင်း ဟုတ်ဟုတ် မဟုတ်ဟုတ် ထိုမျိုးမစစ်မလေး ခုန်ချရင်တောင် သူမ စိတ်မဝင်စားပေ။
မီးတွင်းဆိုရင်တောင် ဝူမိသားစုလို ကြွယ်ဝသည့် မီးတွင်းဖြစ်စေချင်သည်။
အမျိုးသမီးနျို့ကလည်း သဘောတူခဲ့သည် "ဟုတ်တယ် ရှောင်မိသားစုက နင့်ကို လိုချင်ရင် တင်တောင်းငွေအဖြစ် ငွေဒင်္ဂါး ၁၀ပြား ပေးရမယ်"
သူမက ငွေဒင်္ဂါး၁၀၀လို့ပြောချင်ပမယ့် ထိုပမာဏ ရှောင်မိသားစုမှာ မရှိတာကို သူမ သိသည်။
ငွေဒင်္ဂါး၁၀၀ လေထဲလွင့်သလို ပျောက်သွားခဲ့တာကို တွေးမိလိုက်တော့ နှလုံးသားလေး နာကျင်သွားခဲ့ရသည်။
တခြားလူတွေလည်း ထိုအတိုင်း ခံစားနေခဲ့ရသည်။
ရှစ်ချင်းလျို့က ခပ်ဖွဖွပြုံးကာ သူတို့ကို ကြည့်နေခဲ့သည် "အို ငွေဒင်္ဂါး၁၀ပြားလိုချင်တာလား၊ ရပါတယ် ဒါပေမဲ့ အဲ့တာတွေ ဖြုန်းဖို့ အခွင့်အရေး ရှင်တို့မှာ ရှိပါ့မလားမသိဘူး"
ရှစ်မိသားစုက ထိတ်လန့်သွားခဲ့သည်။ ဒါက လူစကားလား။
အမျိုးသမီးနျို့က ဒေါသတွေထွက်ပြီး နှလုံးတွေပင်အောင့်လာကာ "ငါတို့ နင့်ကို ပျိုးထောင်ပေးခဲ့တယ်ဆိုတာ မမေ့နဲ့"
ရှစ်ချင်းလျို့က ခနဲ့လေသည် "အသက် သုံးနှစ်ကတည်းက ကျွန်မ အလုပ်လုပ်ခဲ့ရတာ၊ ကျွန်မ အသက် ငါးနှစ်မှာ တာအိုဘုရားကျောင်းကို ပို့ခံခဲ့ရတယ်၊ လတိုင်း ကျွန်မရဲ့ လစာတွေကို ယူသွားခဲ့တာလေ၊ ဒါတောင် ကျွန်မကို ရှင်တို့ ပျိုးထောင်ပေးခဲ့တာ သေချာရဲ့လား"
"အရမ်း အရှက်မဲ့တာပဲ"
သူမရဲ့ အမူအရာက ချက်ချင်း အေးစက်သွားကာ "ဘာတင်တောင်းပစ္စည်းမှမရှိဘူး၊ ရှင်တို့တင်နေတဲ့အကြွေးကို ကျွန်မကို နစ်နာကြေးပေးရမယ်"
သူမ ရူးသွားသလို အမျိုးသမီးနျို့ကကြည့်ပြီး အော်ဟစ်လေသည် "ဘာ တင်တောင်းပစ္စည်းမရှိတဲ့အပြင် ငါတို့က နင့်ကို နစ်နာကြေးပေးရမယ် ဟုတ်လား"
ရှစ်ချင်းလျို့က သူမ စားပွဲအောက်မှာထားသည့် ကြိမ်တုတ်ကို ထုတ်ယူကာ ရိုက်လိုက်ပြီး
"နစ်နာကြေးတချို့ မရသင့်ဘူးလား၊ ဒီနှစ်တွေထဲ နင်တို့ရဲ့ ဂုတ်သွေးစုပ် အမြတ်ထုတ်တာကို ငါခံခဲ့ရတာလေ"
အမျိုးသမီးနျို့က အရိုက်ခံလိုက်ရသဖြင့် ထအော်လေသည် "အာ့"
သူမက ဆဲဆိုအော်ဟစ်ကာ သောင်းကြမ်းလိုက်ချင်ပေမယ့် ရှစ်ချင်းလျို့၏ အေးစက်သည့် အကြည့်ကြောင့် ပြန်ထိန်းချုပ်ထားလိုက်သည်။
ဘယ်လိုလုပ် ဒီလို နာခံမှုမရှိတဲ့ သားသမီးဝတ္တရားမသိတဲ့ သမီးမျိုးကို မွေးခဲ့မိတာလဲ။
အဖွားရှစ်က အမြန်ပြောလေသည် "မိသားစု စရိတ်စကတွေအတွက် ငွေတွေသုံးလိုက်ပြီးပြီ၊ နင့်စတုတ္ထဦးလေးက နောက်နှစ် အခြေခံစာသင်သား စာမေးပွဲဖြေဖို့ ပိုက်ဆံတောင် အလုံအလောက် မရှိဘူး"
မိသားစုထဲမှ ပိုက်ဆံက သူ့ရဲ့ အခြေခံစာသင်သားစာမေးပွဲဖြေဖို့အတွက် ပိုက်ဆံ သီးသန့်ထားပေးတာကို ရှစ်ချင်းလျို့ သိသည်။
အဖွားရှစ်က ပိုက်ဆံကို သူမအသက်ထက် တန်ဖိုးထားတာကြောင့် သူမ မတောင်းတော့ပေ။
ရှစ်ချင်းလျို့က အကြာကြီးတွေးပြီးနောက် "ဒါဆို အစားအသောက်ကိုပဲ နစ်နာကြေးအဖြစ်ယူမယ်၊ အစေ့အဆန်ကြမ်း အလေးချိန်၁၀၀၊ မီးဖိုချောင်ထဲက ပဲပိစပ်နဲ့ ပဲစိမ်းအိတ် ၃အိတ် ပေးရမယ်၊ ဒါတွေလည်း ယူသွားမယ်"
အလွန်နာကျင်ဖွယ်ကောင်းသော်လည်း လက်ခံလို့ရသည့် တောင်းဆိုမှုဖြစ်သည်။
သူမ မှတ်မိသည့် မှတ်ဉာဏ်အရ ယခုနေရာတွင် အာလူး၊ ကန်စွန်းဥနှင့် ပြောင်းဖူးတို့မရှိပေ။
အဓိက အစေ့အဆန်က ပန်းဂျုံ၊ ပြောင်းမျိုးနှံစားပင်နှင့် ပဲစေ့တို့သာဖြစ်သည်။
ရှောင်မိသားစုထဲဝင်ပြီး သစ်ဥသစ်ဖုတွေသာ နေ့တိုင်းမစားချင်ပေ။
ထိုအရာတွေ အများကြီးစားပါက နှလုံးသားနာကျင်ကိုက်ခဲနိုင်သည်။
ပဲပိစပ်နှင့် ပဲစိမ်းစေ့တွေကို ဘယ်လိုအသုံးချရမလဲဆိုတာ သူမ သိသည်။
"မရဘူး" အဖွားရှစ်နှင့် ချွေးမဖြစ်သူက တစ်ပြိုင်တည်း ငြင်းဆိုလေသည်။
ရှစ်မိသားစုရဲ့ အမျိုးသားတွေကလည်း လက်မခံချင်ပုံပေါ်နေသည်။
တင်တောင်းတဲ့ပစ္စည်း မပေးတဲ့အပြင် သူတို့ဆီကနေ စားစရာပါထပ်တောင်းနေတာလား။
ဒီမိန်းမယုတ် ဘာတွေ တွေးနေတာလဲ။
သူတို့ ထိုသို့ တုံ့ပြန်မည်ဆိုတာကို ရှစ်ချင်းလျို့သိပြီးထားဖြစ်သည်။
သူမက လက်ဖက်ရည်ကို ဖြည်းဖြည်းချင်းသောက်ပြီး "ရှင်တို့ဆီက အမြင်ကိုသိချင်နေတာမဟုတ်ဘူး ကြိုပြင်ဆင်ထားဖို့ သတိပေးနေတာ"
"သဘောမတူရင်လည်း ရတယ်လေ၊ ဒါဆို ကျွန်မ အိမ်ထောင်မပြုဘူး၊ အစိုးရအရာရှိတွေ ကျွန်မကို အလုပ်တာဝန်ခွဲပေးတဲ့အထိ အိမ်မှာပဲ နေမယ်၊ နေ့တိုင်း ကျွန်မအတွက် လုံလောက်တဲ့ကြက်ဥ၊ အသားနဲ့ ထမင်း ပေးရမယ်၊ ကျွန်မ မပျော်ရွှင်လို့ကတော့ ရှင်တို့ နောင်ဘဝကူးဖို့ပြင်ထား"
သူမက အထူးဂရုစိုက်ပေးသလို ပြောနေသည် "မီးလောင်တိုက်သွင်းခံမလား၊ လှီးဖြတ်ခံမလား၊ အရိုက်ခံမလား ကြိုက်တဲ့နည်းနဲ့ သေဖို့ရွေးလို့ရတယ်"
ရှစ်မိသားစုဝင်တွေက သက်ပြင်းချလိုက်ပြီး ပါးစပ်အပြည့် သွေးတွေလျှံတက်နေသည်။
ဆိုးလိုက်တဲ့ကံ။ ဒီလိုမျိုးမစစ်မှာ ရှိနေတာ စောက်ရမ်းနာကျင်ဖို့ကောင်းတယ်။
အဖွားရှစ်က မည်းမှောင်သည့် မျက်နှာဖြင့် ပြောလေသည် "ငါတို့ရွာထဲမှာ ဘယ်မိသားစုရဲ့ မိန်းကလေးက ဒီလိုမျိုး အိမ်ထောင်ပြုလို့လဲ"
ရှစ်ချင်းလျို့က အမှုမထားသည့် လေသံဖြင့် ပြောလေသည် "ဒါဆို ထုံတမ်းအစဥ်အလာတွေ ပြင်ထားလိုက်မယ်"
ရှစ်မိသားစုက အသံတိတ်နေသည်။ သူက သေသွားသင့်တာ။
နောက်ဆုံးတော့ ရှစ်ချင်းလျို့ရဲ့ ကြမ်းတမ်းသည့် ခြိမ်းခြောက်မှုတွေကို ရှစ်မိသားစုတွေက မခံနိုင်တော့ပေ။
ခေါင်းငြိမ့်ကာ သဘောတူရုံသာ တတ်နိုင်ခဲ့သည်။
သူ့ကို မနက်ဖြန် ရှောင်မိသားစုဆီ ပို့ပစ်လို့ရရင် ပိုကောင်းတယ်။
နောက်နေ့မနက်ကျတော့ အမေရှောင်၊ ရွာသူကြီးရဲ့ဇနီးတို့က ရှစ်အိမ်ကို လက်ထပ်ပွဲကမ်းလှမ်းဖို့ လာခဲ့သည်။
အမေရှောင်က အသားတချို့နှင့် သကြားတချို့ပင် ယူလာခဲ့သေးသည်။
ရှစ်မိသားစုထဲက အမျိုးသားတွေနှင့် မိန်းမတွေက အပေါက်ဆိုးကာ မောက်မာတာကြောင့် ရှစ်မိသားစုက ရှန့်ရှီးရွာမှာ မကောင်းသည့် ဂုဏ်သတင်းရှိသည်။
ဒါကြောင့်ပဲ အမေရှောင်နှင့် ရွာသူကြီးရဲ့ဇနီးက လက်ထပ်ဖို့ ကမ်းလှမ်းရန်အတွက် မလွယ်ကူမှန်း သိခဲ့သည်။
တစ်ဖက်လူက ကိုင်တွယ်ရခက်မှာကြောင့် ရွာသူကြီးရဲ့ ဇနီးက စိတ်ကိုပြင်ဆင်ပြီးထားဖြစ်သည်။
သို့ပေမယ့် ရှစ်မိသားစုရဲ့ မျက်နှာတွေက မသာမယာဖြစ်နေပေမယ့် အံ့သြဖို့ကောင်းစွာပင် စကားပြောရလွယ်နေခဲ့သည်။
ရှစ်ချင်းလျို့ကို ဒီနေ့ပင် ခေါ်သွားစေချင်ပုံပေါက်နေသည်။
နောက်ဆုံးတော့ နောက်နေ့ကျရင် လက်ထပ်ဖို့ကို သဘောတူခဲ့သည်။
သူတို့က တင်တောင်းပစ္စည်းမတောင်းသည့်အပြင် သတို့သမီးဖက်ကပေးသည့်လက်ဆောင်အနေနှင့် အစေ့အဆန်အိတ်တချို့ပင် ပေးလိုက်သေးသည်။
အမေရှောင်နှင့် ရွာသူကြီးရဲ့ဇနီးက ပြန်သွားတဲ့အချိန်မှာတော့ သူတို့က အိပ်မက်များမက်နေတာလားဟု မိန်းမောနေမိကြလေသည်။