အခန်း ၈
Viewers 7k

အခန်း (၈) ငါလက်ထပ်တော့မယ်


ရှစ်ချင်းလျို့ရဲ့စကားတွေက တစ်ဖက်လူတွေကို ကြက်သေသေစေခဲ့သည်။


သူတို့တွေ အရင်တုန်းက ထိုသို့ရဲတင်းသည့် စကားလုံးကို မကြားဖူးခဲ့ပေ။


အမေရှောင်က နက်နက်နဲနဲတွေးနေပြီး ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်က အနည်းငယ် စိတ်လှုပ်ရှားနေသည်။


သူတို့က ရှစ်ချင်းလျို့ကို အရမ်းသဘောကျပြီး အထူးသဖြင့် သူမရဲ့ စိတ်ထားကို သဘောကျသည်။ သူမသာ သူတို့ရဲ့ ယောက်မဖြစ်လာပါက အလွန်ကောင်းသည်။


ရှစ်ချင်းလျို့က အမေရှောင်ကို မြန်မြန်ဆုံးဖြတ်ချက်ချဖို့ မတိုက်တွန်းခဲ့ပေ။ ခြံထဲက သူမရဲ့ အဝတ်တွေ ခြောက်သွားတာကို တွေ့တော့ သူမ အဝတ်အစားလဲတော့မည့်အကြောင်း ပြောလိုက်လေသည်။


အမေရှောင်က ရှောင်ဟန်ကျန့်ရဲ့ အခန်းထဲကို သွားခဲ့သည်။


သားဖြစ်သူရဲ့ မျက်နှာထက်က နီရဲမှုတွေ အများကြီး ပျောက်သွားတာတွေ့တော့ သူမက နဖူးကို အမြန်လေး သွားထိတွေ့လိုက်တော့ အပူတွေမရှိတော့ပေ။


သူမက လက်တွေကို အတူ ပူးကပ်ကာ လက်အုပ်ချီခဲ့သည်။


မိန်းကလေးရှစ် ပေးခဲ့တဲ့ဆေးက တကယ်အစွမ်းထက်တာပဲ။ ကျေးဇူးတင်ပါတယ် ဘုရားသခင်။


အမေရှောင်က သူမရဲ့သားကို ခဏလောက်စိုက်ကြည့်ပြီးမှ ပြောလေသည် "ကျန့်အာ သားလည်း အသက် ဆယ့်ခုနစ်နှစ်ရှိတော့မယ်ဆိုတော့ အိမ်ထောင်ပြုသင့်ပြီ"


"အခု အမေတို့မိသားစုရဲ့ အခြေအနေနဲ့ဆိုရင် အမေတို့ မိသားစုထဲကိုဝင်မယ့် အမျိုးသမီး မရှိဘူး၊ အမေတို့မိသားစုထဲကိုဝင်တဲ့ သတို့သမီးလေးက ခက်ခဲလိမ့်မယ်"


"အမေတို့မိသားစုထဲကို ဝင်ဖို့ဆန္ဒရှိတဲ့ မိန်းကလေးရှိရင် သူက မိန်းမကောင်းလေးပဲဖြစ်ရမယ်"


"ဒါကြောင့် အရင်ဆုံး သားလက်ထပ်လို့ရအောင် အမေ ကူညီပေးမယ်၊ အမေနဲ့သားရဲ့ မောင်နှမတွေက သူ့ကိုအရမ်းသဘောကျကြတယ်၊ သားလည်း သူ့ကိုသဘောကျလိမ့်မယ်လို့ မျှော်လင့်တယ်"


"သူက သားရဲ့ညီလေးနဲ့ ညီမလေးကို ကယ်ခဲ့တာ၊ အခုသားသောက်ခဲ့တဲ့ဆေးလည်း သူပဲတိုက်ခဲ့တာ၊ သူက အမေတို့မိသားစုရဲ့ ကယ်တင်ရှင်ပါ"


"ကျေးဇူးရှင်ကို ကျေးဇူးဆပ်ရမယ်ဆိုတဲ့ စကားလည်းရှိတယ်မလား၊ မင်္ဂလာပွဲလုပ်ကြရအောင်"


သူမက လက်ဆန့်ထုတ်ပြီး သူမကို သူမ အားပေးသလို သားဖြစ်သူရဲ့ လက်ကို ခါယမ်းပြီး "ဒါဆို သဘောတူတယ်နော်"


ခဏကြာပြီးနောက် သူမက ထရပ်ကာ ဆုံးဖြတ်ချက်တစ်ခုဖြင့် ထွက်သွားခဲ့သည်။


ရှစ်ချင်းလျို့က ခြံထဲမှာထိုင်ပြီး သူမရဲ့သားနဲ့သမီးဖြစ်သူနှင့် စကားပြောနေတာတွေ့တော့ အမေရှောင်ရဲ့ မျက်နှာထက်တွင် အပြုံးလေးဖြစ်ပေါ်သွားခဲ့သည်။


အရင်တုန်းကတော့ ဘယ်လို ချွေမမျိုးကို သူမရဲ့သားအတွက် ရှာပေးရမလဲဟု တွေးခဲ့ဖူးသည်။


တကယ်တော့ အရမ်းစွမ်းအားကြီးသည့် ချွေးမကို ရှာဖို့ သူမ မျှော်လင့်ခဲ့ဖူးသည်။ ဒါမှ ခင်ပွန်းဟောင်း၏ မိသားစုဝင်တွေကို ကြောက်စရာမလိုဘဲ ကလေးတွေကို ကာကွယ်နိုင်မှာဖြစ်သည်။


ရှစ်ချင်းလျို့က သူမရဲ့ စိတ်ကူးထဲက ချွေးမပုံသံမျိုးနှင့် ဘက်ပေါင်းစုံက ပြည့်စုံသည်။ အရာအားလုံး ကောင်းမွန်သည်။


သူမက ရှစ်ချင်းလျို့ဘေးသို့ လျှောက်သွားပြီး ထိုင်လိုက်ကာ အတည်မေးလေသည် "မိန်းကလေးရှစ် အန်တီတို့ မိသားစုထဲ ဝင်မှာသေချာလား"


ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြကာ "ဟုတ်ပါတယ် မဟုတ်ရင် အဲလိုပြောမှာတောင်မဟုတ်ဘူး"


အမေရှောင်ကပြုံးကာ ပြောလေသည် "အန်တီ သဘောတူတယ်၊ သမီးလက်ထပ်ပြီးတာနဲ့ အန်တီတို့တွေ မိသားစုဝင်တွေဖြစ်လာမယ်ဆိုတာ အာမခံတယ်"


"သမီးအရင်းလို ဆက်ဆံပါ့မယ်"


"အန်တီက စိတ်ပျော့ပြီး မိသားစု ခေါင်းဆောင်မဖြစ်ထိုက်တော့ မင်္ဂလာပွဲပြီးရင် သမီးက မိသားစု ခေါင်းဆောင်လုပ်ပါ"


သူမက စိတ်လှုပ်ရှားစွာ ဆက်ပြောလေသည် "ဒါပေမဲ့ ကျန့်အာ၊ ယိအာနဲ့ လီအာတို့ကို ကောင်းကောင်းဆက်ဆံပေးဖို့တော့ တောင်းဆိုပါရစေ"


ရှစ်ချင်းလျို့က ဖွဖွပြုံးကာ ပြောလေသည် "ဒါပေါ့ ကောင်းကောင်းဆက်ဆံပါ့မယ်၊ အန်တီကျွန်မကို ကောင်းကောင်းဆက်ဆံသ၍ ကျွန်မက တူညီတဲ့အရာကို ပြန်ပေးမှာပါ"


ထို့နောက် သူမက ကတိပေးခဲ့သည် "စိတ်မပူပါနဲ့ အိမ်ထောင်ပြုပြီးရင် အန်တီတို့သားအမိ၃ယောက်ကို အနိုင်မကျင့်သလို တခြားလူတွေရဲ့ အနိုင်ကျင့်တာကိုလည်း ခွင့်မပြုဘူး"


တစ်ယောက်နှင့်တစ်ယောက် ပွင့်ပွင့်လင်းလင်း ကတိပေးခြင်းက ကောင်းမွန်သည့် အစဟု သူမ ထင်သည်။


ရှောင်ဟန်ကျန့်နဲ့ သူမရဲ့ ဆက်ဆံရေးကြောင်း လက်ထပ်တာမဟုတ်ဘဲ သူမက ရှောင်မိသားစုကို သဘောကျရုံသာဖြစ်သည်။


အခုလို ပွင့်ပွင့်လင်းလင်း ပြောထားခြင်းက အနာဂတ်မှာ သူတို့ဆက်ဆံရေးကြားက သဘောထားကွဲမှုတွေ အခြေအနေ တင်းမာမှုတွေ ရှားပါးမှာ ဖြစ်သည်။


ရှောင်ပိုင်လီ နှင့် ရှောင်အာ့လန်ရဲ့ မျက်လုံးတွေက တောက်ပနေကာ"ရေး ယောက်မ ရှိတော့မယ်"


အမေရှောင်က ခဏလောက်တွေးပြီးနောက် မေးလေသည် "ဒါဆို ဘယ်အချိန် လက်ထပ်မှာလဲ၊ ကျန့်အာနိုးလာတာကို စောင့်ချင်လား"


ရှစ်ချင်းလျို့က အမျိုးသမီးဝမ်ရဲ့ အပြုအမူတွေကို တွေးပြီးနောက် ပြန်ပြောလေသည်

"သဘက်ခါဆိုဘယ်လိုလဲ၊ ချုံရှီ ဖြစ်ဖို့လည်း အကူအညီရတာပေါ့၊ အရမ်းအလောကြီးတယ်လို့ တခြားလူတွေလည်း မထင်တော့ဘူးပေါ့"


[TN/ ချုံးရှီ 冲喜: ရှေးခေတ်တုန်းကလူတွေက အစွဲကြီးပြီး မိသားစုထဲက အပျင်းဖျားတဲ့လူတွေရှိရင် ပျော်ပွဲရွှင်ပွဲကြီးကျင်းပပေးပြီး မကောင်းတဲ့နတ်ဆိုးတွေ ပပျောက်စေပြီး ဘေးကင်းဖို့အတွက် လုပ်ပေးကြတာမျိုးပါ။]


"အန်တီတို့ရဲ့ ခင်ပွန်းဟောင်းဘက်က မိသားစုတွေ ဒုက္ခထပ်ပေးရင်လည်း ဖြေရှင်းပေးမယ်"


သူမရဲ့ လူတွေကို ကာကွယ်ပေးပြီး တခြားလူတွေ အနိုင်ကျင့်တာကို သူမ ခွင့်ပြုမည်မဟုတ်ပေ။


"ကျွန်မ မိသားစုတွေ ပြဿနာကောင်တွေနဲ့ နေ့တိုင်းတွေ့နေရမှာကိုလည်း မလိုချင်ဘူး"


ချက်ပြုတ်ဖို့ အလွန်ကြောက်သည့် အမျိုးသမီးတွေရှိသည်။


ရှစ်ချင်းလျို့က သူမရဲ့ အစာအိမ်ကို ဒုက္ခထပ်မပေးချင်တော့ပေ။


အမေရှောင်က ထပ်အံ့သြသွားခဲ့သည်။ အဲလောက် အလျင်လိုဖို့ လိုလို့လား။


သို့ပေမယ့် သူမတွေးကြည့်လိုက်တော့လည်း အဓိပ္ပာယ်ရှိသည်။


ရှစ်မိသားစုထဲမှာ ရှစ်ချင်းလျို့ရဲ့ ဘဝကလည်း မလွယ်ကူဘူးဟု သူမ ကြားသိရသည်။ မဟုတ်ပါက သူမ ငယ်ငယ်ကတည်းက တောက်ဘုန်းကြကျောင်းကို ပို့ခံရမည်မဟုတ်ပေ။


"ရှစ်မိသားစုက သဘောတူပါ့မလား"


သူမက ရှက်ရွံ့စွာ ပြောလေသည် "အခု အန်တီတို့မိသားစုက တင်တောင်းတဲ့ တန်ဖိုးကြီးလက်ဆောင်တွေ မပြင်ပေးနိုင်ဘူးလေ"


ရှစ်ချင်းလျို့ကလက်ခါယမ်းပြီး ပြုံးပြကာ "တင်တောင်းတဲ့ပစ္စည်း မလိုဘူး၊ ဒီကို ယူလာမှာက ကျွန်မရဲ့ ပစ္စည်းတွေပဲမလို့ သတို့သမီးဘက်ကသွင်းတဲ့ ပစ္စည်းလို့ မသတ်မှတ်ပါဘူး၊ ရှစ်အိမ်ကလူတွေကို ကျွန်မ ဖြေရှင်းလိုက်မယ်"


ထိုပြဿနာကောင်တွေက သူမ အိမ်ထောင်ပြုမှာကို စိတ်အားထက်သန်နေကြမှာ သေချာသည်။


သူမက ထပ်ပေါင်းပြောလေသည် "ချုံရှီပွဲလုပ်တာဆိုတော့ လက်ထပ်ပွဲ ကျင်းပဖို့မလိုဘူး"


ရွာသူကြီးပေးသည့် အမေရှောင်လက်ထဲက ငွေဒင်္ဂါး၁၀ပြားက ရှောင်ဟန်ကျန့်ရဲ့ အဖျားကို ကုသဖို့ ဖြစ်သည်။


ဒါ့အပြင် သူကလည်း သတိမေ့နေဆဲဖြစ်တာကြောင့် ထိုပိုက်ဆံတွေကို မင်္ဂလာပွဲအတွက် ဖြုန်းတီးလိုက်လို့ မရပေ။


တင်တောင်းသည့် လက်ဆောင်တွေလည်း အတူတူပင် ဖြစ်သည်။ သူမက ရှစ်မိသားစုကို အကျိုးအမြတ် မယူစေချင်ပေ။


အနာဂတ်မှာ သူမနဲ့ ရှောင်ဟန်ကျန့်နှင့် အတူနေလို့မရတော့ပါက သို့မဟုတ် သူ တခြားလူကို သဘောကျသွားပါက သူမ ကွာရှင်းပေးမည်ဖြစ်သည်။


လွန်ခဲ့သည့်နှစ်ရက်က ရှန်းယွမ် ယူပြန်လာသည့် စာအုပ်ကို လှန်လှောကြည့်ရင်း တာ့လန်၏ ခက်ဆစ်အဓိပ္ပာယ်ကို သူမ ရှာတွေ့ခဲ့သည်။


သူမ လှန်လှောကြည့်ရင်း တွေ့ခဲ့ရတာက လက်ထပ်ထားသည့် အမျိုးသမီးအနေနှင့် သုံးနှစ်အကြာတွင် ကလေး မမွေးဖွားနိုင်ပါက ကွာရှင်းပြီးသည့်အခါ သူမရဲ့ မိဘတွေဆီပြန်စရာမလိုဘဲ ကိုယ့်အိမ်ထောင်စုကိုယ် တည်ထောင်နိုင်သည်။


နောက်ထပ်အစီအစဥ်တစ်ခုအနေဖြင့် ထိုဥပဒေအတိုင်း သူမက ရှောင်မိသားစုကို လက်ထပ်ချင်တာ ဖြစ်သည်။


တကယ်လို့ ရှောင်ဟန်ကျန့်နှင့် အဆင်ပြေပြီး တကယ့်ဇနီးမယားဖြစ်လာပါက အနာဂတ်မှာ မင်္ဂလာပွဲ ကျင်းပလို့ရသည်။


အပြစ်မကင်းသလို ခံစားနေစရာမလိုဘဲ ကိုယ်ဘာသာကိုယ် အတင်းဖိအားပေးစရာလည်း မလိုပေ။


သူမက အမေရှောင်ကို မေးလေသည် "ဒါဆို ဒီကိစ္စစီစဥ်ပြီးပြီဆိုတော့ သဘက်ခါ လက်ထပ်လို့ရပြီလား"


အမေရှောင်က ရှက်နေကာ "အရင်လက်ထပ်လို့ရတယ်၊ အန်တီတို့ မိသားစု အခြေအနေကောင်းလာတဲ့အခါ ကျန့်အာကို မင်္ဂလာပွဲ ကျင်းပပေးဖို့ ပြောလိုက်မယ်"


"တင်တောင်းတဲ့ပစ္စည်းတွေကောပဲ"


"ကောင်းပါပြီ" ရှစ်ချင်းလျို့က ထိုအရာတွေကို စိတ်မဝင်စားသော်လည်း အမေရှောင်က ဒီမင်္ဂလာပွဲကို ရိုးရိုးသားသားဖြင့် ပြန်တုံ့ပြန်နေခဲ့သည်။


ထို့နောက် ဘယ်လို လက်ထပ်ပေးရမလဲ စသည်ဖြင့် နှစ်ယောက်သား ဆွေးနွေးခဲ့ကြသည်။


နောက်ဆုံးကျတော့ အမေရှောင်က မေးလေသည် "ဒါဆို လက်ထပ်ပွဲကမ်းလှမ်းဖို့ မနက်ဖြန်ကျရင် မိန်းကလေးရှစ်အိမ်ကို လူလွှတ်လိုက်ရမလား"


ထိုကိစ္စတွေကို ရှစ်ချင်းလျို့ စိတ်မဝင်စားတာတွေ့တော့ သူမက ထပ်ရှင်းပြလေသည်

"ဒါက လုပ်ရမယ် မဟုတ်ရင် မိန်းကလေးရှစ်ကို နောက်ကျရင် လူတွေ မကောင်းပြောမှာစိုးတယ်"


သူတို့က မင်္ဂလာပွဲကို အလျင်စလို လုပ်ခဲ့ရင်တောင် လူတစ်ယောက်ဖြင့်တော့ ခွင့်သွားတောင်းခိုင်းရမည် ဖြစ်သည်။


ရှစ်မိသားစုက သဘောတူရမည်။


ထိုအခါမှ ရှစ်ချင်းလျို့က ရှောင်မိသားစုထဲ တရားဝင်လက်ထပ်တာဟု ယူဆလို့ရမည်ဖြစ်သည်။


မဟုတ်ပါက ရှစ်ချင်းလျို့ လက်ထပ်တာက အောင်သွယ်မပါဘူးဟု အနာဂတ်မှာ လူတွေ သူမကို အပြစ်တင်နိုင်သည်။


ထိုကဲ့သို့သောအရာတွေက အပျော်မယားတွေတွင်သာ ဖြစ်တတ်သည်။


အမေရှောင်က သူမအတွက် တွေးပေးတာကို သိတော့ ရှစ်ချင်းလျို့က ပြုံးပြကာ "ကောင်းပြီ မနက်ဖြန်မနက် ခွင့်တောင်းဖို့ ရှစ်အိမ်ကို လူလွှတ်လိုက်လေ"


အမေရှောင်က ခေါင်းငြိမ့်ပြကာ "ကောင်းပြီ"


ဆွေးနွေးပြီးနောက် ရှစ်ချင်းလျို့က သူတို့ကို ငါးအနည်းငယ်ပေးခဲ့ကာ ပြန်သွားခဲ့သည်။


အမေရှောင်က ထိုကိစ္စကို အသိပေးရန်အတွက် ရွာသူကြီးအိမ်ကို သွားခဲ့သည်။ ရွာသူကြီးရဲ့ဇနီးကို မနက်ဖြန် လက်ထပ်ဖို့ ခွင့်တောင်းပေးဖို့ရန် သွားတောင်းဆိုခဲ့သည်။


အခန်းထဲမှာ လဲလျောင်းနေသည့် ရှောင်ဟန်ကျန့်က အိပ်မက်ဆိုး မက်နေဟန်တူသည်။


သူက မျက်မှောင်ကြုတ်ထားပြီး နဖူးတွင် ချွေးတွေစို့နေသည်။


သူက ထဖို့ရုန်းကန်နေပေမယ့် မျက်လုံးက မဖွင့်နိုင်ဖြစ်နေသည်။


ထိုအချိန်တွင် သူ့တွင် ဇနီးမယားရှိတော့မည်ကို သူ မသိသေးပေ။


ရှစ်မိသားစုအိမ်တွင်ဖြစ်သည်။


ရှစ်ချင်းလျို့ အိမ်ပြန်ရောက်ပြီဖြစ်သည်။ သူမ ခြံထဲဝင်လိုက်တော့ မိသားစုဝင်တွေက သူမ ဖမ်းလာသည့် ငါး၃ကောင်ကို စိုက်ကြည့်နေကြသည်။


ရှစ်ချင်းလျို့က ငါးတွေကို စားပွဲပေါ်ပစ်လိုက်ပြီး မောက်မာစွာပြောလေသည် "ငါးကိုနှပ်လိုက်"


သူမက ထပ်ပြောလေသည် "မနှပ်ခင် ဆီနဲ့အရင်ကြော်"


အဖွားရှစ်ရဲ့ မျက်နှာက မည်းမှောင်သွားကာ "အိမ်မှာ ဆီသိပ်မကျန်တော့ဘူး"


ရှစ်ချင်းလျို့က သူမကို မျက်ခုံးပင့်ကြည့်ကာ "အဖွားကြီး ကြိမ်တုတ်စာ စားကြည့်ချင်နေတာလား"


သူမ မလိုချင်ပေ။


ဒီမီးဖိုချောင်ထဲမှာပဲ ထိုမကောင်းဆိုးဝါးမရဲ့ ရိုက်ခံခြင်းကို ခံခဲ့ရသည့် ချွေးမရဲ့ကိစ္စကို တွေးပြီးနောက် သူမ ကျောရိုးတစ်လျှောက် အေးစက်သွားခဲ့သည်။


သူမက အသက်ရှင်ချင်တာကြောင့် နှာမှုတ်ကာပြောလေသည် "ကြော် သူ့အတွက်ကြော်ပေးလိုက်"


ဒီမကောင်းဆိုဝါးမကိုပါ အတူတူရောကြော်လို့ရရင် ပိုကောင်းမယ်။


နျို့မိသားစုကလည်း ထိုကဲ့သို့သော တူညီသည့်အတွေးရှိနေသည်။


သူတို့က ထိုသို့ တွေးနေတုန်းမှာပဲ ရှစ်ချင်းလျို့က အခိုင်အမာပြောခဲ့သည် "ကျွန်မ လက်ထပ်တော့မယ်"


ရှစ်မိသားစုရဲ့ ပြဿနာကောင်တွေ အကုန်လုံးက သူမကို မျက်လုံးပြူးကာ ကြည့်နေခဲ့သည်။