အခန်း ၇
Viewers 7k

အခန်း (၇) ကျွန်မ ရှင်တို့မိသားစုထဲ လက်ထပ်ပြီး ဝင်ရောက်လာမယ်ဆိုရင်ရော ဘယ်လိုလဲ


အမျိုးသမီးဝူနှင့် အမျိုးသမီးဝမ် ထွက်သွားပြီးနောက် ရွာသူကြီးက အမေရှောင်ကို စိတ်ပျက်စွာ ကြည့်လိုက်သည်။


"ဟန်ကျန့် မနိုးသေးရင် နင်တို့က ပိုသန်မာရမယ် မဟုတ်လား"


"နင်တို့က ရှောင်မိသားစုက ခွဲထွက်ခဲ့ပြီးပြီ၊ ပိုသန်မာမှရမယ်"


အမေရှောင်က မျက်ရည်တွေဖြင့် ခေါင်းငြိမ့်ပြကာ "ဟုတ်ကဲ့"


သူမက မယှဥ်ပြိုင်နိုင်ပေမယ့် ခုခံခဲ့သည်။


အားနည်းလွန်းသည့် သူမကိုယ် သူမသာ အပြစ်တင်မိတော့သည်။ သမီးဖြစ်သူကို မကာကွယ်နိုင်တော့မည်အထိ ဖြစ်ခဲ့ရသည်။


ရွာသူကြီးရှောင်က သူမရဲ့ အားနည်းကာငိုယိုသည့် အသွင်ကို ကြည့်ပြီး "ဟန်ကျန့် မကြာခင် နိုးလာဖို့ပဲ မျှော်လင့်ပါတယ်"


မဟုတ်ပါက ထိုသားအမိ သုံးယောက် ရှင်သန်နိုင်မည်မဟုတ်ပေ။


ရှောင်ဟန်ကျန့်က ရှောင်မျိုးနွယ်စုမှာ နာမည်ကောင်းအရှိဆုံး လူငယ်လေးဖြစ်ပြီး သူ့အမေကိုယ်တိုင် ပျိုးထောင်ခဲ့သည့် ကလေးဖြစ်သည်။ သူသာ ပြန်မနိုးထလာပါက အလွန်နှမြောတသဖြစ်ဖို့ ကောင်းလိမ့်မည်။


သူလည်း အလွန်ဝမ်းနည်းနေသည်။


အမေရှောင်ကလည်း ငိုကာ "အင်း မကြာခင် ကျန့်အာ နိုးလာမှ ရမယ်"


ရှစ်ချင်းလျို့ကတော့ သိပ်သဘောမတူပေ။ သူများအပေါ် မူတည်တာထက် ကိုယ့်ဘာသာကိုယ် မှီခိုတာ ပိုကောင်းသည်ဟု သူမ အမြဲ ယုံကြည်ထားသည်။


သို့ပေမယ့် အမေရှောင်ရဲ့ စိတ်ထားအရ ပြောပြနေလည်း အပိုပဲဖြစ်သည်။


သို့ပေမယ့်လည်း စောနတုန်းက သူမရဲ့ သမီးကို ကာကွယ်ဖို့တော့ အကောင်းဆုံး ကြိုးစားခဲ့သည်။


ကံဆိုးချင်တော့ သူတို့ကြားက ကိုယ်ခန္ဓာအားနှင့် ကြမ်းကြုတ်မှုက အလွန်ကွာဟနေတာကြောင့် အမေရှောင်လည်း မတတ်နိုင်ခဲ့ပေ။


ရွာသူကြီးက သူ့အိတ်ကပ်ထဲက ပိုက်ဆံအိတ်လေးထုတ်ကာ "ဒီထဲမှာ ငါနဲ့ မျိုးနွယ်စုခေါင်းဆောင်တချို့ စုထားတဲ့ ငွေစအနည်းငယ် ရှိတယ်၊ ဒါကိုသုံးပြီး ဟန်ကျန့်ရဲ့ အဖျားကို မြန်မြန်ကုပေးလိုက်ပါ။"


အမေရှောင်က ရင်ထဲထိသွားခဲ့သည်။ အရင်တုန်းကလည်း သားဖြစ်သူရဲ့ အဖျားကိုကုဖို့ ရွာသူကြီးရှောင်မိသားစုဆီက ငွေဒင်္ဂါး ၆ပြား ချေးခဲ့ဖူးသည်။


သူမကို အမြန်လေးပိုက်ဆံပြန်ဆပ်ဖို့ မပြောသည့်အပြင် တခြားအကြီးအကဲတွေနှင့် ပိုက်ဆံစုပြီးပါ ထပ်ပေးသေးသည်။ သူတို့မိသားစုကလည်း အရမ်းချမ်းသာသည့် မိသားစုမဟုတ်ပေ။


ရှစ်ချင်းလျို့၏ ဆေးက အစွမ်းထက်လိမ့်မည်ဟု သူတို့ ယုံကြည်သော်လည်း တကယ်လို့ သားဖြစ်သူသာ အဖျားမကျခဲ့ပါက သို့မဟုတ် ပြန်နိုးလာသည့်အခါ ကိုယ်ခန္ဓာအားနည်းနေပါက ကိုယ်ခန္ဓာအားပြန်ပြည့်ဝအောင် ဆေးတွေဆက်ဝယ်ရမည်ဖြစ်သည်။


ဒါကြောင့် ငွေတွေကို ယူရမှာ အားနာလှသော်လည်း အမေရှောင်က ယူခဲ့သည်။


သူမက ရွာသူကြီး အရှေ့ကိုသွားပြီး ဒူးထောက် အရိုအသေပေးကာ "ရွာသူကြီးနဲ့ အကြီးအကဲတွေရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျန့်အာနိုးလာတဲ့အခါကျရင် ကျွန်မတို့ သေချာပေါက် ပြန်ဆပ်ပါ့မယ်"


ယခုအချိန်မှာ ရွာသူကြီးနှင့် တခြားလူတွေသာ မကူညီပါက သူတို့သားအမိတွေ ဘယ်လိုဆက်ရှင်သန်ရမလဲဆိုတာ မသိတော့ပေ။


အရင်တုန်းကလည်း သူမရဲ့ တခြားသား လျန့်သော်ကို ကူညီပေးခဲ့တာကြောင့် သူတို့ရဲ့ ကြီးမားလှသည့် အကြင်နာတွေကို အမြဲမှတ်သားထားသည်။


သူမက အသက်ပြင်းပြင်းရှုကာ ထပ်ပြောလေသည် "တကယ်လို့ ကျန့်အာမနိုးလာခဲ့ရင်လည်း ကျွန်မ ပြန်ဆပ်ပါ့မယ်"


အမေရှောင်က အားနည်းသည့်လူဖြစ်သော်လည်း တာဝန်ယူစိတ်အပြည့်ရှိသည်။


ရွာသူကြီးရှောင်က လက်ခါပြကာ "အလျင်မလိုဘူး၊ ငါတို့ ဟန်ကျန့်ကို အရင်ကယ်ဖို့လိုတယ်"


ထို့နောက် သူက ရှစ်ချင်းလျို့ကို ကြည့်ကာ "မိန်းကလေးရှစ် စောနက သူတို့သားအမိကို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"


ရှစ်ချင်းလျို့က ဝူမိသားစုကလူတွေကို မောင်းထုတ်ပစ်ခဲ့တာကို သူတို့ရောက်တုန်းက တိုက်ဆိုင်စွာ တွေ့ခဲ့ရသည်။


မဟုတ်ပါက သူတို့သာ ဝူမိသားစုက လူတွေကို မောင်းထုတ်ရမည်ဆိုရင် ပြဿနာ အနည်းငယ် ရှိနိုင်သည်။


ရှစ်ချင်းလျို့က အမှူမထားသလို ပြုံးပြကာ "ရပါတယ် မတရားတာတွေ့လို့ ကူညီခဲ့ရုံပါ"


ရွာသူကြီးရှောင်က ခဏလောက်တွေးတောပြီးနောက် သူမကို သတိပေးလေသည် "ဝူမိသားစုက ချမ်းသာရုံတင်မကဘူး၊ သခင်မဝူရဲ့ အစ်မက လျောင်မိသားစုနဲ့လက်ထပ်ထားလို့ လျောင်မိသားစုကတောင် သူတို့ကို လေးစားရတယ်"


"မိန်းကလေးရှစ် ရှေ့လျှောက်သတိထားပါ"


ဘာပဲဖြစ်ဖြစ် မိန်းကလေးရှစ်က ရှောင်မိသားစုကို ကယ်ခဲ့သူဖြစ်သည်။ ဝူမိသားစုရဲ့ လက်စားချေမှုကြောင့် သူမကို ဒုက္ခမရောက်စေလိုပေ။


ရှာ့ရှီရွာက ရွာသူကြီးနှင့် တခြားအကြီးအကဲတွေက ရှန့်ရှီးရွာကလူတွေထက် အများကြီးလူဆန်မှန်း ရှစ်ချင်းလျို့ သိသည်။


သူ့ရဲ့သတိပေးချက်ကို မှတ်ထားလိုက်ပြီး "ကောင်းပါပြီ မှတ်သားထားပါ့မယ်"


ထို့နောက် ရွာသူကြီးခေါင်းဆောင်က တကယ်လို့ သမီးဖြစ်သူကို ရှောင်မိသားစုရဲ့ တခြားလူတွေက ရောင်းစားဖို့ လုပ်သေးပါက အာ့လန်နှင့် သူတို့ကို ခေါ်ခိုင်းဖို့ အမေရှောင်ကိုမှာခဲ့လေသည်။


ထိုစကားပြောပြီးနောက် ရွာခေါင်းနှင့်တခြားလူတွေပါ ခေါ်ပြီး ပြန်သွားခဲ့သည်။


ရှောင်ပိုင်လီက ရှေ့လျှောက်လာကာ အမေဖြစ်သူကို ကူတွဲပေးခဲ့သည်။


သူတို့နှစ်ယောက်လုံးက ရှစ်ချင်းလျို့ကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်ကာ "မိန်းကလေးရှစ်၊ အစ်မရှစ် ဒီနေ့ ကူညီပေးခဲ့တာတွေအတွက် အရမ်းကျေးဇူးတင်ပါတယ်"


အမေရှောင်က ရိုးသားစွာ ဆက်ပြောလေသည် "ကူညီပေးခဲ့တာတွေအတွက် အနာဂတ်မှာ အခွင့်အရေးရှာပြီး သေချာပေါက် ပြန်ဆပ်ပါ့မယ်"


ရှစ်ချင်းလျို့က ခေါင်းခါပြကာ "ရပါတယ် ဒီတိုင်းလမ်းကြုံလို့ ကူညီခဲ့ရုံပါ"


သူမက ခဏလောက်တွေးပြီးနောက် မေးလေသည် "ရှောင်မိသားစုက အပေါက်ဆိုးတဲ့ အဲနှစ်ယောက်က လွှတ်ပေးမယ်လို့မထင်ဘူး၊ ဘယ်လိုဖြေရှင်းဖို့ စီစဥ်ထားလဲ"


ထိုစကားက တစ်ဖက်လူရဲ့ အမူအရာကို ချက်ချင်း ပြောင်းသွားစေခဲ့သည်။


သူတို့ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သူတို့မသိပေ။


နိုင်အောင်လည်းမချနိုင်သလို ဆဲလည်းမဆဲနိုင်တာကြောင့် သူတို့ ဘာတတ်နိုင်မည်နည်း။


"ငါတို့လည်း မသိဘူး" အမေရှောင်က ခါးသက်စွာ ပြန်ဖြေခဲ့သည်။


အမေရှောင်က အားနည်းပေမယ့် မတုံးအပေ။


သူမက ရှစ်ချင်းလျို့ကို ကြည့်ကာ "မိန်းကလေးရှစ်မှာ အကြံရှိလား"


မဟုတ်ပါက ထိုသို့သောမေးခွန်းကို သူမ မေးမည်မဟုတ်ပေ။


ရှစ်ချင်းလျို့က ပြန်မေးလေသည် "ဘယ်လိုထင်လဲ"


အမေရှောင်က တုံ့ဆိုင်းမနေဘဲ "မိန်းကလေးရှစ် က အကောင်းဆုံးပဲ"


အပေါက်ဆိုးတဲ့အဲနှစ်ယောက်ကို ဘယ်လိုကိုင်တွယ်မှာလဲ။


မိန်းကလေးရှစ်ဆီကနေပဲ အမြဲတမ်း အကူအညီ တောင်းနေလို့ မရဘူးမလား။


ရှစ်ချင်းလျို့က သွယ်ဝိုက်မနေဘဲ လိုရင်းကိုသာ တည့်ပြောလေသည် "အန်တီ့မိသားစုကသားနဲ့ လက်ထပ်ပြီး အန်တီ့ချွေးမ လုပ်လို့ ရတယ်မလား၊ ပိုင်လီနဲ့ အာ့လန်ရဲ့ ယောက်မနဲ့ မရီးပေါ့၊ ဘယ်လိုလဲ။"


"ဒီလိုနည်းနဲ့ အဲဒီအပေါက်ဆိုးတဲ့နှစ်ယောက် အန်တီတို့ကို အနိုင်ထပ်ကျင့်ရင် သူတို့ကို ပိုတရားမျှတစွာ ကိုင်တွယ်လို့ရတယ်လေ။"


အမေရှောင်နှင့် ကလေးနှစ်ယောက်က ထိတ်လန့်သွားခဲ့သည်။


အချိန်ခဏကြာပြီးနောက် အမေရှောင်က အသိစိတ်ပြန်ကပ်လာပြီး "မိန်းကလေးရှစ်က အန်တီတို့ မိသားစုထဲ ဝင်မယ်လို့ပြောတာလား"


အရင်တုန်းက ကျန့်အာကို လက်ထပ်ချင်သည့် ရွာထဲက မိန်းကလေးတွေ အများကြီး ရှိပေမယ့် ယခုလောက်တော့ ဘယ်သူမှ ပွင့်ပွင့်လင်းလင်း မရှိဖူးပေ။


အခု ကျန့်အာ သတိလစ်နေတော့ လူအများစုက နောက်ကွယ်ကနေ ပျော်နေကြကြောင်းလည်း သူမ ကြားခဲ့ရသည်။ ကျန့်အာ စောစောစီးစီး အိမ်ထောင်မပြုတာက သူမ အတွက် ကံကောင်းတာဟု ပြောကြပြီး မဟုတ်ပါက ကံဆိုးသည့်မုဆိုးမ ဖြစ်နိုင်ကြောင်း ပြောကြသည်။


ရှစ်ချင်းလျို့သာ ကျန့်အာကို လက်ထပ်ချင်သည်ဟု အရင်တုန်းက ပြောခဲ့ပါက သူမ အံ့သြမည် မဟုတ်ပေ။


သို့ပေမယ့် အခု သူတို့မိသားစုရဲ့ အခြေအနေက တော်တော်လေး ကမောက်ကမ ဖြစ်နေသည်။ ရှစ်ချင်းလျို့က မီးပုံထဲ ဘာကြောင့် ခုန်ချချင်နေရသနည်း။


ရှစ်ချင်းလျို့သာ သူမ မိသားစုထဲဝင်ရောက်လာပါက သူမကို မှီခိုလို့ရပြီး အပေါက်ဆိုးသည့် ဟိုနှစ်ယောက်ကို ရှင်းထုတ်လို့ရသာ သိသော်လည်း မလှည့်စားချင်ပေ။


ထို့ကြောင့် သူမက သက်ပြင်းချကာ ပြောလေသည် "မိန်းကလေးရှစ် အန်တီက သဘောမတူချင်တာမဟုတ်ပါဘူး အန်တီတို့ မိသားစု အခြေအနေကိုလည်း မြင်းပြီးပြီပဲ၊ ရှောင်မိသားစုထဲဝင်ရင် မိန်းကလေးရှစ်ရဲ့ ဘဝက လွယ်မှာ မဟုတ်ဘူး"


"ကျန့်အာက မနိုးသေးဘဲ အန်တီတို့က သူများကို အကြွေးငွေဒင်္ဂါး၁၀ပြားကျော်လောက်တင်နေတယ်၊ အစားအသောက် သိုလှောင်ခန်းကလည်း လျော့ပါးနေပြီ"


"အန်တီတို့က ရှောင်မိသားစုနဲ့ အဆက်ပြတ်သွားပေမယ့် ကျန့်အာသာ သတိမရသေးရင် အဲလူတွေက ထပ်ပြီး ဒုက္ခပေးဦးမှာ"


သူမ မျက်လုံးက မျက်ရည်တွေဖြင့် ပြည့်နက်နေကာ အံကြိတ် ပြောလေသည် "ကျန့်အာသာ မနိုးလာတော့ရင် လက်ထပ်ပြီးတာနဲ့ မိန်းကလေးရှစ်လည်း မုဆိုးမ ဖြစ်မှာ၊ အန်တီတို့ရဲ့ ကျေးဇူးရှင်ကို ဒီလို မဆက်ဆံနိုင်ပါဘူး"


ပြီးခဲ့သည့် မတော်တဆကတည်းက ရှောင်ပိုင်လီနှင့် အာ့လန်က ရှစ်ချင်းလျို့ကို သဘောကျပေမယ့် သူတို့မိသားစုကို ဝင်ရောက်ဖို့အတွက်တော့ သဘောမတူချင်ပေ။


တကယ်လို့ သူတို့ အစ်ကိုကြီးသာ သတိရသည့်လူအဖြစ်ရှိပါက ထိုသို့သော ယောက်မကို အပြစ်မကင်းစိတ်မဖြစ်ဘဲ လိုလိုလားလား လက်ခံမည်ဖြစ်သည်။


သို့ပေမယ့် သူတို့ အစ်ကိုက သတိမေ့နေကာ ဘယ်တော့ သတိပြန်ရမလဲဆိုတာလည်း မသိပေ။


သူမ အပေါ် အရမ်းမရက်စက်နိုင်ပေ။


အမေရှောင်ရဲ့ ပြောစကားနှင့် သူတို့၏ အမူအရာကိုတွေ့ပြီးနောက် ရှစ်ချင်းလျို့က သူမရဲ့ ဆုံးဖြတ်ချက် မှန်သည်ဟု ခံစားလိုက်ရသည်။


ရှစ်ချင်းလျို့က သူမရဲ့ အတွေးတွေကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။


"ရှစ်မိသားစုက ကျွန်မကို ဝူသခင်လေးနဲ့ မြေမြှုပ်ချင်နေတာ၊ ကိုယ့်ဘာသာ လက်မထပ်ရင် ကျွန်မ မိခင်ဘက်က မိသားစုတွေ ဒုက္ခရောက်မှာကို အန်တီတို့ သိပါတယ်"


"ကျွန်မက စိတ်ဓာတ်သန်မာတယ်၊ အာဏာကြီးပြီး ရှုပ်ထွေးတဲ့မိသားစုနဲ့ ကျွန်မက မသင့်လျော်ဘူး"


"အန်တီ့မိသားစုက ကျွန်မ မိသားစုအတွက် သင့်လျော်တယ်"


"အန်တီ့မိသားစုရင်ဆိုင်နေရတဲ့ ဒုက္ခနဲ့ ဆင်းရဲမှုတွေကို ကျွန်မ စိတ်ထဲမထားဘူး၊ တစ်ခုပဲ တောင်းဆိုမယ်"


"အန်တီ့မိသားစုထဲဝင်ပြီးရင် ရှေ့လျှောက် ကျွန်မ လုပ်တဲ့ကိစ္စတွေကို ဝင်နှောက်ယှက်ခွင့်မပြုဘူး၊ ကျွန်မက မိသားစုခေါင်းဆောင်ဖြစ်ရရင် ပိုကောင်းတယ်၊ အလဲအလှယ်အနေနဲ့ အန်တီတို့ကို ကာကွယ်ပေးပြီး ကြီးပွားချမ်းသာအောင် လုပ်ပေးမယ်"


သူမက ဆက်ပြောလေသည် "ရှောင်ဟန်ကျန့်လည်း ကျွန်မ တိုက်တဲ့ဆေးသောက်ပြီးရင်တော့ ကောင်းလာမယ်လို့ထင်တယ်"


"တကယ်လို့ သူပြန်မနိုးလာရင်လည်း မုဆိုးမဖြစ်ခြင်းအပေါ် စိတ်ထဲမထားပါဘူး၊ သူအဆင်ပြေသလို နေနိုင်ပါတယ်"


စောစောစီးစီးကတည်းက စကားတွေရှင်းအောင် ပြောထားတာ ပိုကောင်းသည်။


ဒါက သူမရဲ့စိတ်ထားဖြစ်သည်။ ဒါက သူတို့မိသားစုကိုလက်ထပ်ဖို့ ရည်ရွယ်ချက်ဖြစ်သည်။ အမေရှောင်နှင့် ကလေးနှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အပေါ်သာ မူတည်သည်။