အခန်း ၆
Viewers 7k

အခန်း (၆) ငါ ဒီကိစ္စကို တကယ်ဂရုစိုက်တယ်


ရှစ်ချင်းလျို့က အမေရှောင်ရဲ့ အကျင့်စရိုက်ကို ပိုနားလည်သည်။


သူမက လူကောင်းဖြစ်ပြီး ကြင်နာတတ်တာကြောင့် အနိုင်ကျင့်ဖို့ ပစ်မှတ်ဖြစ်လွယ်ခဲ့သည်။


သူမက အမေရှောင်ကို စိတ်ချစေဖို့အကြည့်တစ်ချက်ပေးလိုက်သည်။


ရှောင်မိသားစု၏သားကြီးဖြစ်သူ၏ဇနီး အမျိုးသမီးဝမ်က ရွာထဲမှာ အပေါက်ဆိုးသည့်မိန်းမအဖြစ် နာမည်ကြီးသည်။ သူမက ရွာထဲမှာပြိုင်စံရှားဖြစ်ပြီး လူအနည်းစုသာ သူမကို ရန်စရဲသည်။


အခု ပိန်ပိန်သေးသေး မိန်းကလေးက သူမ ကိစ္စမှာ ဝင်ရှုပ်နေတာတွေ့တော့ အလွန်ဒေါသထွက်နေလေသည်။


"နင့်ကို အရင်သင်ခန်းစာပေးမယ်၊ ပြီးရင်တော့ ဒီခွေးမအလှည့်ပဲ။"


သူမက ထရပ်ကာ ရှစ်ချင်းလျို့ဆွဲကိုင်ထားသည့် လက်ကို ခါထုတ်ပစ်လိုက်ချင်ပေမယ့် ဘယ်လောက်ကြိုးစားကြိုးစား မလွတ်ခဲ့ပေ။


ဒါကြောင့် အားနေသည့်နောက်လက်တစ်ဖက်ဖြင့် ရှစ်ချင်းလျို့ရဲ့ပါးကို ရိုက်ဖို့ လုပ်ခဲ့လေသည်။


ရှစ်ချင်းလျို့က ကျွမ်းကျင်စွာ လက်ကိုမြှောက်ပြီး သူမရဲ့ လက်ဖဝါးကို နောက်ပြန်လှန်လိုက်လေသည်။


"ဖြန်း" 


အမျိုးသမီးဝမ်က ကိုယ့်ပါးကိုယ်သာ ပြန်ရိုက်မိသွားခဲ့သည်။


ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ကာ "ပစ်စလက်ခတ်နဲ့ ကိုယ့်ပါးကိုယ် ပြန်ရိုက်လိမ့်မယ်လို့ မထင်ခဲ့မိဘူး"


အမျိုးသမီးဝမ်က ဆွံ့အနေခဲ့သည်။


ထို့နောက် ဒေါသအမျက်အချောင်းချောင်းထွက်ပြီး ရှစ်ချင်းလျို့ကို ခုန်အုပ်ပြီး ဆံပင်ဆွံဖို့ကြံကာ "မိန်းမပျက် သေအောင်ရိုက်ပစ်မယ်"


ရှစ်ချင်းလျို့က လက်မြှောက်ပြီး သူမရဲ့လက်ကို ဆွဲယူပစ်ကာ ဒူးကွေးပြီး ဗိုက်ကို အကြိမ်အနည်းငယ် ကန်လိုက်လေသည်။


"အား"


အမျိုးသမီးဝမ်က နာကျင်မှုကြောင့် မခံမရပ်နိုင်စွာ အော်ခဲ့သည်။


ထို့နောက် ရှစ်ချင်းလျို့က သူမကို မြေပေါ်ကန်ထုတ်ခဲ့သည်။


ရှစ်ချင်းလျို့က အေးစက်စွာ ခနဲ့လေသည် "အမေရှောင်နဲ့ သူ့သမီးကို ထပ်အနိုင်ကျင့်တာတွေ့လို့ကတော့ ရှင့်ကို တွေ့တိုင်း သေအောင် ရိုက်ပစ်မယ်"


ရှစ်ချင်းလျို့က မြေပေါ်လဲနေသည့် အမျိုးသမီးဝမ်ကို ပစ်ကန်လိုက်သည်။ အမျိုးသမီးဝမ်က ဗိုက်ကိုကိုင်ကာ ညည်းညူနေခဲ့သည်။


သူမက ရှစ်ချင်းလျို့ကို ကြောက်ရွံ့စွာ ကြည့်နေခဲ့သည်။


ဒီမိန်းမယုတ်က သိုင်းပညာတော်မှန်း သူမ ခံစားမိသည်။


သူမက အမုန်းကြီးမုန်းနေသော်လည်း ရန်ထပ်မစရဲပေ။ ထိုအစား အမေရှောင်ကိုသာ အပြစ်တင်ဖို့ ဆုံးဖြတ်ခဲ့သည်။


ရှစ်ချင်းလျို့ထွက်သွားမှ ထိုခွေးမကို သင်ခန်းစာ ကောင်းကောင်းပေးဖို့ ငြိုးထားလိုက်သည်။


ခြံထဲက လူတိုင်းက ကြက်သေသေနေပြီး အထူးသဖြင့် အမေရှောင်နှင့် ရှောင်ပိုင်လီက ပိုဆိုးသည်။


အမျိုးသမီးဝမ် အရိုက်ခံရတာကို သူတို့ အခုမှ ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။


မိန်းကလေးရှစ်က အလွန်အံ့သြဖို့ကောင်းတာပဲဟု တွေးကာ သူတို့က လေးစားသွားကြလေသည်။


ရှစ်ချင်းလျို့က အမျိုးသမီးဝမ်ကို ဖြေရှင်းပြီးနောက် ဝူမိသားစု၏ အဖွားအိုကို လှည့်ကြည့်လိုက်သည်။


သူမက ခြိမ်းခြောက်လိုက်သည် "ကျွန်မက ရှောင်ပိုင်လီကို ကာကွယ်ပေးတဲ့လူပဲ၊ သူ့ကို ဖမ်းပြီး သူ့ရဲ့ အနာဂတ်ယောက်ျားနဲ့ ထည့်မြှုပ်ပေးမယ်ဆိုရင်တော့ ရှင်တို့ ဝူမိသားစု တစ်ခုလုံးကို သခင်လေးဝူနဲ့ အတူတကွ နောက်ဘဝ ကူးသွားအောင် လုပ်ပေးလိုက်မယ်"


ဒီလိုဂြိုလ်ဆိုးနှင့် ထပ်တွေ့ရလောက်သည်အထိ သူမ ကံဆိုးလိမ့်မည်ဟု အဖွားအိုက မထင်ခဲ့ပေ။


သူမ ပိုအံ့သြတာက ထိုမျိုးမစစ်လေး၏ တိုက်ခိုက်စွမ်းရည်က ဝူမိသားစုရဲ့ အစောင့်တွေထက် ပိုကောင်းတာဖြစ်ပြီး သူမတွင် လူတွေကို မီးလောင်တိုင်သွင်းပစ်နိုင်သည့် အမည်းရောင် အလုံးလေးတွေ ရှိသေးသည်။


သူမက အေးစက်စွာ ခနဲ့လေသည် "နင် ဝူမိသားစုကို ထပ်ဖျက်စီးရဲရင် ထောင်ထဲမှာ သေဖို့သာ စောင့်နေဖို့ ပြင်ထားလိုက်"


ရှစ်ချင်းလျို့က အရူးကို ကြည့်နေရသလိုအကြည့်ဖြင့် သူမကို ကြည့်ကာ "ကျွန်မက ကိုယ့်ဘာသာကိုယ် ဒုက္ခပေးပါ့မလား၊ ရှောင်ပိုင်လီက ရှင်တို့တွေနဲ့ မြေမြှုပ်ခံရရင် သူလည်း တစ်နည်းတည်း အတူတူ သေရမှာလေ၊ သူတစ်ယောက်တည်း သေရမှာမဟုတ်တော့ အထီးကျန်ပြီး စိတ်ညစ်စရာ မလိုဘူးပေါ့"


"သူ့ကို အမည်းရောင်အလုံး နည်းနည်းလောက်ပေးပြီး ကျန်တဲ့ ဝူမိသားစုကို အဖော်အဖြစ် ခေါ်သွားခိုင်းလိုက်တာ ပိုမကောင်းဘူးလား၊ ဒီလိုဆို ကျွန်မနဲ့ မဆိုင်တော့ဘူးလေ၊ ဘာလို့ ထောင်ကျခံပြီး ကွပ်မျက်ခံရမှာလဲ"


အဖွားအိုက ဆွံ့အနေခဲ့သည်။


သူက လူစကားပြောတာကော ဟုတ်ရဲ့လား။ အရှက်မဲ့လိုက်တာ။


ရှောင်ပိုင်လီက နူးညံ့ကာ အနွံတာခံတတ်သော်လည်း မတုံးအပေ။


အစ်မရှစ်ပြောသည့် အမည်းရောင်အလုံးလေးတွေက ဘာလဲဆိုတာ သူမ မသိပေမယ့် ဝူမိသားစု၏ အဖွားအိုက အလွန်ကြောက်နေတာကိုတော့ သူမ သိသည်။


ထို့ကြောင့် သူမက ချက်ချင်းပြောလေသည် "ကျွန်မ သေရမယ်ဆိုရင် ဝူမိသားစုဝင်တွေကိုပါ အကုန်ဆွဲခေါ်သွားမယ်"


ထို့နောက် ထပ်ပေါင်းထည့်ပြောလေသည် "ကျွန်မကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ် အစ်မရှစ်၊ ကျွန်မ ကိုယ်တိုင်ပဲ ဖြေရှင်းလိုက်ပါ့မယ် အစ်မကို မငြိစွန်းစေရပါဘူး"


ရှစ်ချင်းလျို့၏ မျက်လုံးထဲတွင် ပြုံးရိပ်ထင်သွားခဲ့သည်။


ရှောင်ပိုင်လီက ဉာဏ်ကောင်းသည့် လူဖြစ်တာကြောင့် တောက်ပသည့် အနာဂတ် သူမတွင် ရှိသည်။


အဖွားအို၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားခဲ့သည်။ ရှောင်မိသားစုက မိန်းကလေးက ထိုသို့ တုံ့ပြန်လိမ့်မည်ဟု သူမ လုံးဝ မထင်မိခဲ့ပေ။


သို့ပေမယ့်လည်း သူမက အလောင်းအထပ်တော့ မလုပ်ရဲပေ။


ရှစ်မိသားစုက အယုတ်တမာမသာ သူ့ကို အမည်းရောင်အလုံးလေးတွေ တကယ်ပေးလိုက်ရင် သူတို့ သခင်လေးကို အဖော်ပြုဖို့ နောက်ဘဝကို တကယ်ကူးသွားရမှာမလား။


သေချာပေါက် ထိုသို့ အဖြစ်မခံချင်ပေ။


အဖွားအိုက ရှစ်ချင်းလျို့ကို မည်းမှောင်သော အကြည့်ဖြင့် ကြည့်ပြီး ပြောလေသည်

"အရင်တစ်ခေါက်က နင့်အသက်ကို နင်ကယ်တာမလို့ နားလည်ပေးလို့ရတယ်၊ ဒါပေမဲ့ အခုက သူများကိစ္စကို နင်ဝင်ရှုပ်နေတာ၊ ဒါ ငါ့ရဲ့ဝူမိသားစုကို ဆန့်ကျင်တာပဲ"


ရှစ်ချင်းလျို့က ရွံရှာစွာ ပြုံးပြီး "ဝူမိသားစုက ဘာတွေများ ကြီးကျယ်ခန်းနားနေလို့လဲ၊ မြို့ထဲက ချမ်းသာကြွယ်ဝတဲ့ ကုန်သည်မိသားစုပဲ မဟုတ်လား၊ ရှင်က ဘာလုပ်နိုင်မှာမလို့လဲ"


သူမက ဘဝင်မြင့်စွာ ပြုံးပြီး "ရှင်က ဒီလိုစကားပြောတယ်ဆိုတော့မှ ကျွန်မကလည်း တကယ်ဝင်ရှုပ်ရတော့တာပေါ့"


"ရှောင်ပိုင်လီတင်မကဘူး ရှင်တို့ ဝူမိသားစုက သေပြီးထားလူနဲ့ ထည့်မြှုပ်ဖို့ လူဝယ်တယ်ဆိုတဲ့ အသံကြားတာနဲ့ ကျွန်မ ရောက်ရာအရပ်က အပြေးလာပြီး အဲဒီလူကို အမည်းရောင်အလုံးပေးပစ်ပြီး ရှင်တို့အကုန်လုံးကို သေရွာခေါ်သွားဖို့လုပ်ခိုင်းပစ်မယ်"


"မယုံရင် လောင်းကြည့်လိုက်လေ"


အပြစ်မဲ့သည့် မိန်းမငယ်လေးတွေက ဝူမိသားစု၏ ဖျက်စီးခြင်းကို မခံရသင့်ပေ။


အဖွားအိုက နာကျင်မှုဒေါသတွေကို ချုပ်တည်းထားပြီး "ကောင်းပြီ ငါတို့ ဝူမိသားစုက ဒါကို မှတ်ထားမယ်၊ စောင့်နေလိုက်"


သူမက ဒီနေ့ အစေခံနှစ်ယောက်ကိုပဲ ခေါ်လာခဲ့တာကြောင့် ရှောင်ပိုင်လီကို ထိုမျိုးမစစ်မရဲ့ လက်ထဲက ခေါ်ထုတ်သွားနိုင်ဖို့ဆိုတာ မလွယ်ပေ။


ရှစ်ချင်းလျို့က ဝူမိသားစု တစ်ခုလုံးကို သေအောင်လုပ်ပစ်ဖို့အထိ ယုတ်မာမှာကို သူမ တကယ်ကြောက်သည်။


သခင်လေးက အခုမှ သေသွားခြင်းဖြစ်သည်။


ဒီနေ့ ရှောင်ပိုင်လီကို မခေါ်သွားနိုင်ပါက သခင်လေးနဲ့ အတူတူမြှုပ်နှံပေးဖို့ တခြားလူကို ရှာလို့ရဖို့ မဖြစ်နိုင်တော့ပေ။


သက်ရှိမိန်းကလေးကိုသာ ထည့်မြှုပ်လို့ရကြောင်း ဘုန်းတော်ကြီးက ပြောခဲ့သည်။


သူတို့ရဲ့ အစီအစဥ်တွေကို ဖျက်စီးပစ်ခဲ့သည့် ထိုမျိုးမစစ်မကို ဝူမိသားစုက ခွင့်မလွှတ်ပေ။


ရှစ်ချင်းလျို့က အရေးမစိုက်သလို ပုခုံးတွန့်ပြကာ "စောင့်နေမယ် ကောင်းကောင်းပြင်ထားကြ"


မြို့ငယ်လေးက ချမ်းသာသည့် ကုန်သည်မိသားစုကို သူမ မကြောက်ပေ။


အထူးသဖြင့် ရှေးခေတ်က လယ်သမားများ၊ အလုပ်သမားတွေ၊ ကုန်သည်တွေနှင့် ဖွဲ့စည်းထားတာကြောင့် ရင်ဆိုင်ဖို့အတွက် သူမတွင် နည်းလမ်းများစွာ ရှိသည်။


သူမတွင် အကြံများစွာရှိသည်။ ဝူမိသားစုက သူမကို ဒုက္ခပေးမှာကို သူမ မှန်းဆမိသည်။


သူတို့ဖိနှိပ်တာမခံရဖို့ ဝူမိသားစုထက် ပိုသန်မာသည့် ခိုလုံရာ ပစ္စည်းကို ရှာရမည်။


ရှစ်ချင်းလျို့က ဝူမိသားစု၏ လက်စားချေခြင်းကို ကြောက်မနေတာကို အဖွားအိုက သိသည်။


သူမက မွန်းကြပ်ကာ မကျေမနပ် ခံစားလိုက်ရသည်။


"မြို့ကိုပြန်မယ်"


သူမက အေးစက်စွာ နှာမှုတ်ပြီး သူမရဲ့ အစေခံတွေဖြင့် ပြန်ဖို့ ပြင်လိုက်လေသည်။


ရှောင်မိသားစု တတိယသားရဲ့ဇနီး အမျိုးသမီးဝူက ရှောင်ပိုင်လီရဲ့ လက်ကို ကိုင်ထားဆဲဖြစ်ပြီး သူမရဲ့ အမူအရာက ပြောင်းသွားပြီး အဖွားအိုဆီသွားကာ "အဖွား ဘာလို့ ဒီလို ထွက်သွားတာလဲ"


အဖွားအိုက သူမကို မျက်စောင်းထိုးကြည့်ကာ "နင်မဆုံးဖြတ်နိုင်ရင် ဝူမိသားစုကိုလာပြီး မင်္ဂလာပွဲကို စိတ်ဝင်စားတဲ့အကြောင်း လာမပြောနဲ့"


ရှောင်မိသားစုက မြို့တော်မှာ ဗိုလ်ချုပ်ကြီး ရှိမှန်းသာ သူမ မသိပါက ဒေါသတွေ ပုံချလိုက်လောက်ပြီ ဖြစ်သည်။


ထို့သို့ပြောပြီးနောက် သူမက ဘာမှဆက်မပြောဘဲ သူမရဲ့ လူတွေကိုခေါ်ကာ ခြံထဲက ထွက်သွားခဲ့သည်။


အမျိုးသမီးဝူနှင့် အမျိုးသမီးဝမ်က ကြောင်တောင်တောင်လေး ကျန်ခဲ့လေသည်။


ထိုအချိန်မှာပဲ အသက် ၆၀အရွယ် အဖိုးအိုက ရှောင်အာ့လန်ရဲ့ လက်ကိုဆွဲကာ သက်လတ်ပိုင်း အမျိုးသားတချို့ကို ခေါ်ဝင်လာတာကို တွေ့လိုက်လေသည်။


အမျိုးသမီးဝူက သူဝင်လာတာကိုတွေ့တော့ အားတင်းပြုံးကာ ပြောလေသည် "ရွာသူကြီး ဘယ်လိုရောက်လာတာလဲ"


ရွာသူကြီးရှောင်က မြေပေါ်မှာ သနားစဖွယ်ကောင်းအောင် ငိုနေသည့် အမေရှောင်နှင့် ရှောင်ပိုင်လီကို ကြည့်လိုက်သည်။


သူက အမျိုးသမီးဝူနှင့် အမျိုးသမီးဝမ် ကို မည်းမှောင်စွာ ကြည့်ပြီး "ဟန်ကျန့်က ရှောင်မိသားစုနဲ့ အဆက်ဖြတ်သွားပြီးပြီ၊ နင်တို့က ဘာလို့ သူ့ညီမကို ရောင်းဖို့လုပ်နေတာလဲ"


အမျိုးသမီးဝူက ကတိသအောက်ဖြင့် ပြောလေသည် "ရွာသူကြီး အထင်လွဲနေတာပါ၊ ကျွန်မတို့က သူ့ကို မရောင်းပါဘူး"


"ကျွန်မယောက္ခမက သူ့အတွက် ကောင်းမွန်တဲ့ လက်ထပ်ပွဲလေး စီစဥ်ပေးတော့ သူ့ကို ကူညီပေးဖို့ လာတာပါ"


"ဟုတ်ပါတယ် သူတို့က သဘောမတူတော့ ဝူမိသားစုက လူတွေလည်း ပြန်သွားပါပြီ"


ငွေဒင်္ဂါး၁၀၀ လွတ်သွားသည့်အတွက် သူမနှလုံးက သွေးစိမ်းရှင်ရှင်ကျနေသည်။


ရွာသူကြီးရှောင်က အေးစက်စွာ ပြောလေသည် "အမှန်တရားကို နင်တို့အသိဆုံးပါ"


သူက သတိထပ်ပေးလေသည် "ရှာ့ရှီရွာရဲ့ ရှောင်မျိုးနွယ်စုက သေပြီးထားလူနဲ့ ထည့်မြှုပ်ဖို့ မိန်းကလေးတွေကို ရောင်းစားတဲ့ သမိုင်းမရှိဘူး၊ ဒီလိုလုပ်ဖို့လည်း ခွင့်မပြုနိုင်ဘူး၊ အမိန့်မနာခံရင် ငါတို့မျိုးနွယ်စုက သည်းခံနေမှာ မဟုတ်ဘူး"


အမျိုးသမီးဝူက မပျော်မရွှင်ဖြစ်နေပေမယ့် ခေါင်းငြိမ့်ပြပြီး အားတုံ့အားနာပြုံးကာ "ဟုတ်ကဲ့ ဟုတ်ကဲ့ နားလည်ပါတယ်"


ထို့နောက် ဗိုက်တွေနာနေသည့် အမျိုးသမီးဝမ်ကို ထူပေးပြီး အမြန်ပြေးသွားကြသည်။


သူမ အမေရှောင်အနားက ဖြတ်သွားတော့ အကြည့်စူးစူးဖြင့်ကြည့်ပြီး ပြောလေသည် "ခွေးမ သတိထားနေ"


ထို့နောက် သူမက ခြံထဲက ထွက်သွားခဲ့သည်။