အခန်း ၅
Viewers 7k

အခန်း (၅) ဒါ ကံကြမ္မာလား


စကားပြောကြည့်ပြီးနောက် အမေရှောင်က ကြင်နာတတ်သည့်လူဖြစ်ကာ အကျင့်ယုတ်သည့်လူမျိုး မဟုတ်မှန်း ရှစ်ချင်းလျို့ သဘောပေါက်သွားခဲ့သည်။ သူမက အတူတူ နေထိုင်ရလွယ်ကူမည့်လူမျိုး ဖြစ်သည်။


သူမရဲ့ သမီး ရှောင်ပိုင်လီက ရှက်တတ်ပြီး နူးညံ့ကာ အလုပ်ကြိုးစားသည်။


ရှောင်အာ့လန်က အသက် ရှစ်နှစ်သာ ရှိသေးသော်လည်း အလွန်စဥ်းစားချင့်ချိန်တတ်သည်။


မော်ဒန်ခေတ်က အသက် ရှစ်နှစ်အရွယ် ဆိုးပေတေနေသည့် ကလေးစုတ်လေးတွေနှင့် သူက ဆန့်ကျင်ဘက် ဖြစ်သည်။


ရှစ်ချင်းလျို့က ငွေဇွန်းကိုက်ကာ မွေးလာသည့်လူဖြစ်သည်။ သူမရဲ့မိဘနှစ်ပါးလုံးက သူတို့ရဲ့ ကိုယ်ပိုင်စီးပွားရေးပိုင်းမှာ အောင်မြင်နေကြသည့်လူများဖြစ်သည်။


သူမကို အကောင်းဆုံးပညာရေး သင်ကြားပေးခဲ့ပြီး မုန့်ဖိုးကိုလည်း ရက်ရက်ရောရောပေးခဲ့သည်။ သို့ပေမယ့် သူမနှင့်တော့ အတူတူ အများကြီးအချိန်ဖြုန်းလေ့မရှိပေ။


ဒါကြောင့်ပဲ သူမက ငယ်ငယ်ကတည်းက ရင့်ကျက်သန်မာလာခဲ့ခြင်းဖြစ်သည်။


သူမတွင် ခက်ထန်သည့်ယောက္ခမ သို့မဟုတ် ယောက်မတွေရှိပါက အတူတူနေလို့ အဆင်ပြေမည်မဟုတ်ပေ။


ရှောင်မိသားစုက တော်တော်လေး ကောင်းမွန်သည်။ သူမက သူတို့ကို ကာကွယ်ပေးနိုင်ပြီး သူတို့က အချင်းချင်းမှီခိုလို့ရသည်။


သတိလစ်နေသည့် စာသင်သားရှောင်ကတော့ ဘယ်လိုလူမျိုးလဲဆိုတာ သူမ မသိပေ။ 


အတင်းအဖျင်းနှင့် ရှောင်အာ့လန်ရဲ့ စကားတွေအရ သူက ကာကွယ်ပေးပြီး တာဝန်ယူတတ်သည့် လူစားမျိုး ဖြစ်လောက်သည်။


မဟုတ်ပါက သူ့ရဲ့ ချမ်းသာသည့်အဖေနှင့် မြို့တော်ကို လိုက်သွားလောက်ပြီ ဖြစ်သည်။


သူက ဆင်းရဲသည့်မိခင်နှင့် မောင်နှမတွေဆီကနေ မခွဲခွာသွားခဲ့ပေ။


သူမက ခဏလောက်တွေးပြီးနောက် ပြောလေသည် "ကျွန်မ တာအိုဘုရားကျောင်းမှာနေတုန်းက ကျွန်မရဲ့ ဆရာကြီးက အဖျားကျဆေး ရှာတွေ့ခဲ့တယ်"


"အဆင်ပြေမယ်ဆိုရင် စာသင်သားရှောင်ကို ခဏလောက်ကြည့်ပြီး ဆေးတိုက်ကြည့်လို့ရမလား"


စောနက စကားပြောကြည့်ပြီးနောက် ရှစ်ချင်းလျို့က ဘေးကရွာကမှန်း အမေရှောင်သိခဲ့ရသည်။ သူမက ငယ်ငယ်ကတည်းက တာအိုဘုရားကျောင်းမှာ နေထိုင်ခဲ့ကာ စျာပနာကမ်းလှမ်းသလို ရှစ်မိသားစုနှင့် အိမ်ထောင်ပြုရလုနီးပါး ဖြစ်ခဲ့သည်။


သူမက ကြင်နာတတ်ပြီး သူမရဲ့ အလိုလိုသိစိတ်က အလွန်မှန်သည်။


ရှစ်ချင်းလျို့တွင် ကောင်းသည့်ရည်ရွယ်ချက်သာရှိကြောင်း သူမ ခံစားနိုင်သည်။


ရှစ်မိသားစုနှင့် စေ့စပ်ပွဲဖျက်ဖို့အတွက်လည်း သူမ တော်တော်လေး လုပ်ဆောင်နိုင်စွမ်းရှိနိုင်သည်။


ဒီမနက် သားကြီးကို လာကြည့်ပေးသည့် ဆေးဆရာက စိတ်ကို ပြင်ဆင်ထားဖို့ မှာသွားခဲ့သည်။ အဖျားမကျပါက သူ မနိုးထလာနိုင်တော့ဘဲ အကြာကြီး နေနိုင်မည်မဟုတ်ကြောင်း ပြောသွားခဲ့သည်။


အခု ရှစ်ချင်းလျို့ဆီမှာ မသေမျိုးဆရာကြီးဆီက ရသည့် အဖျားကျဆေးရှိနေသဖြင့် နောက်ဆုံး ကောက်ရိုးမျှင်ကို ဆွဲကိုင်လိုက်ရသလို မျှော်လင့်ချက်ရှိနေသည်။


"သမီးကို ယုံပါတယ်၊ သမီးကိုယုံပါတယ်၊ သားလေးကိုကြည့်ပေးဖို့ တောင်းပန်ပါတယ်၊ သူသာ အဖျားကျပြီး ပြန်နိုးလာမယ်ဆိုရင် သမီးဆီမှာ ကျွန်ခံပြီး ကျေးဇူးဆပ်ပါ့မယ်"


သူမက စကားပြောပြီးနောက် ရှစ်ချင်းလျို့ကို ဒူးထောက်ဖို့အထိ လုပ်ခဲ့သည်။ သားဖြစ်သူအတွက်ဆိုရင် ဘာမဆိုလုပ်ဖို့အထိ ဆန္ဒရှိနေကာ မိခင်စိတ်အပြည့်ရှိသည်။


ရှစ်ချင်းလျို့က သူမကို အမြန်တားလိုက်ကာ

"ကျွန်လုပ်စရာမလိုပါဘူး၊ ကျွန်မ ကြည့်ပါရစေ"


သူမက လက်ထပ်ဖို့ ရည်ရွယ်ချက်ရှိသော်လည်း တာ့လန်က အလွန်ရုပ်ဆိုးနေပါက လက်ထပ်ယူမည်မဟုတ်ပေ။


ရှစ်မိသားစုကို ရှင်းထုတ်ပစ်ပြီး ကိုယ်ပိုင်စီးပွားရေး စတင်လုပ်ကိုင်မည်ဖြစ်သည်။ သူမက ရုပ်ချောသည့် ကောင်လေးတွေကိုသာ စိတ်ဝင်စားသည့် အကျင့်လေးကလည်း ရှိသေးသည်။


သူမက အမေရှောင်နောက်ကနေလိုက်ပြီး အခန်းထဲဝင်ကာ အိပ်ရာထက်ကလူကိုတွေ့တော့ အလွန်အံ့သြသွားခဲ့သည်။


အိပ်ရာပေါ်ကလူက မျက်လုံးတွေ တင်းတင်း စေ့ပိတ်ထားသည်။ သူက အသက် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်လောက်သာ ရှိသေးသည့် လူငယ်လေး ဖြစ်သည်။


သူက အသားဖြူဖြူနှင့် ရုပ်ရည်က ချောမောလှသည်။ သူက အလွန်ကို ချောမောသည်။


အပူကြောင့် မျက်နှာလေးက ရဲနေကာ သူ့ရဲ့ ဖြူဖွေးနေသည့် အသားကို အရောင်လေးတင်စေခဲ့သည်။


သူ့ရဲ့ရုပ်ရည်က ရှစ်ချင်းလျို့ရဲ့ အလှအပခံစားမှုဇယားနှင့် ကွက်တိကျသည်။


အရပ်ကို ခန့်မှန်းကြည့်ရသလောက်တော့ မပုလောက်ပေ။ အနည်းငယ်ပိန်ရုံကလွဲ၍ သူက ချောမောသည့် လူငယ်လေးဖြစ်သည်။


ရှောင်တာ့လန်က အလွန်ကြည့်ကောင်းလိမ့်မည်ဟု ရှစ်ချင်းလျို့ မထင်ခဲ့ပေ။


သူမက လက်ဆန့်ထုတ်ကာ နဖူးကို စမ်းခဲ့သည်။ အပူချိန် ၃၉ ဒီဂရီဆဲလ်ဆီးရပ်လောက် ရှိမည်။


"သူ အဖျားအရမ်းတက်နေတာ ဒီတိုင်း ဆက်ထားလို့မရဘူး"


သူမက လက်ရုတ်သိမ်းကာ အမေရှောင်ကို ဆက်ပြောလေသည် "ကျွန်မရဲ့ဆေးက သူ့အတွက် အသုံးဝင်လိမ့်မယ်၊ စမ်းကြည့်စေချင်လား"


အမေရှောင်က တုံ့ဆိုင်းခြင်းမရှိ ခေါင်းငြိမ့်ပြကာ "စမ်းကြည့်ချင်ပါတယ်"


အခု သူတို့တွင် ဘာမှ ဆုံးရှုံးစရာ မရှိတော့ပေ။ သားဖြစ်သူက သေအံ့ဆဲဆဲဖြစ်နေပြီး သူတို့တွင် ဆေးဝယ်ဖို့ ပိုက်ဆံမရှိပေ။ လောင်းကြေးထပ်ကြည့်တာက ပိုကောင်းသည်။


ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြကာ "ကောင်းပြီ သူ့အတွက် ရေနွေးခွက်တစ်ဝက်လောက် ထည့်လာပေး၊ သူ့ကို ဆေးတိုက်လိုက်မယ်"


အမေရှောင်က သူမရဲ့ သမီးကို ရေသွားယူလာခိုင်းခဲ့သည်။


ရှစ်ချင်းလျို့က သူမ အင်္ကျီလက်ထဲကဆေးကို ထုတ်ယူလိုက်သည်။ တကယ်တော့ ထိုဆေးက နေရာလွတ်ထဲက ဆေးဖြစ်သည်။


အမေရှောင်က စောနကမှ သူမရဲ့ အဝတ်ကိုလဲစေခဲ့တာကြောင့် အဝတ်လဲတုန်းက ရှစ်ချင်းလျို့က ဆေးထုတ်ယူထားသည်ဟုသာ တွေးလိုက်သည်။


အခု ရှောင်တာ့လန်က သတိမရှိတော့တာကြောင့် ဆေးကို မမျိုချနိုင်ပေ။ ရေယူလာပြီးနောက် ရှစ်ချင်းလျို့က ဆေးကို အမှုန့်ဖြစ်အောင် ကြိတ်ပြီး ရေနှင့်ရောလိုက်သည်။


ထို့နောက် အမေရှောင်နှင့် ရှောင်တာ့လန်ကို တိုက်ခိုင်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် ယခုက ရှေးခေတ် ဖြစ်သည်။


ဆန့်ကျင်ဘတ်လိင်နဲ့ နီးကပ်နေသည့်အခါ သူမ သတိထားရမည်ဖြစ်သည်။


ဆေးတိုက်ကျွေးပြီးနောက် အမေရှောင်နှင့် သမီးဖြစ်သူက သတင်းကောင်းကို စောင့်မျှော်နေခဲ့ကြသည်။


ရှစ်ချင်းလျို့က အမေရှောင်အတွက် အရောင်ကျဆေးတချို့နှင့် အဖျားကျဆေးတချို့ ပေးခဲ့သည်။ ဒါမှ နောက်ကျရင် သူ့ကို အရောင်ကျဆေးတိုက်လို့ရမှာဖြစ်သည်။


တကယ်လို့ သူသာအဖျားထပ်တက်ခဲ့ပါက အဖျားကျဆေး နောက်တစ်ကြိမ်ထပ်တိုက်ရမည်ဖြစ်သည်။ သူသာ ထပ်မဖျားပါက အဖျားကျဆေး ထပ်တိုက်စရာ မလိုပေ။


အမေရှောင်က သူမကို အလွန်အမင်း ကျေးဇူးတင်နေခဲ့သည်။


မမှောင်ခင် ငါးဖမ်းရဦးမည့်အကြောင်း ရှစ်ချင်းလျို့က အမှတ်ရနေဆဲဖြစ်သည်။


သူမရဲ့ လျှော်ထားသည့် အဝတ်တွေက ခြံထဲမှာ လှန်းထားဆဲဖြစ်တာကြောင့် သူမက နှုတ်ဆက်စကားဆိုကာ ငါးဖမ်းဖို့ထွက်ခဲ့သည်။


သူမ ငါးဖမ်းမည့်အကြောင်း ရှောင်အာ့လန်က ကြားတော့ သူကလည်း လိုက်ချင်နေခဲ့သည်။


စောနက အစ်မဖြစ်သူ ရှောင်ပိုင်လီက သူ့ခြေထောက်တွေကို နှိပ်ပေးခဲ့တာကြောင့် သူ မနာကျင်တော့ပေ။


ရှစ်ချင်းလျို့က ထိုကလေးကို တော်တော် သဘောကျတာကြောင့် သူမနှင့်အတူ ခေါ်ခဲ့လိုက်သည်။


ရှစ်ချင်းလျို့လည်း သွားမှာဖြစ်တာကြောင့် အမေရှောင်က သဘောတူခဲ့သည်။


မြစ်ကမ်းဘေးရောက်တော့ ရှစ်ချင်းလျို့က ချွန်ထက်သည့် အကိုင်းကိုယူပြီးနောက် ဘောင်းဘီကို လိပ်တင်ကာ မြစ်ထဲဆင်းခဲ့ကြသည်။


အချိန်ခဏကြာပြီးနောက် သူမ ငါးအနည်းငယ်ကို ဖမ်းမိခဲ့သည်။


ထိုအချင်းအရာကိုမြင်သည့် ရှောင်အာ့လန်ရဲ့ မျက်လုံးတွေက အလွန်တောက်ပသွားခဲ့သည်။ သူက ငါးကို ကူဖမ်းပေးရင်း စိတ်လှုပ်ရှားစွာ ပြောလေသည်။ "အစ်မကြီးက တကယ်အံ့သြဖို့ကောင်းတာပဲ"


ရှစ်ချင်းလျို့က ယုံကြည်ချက်ရှိရှိ ပြုံးပြကာ ပြောလေသည် "ဒါပေါ့"


ငါး ၅ကောင်လောက်ဖမ်းပြီးနောက် သူတို့နှစ်ယောက်က သစ်သားရေပုံးကိုဆွဲကာ ရှောင်အိမ်ကို ပြန်ခဲ့ကြသည်။


ထိုအချိန်မှာပဲ အိမ်အဝင်တွင် ရထားလုံးတစ်စီး ရပ်ထားတာကို တွေ့လိုက်လေသည်။


သူတို့နှစ်ယောက် တံခါးနားရောက်တော့ အမေရှောင်၏ အော်ငိုသံကိုကြားလိုက်ရလေသည်။


"မဖြစ်ဘူး ကျေးဇူးပြုပြီး ပိုင်လီကို မခေါ်သွားပါနဲ့၊ သူ လက်မထပ်ဘူး"


ရှောင်ပိုင်လီကလည်း အော်ပြောလေသည် "အန်တီကြီး သမီးလက်မထပ်ဘူး သမီးကို လွှတ်ပေးပါ"


စူးရှသည့်အသံတစ်သံ ထပ်ထွက်လာလေသည် "အဟက် နင်က နင့်အတွက်ဘာကောင်းလဲဆိုတာ မသိဘူးပဲ၊ ဝူမိသားစုက မြို့တော်မှာ ချမ်းသာတယ်၊ အဲလိုမိသားစုနဲ့ ပိုင်လီ လက်ထပ်ရတာ သူ့ကံကြမ္မာပဲ"


"သူက ရှောင်မိသားစုဝင်ပဲ၊ ငါတို့ရဲ့ သခင်မကြီးက သူ့ကို လက်ထပ်စေချင်ရင် သူလက်ထပ်ရမှာပဲ၊ နင့်လိုမိန်းမပျက် တားလို့လည်း အသုံးမဝင်ဘူး"


အမေရှောင်ရဲ့ အသံက အားငယ်မှု၊ ဒေါသတွေနှင့်ပြည့်နေကာ"အား ငါနင့်ကိုလုပ်ပစ်မယ်"


ရှစ်ချင်းလျို့နှင့် ရှောင်အာ့လန် ခြံတံခါတွန်းဖွင့်ကာ ဝင်လိုက်တော့ အမေရှောင်က သန်မာသည့် အမျိုးသမီးကို ဝင်တိုက်ပစ်တာကို တွေ့လိုက်လေသည်။


ထိုသန်မာသည့်အမျိုးသမီးနှင့် သက်လတ်ပိုင်းအမျိုးသမီးနောက်၁ယောက်က ရှောင်ပိုင်လီကို လက်တစ်ဖက်တစ်ချက်က ဆွဲထားသည်။ 


ခြံထဲတွင် ရပ်နေသည့် လူအနည်းငယ်လည်းရှိသေးသည်။


တိုက်ဆိုင်စွာပင် ထိုအဖွားအိုက ဝူမိသားစုကဆိုတာ သူမ မှတ်မိလိုက်ပြီး အရင်တုန်းက သူမကို ခေါ်သွားမိတော့မလိုတောင် ဖြစ်ခဲ့သေးသည်။


တစ်ချိန်တည်းမှာပဲ သူမလည်း ဆွံ့အသွားပြီး ဒါက ကံကြမ္မာလား။


သူမက စေ့စပ်ပွဲကိုဖျက်ခဲ့ပြီး ဝူမိသားစုနှင့် မြေမြှုပ်ခံဖို့အတွက် လက်ထပ်ဖို့ ဖျက်သိမ်းခဲ့သည်။


အခုတော့ ထိုတာဝန်က ရှောင်မိသားစု၏ ညီမငယ်ဆီ ကျရောက်ခဲ့ပြီး အတင်းအကြပ် အဖမ်းခံနေရသည်။


အမေရှောင်က အားသန်သည့် အမျိုးသမီးကို မြေပေါ်တွန်းလဲခဲ့ပေမယ့် သူမလည်း လဲကျသွားခဲ့သည်။


"ခွေးမ တော်တော်သတ္တိကောင်းနေတယ်ပေါ့လေ သင်ခန်းစာကောင်းကောင်းပေးပြမယ်"


အားသန်သည့် အမျိုးသမီးကြီးရဲ့ အမူအရာက တော်တော် အကျည်းတန်နေသည်။ သူမက မြေပေါ်ကထကာ ခုန်အုပ်ခဲ့သည်။


အမေရှောင်ကို တက်ခွပြီး တိုက်ခိုက်ဖို့ ပြင်လိုက်လေသည်။


သို့ပေမယ့် သူမ လက်မြှောက်ကာ အမေရှောင်ရဲ့ မျက်နှာကို မရိုက်ခင်မှာပဲ တစ်စုံတစ်ယောက်က အနောက်ကနေ သူမရဲ့ လက်ကို ဆွဲထားခဲ့သည်။


ထို့ကြောင့် သူမက မျက်မှောင်ကြုပ်ပြီး ဒေါသတကြီးပြောလေသည် "ဘယ်သူလဲ၊ ကိုယ့်ကိစ္စမဟုတ်ရင် ဝင်မပါနဲ့။ မဟုတ်ရင် သေအောင် ရိုက်သတ်ပစ်မယ်။"


ရှစ်ချင်းလျို့ကိုတွေ့တော့ အမေရှောင်က အမျိုးသမီးဝမ်ရဲ့နောက်ကျောကို အရင်ဆွဲလိုက်ပြီး သူမက အလွန်စိတ်လှုပ်ရှားနေသည်။


သူမရဲ့ ယောက်မက ရွာထဲမှာ အပေါက်ဆိုးသည့်လူအဖြစ် နာမည်ကြီးသည်။ သူမက လူတွေကို ဆဲဆိုကာ အကြမ်းပတမ်း ရိုက်နှက်လေ့ရှိသည်။


အမေရှောင်က ကောင်မလေးကို ထိုကိစ္စထဲဝင်ကာ မငြိစွန်းစေချင်ပေ။


ထို့ကြောင့် သူမက ရှောင်ပိုင်လီရဲ့ အကြီးဆုံးအဒေါ်အမျိုးသမီးဝမ်ကိုကြည့်ကာ "သူက ဒီတိုင်း ဖြတ်သွားဖြတ်လာလူပါ၊ ကျွန်မကို ရိုက်ချက်ရင်ရိုက်လိုက်ပါ၊ ဒီကိစ္စက သူနဲ့မဆိုင်ပါဘူး"