အခန်း ၄
Viewers 7k

အခန်း (၄) - လက်ထပ်ထိမ်းမြားဖို့ရန် ဒီမိသားစုက အကောင်းဆုံး ရွေးချယ်မှုပဲ


နှစ်ရက်ကြာပြီးနောက် ရှစ်ချင်းလျို့က ငါးစွပ်ပြုတ် စားချင်လာသဖြင့် ရွာ နှစ်ရွာကို ဆက်ထားသည့် ချောင်းကို ငါးဖမ်းဖို့ ထွက်လာခဲ့သည်။


လမ်းတစ်လျှောက်တွင် အမျိုးသမီးတချို့ပြောနေသည့် အတင်းတွေလည်း ကြားခဲ့ရသည်။


"ရှန့်ရှီးရွာရဲ့ စာသင်သားရှောင်က တော်တော်လေး စိတ်မချမ်းမြေ့စရာကောင်းတယ်၊ အခြေခံစာသင်သားဖြစ်ဖို့ စာမေးပွဲဖြေရတာ မလွယ်ဘူး၊ သူက တောင်ပေါ်ကပြုတ်ကျပြီး သတိမေ့သွားတယ်လေ၊ သူ့မိသားစုက ဆေးဝယ်ဖို့ ပိုက်ဆံမရှိဘူးကြားတယ်၊ သူ့ကို ကယ်နိုင်ပါ့မလားဆိုတာတောင် မသိပါဘူး။"


"ရှောင်မိသားစုက ဂရုမစိုက်ဘူးလား။"


"ဟယ် သူတို့မိသားစုကိစ္စကို နင်မကြားဘူးလား။"


"စာသင်သားရှောင်ရဲ့အဖေက စစ်ထဲဝင်ပြီး ဗိုလ်ချုပ်ကြီး ဖြစ်သွားပြီလေ၊ သူပြန်လာတော့ မိန်းမငယ်လေး တစ်ယောက်ကို ခေါ်ပြန်လာခဲ့တယ်>"


"ဘာဖြစ်တာလဲတော့ ငါလည်း အသေးစိတ်မသိဘူး၊ စာသင်သားရှောင်ရဲ့ အမေက အဲမိန်းကလေးကို တွန်းထုတ်ပစ်တော့ ကိုယ်ဝန်ပျက်ကျသွားတယ်တဲ့လေ။"


"သူက အရမ်းဒေါသထွက်ပြီး သူ့မိန်းမကို အိမ်ရှင်မရာထူး ချပစ်ဖို့ လုပ်ခဲ့တယ်လေ၊ ဘာဖြစ်သွားလဲတော့ မသိပေမယ့် နောက်ဆုံးတော့ သူတို့ကွာရှင်းသွားခဲ့ကြတယ်။"


"စာသင်သားရှောင်နဲ့ မောင်နှမတွေက သူ့အမေနောက်လိုက်သွားပြီး ရှောင်မိသားစုရဲ့ ဆွေမျိုးတွေနဲ့လည်း အဆက်ဖြတ်သွားခဲ့တယ်"


"စာသင်သားရှောင်က အသိတရားရှိတဲ့ကလေးပါ၊ ဗိုလ်ချုပ်ကြီးရှောင်က သူ့ကိုမြို့တော်ကိုခေါ်သွားဖို့ လုပ်ခဲ့ပေမယ့် သူက ငြင်းခဲ့ပြီး သူ့အမေတွေမောင်နှမတွေနဲ့ပဲ ရွာမှာနေဖို့ ရွေးခဲ့တာတဲ့လေ"


"ဗိုလ်ချုပ်ကြီးရှောင်က အလွန်ဒေါသထွက်ပြီး စာသင်သားရှောင်တို့ မောင်နှမတွေကို စွန့်ပစ်ကြောင်း စာထုတ်ခဲ့တယ်လေ၊ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူမြို့တော်ကို ပြန်သွားခဲ့တုန်းက ရှောင်မိသားစုက လူတွေက ဂရုမစိုက်ခဲ့ကြဘူး"


"အတိတ်တုန်းက ဗိုလ်ချုပ်ကြီးရှောင် စစ်ထဲသွားတုန်းက သူ့မိန်းမလည်း ရှောင်မိသားစုထဲမှာ ကောင်းကောင်းမွန်မွန် မနေရရှာပါဘူး၊ ယောက္ခမရဲ့ ဆဲဆိုတာကို အမြဲခံရပြီး ယောက်မတွေရဲ့ အနိုင်ကျင့်တာလည်း ခံရသေးတယ်၊ စာသင်သားရှောင်သာမရှိရင် သေတဲ့အထိ နှိပ်စက်ခံနေရလောက်ပြီ"


"မကောင်းတဲ့လူတွေ သူတို့က တော်တော်ရက်စက်တာပဲ"


"ရှောင်မိသားစုကလူတွေအကုန် အကြင်နာမဲ့ကြတယ်၊ စာသင်သားရှောင်ရဲ့ မိခင်ဘက်က မိသားစု ဆုံးသွားကတည်းက သူတို့က သူတို့သားမိတွေအပေါ် ပိုရက်စက်လာကြတယ်"


"စာသင်သားရှောင်သာ စာမေးပွဲကို ထူးထူးချွန်ချွန် မအောင်ခဲ့ရင် သူ့အမေအတွက် ဆုံးဖြတ်ချက် ချပေးနိုင်မှာ မဟုတ်ဘူး"


"အခြေခံစာသင်သားစာမေးပွဲအောင်ခဲ့ပြီး ဗိုလ်ချုပ်ကြီးဖြစ်တဲ့ အဖေလည်းရှိတယ်၊ ဘာလိုသေးလဲ၊ အဲhတာကို သူက မကြာခင် သေရတော့မယ်ပေါ့"


"အရင်တုန်းကဆိုရင် သူက စာဖတ်တတ်လို့ မြို့ထဲမှာ နာမည်ကြီးတယ်၊ သနားစရာလေးဟယ်၊ ဟင်း…."


ထိုအတင်းစကားတွေကြားပြီးနောက် ရှစ်ချင်းလျို့က မြစ်ကမ်းဆီ လျှောက်သွားလိုက်သည်။ 


သူမ မြစ်အနားကိုရောက်သွားသည့်အချိန်မှာ ရေနစ်နေသည့် ကလေးတစ်ယောက်ကို တွေ့လိုက်ရလေသည်။


သူမက တုံ့ဆိုင်းခြင်းမရှိ မြစ်ထဲခုန်ဆင်းကာ ကလေးကိုကယ်ခဲ့သည်။


အရေးပေါ်အသက်ကယ်နည်း ပြုလုပ်ပေးပြီးနောက် ထိုကလေးက ရေအနည်းငယ်အန်ထွက်ကာ မျက်လုံးဖွင့်လာခဲ့သည်။


"သားမသေဘူးလား" သူက စိတ်ရှုပ်ထွေးစွာ မေးခဲ့သည်။


သူက ငါးဖမ်းဖို့ မြစ်ထဲဆင်းခဲ့ပေမယ့် ရုတ်တရက်ကြီး ခြေထောက်က ကြွက်တက်ကာ ရေနစ်ခဲ့ခြင်း ဖြစ်သည်။


သူက သူ့ကိုယ်သူ သေပြီဟု ထင်မှတ်ထားခဲ့သည်။


ရှစ်ချင်းလျို့က သူ့ရဲ့ရှုပ်ထွေးနေသည့် အမူအရာကိုကြည့်ပြီး ပြုံးကာ ခေါင်းကိုပွတ်သပ်ပေးခဲ့သည်။


"ဒါပေါ့ လူတစ်ယောက်က နင့်ကိုကယ်ခဲ့လို့ နင်မသေပါဘူး"


ရှောင်အာ့လန် ခေါင်းမော့ကြည့်လိုက်တော့ ရေစိုနေသည့် အစ်မကြီးတစ်ယောက်က သူ့ကို နူးညံ့စွာကြည့်နေတာကို တွေ့လိုက်ရလေသည်။


သူက အရူးမဟုတ်တာကြောင့် အမြန်တုံ့ပြန်ခဲ့သည်။ ထိုအစ်မကြီးက သူ့ကို ကယ်တင်ခဲ့ခြင်းဖြစ်မှန်း သိလိုက်သည်။


"ကျေးဇူးတင်ပါတယ် အစ်မ၊ သားအသက်ကိုကယ်ပေးခဲ့လို့ တစ်နေ့ကျရင် သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ်ဗျ။"


အခု သူက မိသားစုထဲမှာ အားကိုးရသည့် တစ်ဦးတည်းသော ယောက်ျားလေးဖြစ်သည်။


သူ့ရဲ့အစ်ကိုကြီးက သတိမေ့နေခြင်းဖြစ်သည်။ အကယ်၍ သူသာသေသွားခဲ့ပါက အမေနှင့်အစ်မတွေ အသည်းကွဲကြေမတတ် ဝမ်းနည်းနေရလိမ့်မည်။


စဥ်းစားချင့်ချိန်တတ်သည့် အသက် ရှစ်နှစ်၊၉နှစ်အရွယ် ကလေးလေးကို ရှစ်ချင်းလျို့က ကြည့်လိုက်သည်။ သူမက ထိုကလေးကို အမြင်ကောင်းဖြင့် မြင်သွားခဲ့သည်။


"ကောင်းပြီ ဒါဆိုလည်း အနာဂတ်မှာ ကျေးဇူးပြန်ဆပ်တာကို စောင့်နေပါ့မယ်"


ကလေးတွေအတွက် ရည်မှန်းချက်ရှိခြင်းက ကောင်းမွန်သည့်ကိစ္စဖြစ်သည်။


"နင့်အိမ်ဘယ်မှာလဲ၊ ပြန်လိုက်ပို့ပေးမယ်"


ရှောင်အာ့လန်က သူမကို နှစ်ကြိမ်ဆက်တိုက် ဒုက္ခမပေးချင်တာကြောင့် ယဥ်ယဥ်ကျေးကျေးငြင်းဆိုပစ်ချင်နေသည်။


သို့ပေမယ့် သူထရပ်လိုက်သည်နှင့် ခြေထောက်တွေက နာနေခဲ့သည်။ သူက ရှက်ရွံ့စွာဖြင့် 

"ဒါဆိုရင်တော့ အစ်မကိုပဲ ဒုက္ခပေးရဦးမှာပဲ၊ သားအိမ်က အနီးအနားရွာကပါ"


ရှစ်ချင်းလျို့က ထိုကလေးကို ကျောပိုးပြီး သူညွှန်ပြသည့်နေရာကို လမ်းလျှောက်ထွက်လာခဲ့သည်။


မြစ်ကိုဖြတ်သွားပြီးနောက် ထိုကလေးရဲ့အိမ်က ရှာ့ရှီရွာမှာဖြစ်သည်။ မြစ်ကိုဖြတ်သွားလို့ရသည့် သစ်သားတံခါးလေးရှိသည်။


ရှစ်ချင်းလျို့က လမ်းလျှောက်ရင်း ထိုကလေးနှင့် စကားပြောနေခဲ့သည်။


ထိုကလေးက အမျိုးသမီးတချို့ အတင်းပြောနေသည့် စာသင်သားရှောင်ရဲ့ ညီဖြစ်နေမှန်း သိလိုက်ရတော့ အံ့သြသွားခဲ့သည်။


သူ့အစ်ကိုက တောင်ပေါ်က ပြုတ်ကျကာ ခြေထောက်ထိခိုက်သွားခြင်းဖြစ်သည်။ ထို့အပြင် အပြင်းဖျားလည်း ဖျားနေသေးသည်။


ဆေးတွေသောက်သုံးပြီးတာတောင် သူ့အခြေအနေက မငြိမ်သေးပေ။ လွန်ခဲ့သည့်ရက်အနည်းငယ်ကမှ သတိလစ်သွားခဲ့ခြင်းဖြစ်သည်။


သူ့ရဲ့ ပထမနှင့် တတိယအန်တီတို့က သူသတိလစ်နေတာကို အခွင့်ကောင်းယူကာ သူတို့ရဲ့အစားအသောက်အများစုကို ခိုးယူခဲ့သည်။


အဖေ့ဘက်က ဆွေမျိုးတွေနှင့် ခွဲနေတုန်းက သူတို့က ဘာပိုက်ဆံမှမရခဲ့ပေ။ အခုဆိုရင် သူတို့မိသားစုက ဆေးဝယ်ဖို့တောင် မတတ်နိုင်တော့ပေ။


သူ့အမေက နေ့တိုင်းတောင်ပေါ်သွားကာ ဆေးမြစ်တွေရှာပြီး ဆေးကျိုပေးခဲ့ပြီး သူ့အစ်မက သူတို့စားဖို့အတွက် ဟင်းသီးဟင်းရွက် သစ်ဖုသစ်ဥတွေ တူးခဲ့သည်။


သူ့အစ်ကိုဖြစ်သူက ပိုပိန်သွားတာကို သူတွေ့ခဲ့ရသည်။


အသားစွပ်ပြုတ်သောက်ပါက အားရှိသည်ဟုကြားဖူးခဲ့သည်။ သို့သော် သူ့မိသားစုက အသားမဝယ်နိုင်တာကြောင့် ငါးစွပ်ပြုတ်လုပ်ဖို့ ငါးဖမ်းထွက်ခဲ့ခြင်းဖြစ်သည်။


သို့ပေမယ့် ရေနစ်ကာမလိုဖြစ်ခဲ့ရသည်။


ရှစ်ချင်းလျို့က ထိုစကားတွေကြားတော့ ကလေးကို သနားသွားခဲ့သည်။


သူ့မိသားစုက ကံဆိုးမှုတွေ ဆက်တိုက်ကြုံနေခဲ့ရသည်။


ရှောင်အာ့လန်တို့ မိသားစုက ရွာအဆုံးနားက တောင်နားက ရှောင်မိသားစုရဲ့ အိမ်အဟောင်းလေးမှာ နေထိုင်နေကြသည်။


ရှစ်ချင်းလျို့က ရှောင်အာ့လန်ကိုကျောပိုးကာ နာရီဝက်ကျော်လောက် လမ်းလျှောက်ခဲ့သည်။


ပျက်စီးယိုယွင်းနေသည့် ခြံလေးတစ်ခြံကို တွေ့လိုက်ရသည်။ ဘေးမှာ တခြားအိမ်တွေလည်းရှိပေမယ့် အနည်းငယ် အလှမ်းဝေးသည်။


သူတို့တံခါးဖွင့်ကာ ဝင်သွားလိုက်တော့ လူနှစ်ယောက်ရဲ့ ငိုသံကို ကြားခဲ့ရသည်။


တံခါးဖွင့်သံကြားတော့ သက်လတ်ပိုင်းအမျိုးသမီးက နီရဲနေသော မျက်လုံးဖြင့် ပြေးထွက်လာခဲ့သည်။ သူမနောက်တွင် သူမလို မျက်လုံးနီရဲနေသည့် အသက် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်အရွယ် ကလေးမလေး ပါခဲ့သည်။


သားပျောက်သွားလို့ ငိုယိုနေသည့် အမေရှောင်က အခုမှ သက်ပြင်းချမိခဲ့သည်။ သူမက မေးလေသည်

"အာ့လန် ဘယ်တွေသွားနေတာလဲ၊ အမေ့ကို သေအောင်လုပ်နေတာလား"


ရှောင်အာ့လန်က အမေဖြစ်သူကို အပြစ်မကင်းစိတ်ဖြင့်ကြည့်ကာ "အမေ သားက ငါးသွားဖမ်းခဲ့တာပါ ဒါပေမဲ့ ရေနစ်သွားခဲ့တယ်၊ ဒီအစ်မက ကယ်ခဲ့တာ"


ထိုစကားကြားမှ အမေရှောင်က အနည်းငယ် စိတ်အေးသွားခဲ့သည်။


သူမရဲ့ သားကိုကယ်တင်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ခဲ့သည်။ မဟုတ်ပါက သူမဘယ်လို ရှင်သန်ရမလဲ မသိတော့ပေ။ သူမအသည်းတွေကို ကွဲကြေသွားစေလိမ့်မည်။


သူမက ရှစ်ချင်းလျို့ကိုကြည့်ကာ ကျေးဇူးတင်စွာ ပြောလေသည်။ "ကျေးဇူးတင်ပါတယ် အရမ်းကို ကျေးဇူးတင်ပါတယ်"


သူမက မျက်ရည်သုတ်ကာ သန်မာယောင်ဆောင်လိုက်သည်။ သူမက ဆက်ပြောလေသည်။

"ကြင်နာမှုအတွက် အနာဂတ်မှာ သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ်"


ထိုကဲ့သို့သောကိစ္စက လွန်ခဲ့သည့် ရက်အနည်းငယ်က ဖြစ်ထားခဲ့တာကြောင့် သူမ အလွန်လန့်နေသည်။


သူမတွင် ကလေးတွေသာ မရှိပါက သတ်သေလိုက်ပြီဖြစ်သည်။


ရှစ်ချင်းလျို့က အားနည်းနေသည့် အမေရှောင်ကို ကြည့်ပြီးနောက် သူမက နူးညံ့ကြင်နာတတ်သည့်လူမှန်း သိလိုက်သည်။


ဒီလိုအချိန်မှာတောင် သူမက တည်ငြိမ်ကာ သန်မာယောင်ဆောင်နေသေးသည်။


သို့ပေမယ့် သူမက ကလေးတွေကို တကယ်ချစ်တာကိုတော့ ပြောနိုင်သည်။ သားဖြစ်သူ ရေနစ်သည့်အကြောင်း ကြားလိုက်ရတုန်းက သူမရဲ့ ထိတ်လန့်ကာ အကူအညီမဲ့နေသည့် အမူအရာက အလွန်စစ်မှန်သည်။


သူမက ပြုံးပြကာ "သူ့ကိုတွေ့လို့ ကယ်ခဲ့ရုံပါ ဘာမှ များများစားစား မဟုတ်ပါဘူး"


ရှစ်ချင်းလျို့ ရေစိုနေတာကိုတွေ့တော့ သူမက ပြောလေသည်

"စိတ်မရှိဘူးဆိုရင် အန်တီ့အဝတ်တွေ အရင်ဝတ်ထားလိုက်ပါလား၊ အဝတ်လျှော်ပြီး အခြောက်လှန်းပေးပါ့မယ်"


"နေက ခြစ်ခြစ်တောက်ပူနေတာဆိုတော့ အဝတ်က အခြောက်မြန်ပါတယ်၊ အခုက နွေရာသီဆိုပေမယ့်လည်း အဝတ်တွေစိုနေရင် အအေးမိလွယ်တယ်"


ရှစ်ချင်းလျို့ကလည်း အဝတ်အစိုတွေဖြင့် နေရတာ၁သက်သောင့်သက်သာ ရှိမနေပေ။ အမေရှောင်က အဖာအစပ်ပါသည့် အဝတ်ကို ဝတ်ထားသော်လည်း သူမရဲ့ အဝတ်တွေက သန့်ရှင်းသပ်ရပ်သည်။


ထို့ကြောင့် သူမက ခေါင်းငြိမ့်ပြကာ "ကောင်းပါပြီ ဒါဆို အန်တီ့ကိုပဲ ဒုက္ခပေးပါရစေ"


အမေရှောင်က အမြန်ပင် လက်ခါပြကာ "ဒုက္ခမဟုတ်ပါဘူး လုံးဝ မဟုတ်ရပါဘူး"


ထို့နောက် ရှစ်ချင်းလျို့ အဝတ်အစားလဲပေးဖို့ ခေါ်သွားခဲ့သည်။ ရှစ်ချင်းလျို့အတွက် သူမရဲ့ အကောင်းဆုံး အဝတ်ကို ထုတ်ပေးခဲ့ကာ အဝတ်စိုတွေကိုလျှော်ဖို့ ခြံထဲယူသွားခဲ့သည်။


ရှစ်ချင်းလျို့က အဝတ်အစားအစိုတွေ လဲပြီးနောက် ခြံထဲ ထိုင်စောင့်နေခဲ့သည်။ သူမက အမေရှောင်နှင့် အငယ်ဆုံးသားလေးနှင့် စကားပြောနေလိုက်သည်။


စကားပြောနေရင်းမှ သူတို့မိသားစုနောက်ခံအကြောင်း သတင်းအများကြီးရခဲ့သည်။ သူတို့ သုံးယောက်လုံးက အလွန်ရိုးအလွန်းကြသည်။


သတိမေ့နေသည့်လူသာ နိုးမလာပါက သူမကို ကာကွယ်ပေးမည့်လူမရှိတော့ဘဲ သူတို့ သုံးယောက် ဘယ်လိုရှင်သန်ရမလဲဆိုတာ သူတို့မသိတော့ပေ။


ရှစ်ချင်းလျို့က ရုတ်တရက်ကြီး အတွေးတစ်ခုတွေးမိသွားခဲ့သည်။


အခြေခံစာသင်သားရှောင်မိသားစုက ဖခင်ဘက်က ဆွေမျိုးတွေနှင့် ခွဲခွာလာပြီးနောက် ကျေးရွာလေးမှာ ရိုးရိုးရှင်းရှင်း နေထိုင်နေခြင်းဖြစ်သည်။


တစ်မိုးအောက်ထဲမှာ မိသားစုဝင်တွေ အများကြီးနှင့် တိုးဝှေ့နေစရာ မလိုပေ။


သူတို့ကိုဖိနှိပ်မည့် အဖိုးအဖွားမရှိသလို ပြဿနာရှာမည့် ဆွေမျိုးတွေ၊ တစ်ဝမ်းကွဲညီကိုမောင်နှမတွေလည်း မရှိပေ။


အမှားအမှန်ကြားမှာ အငြင်းပွားဖို့ သိပ်မရှိဘဲ အေးအေးဆေးဆေး နေထိုင်လို့ရသည်။


ထိုကဲ့သို့သောမိသားစုက လက်ထပ်ဖို့အတွက် ရွေးချယ်ဖို့အကောင်းဆုံးဖြစ်သည်။