အခန်း ၁၁
Viewers 8k

မွေးနေ့ အမှတ်တရ


အခန်း (၁၁) တစ်ခုခုတော့ မူမမှန်ဘူး


မင်္ဂလာပွဲအတွက် တရားဝင် လက်ခံတွေ့ဆုံခြင်းက အဆင်ပြေ ချောမွေ့စွာ ပြီးသွားခဲ့သည်။


ရှစ်မိသားစုက ဘယ်သူကမှ သူတို့ကို ခက်ခဲအောင် မလုပ်ခဲ့ပေ။


ရွာသူကြီးရှောင်ရဲ့ အကြီးဆုံးသားနှင့် တခြားလူတွေက ရှစ်မိသားစုက ပိုပြီး စိတ်အေးသွားဟန်ပေါက်နေမှန်းတောင် ခံစားမိနေသည်။


သို့ပေမယ့် ရှစ်မိသားစုရဲ့ လူတိုင်းက မျက်နှာတွင် အကျည်းတန်သည့် အမူအရာများ ရှိနေသည်။


ဆန်ကုန်မြေလေးအဖေနှင့် တခြားလူတွေက ရှစ်ချင်းလျို့ တာအိုဘုရားကျောင်းက ယူလာသည့် စာအုပ်တွေနှင့် သေတ္တာတွေကို နွားလှည်းပေါ် တင်ပေးနေကြသည်။


ရှစ်ချင်းလျို့ရဲ့ ခြိမ်းခြောက်သည့်အကြည့်အောက်မှာ သူတို့က မျက်နှာကြီး မည်းမှောင်စွာဖြင့် နွားလှည်းပေါ်ကို အစေ့အဆန်အိတ် ၅အိတ် တင်ပေးခဲ့သည်။


ရှစ်မိသားစု တတိယသားက ရှစ်ချင်းလျို့ကို ကြည့်ပြီး အေးစက်စွာ ပြောလေသည် "ဒါက မင်းရွေးချယ်တဲ့ လက်ထပ်ပွဲပဲ၊ အနာဂတ်မှာ ငိုယိုပြီး ပြန်မလာနဲ့။"


တင်တောင်းပစ္စည်းအဖြစ် ငွေတုံး အနည်းငယ်လေးတောင် သူတို့ မရရှိခဲ့ပေ။


ဒီသမီးကို အလာဟသ ပျိုးထောင်ပေးမိခဲ့တာပဲ။


အရေးကြီးတာက အရင်တုန်းက တစ်ခါမှ ဒီလောက်သည့် ကြီးမားစွာ မရှုံးနိမ့်ဖူးတာ ဖြစ်သည်။


ဒါတွေ အကုန်လုံးက သတို့သမီးရဲ့ အမှားသာ ဖြစ်သည်။


ရှစ်ချင်းလျို့က အပြုံး ခပ်ကြီးကြီး ပြုံးပြကာ "စိတ်မပူပါနဲ့၊ ဘယ်တော့မှ ဒီကိုထပ်မလာဘူး" ဟု ပြောလိုက်သည်။


"ရှင်တို့သာ ငိုယိုပြီး ကျွန်မဆီလာမှာ ကြောက်နေရတာ" သူမက ထပ်ပေါင်းပြောခဲ့လေသည်။


ရှစ်မိသားစု တတိယသားက အေးစက်စွာ နှာမှုတ်ပြီး "အိပ်မက် မက်နေလိုက်လေ" ဟု ပြောသည်။


ရှစ်ချင်းလျို့က နှုတ်ခမ်းတွေ ကော့တက်အောင် ပြုံးခဲ့သည်။ ထိုကဲ့သို့ နေ့မျိုး ရှိလာလိမ့်မယ်ဆိုတာ သူမ သေချာပေါက် ခံစားနေရသည်။ ရှစ်မိသားစုအတွက် အကျိုးအမြတ်က အရေးအကြီးဆုံးဖြစ်ကာ အရှက်တရားက အရေးမပါပေ။


သူမက စိတ်ထဲကအတိုင်း ပြောလေသည်၊ "ရှင်တို့ ငိုပြီး တောင်းပန်ရင်တောင် လုံးဝ ဂရုစိုက်မှာ မဟုတ်ဘူး"


ဒီပြဿနာကောင်တွေကို ရှင်းထုတ်ဖို့ သူမတွင် နည်းလမ်းပေါင်းများစွာ ရှိသည်။


ရှစ်မိသားစု တတိယသားနှင့် တခြားလူတွေက စိတ်ရှုပ်နေခဲ့သည်၊ "နင်ငါတို့ကို ဘယ်လို ငိုအောင်လုပ်ပြီး နင် ဘယ်လောက် ဘဝင်မြင့်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"


ရှစ်မိသားစု စတုတ္ထသားက ထပ်ထည့်ပေါင်းပြောလေသည် "နင့်လုပ်ခဲ့တာအတွက် နင်ပြန်ခံရလိမ့်မယ်"


ရှစ်ချင်းလျို့က မျက်ခုံးပင့်ကာ "ဝူမိသားစုက လက်စားချေလိမ့်မယ်လို့ ပြောချင်တာလား"


ရှစ်မိသားစု စတုတ္ထသားက ဗလုံးဗထွေး ပြောလေသည် ဒီတူမက ဘယ်တုန်းက အဲ့လောက် ဉာဏ်ကောင်းသွားတာလဲ။


ဒါမှမဟုတ် တာအိုဘုရားကျောင်းက ပြန်လာပြီးမှ ပိုကောင်းတဲ့လူလို ဟန်ဆောင်နေတာလား။


"ကြည့်ရတာ ရှင် တစ်ခုခု သိနေပုံပဲ"


သူ့ရဲ့ အမူအရာကို ရှစ်ချင်းလျို့ မြင်လိုက်တော့ ဒီဆန်ကုန်မြေလေးက ဝူမိသားစုနှင့် အဆက်အသွယ် ရှိသေးမှန်း သူမ သိလိုက်လေသည်။


ထို့နောက် လွန်ခဲ့သည့် ၂ရက်က သူမရဲ့ ထင်းတဲ မွှေနှောက် ရှာဖွေခံထားရတာကို ပြန်တွေးမိသွားခဲ့သည်။


သူမက စမ်းသပ်ပြီး မေးကြည့်လိုက်လေသည်၊ "ကျွန်မရဲ့ ဆရာပေးခဲ့တဲ့ အမည်းရောင် အလုံးလေးတွေကို သူတို့က ပစ်မှတ်ထားနေတာလား။"


ရှစ်မိသားစု စတုတ္ထသားရဲ့ အမူအရာက အနည်းငယ် ပြောင်းသွားခဲ့ပေမယ့် အလျင်အမြန်ပင် ပုံမှန်ပြန်ဖြစ်သွားခဲ့သည်၊ "မင်းပြောနေတာတွေကို ငါမသိဘူး"


ရှစ်ချင်းလျို့က နှုတ်ခမ်းတွေ ကော့တက်အောင် ပြုံးလိုက်မိကာ "ထင်တဲ့အတိုင်းပါပဲလား၊ ဒါပေမဲ့ သူတို့တွေ ဒီကိစ္စကို ဝင်မနှောက်ယှက်နိုင်မှာပဲ စိုးရိမ်မိပါတယ်" ဟု ပြောလိုက်သည်။


ဝူမိသားစုက မြို့ထဲက ကြွယ်ဝချမ်းသာသည့် ကုန်သည်မိသားစုဖြစ်ကာ မိသားစုခေါင်းဆောင်က မတုံးအပေ။ သူက ရာဇဝတ်တရားသူကြီးနှင့် ဆက်ဆံရေး တည်ဆောက်ပြီးကတည်းက ဖြစ်သည်။


သူမက မြေလုပ်ဗုံးဖြင့် ရှစ်မိသားစုဝင်ရဲ့ ပြဿနာကောင်တွေနှင့် ဝူမိသားစုရဲ့ အဖွားအိုနှင့် တခြားလူတွေကို ခြိမ်းခြောက်ခဲ့သည်။


ထိုအရာကို စစ်ပွဲလို နေရာမှာ အသုံးချလို့ရကြောင်း ဝူမိသားစုရဲ့ ခေါင်းဆောင်က တွေးနေလောက်သည်။


ထိုအရာရှိပါက ဝူမိသားစုက ပိုပြီး အောင်မြင်လာနိုင်သည်။


အဖွားအိုနှင့် လိုက်လာသည့် လူတွေသာ တွေ့ဖူးခဲ့တာကြောင့် ဝူမိသားစုရဲ့ ခေါင်းဆောင်က သိပ်မသေချာသေးဘဲ ရှစ်မိသားစု စတုတ္ထသားကို ခိုးယူခိုင်းဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


သို့ပေမယ့် သူမက ကြိုတင်ပြင်ဆင်ကာ ပစ္စည်းတွေကို နေရာလွတ်ထဲ ရွှေ့ပြောင်းပြီးပြီဖြစ်လို့ ဝူမိသားစု ထိုသို့လုပ်မှာကို မကြောက်ပေ။


သူမက ဆန်ကုန်မြေလေးအဖေနှင့် တခြားလူတွေကို လက်ဝေ့ယမ်းပြကာ နှုတ်ဆက်လိုက်သည်။ "ကောင်းပြီ ဒါဆို နောက်မှထပ်တွေ့ကြတာပေါ့။"


ရှစ်မိသားစုကလူတွေက အံ့သြသွားပြီး နင့်ကို ဘယ်သူက ထပ်တွေ့ချင်လို့လဲ။


သူတို့က ထိုမိန်းမယုတ်ကို ထပ်မတွေ့ချင်ပေ။


အဖိုးအိုရှစ်က စိတ်ပျက်နေသော အမူအရာဖြင့် လက်ဝေ့ယမ်းပြကာ "သွားတော့ သွားတော့" ဟု ဆိုသည်။


ရှစ်ချင်းလျို့က အထုတ်လေးဆွဲကာ တုံ့ဆိုင်းခြင်းမရှိ ရှစ်မိသားစုအိမ်ကနေ ထွက်သွားခဲ့သည်။


ထိုအချင်းအရာကိုမြင်သည့် အဖိုးအိုရှစ်နှင့် တခြားလူတွေက အခုမှ စိတ်အေးသွားခဲ့ကြသည်။


ဂြိုလ်ဆိုးကောင် နောက်ဆုံးတော့ ထွက်သွားခဲ့ပြီ။


အဖွားအိုရှစ်နှင့် နျို့မိသားစုက အမျိုးသမီးတွေက ရှစ်ချင်းလျို့ကို လိုက်မပို့ခဲ့ပေ။


ဒါက သူတို့ရှစ်ချင်းလျို့ကို သဘောမကျသည့် အဓိပ္ပာယ်ဖြစ်သည်။


ရှစ်ချင်းလျို့ကတော့ ထိုကိစ္စတွေကို စိတ်မဝင်စားပေ။


တံခါးအပြင်ကို ထွက်သည်နှင့် သူမက ပြုံးကာ ရွာသူကြီးရှောင်ရဲ့သားကြီးနှင့် တခြားလူတွေကို နှုတ်ဆက်ခဲ့သည်။


ရှောင်အာ့လန်ရဲ့ မျက်နှာက အပြုံးတွေဖြင့် ပြည့်နေကာ"မရီးကို သားက အစ်ကိုကြီးအစား လာခေါ်ပေးတာပါ" ဟု ပြောခဲ့သည်။


ရှစ်ချင်းလျို့က ပြုံးပြီး သူ့ပုခုံးကို ပုတ်လိုက်သည်၊ "ဒါဆိုလည်း သွားရအောင်လေ"


ရွာသူကြီးရှောင်ရဲ့သားကြီးနှင့် တခြားလူတွေက ရှစ်မိသားစုက ဘယ်သူမှ သတို့သမီးကို ထွက်ပြီး လိုက်မပို့တာကိုတွေ့တော့ ထူးဆန်းသလို ခံစားလိုက်ရသည်။


ထိုအချင်းအရာကိုမြင်သည့် ရှစ်ချင်းလျို့က ပြုံးကာ ပြောလေသည်၊ "သူတို့က ကျွန်မနဲ့ မခွဲနိုင်လို့လေ။ ကျွန်မကို ထွက်ပို့ရင် သူတို့ငိုနေမှာစိုးလို့ မထွက်ပို့ခိုင်းလိုက်တာပါ။"


ခြံထဲမှာ ရပ်နေသည့် ရှစ်မိသားစုဝင်တွေက အသံတိတ်သွားလေသည်။


ဘယ်သူက နင်နဲ့ မခွဲနိုင်လို့လဲ။ အရှက်မရှိတဲ့ကောင်မ။


ရှစ်မိသားစုက သူတို့ရဲ့ သမီးကို ချုံရှီ မလုပ်စေချင်ပေမယ့် သမီးဖြစ်သူရဲ့ တောင်းဆိုချက်ကိုလည်း သူတို့က မငြင်းဆိုနိုင်ဘူးဟု ရွာသူကြီးရဲ့ သားက ထင်လိုက်လေသည်။


စောနက သူတို့ကို တွေ့တုန်းက သူတို့ရဲ့ အမူအရာတွေက သမီးဖြစ်သူ လက်ထပ်သွားတာနဲ့ မတူတာလည်း မဆန်းတော့ပေ။


ထိုအစား သူတို့မိသားစုထဲက လူတစ်ယောက် သေသွားတာနှင့် ပိုတူနေသည်။


သူက မလုံမလဲပြုံးကာ "နွားလှည်းပေါ် တက်ပါဦး" ဟု ဆိုလိုက်သည်။


ဒါက သူတို့မိသားစုရဲ့ နွားလှည်း ဖြစ်သည်။ အဖေဖြစ်သူက သူ့ကိုမောင်းခိုင်းကာ သူတို့ကို သွားခေါ်ခိုင်းခြင်း ဖြစ်သည်။


သတို့သမီးကို မခေါ်ခင်တုန်းက ရှစ်မိသားစုက ကိုင်တွယ်ရခက်လိမ့်မယ်ဟု ထင်ခဲ့ဖူးသည်။ ဒီလို ချောချောမွေ့မွေ့ ပြီးသွားလိမ့်မည်ဟုတော့ မထင်မိခဲ့ပေ။


ရှစ်ချင်းလျို့က ဘာမှမပြောတော့ဘဲ နွားလှည်းပေါ်တက်ပြီး သေချာထိုင်လိုက်သည်၊ "ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်"


ထို့နောက် ထိုအုပ်စုက ရှာ့ရှီရွာကို ဦးတည်သွားခဲ့သည်။


ကျေးရွာက မင်္ဂလာပွဲမှာ အမျိုးသမီး အများစုက ဆင်းရဲသဖြင့် သာမာန်ဝတ်နေကျဝတ်စုံလေးဝတ်ကာ အမျိုးသားရဲ့ မိသားစုနောက်ကို လိုက်ပါခဲ့ရသည်။


ချမ်းသာသည့် မိသားစုက သမီးတွေကသာ လက်ထပ်သည့်အခါ ဖီးနစ်သရဖူငယ်ကိုဆောင်းကာ မင်္ဂလာဝတ်စုံကို ဝတ်နိုင်သည်။


သူတို့က ဇာပုဝါအနီကိုခြုံထားပြီး ဝေါယဥ်ထက်တွင် ထိုင်နေမည်ဖြစ်သည်။


ရှစ်ချင်းလျို့ကတော့ နွားလှည်းပေါ်ထိုင်ပြီး လမ်းတစ်လျှောက်က ရှုခင်းတွေကို ဇိမ်ကျကျ ကြည့်နေခဲ့သည်။


သူမက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။


မော်ဒန်ခေတ်တွင် အိမ်ထောင်မပြုနိုင်ဘဲ ရှေးခေတ်မှာ အိမ်ထောင်ပြုရလိမ့်မည်ဟု သူမ မထင်မိခဲ့ပေ။


ရှောင်မိသားစုရဲ့ ခြံထဲရောက်တော့ ရှစ်ချင်းလျို့က နွားလှည်းပေါ်က ခုန်ဆင်းလိုက်သည်။


အမေရှောင်နှင့် ရှောင်ပိုင်လီက တံခါးနားတွင် ရပ်စောင့်နေခဲ့သည်။


သူတို့ရောက်လာတာတွေ့တော့ အမေရှောင်က အရှေ့ကိုသွားပြီး ရှစ်ချင်းလျို့ရဲ့ လက်ကလေးကို ဆွဲကိုင်လိုက်သည်။


"ချင်းလျို့၊ ကျန့်အာ မနိုးသေးဘူး။"


"ခဏကျရင် မင်္ဂလာပွဲ စတော့မှာဆိုတော့ အာ့လန်က သူ့ရဲ့အဝတ်တွေယူပြီး သမီးကို အရိုအသေပေးလိမ့်မယ်။"


"ကျန့်အာနိုးမှပဲ နောက်တစ်ခါ ထပ်လုပ်ကြပေါ့။"


"သမီးကို ခက်ခဲစေမိပြီ။"


ရှစ်ချင်းလျို့က ပြုံးကာ "ရပါတယ်" ဟု ပြောလိုက်သည်။


အာ့လန်က သူ့အစ်ကိုရဲ့ ကိုယ်စား လုပ်ပေးတာလည်း ကောင်းသည်။


ရှောင်ဟန်ကျန့် နိုးလာလို့ သူတို့အတူတူနေဖို့ အဆင်မပြေပါက သူတို့လမ်းခွဲဖို့ ပိုလွယ်ကူသည်။


ဘာပဲဖြစ်ဖြစ် အရင်တုန်းက သူတို့ မင်္ဂလာပွဲ မတက်ရောက်ခဲ့တာမျိုး ဖြစ်သည်။


အမေရှောင်နှင့် ဆက်ဆံရေးကောင်းမွန်သည့်လူတွေ၊ လာကူပေးတဲ့လူတွေရဲ့ မိသားစုတွေကို ဖိတ်ကြားခဲ့သည်။


ရွာသူကြီးနှင့် ခေါင်းဆောင်တွေ အပါအဝင် စားပွဲဝိုင်း၃ဝိုင်းက ပြည့်နေခဲ့သည်။


အမေရှောင်က ရှစ်ချင်းလျို့ကို အိမ်ထဲ ခေါ်သွားခဲ့သည်။


မျက်မြင်သက်သေတွေရှေ့မှာပဲ သူမနဲ့ ရှောင်ဟန်ကျန့်ရဲ့ အဝတ်အစားက အရိုအသေပေးခဲ့ကြသည်။


ထို့နောက် သူတို့က ရှောင်ဟန်ကျန့်ရဲ့ အခန်းထဲ ဝင်သွားခဲ့ကြသည်။


အခန်းထဲရောက်တော့ ရှစ်ချင်းလျို့က အထုတ်အပိုးတွေချပြီး သတိမေ့နေဆဲဖြစ်သည့် ယောက်ျားဖြစ်သူရဲ့ ဘေးကိုသွားကာ သွားကြည့်ခဲ့သည်။


သူမက လက်ဆန့်ထုတ်ကာ နဖူးကိုစမ်းခဲ့သည်။


ကိုယ်က မပူတော့ပေ။


လက်ပြန်ရုတ်သိမ်းပြီးနောက် သူမက မျက်မှောင်ကြုတ်ကာ "အဖျားကကျသွားပြီ ဘာလို့ မနိုးလာသေးတာလဲ" ဟု ရေရွတ်မိသည်။


ထို့နောက် သူမက စောင်ကိုဖယ်ကာ ဘောင်းဘီကို လိပ်တင်ကြည့်လိုက်သည်။


သူ့ရဲ့ ခြေထောက်နှင့် ပေါင်တွေမှာ သိပ်မနက်သည့် ဒဏ်ရာ အနည်းငယ် ရှိနေသည်။


ဒဏ်ရာတွေမှာ ရောင်ရမ်းနေမှုတို့တော့ မရှိပေ။


သူမက သူ့ရဲ့ခြေထောက်ကို ထိကြည့်ပြီး "အရိုးလည်း မကျိုးပါဘူး" ဟု တီးတိုးရေရွတ်မိသည်။


ရှောင်ဟန်ကျန့်ရဲ့ ကိုယ်ခန္ဓာမှာ တခြားဒဏ်ရာများ ရှိသေးလားဆိုတာ သူမ ကြည့်ချင်သည်။


ခြေထောက်ကို ထိကြည့်ပြီးနောက် သူ့ရဲ့အဝတ်တွေကိုချွတ်ပြီး ကိုယ်အပေါ်ပိုင်းမှာ ဒဏ်ရာရှိလားဆိုတာ ကြည့်ခဲ့သည်။


သူမ ခေါင်းငုံ့ကာ သေချာစစ်ဆေးနေတုန်းမှာ သတိမေ့နေသည့်လူရဲ့ လက်က အနည်းငယ် လှုပ်ရှားသွားပြီး သူ့ရဲ့ ကိုယ်ခန္ဓာ တောင့်တင်းသွားတာကို သူမ သတိမထားမိလိုက်ပေ။


သူက ထဖို့ ရုန်းကန်လိုက်ပေမယ့် မျက်လုံးတော့ မဖွင့်ရဲပေ။


ရှစ်ချင်းလျို့ကတော့ အာရုံပျက်စေမည့် အတွေးတွေတွေးမနေပေမယ့် တစ်ဖက်လူကတော့ မတူပေ။