အခန်း (၁၂) မင်္ဂလာပါ ယောက်ျား
ရှောင်ဟန်ကျန့်ရဲ့ ကိုယ်ခန္ဓာပေါ်မှာ ဘာဒဏ်ရာမှ ရှစ်ချင်းလျို့မတွေ့ခဲ့ပေ။
သူမက ရှောင်ဟန်ကျန့်ရဲ့ ရင်ဘတ်ပေါ်မှာ လက်တင်ထားပြီး ခဏလောက် နက်နက်နဲနဲ တွေးနေလေသည်။
အချက်ကျကျပြောရရင် မနေ့က ဆေးသောက်ပြီးကတည်းက အဖျားကျသွားပြီ။ သူက အရောင်ကျဆေးပါသောက်ခဲ့တယ်။
ခန္ဓာကိုယ်ပေါ်မှာ တခြားဒဏ်ရာတွေလည်း မရှိဘဲနဲ့ ဘာလို့ သတိမရသေးတာလဲ။
သူမက တွေးတောရင်း သတိလက်လွတ်ဖြင့် လက်ချောင်းလေးက တတောက်တောက်ခေါက်နေကာ ဒါက စားပွဲမဟုတ်ဘဲ အဝတ်ဗလာနှင့်လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာဖြစ်ကြောင်းကိုတော့ သူမ သတိမထားမိခဲ့ပေ။
"ထိလို့ကောင်းလား"
ရုတ်တရက်ကြီး အားနည်းကာ သြရှသည့်အသံကြားမှ ရှစ်ချင်းလျို့တစ်ယောက် အသိစိတ် ပြန်ကပ်လာခဲ့သည်။
သူမက အလိုအလျောက် ပြန်ဖြေမိလေသည်၊ "အဆင်ပြေပါတယ်၊ ဒါပေမဲ့ နည်းနည်းတော့ ပိန်တယ်။"
ထိုသို့ ဆိုပြောပြီးနောက် သူမက ထပ်မံ ထိကိုင်ခဲ့လေသည်။
သူ့ရဲ့ အသားအရည်က တော်တော်လေး ချောမွတ်ပေမယ့် ပိန်လှီနေတာက သနားစရာကောင်းသည်။
ဝမ်းဗိုက်တွင် ကြွက်သားအမြောင်းအမြောင်းတွေရှိပါက ပိုအဆင်ပြေသည်။
အိပ်မက်ဆိုးက လွတ်မြောက်လာသည့် ရှောင်ဟန်ကျန့်က မျက်လုံးဖွင့်ရန် ရုန်းကန်လိုက်သည်။
ရှစ်ချင်းလျို့ ခေါင်းငုံ့ကြည့်လိုက်တော့ ကမ္ဘာကြီးကိုတောင် ဖျက်စီးပစ်တော့မည့် ရန်လိုနေသည့် မျက်လုံးတွေကို တွေ့လိုက်ရလေသည်။
သို့ပေမယ့် သူက အမြန်ထိန်းချုပ်ကာ အေးစက်ပြီး တည်ငြိမ်သည့် အမူအရာဖြင့် အစားထိုးလိုက်လေသည်။
ရှစ်ချင်းလျို့သာ သေချာ မမြင်မိခဲ့ပါက သူ့ရဲ့မျက်လုံးတွေက သူမကို လှည့်စားနေသည်ဟု တွေးမိနိုင်သည်။
ဒီလူက နိုးလာလာချင်း ဘာဖြစ်လို့ အဲ့လောက်ရန်လိုနေတာလဲ။
"နိုးပြီလား" ရှစ်ချင်းလျို့ က ရှောင်ဟန်ကျန့်ကို ပြုံးပြခဲ့သည်။
ရှောင်ဟန်ကျန့်က မရင်းနှီးသည့် အမျိုးသမီးကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။
သူမရဲ့ လက်က သူ့ရဲ့ ရင်ဘတ်ပေါ်မှာ ရှိနေသေးတာကို သတိထားမိတော့ သူက တောင့်တင်းသွားကာ
"လက်ဖယ်ပေးလို့ရမလား" ဟု ပြောလိုက်သည်။
ထိုအခါမှ သူမရဲ့ လက်က သူ့ရဲ့ ရင်ဘတ်ကို ထိထားဆဲဖြစ်ကြောင်း ရှစ်ချင်းလျို့ အမှတ်ရခဲ့မိသည်။
အား နည်းနည်း ကို့ရို့ကားယားနိုင်လိုက်တာ။
"ဖယ်လိုက်ပြီ" သူမက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အမြန်လေး လက်ဖယ်ပေးလိုက်သည်။
ဒီအမျိုးသမီးက ဘယ်ကလာတာလဲဟု ရှောင်ဟန်ကျန့်က တွေးနေသည်။ သူက တော်တော်ရဲတင်းပြီး အရှက်မရှိဘူး။
သူက ခေါင်းစောင်းကာ ဘေးကိုဝေ့ကြည့်လိုက်တော့ မျက်လုံးတွေ တုန်လှုပ်သွားခဲ့သည်။
ဒီနေရာက အရမ်းရင်းနှီးနေသည်။ ဒါက သူငယ်ငယ်တုန်းက နေခဲ့သည့်နေရာဖြစ်ပြီး ဘယ်တော့မှ ပြန်မတွေးချင်ဆုံးဖြစ်သည့် နေရာလည်း ဖြစ်သည်။
သူက မြန်မြန်ပဲ ပြန်တည်ငြိမ်သွားပြီး သူ့ကို ထိကိုင်ခဲ့သည့် အမျိုးသမီးကို ကြည့်ကာ မေးလေသည်၊
"ခင်ဗျားက ဘယ်သူလဲ။"
သူ့ရဲ့ မပြတ်မသား အသိစိတ်တွေက တဖြည်းဖြည်း ပြန်ကပ်လာခဲ့သည်။
စောနက လူတစ်ယောက်က သူ့ကို အဆက်မပြတ် ထိကိုင်နေတာကို ခံစားမိခဲ့သည်။
တစ်စုံတစ်ယောက်က သူ့ပေါင်ကနေ ဗိုက်ကို ထိတွေ့နေသည့်အချိန်မှာပဲ သူက ကြိုးစားကာ နောက်ဆုံးတော့ နိုးလာခဲ့လေသည်။
ရှစ်ချင်းလျို့က ပြုံးကာ လက်မြှောက်ပြပြီး နှုတ်ဆက်လေသည်၊ "ကျွန်မက ရှင့်ရဲ့ ဇနီးအသစ် ရှစ်ချင်းလျို့ပါ၊ မင်္ဂလာပါ ယောက်ျား"
ရှောင်ဟန်ကျန့်က မေးခွန်းတွေ ပြည့်နက်သွားခဲ့သည်။ ဘယ်တုန်းက သူ့မှာ ဇနီးအသစ် ရှိသွားတာလဲ။ သူက ဘာလို့ မသိရတာလဲ။
အိပ်မက် မက်နေတုန်းများလား။
သူက မျက်လုံးကို မှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်လေသည်။ ထိုအမျိုးသမီးက သူ့ကို ပြုံးကာ ကြည့်နေဆဲဖြစ်သည်။
ထို့နောက် သူ့လက်မောင်းဆွဲဆိတ်ခံလိုက်ရသဖြင့် နာကျင်သွားလေသည်။
သူက ရှစ်ချင်းလျို့ကိုကြည့်ကာ "ခင်ဗျား ဘာလုပ်တာလဲ" ဟု မေးလိုက်သည်။
ရှစ်ချင်းလျို့က အမှန်အတိုင်း ဖြေလေသည်၊ "အိပ်မက် မက်နေတယ်လို့ ထင်နေတာမလား၊ ဒါကြောင့် ဒါက တကယ်ဖြစ်ကြောင်းသိအောင်လို့ ဆွဲဆိတ်ပေးလိုက်တာလေ။"
သူ့ရဲ့ ဗလာဖြစ်နေသည့် စိတ်တွေက သူ အိပ်မက် မက်နေဆဲဟု ထင်နေဟန်ပေါက်နေသည်။
"ကျွန်မကို ကျေးဇူးတင်ဖို့မလိုပါဘူး" သူမက ထပ်ထည့်ပြောလေသည်။
ရှောင်ဟန်ကျန့်က ဆွံ့အသွားကာ အဲ့တော့ မကောင်းတဲ့ ငါ့ကျန်းမာရေးကို ပိုဆိုးရွားသွားအောင် လုပ်လိုက်လို့ ကျေးဇူးတင်ပါတယ်။
သို့ပေမယ့် ထိုနာကျင်မှုက သူ့ကို အိပ်မက် မက်နေတာမဟုတ်ကြောင်း သိစေခဲ့သည်။
ရှစ်ချင်းလျို့က ခဏလောက် တွေးပြီးနောက် ပြောလေသည်၊ "ခဏစောင့်ဦး၊ ကျွန်မ ရှင့်အမေနဲ့ တခြားလူတွေကို သွားခေါ်လိုက်ဦးမယ်။"
အမေရှောင်နှင့် တခြားလူတွေသာ ရှောင်ဟန်ကျန့်နိုးလာတာ သိသွားပါက စိတ်အေးသွားလိမ့်မည်။
ရှောင်ဟန်ကျန့်က မျက်မှောင်ကြုတ်သွားသည်။ "ကျုပ်အမေကို သွားခေါ်မယ်"
ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြကာ "အင်း ရှင့်အမေ၊ ညီမလေးနဲ့ ညီလေးကော" ဟု ထပ်ပေါင်းထည့်ပြောသည်။
"ရွာသူကြီးနဲ့ တခြားလူတွေလည်း အပြင်မှာရှိတယ်၊ ရှင်နိုးလာတဲ့အကြောင်း သူတို့ကို သတင်းသွားပေးလိုက်ဦးမယ်။"
ရှောင်ဟန်ကျန့်က အားစိုက်ကာ လက်မြှောက်လိုက်သည်။ သူ့ရဲ့ ဖြူဖွေးချောမွေ့ကာ ငယ်ရွယ်သည့် လက်ကလေးကို မြင်ပြီးနောက် သူဘာဖြစ်နေလဲတိုတာ အကြမ်းဖျင်း ခန့်မှန်းမိခဲ့သည်။
"ဒါဆိုလည်း သူ့ကို သွားခေါ်ပေးဖို့ အလုပ်ရှုပ်ပါရစေ" သူ တကယ်ပဲ လူကိုယ်တိုင်တွေ့ကာ အတည်ပြုချင်သည်။
ရှစ်ချင်းလျို့က ထရပ်ပြီး "ကောင်းပြီ ဒီမှာစောင့်နေဦး" ဟု စကားဆိုသည်။
သူမ ထွက်သွားတော့မည့် အချိန်မှာပဲ ရှောင်ဟန်ကျန့်က သူ့ရဲ့ ကိုယ်ခန္ဓာအခြေအနေကို ရုတ်တရက် သတိထားမိသွားခဲ့သည်။
သူက အသက်ပြင်းပြင်းရှူကာ အံကြိတ်ပြီး ပြောလေသည်၊"ကျုပ်ကို အရင်ဆုံး ဘောင်းဘီနဲ့ အဝတ်တွေ ပြန်ဝတ်ပေးလို့ရမလား။"
ဒါက ပထမဆုံးအကြိမ် သတိတောင် မထားမိသည့် အမျိုးသမီးတစ်ဦးရဲ့ ကိုယ်ထိလက်ရောက် စော်ကားကိုင်တွယ်မှုကို ခံရခြင်း ဖြစ်သည်။
သူ့ရဲ့ သက်သောင့်သက်သာ မဖြစ်မှုကို သူမ နားလည်ဖို့ခက်သည်။
သူက ရှိသမျှ အားအကုန်သုံးကာ လက်မြှောက်လိုက်ရပြီး အဝတ်အစားတွေကို သူ့ဘာသာသူ မဝတ်နိုင်ပေ။
သူ့ရဲ့ လူမြင်ဖို့ မသင့်လျော်သည့် အနေအထားကို အမေနှင့် ရွာသူကြီးတို့ဝင်လာသည့်အခါ တွေ့သွားပါက ရိုင်းပျမှု ဖြစ်သွားနိုင်သည်။
ထိုအခါမှ သူ့အဝတ်တွေကို ချွတ်ခဲ့မိမှန်း ရှစ်ချင်းလျို့ သတိရခဲ့သည်။
သူမက တိတ်တဆိတ် တွေးမိလေသည်။ ငါက အနေမခက်ပေမယ့် ရှောင်ဟန်ကျန့်က ရှက်နေတယ်လား။ အဟွတ် အဟွတ်။
"ကိစ္စမရှိပါဘူး။"
သူမက မြန်မြန်ဆန်ဆန်ပဲ ရှောင်ဟန်ကျန့်ကို အင်္ကျီနှင့်ဘောင်းဘီ ပြန်ဝတ်ပေးကာ စောင်ခြုံပေးလိုက်သည်။
"အင်း စောနက ကျွန်မက ရှင့်ကို အခွင့်ကောင်းယူတာ မဟုတ်ပါဘူး ရှင့်ကိုယ်ခန္ဓာမှာ ဒဏ်ရာရှိလားဆိုတာ စစ်ဆေးကြည့်ချင်ရုံပါ။"
"အကုန်အဆင်ပြေပါတယ်.. အဟမ်း.. ကျွန်မ သွားပြီ" သူမက မတော်တဆ အမှန်တရားကို ပြောခဲ့မိလေသည်။
ထိုသို့ ရှင်းပြပြီးနောက် ရှစ်ချင်းလျို့က ထွက်ပြေးသွားခဲ့သည်။
ရှောင်ဟန်ကျန့်က ရယ်ရမလား ငိုရမလား မသိ ဖြစ်နေခဲ့သည်။ ဒီအမျိုးသမီးကတော့ တကယ်ပါပဲ။
ထို့နောက် သူက သူ့မှတ်ဉာဏ်ထဲက အခန်းကို လှည့်ကြည့်ခဲ့သည်။
နက်နက်နဲနဲ တွေးမိသွားသည်နှင့် သူ့မျက်လုံးထဲတွင် ရန်လိုမှုတွေ တစ်ဖန်ပြန်ပြည့်လာခဲ့သည်။
တစ်ဖက်က ရှစ်ချင်းလျို့က အခန်းထဲကထွက်သွားတော့ အစားအသောက်တွေ သယ်လာသည့် ရှောင်ပိုင်လီနှင့် တွေ့လေသည်။
ရှောင်ပိုင်လီက ရှစ်ချင်းလျို့ကို တွေ့တော့ "ယောက်မ ဘာလို့ထွက်လာတာလဲ" ဟု မေးလိုက်သည်။
သူမက ပြုံးကာ "ယောက်မ စားဖို့ ယူလာပေးတာ" ဟု ပြောသည်။
ပွဲစကတည်းက သူမအမေက ထမင်းတစ်ပန်းကန်ခူးပြီး သူမကို ယောက်မဖြစ်သူဆီ သွားပို့ခိုင်းခဲ့သည်။
အမေရှောင်က ရှောင်ပိုင်လီဖြင့် သူမအတွက် စားစရာ ပို့ခိုင်းလိုက်မှန်း ရှစ်ချင်းလျို့ သိသည်။
သူမရဲ့ ဆုံးဖြတ်ချက်က မှန်ကန်သည်။
သူမက ပြုံးကာ ပြောလေသည်၊ "နင့်အစ်ကို နိုးပြီ။ အဲ့တာထွက်လာပြီး သတင်းပေးတာလေ။"
ရှောင်ပိုင်လီ က ခဏလောက် ကြက်သေသေသွားပြီးမှ မျက်လုံးပြူးသွားကာ "ယောက်မ ကျွန်မ အစ်ကို နိုးပြီလို့ပြောတာလား" ဟု မေးခဲ့သည်။
"ဟုတ်တယ် သူနိုးပြီ"
ရှစ်ချင်းလျို့ကပြုံးပြီး သူမပါးကို ညှစ်ကာ "သူ သတိပြန်ရပြီ၊ အမေနဲ့ရွာသူကြီးကို သွားခေါ်လိုက်" ဟု ညွှန်ကြားလိုက်သည်။
ရှောင်ပိုင်လီက ပျော်လို့ မျက်ရည်တွေဝဲကာ ငိုမိလေသည်၊ "ကောင်းပြီ အစ်ကိုနိုးပြီတဲ့"
ထို့နောက် သူမက ရှစ်ချင်းလျို့လက်ထဲ စားစရာထည့်ပေးကာ "အခုပဲ သူတို့ကို သွားခေါ်လိုက်မယ်" ဟု အလျင်စလို ပြောလိုက်သည်။
ရှစ်ချင်းလျို့က စားစရာယူပြီး တံခါးဖွင့်ကာ သူ့အခန်းထဲ ပြန်ဝင်ခဲ့သည်။
ယခုအချိန်တွင် ရှောင်ဟန်ကျန့်က ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီဖြစ်သည်။
သူက ပြန်ဝင်လာသည့် ရှစ်ချင်းလျို့ကို စပ်စုသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
သူမနှင့် ညီမဖြစ်သူ စောနက စကားပြောနေတာကို သူကြားခဲ့သည်။
ဒါက တကယ်ပဲ သူ့မှတ်ဉာဏ်ထဲက ညီမဖြစ်သူ၏ အသံ ဖြစ်သည်။
ညီမလေးက ဒီအမျိုးသမီးကို ယောက်မလို့ ခေါ်တာဆိုတော့ ဒါက တကယ်ပဲ သူ့မိန်းမ ဖြစ်နိုင်သည်။
ဘယ်အချိန်တုန်းကလဲ။
ဘယ်လိုလုပ်ပြီး သူက ဇနီးလေး ရခဲ့တာလဲ။
ရှစ်ချင်းလျို့က စားစရာတွေသယ်လာပြီး သိပ်မဝေးသည့်နေရာတွင် ချလိုက်သည်။
မနက်ကတည်းက ဘာမှမစားရသေးတာကြောင့် သူမ တကယ်ဗိုက်ဆာနေပြီဖြစ်သည်။
ထို့ကြောင့် ရှောင်ဟန်ကျန့်ရဲ့ အရှေ့မှာပဲ တူဖြင့်ယူကာ စားလိုက်သည်။
ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ စားတာကို မျက်တောင်မခတ်တမ်း ကြည့်နေခဲ့သည်။
ထိုအမျိုးသမီး စားသောက်နေပုံက မနှေးကွေးပေမယ့် သူမရဲ့ ဟန်ပန်က ကြော့ရှင်းသည်။
တစ်ချက်ကြည့်ရုံဖြင့် သူမက ဗဟုသုတကြွယ်ဝမှန်း ပြောနိုင်သည်။
နောက်တစ်ချက်က သူမက အစားရွေးသူဖြစ်သည်။
သူမ မစားချင်သည့် အဆီတွေကို ရွေးဖယ်လေ့ရှိသည်။
သူမက ရွာသူဖြစ်ဟန်မတူပေ။
သို့ပေမယ့် သူမက ဖြူဖတ်ဖတ်နဲ့ ပိန်ပါးသည်။ ဝတ်ဆင်ထားသည့် အဝတ်အစားကလည်း အဖာအစပ်တွေနှင့်မလို့ ဆင်းရဲသည့်မိသားစုက ဖြစ်နိုင်သည်။
ရှောင်ဟန်ကျန့်က သူမကို အဆက်မပြတ် စိုက်ကြည့်နေတာကြောင့် ဗိုက်ဆာနေတာတောင် စားရမှာ အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။
သူမက ခေါင်းမော့ကြည့်လိုက်ပြီး "ဗိုက်ဆာလို့လား" ဟု မေးလိုက်မိသည်။
"၁၀ရက်ကျော်လောက် သတိမေ့နေတာဆိုတော့ ဒါတွေစားလို့မရဘူး။"
ဒါ့ကြောင့် ငါ့ဟာတွေစားဖို့ စဥ်းစားမနေနဲ့။
သူမ ပြောချင်နေသည့်စကားကို ရှောင်ဟန်ကျန့်သိသည်။ ကျုပ်ကလည်း ခင်ဗျားရဲ့ စားစရာကို စားချင်မနေပါဘူး။