အခန်း (၁၃) ဒီတော့အခုလေးတင်ပဲ မိန်းမရသွားတာပေါ့
ရှောင်ဟန်ကျန့်က ကူကယ်ရာမဲ့သွားလေသည်။
"နောက်တစ်ခုလောက် တောင်းဆိုလို့ရမလား"
ရှစ်ချင်းလျို့က သူ့ကိုကြည့်ပြီး "ဟမ်" ဟု အသံပြုလိုက်သည်။
အပြင်ဘက်က အပြေးအလွှားလာနေသည့် ခြေသံတွေကို သူမ ကြားလိုက်သည်။
ရှောင်ဟန်ကျန့်က အားနည်းစွာ ပြောလေသည်၊ "ကျုပ်ကို ထူပေးလို့ရမလား၊ ထိုင်ချင်လို့"
"ဒါပေါ့" ရှစ်ချင်းလျို့က ထရပ်ကာ လမ်းလျှောက်သွားလိုက်သည်။
သူမက ရှောင်ဟန်ကျန့်ရဲ့ လက်မောင်းကို ကိုင်ကာ ဆွဲထူပေးပြီး တရွတ်တိုက် မဆွဲထူခဲ့ပေ။
ဒီလူက သတိလစ်နေတာကြာပြီဖြစ်ပြီး အစာမစားရတာ ကြာပြီဖြစ်ကြောင်း သူမ သိသည်။
မော်ဒန်ခေတ်ကလို အာဟာရဆေးရည်တွေ နေ့တိုင်း သွင်းရတာမျိုး မရှိတာကြောင့် သူ အားနည်းနေမှာ သေချာသည်။
ဒါကြောင့် သူမက ခါးကိုင်းပြီး သူ့ရဲ့ကျောဘက်ကို ထူပေးကာ ကိုယ်အပေါ်ပိုင်းကိုမပြီး အနောက်ဘက်ကို ရွှေ့ပေးခဲ့သည်။
သူမရဲ့ လက်ထဲမှာပဲ ရှောင်ဟန်ကျန့်ရဲ့ ကိုယ်ခန္ဓာက ထပ်မံ၍ တောင့်ခဲသွားလေသည်။
ဒီအမျိုးသမီးက မရှက်ဘူးလား။
သူမက ရှောင်ဟန်ကျန့်ကို နေရာတကျဖြစ်အောင်ထားပြီး သူ့နောက်ကျောတွင် ခေါင်းအုံးခံပေးလိုက်သည်၊ "ပြီးပြီ"
"ကျေးဇူးတင်ပါတယ်" ရှောင်ဟန်ကျန့်ရဲ့ အမူအရာက အနည်းငယ် သဘာဝမကျဖြစ်နေသည်။
သူ့ရဲ့ ရှက်ရွံ့နေဟန်ကိုမြင်တော့ ရှစ်ချင်းလျို့က တခစ်ခစ် ရယ်မိလေသည်။ သူက ရှက်နေတာလား။
ဟားဟား ငါ့ယောက်ျားက တကယ့် ခြောက်ပစ်ကင်းသဲလဲစင်လေးပဲ။
ရှောင်ဟန်ကျန့်တစ်ယောက် အိပ်ရာထက်မှာ ကိုယ်တစ်ဝက်မှီထိုင်လိုက်သည့်အချိန်မှာပဲ တံခါးတွန်းဖွင့်သံ ကြားလိုက်ရလေသည်။
အမေရှောင်နှင့် နောက်ထပ်လူ၂ယောက်က အမြန်လေး ပြေးဝင်လာခဲ့သည်။
သူအိပ်ရာပေါ်မှာ ကိုယ်တစ်ဝက် မှီထိုင်နေတာတွေ့တော့ အမေရှောင်နှင့် ရှောင်ပိုင်လီက မျက်ရည်တွေဝဲသွားခဲ့သည်။ ရှောင်အာ့လန်ရဲ့ မျက်လုံးတွေကလည်း နီရဲနေခဲ့သည်။
"ကျန့်အာ နိုးပြီလား သိပ်ကောင်းတာပဲ" အမေရှောင်က လက်ခုပ်တီးခဲ့သည်။
"အစ်ကို" ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်က သူ့ဘေးတွင် ဝိုင်းထိုင်ခဲ့လေသည်။
ရှောင်ဟန်ကျန့်က အသက်ရှင်နေသေးသည့် သူ့ရဲ့အမေ၊ ညီမလေးနှင့် ညီလေးတို့ကို ကြည့်နေခဲ့သည်။
ထိုအခါမှပဲ တကယ်လို့ ထင်သွားခဲ့တော့သည်။
သူ တကယ်ပြန်ရောက်လာခဲ့ပြီ။ သူ့ညီလေးက ရေနစ်မသေသလို ညီမလေးကလည်း မြေမြှုပ်ခံရဖို့ ခေါ်သွားမခံရဘဲ အမေကလည်း သူ့ဆေးဖိုးရှာဖို့ တောင်ပေါ်ကိုသွားရင်း သားရဲတွေရဲ့ ကိုက်စားခြင်းကို မခံခဲ့ရပေ။
အကုန်လုံးကို ကယ်တင်နိုင်မည့်အချိန် သူ့ထံတွင် ရှိသေးသည်။
"အမေ" သူက အမေဖြစ်သူကို ပျော်ရွှင်ပြီး ခါးသီးစွာ ကြည့်ခဲ့သည်။
ထို့နောက် သူ့ရဲ့ ညီလေးနှင့် ညီမလေးကို ကြည့်လိုက်သည်၊ "ပိုင်လီ၊ ယွီအာ အစ်ကိုနိုးပြီး ရှေ့လျှောက် အစ်ကို ဒီမှာ ရှိနေတော့မှာပါ။"
စိတ်မပူနဲ့။ ဒီတစ်ခါတော့ မင်းတို့ကို ဘယ်သူမှ နာကျင်အောင်လုပ်လို့မရစေရဘူး။
သူတို့၃ယောက်က ပိုငိုခဲ့ပြီး "ဟုတ်ပြီ ဟုတ်ပြီ"
ရှောင်ဟန်ကျန့်က လမ်းလျှောက်လာနေသည့် လူတချို့ကို ကြည့်လိုက်သည်။
သူ့ရဲ့ ချောမောသည့်မျက်နှာတွင် အပြုံးလေးရှိနေပေမယ့် သူ့အသံက အားနည်းနေကာ
"ကျွန်တော်သတိမေ့နေတုန်းက ကျွန်တော့်အမေနဲ့ ညီလေး၊ ညီမလေးတွေကို ဂရုစိုက်ပေးခဲ့လို့ ရွာသူကြီးနဲ့ အကြီးအကဲတွေကို ကျေးဇူးတင်ပါတယ်ဗျာ။"
ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ကို ကြည့်နေခဲ့သည်။
ဒီတစ်ခါတော့ သူက နူးညံ့ကာ ရည်မွန်ဟန်ပေါ်နေသည်။
သူ နိုးထလာသည့် အချိန်ကို ပြန်မတွေးဘဲ မနေနိုင်ခဲ့ပေ။
ထိုအချိန်တုန်းက ငရဲပြည်က ဝိဉာဥ်လိုက်သိမ်းဆည်းသည့်လူလို သူ့မျက်လုံးတွေက အေးစက်မှုဖြင့် ပြည့်နှက်နေခဲ့သည်။
သူမက အနည်းငယ် မျက်ခုံးပင့်လိုက်မိသည်။ သူမ ယောက်ျားက သူမ ထင်ထားသလို ရိုးရိုးအအလေး မဟုတ်ဘူးပဲ။
ရှောင်ဟန်ကျန့် နိုးလာတာတွေ့တော့ ရွာသူကြီးရှောင်နှင့် တခြားလူတွေက ပျော်ရွှင်နေကြသည်။
ရွာသူကြီးက သူ့ကို ချစ်ခင်စွာကြည့်ပြီး စကားဆိုသည်၊ "မင်းနိုးလာတော့ ကောင်းတာပေါ့ကွာ"
အကြီးအကဲတစ်ယောက်က သူ့ရဲ့ မုတ်ဆိတ်မွေးကို ကိုင်ပြီး "ဒီလို ခက်ခဲနေတဲ့အချိန်မှာ ဟန်ကျန့် နိုးလာနိုင်တာ ကံကောင်းမှုပဲ" ဟု ရေရွတ်သည်။
တခြားလူတွေလည်း သဘောတူခဲ့သည်။
သူတို့စကားကို ရှစ်ချင်းလျို့ကြားတော့ "ကျွန်မ ချုံရှီ လာလုပ်လို့ သူနိုးလာတာမလား" ဟု ပြောလိုက်သည်။
သူမရဲ့ ချုံရှီက လူကို နိုးလာစေခဲ့သည်။ သူမ ဒီနာမည်ဂုဏ်သတင်းကို လိုချင်နေသည်။
မိန်းမကောင်းလေး။ ချုံရှီ လက်ထပ်ဖို့ သူမက အရင်စခဲ့တာဖြစ်သည်။ မင်္ဂလာဆောင်တဲ့နေ့မှာပဲ သူ့ရဲ့ ယောက်ျားကို နိုးနိုင်ခဲ့တယ်။ သူက ကံကောင်းလိုက်တာ။
အနာဂတ်မှာ သူမနှင့် ရှောင်ဟန်ကျန့် အတူရှိမနေနိုင်လို့ ကွာရှင်းရမယ်ဆိုရင်တောင် အဆင့်မြင့်မြင့်နေနိုင်သည်။
သူမ ထိုစကားပြောရဲတာကြောင့် ရှောင်ဟန်ကျန့်က အံ့သြနေခဲ့သည်။
ဟိုးတုန်းက သူအတိတ်မေ့ရင်လည်း သူ့ဘာသာသူ ပြန်သတိရလာတာပဲလေ။
အဲ့တုန်းက သူ့ကို ဘယ်သူမှ ချုံရှီ ကူမလုပ်ပေးခဲ့ပါဘူး။
လူတိုင်းကလည်း တိတ်ဆိတ်နေခဲ့သည်။ ဒါကို သူတို့ ဘယ်လိုပြန်ဖြေရမှာလဲ။
သို့ပေမယ့် သူမ ပြောတာလည်း မမှားပေ။
အရင်တုန်းက သမားတော်ကတောင် ရှောင်ဟန်ကျန့် သိပ်မနေရတော့ဘူးလို့ ကောက်ချက်ချခဲ့ပြီး စိတ်ပြင်ဆင်ထားဖို့နှင့် စျာပနကျင်းပရန် ကြိုတင်စီစဥ်ထားဖို့ပါ ပြောခဲ့သည်။
သို့ပေမယ့် အခုတော့ သူနိုးထလာပြီဖြစ်သည်။
ထိုအရာကလည်း ရှစ်မိသားစုရဲ့ သမီးနှင့် လက်ထပ်သည့်နေ့မှာပဲ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ အလွန်တိုက်ဆိုင်လွန်းသည်။
ဒါကြောင့် ချုံရှီက တကယ်အသုံးဝင်သည်။
ရွာသူကြီးရှောင်က ရယ်မောကာ ပြောလေသည်၊ "ဟားဟား ဟန်ကျန့်ရဲ့ဇနီးကလည်း တကယ့်ကောင်းချီးပေးခံရတာပဲ။"
သူက ရှောင်ဟန်ကျန့်ကို ကြည့်ကာ ပြောလေသည်၊ "မင်းရဲ့ဇနီးက သူသဘောအတိုင်း ချုံရှီလုပ်ပြီး မင်းတို့မိသားစုထဲ ဝင်ဖို့လုပ်ခဲ့တာ၊ ဒီလို စိတ်ထား အစစ်အမှန်က ရှားတယ်၊ မင်းချစ်ခင်မြတ်နိုးရမယ်။"
ရှောင်ဟန်ကျန့်က ကြက်သေ သေသွားခဲ့သည်။
ရှစ်ချင်းလျို့က သူ့သဘောအတိုင်း လက်ထပ်ဖို့လုပ်ခဲ့သည့်ဆိုသောကြောင့် သူအလွန်အံ့သြသွားခဲ့သည်။
သူမကို အရင်က တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
သူ နိုးလာကတည်းက အခုချိန်အထိ သူမက သူ့ကို ကြည်ရှင်းစွာ ကြည့်နေခဲ့သည်။
သူမရဲ့ မျက်လုံးထဲတွင် ချစ်ခင်ကြင်နာမှုနှင့် အရူးအမူး စွဲလမ်းနေဟန်လည်း ရှိမနေပေ။
အခု သူ့တွင် အခြေခံစာသင်သားဟူသည့် နာမည်ဂုဏ်ပုဒ်ကလွဲရင် ဘာမှ မရှိတော့ပေ။
ဒါထက် သူက အရင်က သတိမေ့နေခြင်းဖြစ်သည်။
အိမ်ထောင်ပြုလိုက်ရင် မုဆိုးမ ဖြစ်သွားနိုင်တယ်မဟုတ်လား။ ဒါဆို သူက ဘာလိုချင်တာလဲ။
ရှစ်ချင်းလျို့က သူ့ကို ဘာကြောင့် လက်ထပ်ချင်လဲဆိုတာ သူ မသိတော့ဘဲ အခုတော့ မတွေးတော့ပေ။
တဖြည်းဖြည်းနဲ့ နောက်မှ ဖော်ထုတ်တော့မည်။
သူက ရွာသူကြီးကို ပြုံးကာ ခေါင်းငြိမ့်ပြသည်၊ "ရွာသူကြီး စိတ်မပူပါနဲ့ ကျွန်တော် ကောင်းကောင်းဆက်ဆံမှာပါ။"
ရွာသူကြီးက ခေါင်းငြိမ့်ပြခဲ့သည်၊ "မင်းက ၁၀ရက်ကျော်လောက် သတိလစ်နေပြီး အားနည်းနေတယ်၊ အရင်ဆုံး ကောင်းကောင်းအနားယူလိုက်ဦး"
"မင်းအမေနဲ့ အရင်စကားပြောလိုက်ဦး"
စကားပြောပြီးနောက် ရွာသူကြီးက တခြားလူတွေကို ခေါ်ထုတ်သွားဖို့ ပြင်လိုက်သည်။
ရှစ်ချင်းလျို့က ထရပ်ပြီး "ပွဲတော်ဆက်ကျင်းပဖို့ ကျွန်မ လိုက်ပို့ပေးပါ့မယ်" ဟု ပြောလိုက်သည်။
သူတို့မိသားစုတွေ စကားပြောဖို့ သူမက အရင်ထွက်သွားခဲ့သည်။
သူမသာ သူ့နေရာမှာဆိုရင် နိုးနိုးလာခြင်း ဘယ်လိုလုပ် မိန်းမရှိနေကြောင်းကို သိချင်နေမည်ဖြစ်သည်။
ရှောင်ဟန်ကျန့်က နားလည်ကာ "ဒါဆို ဧည့်သည်တွေကို ဧည့်ခံဖို့ ခင်ဗျားကိုပဲ ဒုက္ခပေးပါရစေ" ဟု ပြောခဲ့သည်။
ဒီလူက အကင်းပါးကြောင်း ရှစ်ချင်းလျို့ နားလည်သွားကာ "ကောင်းပါပြီ" ဟု ဆိုလိုက်သည်။
ထို့နောက် တခြားလူတွေကို ခေါ်ထုတ်သွားခဲ့သည်။
သူများတွေထွက်သွားမှ ရှောင်ဟန်ကျန့်က အမေရှောင်ကိုကြည့်ကာ မေးလေသည်၊ "အမေ သားမှာ ရုတ်တရက်ကြီး ဘယ်လိုလုပ် မိန်းမရှိသွားလဲဆိုတာ ရှင်းပြလို့ရမလား။"
အမေရှောင်က မလုံမလဲ ပြုံးလိုက်သည်၊ "သူက အမေတို့ရဲ့ ကယ်တင်ရှင်လေ"
"သူ့ကို နှလုံးသားနဲ့ ရင်းပြီး ကျေးဇူးဆပ်ရမယ်လို့ အမေထင်တယ်၊ ဒါကြောင့် လက်ထပ်ခွင့်ပေးခဲ့တာပါ။"
“ချင်းလျို့က မိန်းမကောင်းလေးပါ၊ သားရဲ့ ညီလေး၊ ညီမလေးတွေနဲ့ အမေက သူ့ကို သဘောကျတယ်"
သူမက ထပ်ပေါင်းပြောလေသည် "သူ့လို မိန်းမကောင်းလေးကို သားသဘောကျမှာပါ"
သူမရဲ့ လေသံက ပိုလေးလံလာခဲ့သည်။ သားဖြစ်သူကို သေချာပြောပြရမလား သူမကိုယ် သူမ နှစ်သိမ့်ရမလားဆိုတာ မသိတော့ပေ။
ရှောင်ဟန်ကျန့်က ရှုပ်ထွေးသွားသည်၊ "တစ်ယောက်ယောက်ရဲ့ အသက်ကို ကယ်ခဲ့တာလား"
အာ့လန်က ချက်ချင်း ဝင်ပြောလေသည်၊ "ဟုတ်တယ် သားမြစ်ထဲမှာရေနစ်တုန်းက ကယ်ခဲ့တာ၊ အစ်မချင်းလျို့က ဖြတ်သွားရင်း တွေ့လို့ကယ်ခဲ့တာလေ။"
ရှောင်ပိုင်လီကလည်း ပြောလေသည် "အစ်မချင်းလျို့က အာ့လန်ကို လိုက်ပို့တဲ့နေ့မှာပဲ သမီးတို့ရဲ့အဒေါ်ကြီးနဲ့ ဝူမိသားစုက တခြားလူတွေကို တွေ့ခဲ့တာ၊ သူတို့က သမီးကို ထည့်မြေမြှုပ်ဖို့ အတင်းဆွဲခေါ်ခဲ့တယ်။"
"အစ်မက သမီးတို့အဒေါ်ကြီးကို ရိုက်နှက်ပြီး ဝူမိသားစုက လူတွေကို ခြိမ်းခြောက်ပြီး သမီးကို ကယ်တင်ပေးခဲ့တာပါ။"
အမေရှောင်က ထပ်ပြောလေသည်၊ "သားအဖျားမကျဘဲ အဖျားတွေဆက်တက်နေတော့ သမားတော်က သားသာအဖျားမကျရင် ထပ်မနိုးလာနိုင်တော့ဘူးလို့ ပြောခဲ့တယ်။"
"ချင်းလျို့က သူ့ဆရာပေးတဲ့ဆေးကို ထုတ်ပေးပြီး သားကို တိုက်ခိုင်းခဲ့တာ၊ အဲ့တာ သောက်ပြီးမှ သားကအဖျားကျသွားတာ"
"ဒီနေ့ ချင်းလျို့နဲ့ လက်ထပ်တဲ့နေ့မှာပဲ သားနိုးလာခဲ့တာ"
"ဒါကြောင့် ချင်းလျို့က အမေတို့မိသားစုရဲ့ ကယ်တင်ရှင်တင်မကဘူး၊ ကံကောင်းစေတဲ့ ကြယ်လေးလည်း ဟုတ်တယ်။"
သားဖြစ်သူက ရှစ်ချင်းလျို့ကို အထင်မသေးဘဲ အနာဂတ်မှာ ကောင်းကောင်းဆက်ဆံအောင်လို့ သူမက ဆက်လက် ချီးကျူးပြောဆိုနေခဲ့သည်။
"ဟုတ်တယ် ဟုတ်တယ် အစ်မ ချင်းလျို့က အရမ်းကောင်းတာ၊ သူ့ကို အရမ်းသဘောကျတယ်၊ အစ်ကိုကြီးလည်း သေချာပေါက် အစ်မကို သဘောကျမှာပဲ" ရှောင်ပိုင်လီနှင့် အာ့လန် ပြောခဲ့လေသည်။
ရှောင်ဟန်ကျန့်က အံ့သြနေခဲ့သည်။ ဒါဆို သူသတိမေ့နေတဲ့အချိန်မှာ သူ့မိသားစုက သူ့နှလုံးသားကိုရင်းပြီး လက်ထပ်ပေးပြီး ကျေးဇူးဆပ်ခဲ့တာပေါ့။
သူ့ခမျာ ဘာမှမသိလိုက်ရပါပဲနဲ့ မိန်းမရသွားခဲ့သည်။