အခန်း ၁၄
Viewers 7k

အခန်း (၁၄) သူမရဲ့လျှို့ဝှက်ကဒ်ထုတ်ပြခြင်း


ဖြစ်ပျက်သမျှကို ရှောင်ဟန်ကျန့် နားလည်သွားခဲ့သည်။


ရှစ်ချင်းလျို့က သူ့ရဲ့ညီလေး၊ ညီမလေးကို ကယ်ပေးခဲ့ပြီး သူ အဖျားကျအောင်ပါ လုပ်ပေးခဲ့သည်။ သူ့ကို စောစောနိုးထစေခဲ့တာက သူ့အမေကို ကယ်တင်ခြင်းနှင့် ညီမျှသည်။


သူ့တစ်မိသားစုလုံးအတွက် ဒါက ပြန်ဆပ်ရန် ခက်ခဲသည့် ကြီးမားသော ကျေးဇူးတရားဖြစ်သည်။


သူ စောနက နိုးလာခဲ့တုန်းက သူ့အမေ၊ ညီလေးနှင့်ညီမလေးတွေ အရင်ဘဝကလို သေသွားမှာကို သူစိုးရိမ်နေမိခဲ့သည်။


သူနိုးလာသည့်အချိန်မှာ တကယ်ပဲ အချိန်လွန်သွားခဲ့ပြီဖြစ်သည်။


ရှစ်ချင်းလျို့ကြောင့်သာမဟုတ်ရင် သူ့ရဲ့ညီလေးနှင့် ညီမလေးသည် အရင်ဘဝကလို တူညီသည့်လမ်းကို ကျရောက်လိမ့်မည်ဖြစ်သည်။


သူ အလွန်ကံကောင်းသွားကြောင်း ခံစားမိလိုက်သည်။


ဒါတွေကြောင့် ရုတ်တရက် ဇနီးရသွားတာကို ရွံရှာပြီး တွန်းလှန်ချင်တာထက် သူက ပိုပြီး ကူကယ်ရာမဲ့နေသည်။


ရှောင်ဟန်ကျန့်က အမေရှောင်ကိုကြည့်ကာ မေးလေသည်၊ "အမေ ရှစ်ချင်းလျို့က သားတို့ရွာက မဟုတ်ဘူးမလား"


"ဒါထက် သူ့မိသားစုက ဘာလို့ ချုံရှီလုပ်ဖို့ ခွင့်ပြုခဲ့တာလဲ"


သူ မနိုးခင် လက်ထပ်ခြင်းက မီးတွင်းထဲခုန်ချခြင်းနှင့် ညီမျှသည်။


အရင်ဘဝတုန်းက သူ့အမေ၊ညီလေးနှင့် ညီမလေးတို့ သေပြီဟု ရွာသူကြီး မပီမပြင်ပြောနေတာကို သူကြားခဲ့တာကြောင့် နိုးလာအောင် အတင်းရုန်းကန်ခဲ့ခြင်း ဖြစ်သည်။


မဟုတ်ပါက ထိုလူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပြီး ရှစ်ချင်းလျို့ အိမ်ထောင်ပြုလိုက်တာနှင့် မုဆိုးမ ဖြစ်သွားလိမ့်မည်ဖြစ်သည်။


သာမာန်မိသားစုဆိုရင် လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။


အမေရှောင်က ပြန်ဖြေလေသည်၊ "ချင်းလျို့က ရှန့်ရှီးရွာ ရှစ်မိသားစုကပါ"


"သူကလည်း သနားစရာလေးပါဟယ်၊ သူ အသက်ငယ်ငယ်လေးမှာပဲ သူ့မိသားစုက သူ့ကို တာအိုဘုရားကျောင်းကို ပို့ခဲ့တာလေ၊ မကြာသေးခင်က သူ့ရဲ့ ဆရာကြီး သေသွားလို့ ပြန်ရောက်လာတာလေ။"


"လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ ဝူမိသားစုနဲ့ လက်ထပ်ဖို့ သူ့ကို သူ့မိသားစုက ပို့ခဲ့သေးတယ်။"


"ရှစ်မိသားစုက အပြစ်မကင်းစိတ်ဖြစ်ပြီး ဝူမိသားစုနဲ့ စေ့စပ်တာကို ဖျက်လိုက်တာလားတော့ မသိပါဘူးအေ။"


"ရှစ်မိသားစုက ဘာလို့ သဘောတူလိုက်လည်းဆိုတာလည်း အမေ မသိဘူး၊ ချင်းလျို့က သားကို လက်ထပ်ချင်တယ်ဆိုတော့လည်း သူတို့မငြင်းနိုင်ဘူးလို့ပြောတယ်။"


ထို့နောက် သူမနှင့် ရှစ်ချင်းလျို့ ပြောခဲ့သည့်စကားများ၊ သူတို့ရှစ်မိသားစုအိမ်ကိုသွားတုန်းက ကြုံခဲ့ရသည့် အတွေ့အကြုံများကို ပြန်ပြောပြခဲ့လေသည်။


သူမ ပြောတာတွေကို နားထောင်ပြီးနောက် ရှောင်ဟန်ကျန့်က ပြန်တွေးလိုက်သည်။


သူ့အတိတ်ဘဝတုန်းက သူ ဝူမိသားစုအကြောင်း စုံစမ်းခဲ့တော့ ဝူမိသားစုက သူ့ညီမဖြစ်သူကို မဆွဲခေါ်ခင် ရှန့်ရှီးရွာ ရှစ်မိသားစုက သမီးဖြစ်သူကို ရွေးချယ်ထားကြောင်း သိခဲ့ရသည်။


သို့ပေမယ့် ဝူမိသားစု လာခေါ်မည့်နေ့မှာပဲ ထိုမိန်းကလေးက ရုတ်တရက်ကြီး သေဆုံးသွားခဲ့သည်။


မှန်ကန်သည့် အချက်အလက်တွေအရတော့ သူမက အတင်းအကြပ် အဖမ်းခံရတုန်းမှာပဲ အမေဖြစ်သူရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်လေသည်။


ဒါကြောင့်ပဲ ဝူမိသားစုက တင်တောင်းသည့်ပစ္စည်းတွေကို ထပ်မံ တိုးမြင့်ခဲ့သည်။ ထိုသတင်းကို သူ့ရဲ့ အကျင့်မကောင်းသည့် အန်တီကြီးနှင့် တတိယအန်တီကကြားတော့ သူ့ညီမကို ဖမ်းပို့ခဲ့ပြီး ငွေတုံး ၁၅၀ကို လက်ခံပစ်ခဲ့သည်။


ဒါဆို ရှစ်ချင်းလျို့က အဲဒီသေသွားတဲ့ မိန်းကလေးလား။


ရှစ်မိသားစုကို သူ ကောင်းကောင်းသိသည်။


သူမရဲ့ စတုတ္ထဦးလေးက သူ့ရဲ့ အတန်းဖော်ဖြစ်ပြီး ကြောင်သူတော်ကြွက်သူခိုးဖြစ်သည်။


တခြားလူတွေ ရှစ်မိသားစုအကြောင်း အတင်းပြောနေတာတွေလည်း သူကြားခဲ့ရသည်။


သူတို့မိသားစုကလည်း အပြစ်မကင်းစိတ်ဝင်ပြီး စေ့စပ်တာကို အရင်ဖျက်နေဦးမယ်။


တင်တောင်းပစ္စည်းတွေ မယူသည့်အပြင် ချုံရှီကိုလာသည့် သမီးဖြစ်သူကို စားသောက်စရာတွေပါ ထည့်ပေးလိုက်တယ်ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ပေ။


သူက ထပ်မေးကြည့်လေသည်၊ "တင်တောင်းပစ္စည်းတွေမလိုဘူးလို့ ရှစ်ချင်းလျို့ ပြောခဲ့တာနော်၊ ဒါတွေကို သူ့ဘာသာဖြေရှင်းခဲ့တာလား။"


အမေရှောင်က ခေါင်းငြိမ့်ပြသည်၊ "ဟုတ်တယ် အမေက ရှစ်မိသားစုကို ကိုင်တွယ်ရခက်မယ် ထင်ခဲ့တာ၊ မင်္ဂလာပွဲက ဒီလောက်ချောချောမွေ့မွေ့နဲ့ ပြီးသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ၊ ချင်းလျို့ဖြေရှင်းခဲ့တာပဲဖြစ်မယ်။"


ရှစ်မိသားစု မပျော်မရွှင်ဖြစ်နေတာကို သူမ ပြောနိုင်သည်။


ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြကာ "သိပါပြီ" ဟု စကားဆိုသည်။


ရှစ်ချင်းလျို့က သူ့ညီလေးနှင့် ညီမလေးကို ကယ်ခဲ့တယ်ဟု ကြားလိုက်တုန်းက ရှစ်ချင်းလျို့က တခြားမိန်းကလေးတွေနှင့် အတူတူပဲဟု သူ သံသယဝင်ခဲ့သည်။


အရင်တုန်းက သူ့မှာ ကြီးမားတဲ့ရာထူးရှိတာကို သူမ သိတာကြောင့် သူ့ညီလေးနှင့် ညီမလေးကို ကယ်တင်ပြီး လက်ထပ်ဖို့ တောင်းဆိုတာဟု ထင်ခဲ့မိသည်။


သို့ပေမယ့် ထိုစကားတွေကြားပြီးနောက် သူ သံသယဝင်မိသည်။ သူ့အရင်ဘဝက မှတ်ဉာဏ်အရ သူနိုးလာသည့်အချိန်မှာ သူမက သေသွားပြီဖြစ်သည်။


"သူ့ရဲ့ ဆရာကြီးက မသေမျိုးလေ၊ ဒါကြောင့် သူကလည်း စွမ်းအားကြီးပြီး ကောင်းချီးပေးခံရတဲ့လူပဲ။"


"ချင်းလျို့က သားကို နိုးထစေခဲ့တဲ့ ကံကောင်းတဲ့ကြယ်လေးပဲ။"


အမေရှောင်က ထပ်ပြောလေသည်၊ "သူ့ကို လယ်သူမလေးဆိုပြီး အထင်မသေးနဲ့၊ အနာဂတ်မှာ သား အဆင့်မြင့်စာသင်သားဖြစ်သွားရင်တောင် သူ့ကို ပစ်ပယ်လို့မရဘူး။"


သူမရဲ့ သားက ရည်မှန်းချက်ကြီးသည့်လူဖြစ်ကာ အထူးသဖြင့် အရင်က ကြုံခဲ့သည့်ကိစ္စတွေ ပြီးသည့်နောက်တွင် သူပိုကြိုးစားလိမ့်မည်။


သူမအတွက်တော့ ရှစ်ချင်းလျို့က သူမရဲ့ ကယ်တင်ရှင်၊ သူမရဲ့ချွေးမ၊ သူမရဲ့ ကံကောင်းစေသည့် ကြယ်ပွင့်လေး ဖြစ်သည်။


သူမကို စွန့်လွှတ်မခံရစေချင်ပေ။


ရှောင်ဟန်ကျန့်ရဲ့ မျက်လုံးတွေမှာ ကူကယ်ရာမဲ့မှုတွေ ပြည့်နေခဲ့သည်၊ "သားသိပါတယ် အမေ သူ့ကို မစွန့်ပစ်ပါဘူး။"


အတိတ်ဘဝတုန်းက သူ့ရဲ့ စွမ်းအားတွေ အကုန်လုံးကို လက်စားချေဖို့ အသုံးပြုခဲ့သည်။ သူက ဘယ်မိန်းမကိုမှ လက်မထပ်ခဲ့သလို လက်နဲ့တောင် မထိခဲ့ပေ။ သူပြန်ရောက်လာတဲ့အချိန်မှာ မိန်းမရနေမည်ဟု မထင်မိခဲ့ပေ။


အိမ်ထောင်ပြုခြင်းတရားဝင်ဥပဒေအရ အစတုန်းက သူက အိမ်ခြေရာမဲ့မလို့ ဘယ်သူမှ လက်မထပ်ချင်ခဲ့ပေ။ နောက်ပိုင်းကျတော့ ရာထူးကြီးရှိသွားသည့်အချိန်ကျတော့ သူအိမ်ထောင်ပြုဖို့ ဘယ်သူမှ အတင်းဖိအားမပေးရဲတာကြောင့် သူ့တွင် ဇနီးမယား မရှိခဲ့ပေ။


ထိုစည်းမျဥ်းတွေကလည်း အရပ်သူအရပ်သားအများစုကိုသာ ပစ်မှတ်ထားသည်။


မျိုးရိုးမြင့်တွေက အိမ်ထောင်မပြုချင်ပါက အစိုးရက တွန်းအားမပေးပေ။


ဘာပဲဖြစ်ဖြစ် သူ့အမေပြောတာမှန်သည်။ ဘာပဲဖြစ်ဖြစ် ရှစ်ချင်းလျို့က သူ့မိသားစုရဲ့ ကယ်တင်ရှင် ဖြစ်သည်။


ထို့ကြောင့် ရှစ်ချင်းလျို့ သစ္စာမဖောက်သ၍ သူ့မိသားစုကို အန္တရာယ်မပေးသ၍ သူမကို ကောင်းကောင်း ဆက်ဆံမည်ဖြစ်သည်။


သားဖြစ်သူရဲ့ ကတိကို ကြားမှ အမေရှောင်က စိတ်အေးသွားခဲ့သည်။


သူမက မျက်ရည်တွေကို လက်ကိုင်ပဝါဖြင့်သုတ်ကာ ထရပ်ပြီး ပျော်ရွှင်စွာ ပြောလေသည်

"သားက အခုမှနိုးတာဆိုတော့ သားစားဖို့ ပိုင်လီနဲ့ ဆန်ပြုတ်လုပ်လိုက်ဦးမယ်၊ အာ့လန်ကိုတော့ ဧည့်သည်တွေကို ဧည့်ခံထားခိုင်းလိုက်မယ်။"


ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်လိုက်သည်၊ "ဟုတ်ကဲ့ပါ"


အမေရှောင်နှင့် တခြားလူတွေထွက်သွားမှ ရှောင်ဟန်ကျန့်က ခေါင်းအုံးကိုမှီထားပြီး မျက်လုံးမှိတ်ထားခဲ့သည်။


ခဏလောက်နေတော့ တံခါးတွန်းဖွင့်သံကြားမှ သူက မျက်လုံးဖွင့်လိုက်သည်။


ရှစ်ချင်းလျို့က ပန်းကန်တစ်လုံးကိုင်ကာ ဝင်လာခဲ့သည်။


သူမက ရှောင်ဟန်ကျန့်ရဲ့ ရှေ့ကို လျှောက်လာပြီး "လာ ဒါလေးသောက်လိုက်ဦး" ဟု ပြောသည်။


ဒါက သူအားပြန်ပြည့်ဖို့အတွက် လျှို့ဝှက်ဆန်းကြယ်သည့်နေရာလေးကနေ ယူထုတ်လာသည့် ကလူးဂို့စ် ဖြစ်သည်။


ရှောင်ဟန်ကျန့် ယူကြည့်လိုက်တော့ ပန်းကန်လုံးထဲမှာ ရေတွေရှိနေတာကို တွေ့လိုက်ရသည်။


ရှစ်ချင်းလျို့က သူ အဖျားကျအောင် ကယ်တင်ပေးခဲ့တာဖြစ်လို့ အခုတော့ အဆိပ်မခတ်လောက်ပေ။


ဘာပဲဖြစ်ဖြစ် ထိုအရည်သာ ပါးစပ်ထဲဝင်သွားပါက အဆိပ်ဆိုပါက တန်းသိနိုင်သည်။


ထို့ကြောင့် တုံ့ဆိုင်းမနေဘဲ ယူသောက်လိုက်လေသည်။ ဒါက ရေမဟုတ်ဘဲ ချိုသည့်အရသာလေး ရှိနေမည်ဟု မထင်မိခဲ့ပေ။


အရသာက သကြားနှင့်လည်း တူမနေပေ။


သူက မေးလေသည်၊ "ဒါ ဘာလဲ"


"သကြားရေလေ အားပြန်ဖြည့်ပေးတယ်" ဟု ရှစ်ချင်းလျို့က ပြန်ဖြေလေသည်။


"ကျေးဇူးတင်ပါတယ်" ဘယ်ကရတာလဲဟုတော့ ရှောင်ဟန်ကျန့်က မမေးတော့ပေ။


အကြောင်းတချို့ကြောင့် ဒီရှစ်ချင်းလျို့က အရင်ဘဝက သေသွားသည့် ရှစ်ချင်းလျို့နှင့် မတူဘူးဟု သူခံစားနေရသည်။


လူတိုင်းမှာ လျှို့ဝှက်ချက်ရှိတာမလို့ သူ့တွင်လည်းရှိသည်။ ထိုအရာကို ရည်ရွယ်ချက်ရှိရှိ တူးဖော်နေစရာ မလိုပေ။


ရှစ်ချင်းလျို့က ပြုံးပြလိုက်သည်၊ "ကျွန်မတို့က ယာယီမိသားစုဖြစ်နေပြီပဲ။ ယဥ်ကျေးနေစရာ မလိုပါဘူး။"


ရှောင်ဟန်ကျန့်က မျက်ခုံးပင့်ကာ မေးလေသည်၊ "ယာယီမိသားစုဆိုတာ ဘာလဲ"


ရှစ်ချင်းလျို့က ပြုံးပြီး ပြန်ဖြေလေသည်၊ "ကျွန်မ ရှင့်ကို ဘာလို့ လက်ထပ်တာလဲဆိုတာ ရှင့်အမေ ရှင့်ကို ပြောပြပြီးလောက်ပါပြီ။"


"ကျွန်မက ရှစ်မိသားစုက ပြဿနာကောင်တွေကို ရှင်းထုတ်ချင်ပေမယ့် ကျွန်မက အာဏာကြီးတဲ့မိသားစု၊ အာဏာကြီးတဲ့ဘိုးဘွားတွေ ယောက်မတွေ မတ်တွေ ရှိတဲ့ မိသားစုထဲ မဝင်ချင်ဘူး။"


"ကျွန်မရဲ့ စိတ်ဓာတ်က သန်မာပြီးထား၊ သူများက ကျွန်မကိုလေးစားရင် ကျွန်မက ပြန်လေးစားမယ်၊ သူတို့လိုချင်သလို ကျွန်မကို ဖိနှိပ်မယ်ဆိုရင်တော့ မဖြစ်နိုင်ဘူး"


ရှောင်ဟန်ကျန့်က လွယ်လွယ်နှင့် ကိုင်တွယ်လို့ရမည့်လူ မဟုတ်မှန်း သူမ သိသည်။


သူနှင့် ရွာသူကြီး၊ တခြားအကြီးအကဲတွေကြားမှာ တောင့်တင်းခိုင်မာသည့် နှိုင်းယှဥ်ချက်ရှိနေသည်။


သူတို့အကုန်လုံးက ထက်မြက်သည့်လူတွေဖြစ်တာကြောင့် ဖုံးကွယ်ထားစရာမလိုပေ။


"အမှန်တိုင်းပြောရရင် ကျွန်မက ရှင့်ကို ကြိုက်နှစ်သက်လို့ ကျွန်မသဘောအတိုင်း ရှင့်ကို လက်ထပ်ယူတာလို့ သူများတွေကို ပြောခဲ့တယ်။"


သူမက လက်သီးဆုပ်ပြီး နှုတ်ခမ်းနားတေ့ကာ ချောင်းဟန့်ပြီး ဆက်ပြောလေသည်၊ "တကယ်ကျတော့ ရှင့်မိသားစုကြောင့် လက်ထပ်တာပါ၊ သူတို့က ကျွန်မနဲ့ အဆင်ပြေတယ်။"


"ကျွန်မ ရှင့်ကို လက်မထပ်ခင်က တွေ့တောင်မတွေ့ဖူးသလို သိတောင်မသိဘူးလေ။"


"ကျွန်မပြောချင်တာက ရှေ့လျှောက် ကျွန်မတို့၂ယောက် အဆင်မပြေတော့ရင် ရှင်က တခြားလူကို သဘောကျသွားတဲ့အခါကျရင် ကျွန်မ ကွာရှင်းပေးပါ့မယ်။"


"အဲတာကြောင့် ကျွန်မတို့က ယာယီမိသားစုလို့ပြောတာပါ။"


အခု သူမရဲ့ လျှို့ဝှက်ကဒ်ကို ထုတ်ပြလိုက်ပါက သူမက သူ့ရဲ့မိသားစုကို ကပ်တွယ်မနေဘူးဆိုတာကို ရှောင်ဟန်ကျန့် စိတ်ချထားလို့ ရသည်။


သူတို့ အဆင်မပြေသည့်အခါကျရင် ကွာရှင်းမှာမလို့ ပြဿနာ ကြီးကြီးမားမား မဟုတ်ပေ။


ဒီမိန်းမက အနာဂတ်မှာ ကွာရှင်းဖို့အထိတောင် တွေးနေပြီပဲဟု ရှောင်ဟန်ကျန့်က တွေးလိုက်လေသည်။