အခန်း ၁၅
Viewers 7k

အခန်း (၁၅) ရှင်သာ ပန်းလေးလိုလှအောင်နေဖို့တာဝန်ယူ


ရှောင်ဟန်ကျန့် သူ့အရင်ဘဝက မြင့်မားသည့်ရာထူးရခဲ့တာက သူ့ရဲ့ကျယ်ပြန့်သည့် အဆက်အသွယ်ကြောင့် ဖြစ်သည်။


ဒီစကားဝိုင်းကနေ ရှစ်ချင်းလျို့ရဲ့စရိုက်ကို အကြမ်းဖျင်း သိခဲ့ရသည်။


သူမက ပွင့်လင်းသည်။ သူမရဲ့ ပင်ကိုယ်စရိုက်က အနည်းငယ် သန်မာပြီး ကိစ္စတွေကို မြန်မြန်နှင့် ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်သည်။


သူက ထိုသို့သော ပင်ကိုယ်စရိုက်မျိုးကို ပိုသဘောကျသည်။


ဒါက သူရဲ့ အတွေ့အကြုံတွေနှင့် ပတ်သက်နေလိမ့်မည်။


အားနည်းပြီး နာခံတတ်သည့်မိန်းမ၊ ကိုယ်ပိုင်အမြင်မရှိသည့်မိန်းမ၊ လင်ကို ဘုရားလိုကိုးကွယ်သည့်မိန်းမမျိုးကို သူ သဘောမကျပေ။


အဲတာကြောင့်ပဲ သူ့အတိတ်ဘဝမှာ ဘယ်သူမှ သူ့ကိုလက်မထပ်ချင်ခဲ့တာဖြစ်သည်။


တကယ်တော့ မိသားစု အများကြီးက သူတို့ရဲ့ သမီးကို သူနဲ့ လက်ထပ်စေချင်ပေမယ့် သူက ငြင်းဆန်ခဲ့တာ ဖြစ်သည်။


သူလိုချင်သည့်မိန်းမက သူ့ဘေးမှာရပ်ပြီး သူ့ကို ထောက်ပံ့ပေးနိုင်မည့်မိန်းမ၊ သူ့ကို နားလည်ပေးနိုင်မည့်မိန်းမကို လိုချင်ပေမယ့် သေတဲ့အထိ ရှာမတွေ့ခဲ့ပေ။


သူက အပြုံးဖြင့် မေးခဲ့သည်၊ "ဒီတော့ ခင်ဗျားက ကျုပ်ကိုတစ်ခါမှ မတွေ့ဖူးဘဲ ကျုပ်မိသားစုကြောင့် ရောက်လာခဲ့တာပေါ့လေ။"


"ကျုပ်သာနိုးမလာရင် ခင်ဗျားမုဆိုးမ ဖြစ်သွားမှာမလား။"


"ကျုပ်က ရုပ်ဆိုးတယ်၊ အကျင့်မကောင်းတဲ့လူ မိန်းမကို ရိုက်နှက်တဲ့လူဆိုရင် ခင်ဗျား ဘယ်လိုလုပ်မလဲ။"


ဒါကိုတော့ သူ နည်းနည်းသိချင်သည်။ ရှစ်ချင်းလျို့က သူ့ကို စိတ်ပျက်စေမည့်လူမဟုတ်ကြောင်း သူပြောနိုင်သည်။


ရှစ်ချင်းလျို့က စိတ်ညစ်စွာ ရယ်မောကာ "ကျွန်မ ငတုံးမဟုတ်ပါဘူး၊ လက်မထပ်ခင် သေချာပေါက် ရှင့်ရုပ်ရည်ကို ကြည့်ခဲ့တာပေါ့" ဟု ဆိုလိုက်သည်။


"ရှင့်အမေကို ဆေးပေးတဲ့နေ့က အခွင့်အရေးယူပြီး ရှင့်မျက်နှာကို ကြည့်ခဲ့တယ်လေ။"


"ရှင်သာ ရုပ်ဆိုးရင် ကျွန်မက လက်ထပ်ဖို့ စဥ်းတောင် မစဥ်းစားဘူး။"


ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ သူ့ရဲ့ ရုပ်ရည်က လက်ထက်ဖို့အတွက် အဓိကနေရာက ပါဝင်ခဲ့ကြောင်း သိလိုက်လေသည်။


ရှစ်ချင်းလျို့က ဆက်ပြောလေသည်၊ "အစောက ပြောခဲ့တဲ့အတိုင်းပဲ။ ကျွန်မက ရှင့်မိသားစုကြောင့်ရောက်လာတာ၊ ရှင့်ရဲ့အမေ၊ ညီလေးနဲ့ညီမလေးနဲ့ပဲ သက်ဆိုင်တယ်လေ။"


"သူတို့နဲ့သာ အဆင်ပြေမယ်ဆိုရင် မုဆိုးမ ဖြစ်သွားလည်း ကိစ္စမရှိပါဘူး၊ ရှင် မရှိရင်တောင် ကျွန်မက သူတို့နဲ့ နေနိုင်တယ်။"


ရှောင်ဟန်ကျန့် နားလည်သွားခဲ့သည်။ ဒါဆို သူမက သူ နိုးမလာခြင်း သေဆုံးသွားခြင်းအတွက်ပါ ထည့်တွေးပြီးထား ဖြစ်သည်။


သူမကို ကျေးဇူးတင်သည်။


ရှစ်ချင်းလျို့က လက်သီးဆုပ်လေးမြှောက်ကာ ခါယမ်းပြပြီး ပြောလေသည်

"ရှင်နိုးလာလို့ ကျွန်မကို ရိုက်ရဲရင် ကွာရှင်းပေးဖို့ ရှင့်မိဘတွေကို အကူအညီတောင်းတဲ့အထိ ရှင်မျက်ရည်နဲ့ မျက်ခွက်ဖြစ်အောင် ကျွန်မက လုပ်ပစ်မှာပါ။"


"ကျွန်မ လက်မထပ်ခင်က ရွာထဲကလူတွေ ပြောနေတာလည်း ကြားခဲ့တယ်လေ"


"ရှင်က ချမ်းသာတဲ့အဖေကိုကျော်ပြီး ဆင်းရဲတဲ့အမေကိုရွေးခဲ့တာကို ကျွန်မ သဘောကျတယ်။"


"လိုချင်တာကို ရအောင်လုပ်၊ အာဏာအတွက် ရှင့်အမေနဲ့ မောင်နှမတွေကို စွန့်ပစ်ခဲ့ရင် ရှင့်ရဲ့ ဆန်ကုန်မြေလေးအဖေနဲ့ ရှင်နဲ့ ဘာကွာတော့မှာလဲ။"


"ဒါ့အပြင် ရှင့်အမေနဲ့ မောင်နှမတွေကို ကြည့်ရတာ ရှင်က ကောင်းကောင်း ကာကွယ်ပေးထားမှန်း သိပါတယ်၊ အနည်းဆုံးတော့ ရှင့်မိသားစုတွေကို ဆက်ဆံပုံအရ ရှင်က မကောင်းတဲ့လူ မဟုတ်ပါဘူး။"


"ရှင်က ရည်မှန်းချက်ကြီးပြီး တာဝန်ယူတတ်တဲ့လူလေ။"


"ဒါကြောင့် ချုံရှီလုပ်ဖို့ သဘောတူခဲ့တာပါ။"


ရှစ်ချင်းလျို့က ချမ်းသာသည့်မိသားစုမှ မွေးဖွားလာခဲ့ပေမယ့် စိုက်ပျိုးရေးသုတေသနမှာ ကျွမ်းကျင်သည့်လူမျိုး ဖြစ်သည်။


ဒါကြောင့် သူမက ပွင့်ပွင့်လင်းလင်းပြောရတာကို ပိုသဘောကျပြီး တခြားလူနှင့် ဆက်သွယ်သည့်အချိန်မှာ သွယ်ဝိုက်မနေဘဲ လိုရင်းကိုသာ တန်းပြောသည်။


ရှောင်ဟန်ကျန့်က ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။


သူ့ဇနီးလေးက သူ့ကို လက်မထပ်ခင် အများကြီး တွေးခဲ့ပုံရသည်။


သူမက ပွင့်လင်းရုံတင်မကဘဲ ဉာဏ်လည်းကောင်းသည်။


အတိတ်ဘဝတုန်းက သူများတွေရဲ့ ရက်စက်သည့် အကွက်ချမှုတွေအောက်မှာ သူ အလွန်ပင်ပန်းခဲ့သည်။


အခုတော့ သူ့ဇနီးက အလွန်ပွင့်လင်းတာကြောင့် တော်တော်လေး အဆင်ပြေသည်ဟု ခံစားမိသည်။


အနည်းဆုံးတော့ သူမနှင့် နေရသည့်အခါ ပင်ပန်းတော့မည် မဟုတ်ပေ။ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသည်။


ထိုနည်းတူစွာပင် သူလည်း သွယ်ဝိုက်ပြောမနေပေ၊ "ကျုပ်က ဘယ်သူ့ကိုမှ စိတ်ထဲမရှိသလို အနာဂတ်မှာလည်း ဘယ်သူ့ကိုမှ စိတ်ဝင်စားတာမျိုးရှိလာမှာမဟုတ်လို့ ကွာရှင်းဖို့ကို ခင်ဗျား တွေးစရာမလိုပါဘူး။"


ရှစ်ချင်းလျို့က သူ့ကိုစောင်းကြည့်ကာ "ကျွန်မတို့တွေ စိတ်ထားချင်းမတူလို့ ရှေ့ဆက်လို့မရတော့ရင်ကော၊ ဒါဆိုရင်တော့ ကျွန်မက သေချာပေါက်ကွာရှင်းမှာနော်" ဟု ပြောလိုက်သည်။


"လင်မယား၂ယောက် အတူတူရှိနေဖို့ဆိုရင် တစ်ယောက်ခံစားချက်ကို တစ်ယောက် နားမလည်ရင်တောင် အနည်းဆုံးတော့ အခြေခံကျတဲ့ ချစ်သူရည်းစား ဆက်ဆံရေး ရှိရမယ်လေ။"


ဘယ်မိန်းမက ပထမဆုံးလက်ထပ်တဲ့နေ့မှာ ကွာရှင်းဖို့ကို အားကြိုးမာန်တက် ဆွေးနွေးနေလို့လဲဟု ရှောင်ဟန်ကျန့် တွေးလိုက်မိသည်။


"ကောင်းပါပြီ။ ဒါနဲ့ပတ်သက်ပြီး ခင်ဗျားကို ဖိအားမပေးဘူး၊ ခင်ဗျားက ကျုပ်မောင်နှမတွေရဲ့ အသက်ကို ကယ်တင်ခဲ့တယ်၊ ကျုပ်အဖျားကျအောင် ဆေးပေးခဲ့ပြီး နိုးလာအောင် လုပ်ပေးခဲ့တယ်၊ ခင်ဗျား ကျုပ်တို့အပေါ် ကျေးဇူးကြီးမားခဲ့တာကို မှတ်ထားပါ့မယ်။"


"ခင်ဗျား ကျုပ်ရဲ့ ဇနီးဖြစ်သ၍ စိတ်မပျက်စေရပါဘူး။ ကောင်းကောင်း ဆက်ဆံပါ့မယ်။"


ဒါက သူ့ရဲ့ ကတိ ဖြစ်သည်။


ရှစ်ချင်းလျို့က မျက်ခုံးပင့်ကာ "ကျွန်မ ရှင့်ကို မကွာရှင်းသ၍ ရှင်ကလည်း မကွာရှင်းဘူးလို့ ဆိုလိုတာလား" ဟု မေးသည်။


ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြသည်၊ "ဟုတ်တယ် ခင်ဗျားက တစ်သက်လုံး ကျုပ်ဇနီးဖြစ်လိမ့်မယ်"


ခဏလောက် တွေးပြီးနောက် ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြသည်၊ "ကောင်းပြီ ဒါဆိုလည်း အစမ်းလက်ထပ်နေထိုင်တာပေါ့။"


"အဆင်ပြေရင် နေမယ်။ အဆင်မပြေရင်တော့ ကျွန်မတို့ ကွာရှင်းရမှာပဲ။"


ရှောင်ဟန်ကျန့် နိုးလာပြီးနောက် သူ့ရဲ့ စိတ်နေစိတ်ထားနှင့် ရုပ်ရည်က အကုန် သူမစံနှုန်းနှင့် ကိုက်ညီသည်။


အရေးကြီးသည့်အချက်က သူက ဆက်ဆံရလွယ်ကူသည့်လူမျိုး ဖြစ်သည်။


အမေရှောင်နှင့် သူ့မောင်နှမ ၂ယောက်လုံးကလည်း အတူတူနေလို့ အဆင်ပြေသည်။


မော်ဒန်ခေတ်မှာ ထိုအရာမျိုးက ရှားသည်။


ဒီမှာ အိမ်ထောင်ပြုလိုက်ရပြီဆိုကတည်းက ဒီလို မရင်းနှီးသည့် ရှေးခေတ်မှာ တစ်ယောက်တည်း ဖြစ်နေသည့် သူ့အတွက် ကွာရှင်းတာကို ရှောင်ရှားတာက သူမအတွက် အကောင်းမွန်ဆုံးဖြစ်သည်။


ဒီကို ရုတ်တရက် ရောက်လာပြီးမှ ရှစ်မိသားစုရဲ့ ဆွေမျိုးတွေက တကယ့် ပြဿနာ ဖြစ်နေသည်။


တစ်ယောက်တည်းရဲ့ စွမ်းအားဖြင့် သူမရဲ့ အသက်မွေးဝမ်းကြောင်းကို ပြုလုပ်ဖို့ စွမ်းအား အလုံအလောက် မရှိပေ။


ဒီလို မရင်းနှီးသည့်နေရာမှာ သူမကို အဖော်ပြုပေးပြီး အလုပ်ကြိုးစားပြီး အတူတူ နေထိုင်ပေးနိုင်မည့် လူတစ်ယောက်ကို သူမ တကယ်ပဲ မျှော်လင့်မိခဲ့သည်။


ရှောင်ဟန်ကျန့်က အစမ်းလက်ထပ်ခြင်းအကြောင်းကို မကြားဖူးပေမယ့် သူမရဲ့ ဆိုလိုရင်းကို နားလည်သည်။


သူက ခပ်ရေးရေးပြုံးကာ "ကောင်းပြီလေ၊ ခင်ဗျားပြောတဲ့အတိုင်း လုပ်ကြတာပေါ့" ဟု ပြောလိုက်သည်။


ရှစ်ချင်းလျို့က ခဏလောက် တွေးပြီးနောက် မေးလေသည် "အနာဂတ်မှာ တော်ဝင်စာမေးပွဲကို ရှင်ဆက်ဖြေမယ်မလား။"


ရှောင်ဟန်ကျန့်က ယုံကြည်ချက်ရှိရှိ ခေါင်းငြိမ့်ပြခဲ့သည် "တော်ဝင်စာမေးပွဲကို ကိုယ်ဆက်ဖြေမှာပါ။ ထိပ်ဆုံးရောက်အောင်လည်း ကြိုးစားသွားမယ်။"


အတိတ်ဘဝတုန်းက သူ့ရဲ့ လက်စားချေမှုက အလွန်ပြင်းထန်ခဲ့သည်။


ဒါ့အပြင် သူ့ရဲ့ မိသားစုတွေ အကုန်အသက်ရှင်နေဆဲဖြစ်တာကြောင့် တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီး အရာရှိစာသင်သားဖြစ်လာဖို့လိုသည်။


ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည် "ကောင်းတယ်"


သူမက ယုံကြည်ချက်ရှိရှိ ပြုံးကာ"ဒါဆိုရင် ကျွန်မက အနာဂတ်မှာ ပိုက်ဆံရှာဖို့ တာဝန်ယူပြီး မိသားစုကို ထောက်ပံ့ပေးမယ်၊ ရှင်က လှပတဲ့ ပန်းပွင့်လေးဖြစ်ဖို့ တာဝန်ယူ၊ တော်ဝင်စာမေးပွဲကို ဝင်ဖြေပြီး အရာရှိဖြစ်လာအောင်လုပ် ကျွန်မတို့ မိသားစုကို ထောက်ပံ့ပေးနိုင်မယ့် မဏ္ဍိုင်ဖြစ်လာအောင်လုပ်ပါ။"


သူတို့က ရှေးခေတ်မှာ ဖြစ်သည်။


အာဏာစွမ်းအားမရှိပါက သူတို့ပိုင်ဆိုင်သမျှကို သူများတွေ လုယူသွားလိမ့်မည်။


ရှောင်ဟန်ကျန့်နဲ့ ပတ်သက်ပြီး သူမ တန်ဖိုးထားတာ နောက်တစ်ခုက သူ့ရဲ့အရည်အချင်းဖြစ်သည်။


ဒါကြောင့် သူက တော်ဝင်စာမေးပွဲမှာပဲ အာရုံစိုက်သင့်သည်။


အနာဂတ်မှာ သူသာ အရာရှိဖြစ်လာပါက သူ့ကို မှီခိုနိုင်သည်။


သူမ သူ့မိသားစုကို ငွေရှာပြီး ထောက်ပံ့ပေးတာက အစောပိုင်းရင်းနှီးမြှုပ်နှံတာနှင့်တူသည်။


ရှောင်ဟန်ကျန့်ရဲ့ မျက်နှာက မည်းမှောင်သွားပြီး "ပန်းလို လှပရမယ်၊ ဘာအဓိပ္ပာယ်လဲ" ဟု မေးလိုက်သည်။


ရှစ်ချင်းလျို့က မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး "ရှင့်မျက်နှာကို ဂရုစိုက်ဖို့ပြောတာ၊ မကြာခဏ ရှင့်မျက်နှာကို ကြည့်လိုက်တိုင်း အမောပြေပြီး စိတ်ချမ်းမြေ့စေအောင်လို့လေ။" ဟု ဆိုလိုက်သည်။


သူမက ရုပ်ရည်ကို အရမ်းစွဲလမ်းတဲ့လူလား။


ရှောင်ဟန်ကျန့်က ရယ်ရမလား ငိုရမလား မသိတော့ပေ။


သူ့ဇနီးလေးက ဘယ်လိုလုပ် ထူးဆန်းတဲ့အကြံတွေ အများကြီးရှိနေရတာလဲ။


"ကောင်းပြီ ခင်ဗျားနဲ့ရှေ့ဆက်သွားမယ်" သူက ကူကယ်ရာမဲ့စွာ ပြောလိုက်လေသည်။


ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ရဲ့ ရှေ့မှာ သူမရဲ့ လက်သီးလေးကို ဆန့်ပေးကာ "ဒါဆို သဘောတူပြီနော်" ဟု ပြောလိုက်သည်။


ရှောင်ဟန်ကျန့်က သူမရဲ့ လျင်မြန်သည့်တုံ့ပြန်မှုနှင့် အံ့ဖွယ်အမူအရာကို တွေ့လိုက်လေသည်။


ဒါက လက်ဆွဲရမည် သို့မဟုတ် လက်သန်းချင်း ချိတ်ကာ ကတိပေးရမည်ဖြစ်သည်။


သူက အားအကုန်စိုက်ထုတ်ပြီး လက်မြှောက်ကာ သူမရဲ့ လက်သီးဆုပ်လေးကို ထိလိုက်သည်၊ "ဒါဆို ပြီးပြီ"


ခဏနေတော့ ရှောင်ပိုင်လီက ဆန်ပြုတ်တစ်ပန်းကန်ယူကာ ဝင်လာခဲ့သည်။


သူမက ပြုံးပြီး ရှစ်ချင်းလျို့ကို ကမ်းပေးလိုက်သည်။ "အစ်ကို့ကို ဆန်ပြုတ်တိုက်ဖို့ ယောက်မကိုပဲ ဒုက္ခပေးရတော့မယ်။"


သူမက အသက် ၁၂နှစ်ရှိပြီဖြစ်လို့ ထိုအရာမျိုး လုပ်ဖို့ မသင့်လျော်တော့ပေ။


ယောက်မဖြစ်သူကို အစ်ကို့ကို ဆန်ပြုတ်တိုက်စေခြင်းဖြင့် သူတို့နှစ်ယောက်ကိုလည်း ရင်းနှီးသွားစေလိမ့်မည်။


ရှစ်ချင်းလျို့က သိမ်မွေ့စွာ ဆန်ပြုတ်ပန်းကန်ကို ယူလိုက်သည်၊ "ကောင်းပါပြီ"


သူမက အိပ်ရာရှေ့ထိုင်ကာ ဆန်ပြုတ်တစ်ဇွန်းကိုခပ်ပြီး အေးသွားအောင် မှုတ်ပေးပြီးမှ ခွံကျွေးလေသည်၊ "ဒါဆို စားလိုက်ဦး"


ရှောင်ဟန်ကျန့်က ဒီလိုဆန်ပြုတ်ကျွေးခံရတာ ပထမဆုံးမလို့ ကို့ရို့ကားယားနှင့် သက်တောင့်သက်သာ ရှိမနေပေ။


သူ့တွင် အားရှိပါက ကိုယ့်ဘာသာကိုယ်သာ ယူစားလိုက်ချင်တော့သည်။


သို့ပေမယ့် ရှစ်ချင်းလျို့ရဲ့ ကြည်လင်သည့် မျက်နှာနှင့် သိမ်မွေ့သည့် အမူအရာကြောင့် သူ့ရဲ့ အဆင်မပြေမှုတွေကို ဘေးဖယ်ကာ ပါးစပ်ဟပြီး ခွံ့ကျွေးသည့် ဆန်ပြုတ်ကိုသာ သောက်နေလိုက်တော့သည်။