အခန်း ၂၁
Viewers 7k

အခန်း (၂၁) ဘယ်သူလုပ်တာလဲ


ရှစ်ချင်းလျို့က အမေရှောင်ထက် ပိုတွေးခဲ့သည်။


သူမက ရှောင်ဟန်ကျန့်ကိုမေးလိုက်သည်၊ "သမားတော် ဒါမှမဟုတ် သူ့မိသားစုနဲ့ ရန်ငြိုးတွေများရှိခဲ့လား"


ရှောင်ဟန်ကျန့်က ခေါင်းခါပြခဲ့သည်၊ "မရှိဘူး"


ရှစ်ချင်းလျို့က လက်မြောက်ကာ သူတို့ နေခဲ့သည့် အရင်အိမ်အဟောင်းဘက်ကို ညွှန်ပြလေသည်၊ "ဒါဆိုရင် လာဘ်ထိုးခံလိုက်ရလို့ ရှင့်ကိုအန္တရာယ်ပေးတာဖြစ်မယ်၊ အဲအိမ်က တစ်ယောက်ယောက် ဖြစ်လိမ့်မယ်။"


အမေရှောင်က ကြက်သေသေသွားခဲ့သည်၊ "ရှောင်မိသားစုက ပိုက်ဆံကို အသက်ထက်တန်ဖိုးထားတာ၊ သမားတော်ကို လာဘ်ထိုးဖို့အတွက် ပိုက်ဆံသုံးဆန္ဒရှိပါ့မလား။"


"ပြီးတော့ သူတို့က ဘာလို့ ကျန့်အာကို သေစေချင်တာလဲ၊ အမေတို့က သူတို့နဲ့ ဆက်ဆံရေး အကုန်ဖြတ်တောက်ခဲ့ပြီးပြီ။"


ဒါတွေက သူမ ချွေးမရဲ့စကားကို မယုံလို့မဟုတ်ဘဲ ရှုပ်ထွေးနေခြင်းသာ ဖြစ်သည်။


ရှောင်ဟန်ကျန့်က သူ့ဇနီး ဉာဏ်သိပ်ကောင်းကာ ထက်မြက်ကြောင်းကို သိသည်။


သူက အမေရှောင်ကို ရှင်းပြခဲ့သည်၊ "သူတို့ကတော့ ဆန္ဒမရှိနိုင်ပေမယ့် တစ်စုံတစ်ယောက်ကတော့ ရှိနိုင်တယ်။"


"သားတို့မိသားစု အသက်ရှင်နေသ၍ စိတ်အနှောက်အယှက်ဖြစ်နေမယ့် အမျိုးသမီးပေါ့၊ သားတို့က သူနဲ့ အဲဒီဆန်ကုန်မြေလေးရဲ့ ဆက်ဆံရေးကို နာမည်ပျက်စေခဲ့တယ်လေ၊ သားကို စာရွက်ပေါ်မှာတောင် သူ့သားအဖြစ် မလိုချင်သလို အနာဂတ်မှာ တော်ဝင်စာသင်သားလည်း မဖြစ်လာစေချင်ဘူးလေ၊ ဒီလိုဆိုရင် ဗိုလ်ချုပ်ကြီးရဲ့ဇနီးအဖြစ် သူ့အတိတ်ကို တူးဖော်တဲ့လူတွေက သူ့အကြောင်း သိသွားမှာပဲလေ၊ ဦးလေးနဲ့ တူမက အရှက်မရှိ လူမှုရေးဖောက်ပြန်နေတာကို တခြားလူတွေ သိသွားအောင် သားတို့လုပ်သင့်တယ်။"


အဆက်အသွယ် အကုန်ဖြတ်တောက်ပြီး မိသားစုက ထွက်ခဲ့တာတောင် ထိုမိန်းမက သူတို့က မလွတ်ပေးဘဲ နေလိမ့်မည်ဟု သူ မထင်မိခဲ့ပေ။


ဒါ့အပြင် သူ့အစီအစဥ်တွေက အလွန် လျှို့ဝှက်လွန်းသည်။


အရင်ဘဝ နိုးထလာတုန်းက မိသားစုထဲမှာ သူကသာ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဖြစ်သည်။


တောင်ပေါ်ကနေ သူ့ဘာသာသူ ပြုတ်ကျတာ မဟုတ်ကြောင်း သူမှတ်မိခဲ့သည်။


သူ့အမေနှင့် ညီလေး၊ ညီမလေးတွေ သေရတာဟာလည်း သွေးရိုးသားရိုး မဟုတ်မှန်း သူခံစားမိခဲ့သည်။


ထို့ကြောင့် တိတ်တဆိတ်စုံစမ်းရာမှ ထိုအကြောင်းကို သိခဲ့ရခြင်း ဖြစ်သည်။


အပြင်ပန်းကကြည့်ရင်တော့ ထိုအမျိုးသမီးက နူးညံ့သည့်ပန်းလေးလို အမျိုးသားရဲ့ ကာကွယ်ပေးမှုကို လိုအပ်နေပုံပေါက်ပေမယ့် တကယ်တန်းတော့ သူမက လူတိုင်းထက် ပိုယုတ်မာသည်။


ရှောင်ဟန်ကျန့်က သူ့အမေရဲ့ ဖြူဖျော့နေသည့် မျက်နှာလေးကိုကြည့်ကာ စိတ်မကောင်းသော်လည်း ဖော်ထုတ်ရန် ဆုံးဖြတ်ခဲ့သည်။


"သားတောင်ပေါ်မှာ ထင်းခုတ်နေတုန်း ခြေထောက်တွေ ထုံကျဥ်ပြီး ပျော့ခွေသွားခဲ့တာ၊ တစ်ယောက်ယောက်က သားခြေထောက်ကို ခဲနဲ့ ပေါက်လိုက်တာကို သေချာပေါက် ခံစားမိလိုက်ပြီး အဲကနေ တောင်အောက်ကျသွားခဲ့တာပဲ။"


သူက ဆက်ပြောခဲ့သည်၊ "အာ့လန် ရေနစ်တာလည်း မတော်တဆ မဟုတ်ဘူး၊ သားသာ ငါးစွပ်ပြုတ်စားရရင် အသက်ရှင်မယ်လို့ တစ်ယောက်ယောက်က တမင်ရည်ရွယ်ချက်ရှိရှိပြောလို့ သူငါးသွားဖမ်းခဲ့တာ။"


အာ့လန် ခြေထောက်ကြွက်မတက်ရင်တောင် သူရေထဲဆင်းပြီး သိပ်မကြာခင်မှာ အဲမိန်းမလွှတ်လိုက်သည့်လူက ရေနစ်သတ်မှာပဲ ဖြစ်သည်။ ဒီလိုဆိုရင် ဘယ်သူမှ သံသယဝင်မည် မဟုတ်ပေ။


"သားညီမလေးကို မီးမြှုပ်သင်္ဂြိုလ်ဖို့အတွက် ဝူမိသားစုနဲ့ လက်ထပ်စေချင်တဲ့ အဒေါ်ကြီးနဲ့ တတိယအဒေါ်လည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်လောက်တယ်။"


ရှောင်သခင်မကြီးကို လှုံ့ဆော်ခဲ့သူက ထိုအမျိုးသမီးသာဖြစ်ကြောင်း သူ့အတိတ်ဘဝတုန်းက သိခဲ့ရသည်။


ဝူမိသားစုနှင့် လက်ထပ်ပြီး မြှုပ်နှံသင်္ဂြိုလ်ပါက ဝူမိသားစုက ငွေအများကြီးပေးမယ့်သတင်းကို ထိုအမျိုးသမီး သိသွားခဲ့သည်။


ဒါကြောင့်ပဲ အဒေါ်နှစ်ယောက်ကို ထိုသို့လုပ်ဖို့ သူမ လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။


အမေရှောင်ရဲ့မျက်နှာက ထပ်ဖြူဖျော့သွားခဲ့သည်၊ "ငါတို့ကို ဒီအခြေအနေထိရောက်အောင် တွန်းပို့ခဲ့ပြီးတာတောင် ငါတို့ကို မလွှတ်ပေးသေးဘူးလား၊ သူ ဘာလို့ အဲလောက်ရက်စက်ရတာလဲ။"


သူမက တကယ်ပဲ သားအမိနှစ်ယောက်ကို သေစေချင်တာဖြစ်သည်။


အလွန်ကြောက်ဖို့ကောင်းသည့် ကိစ္စဖြစ်၏။


ရှောင်ဟန်ကျန့်က ပြောခဲ့သည်၊ "အမေ့ကိုဖယ်ရှားဖို့ သူ့ဗိုက်ထဲက သူ့ကလေးကိုတောင် စတေးခဲ့သေးတာပဲ၊ သားတို့ကို အန္တရာယ်ပေးဖို့ဆိုတာ သူ့အတွက် ကိစ္စကြီး မဟုတ်ပါဘူး။"


"ဒါဆို သားအဖေကကော" အမေရှောင်ရဲ့ အသံက တုန်ယင်နေသည်၊ "အဲဆန်ကုန်မြေလေးကော သိလား။"


ရှောင်ဟန်ကျန့်က လှောင်ပြောင်ရယ်မောခဲ့သည်၊ "သူသိတော့ကော သူက ဘာလုပ်နိုင်မှာလဲ။"


"အဲမိန်းမက သူ့ကို သေချာပေါက် ဒီကိစ္စပေးမသိလောက်ဘူး၊ မဟုတ်ရင် ဆန်ကုန်မြေလေးရဲ့ ရင်ထဲက သူ့ပုံရိပ် ထိခိုက်သွားမှာပေါ့။"


"ဒါပေမဲ့ သူသိသွားရင်တောင် အဲမိန်းမက ခါးသီးစွာ ငိုပြီး ဆုံးရှုံးခဲ့တဲ့ကလေးအတွက် လက်စားချေတာပါလို့ပြောရင် သူက ဘာမှလုပ်မှာမဟုတ်တော့ဘူး၊ ချော့တောင်ချော့နေဦးမယ်။"


ဆန်ကုန်မြေလေးအဖေရဲ့ အကျင့်စရိုက်ကို သူနားလည်ပြီးသားဖြစ်သည်။


ထိုအမျိုးသမီးက ဆန်ကုန်မြေလေးအဖေရဲ့ အချစ်စစ်ဖြစ်သည်။ သူတို့အကုန်လုံးပေါင်းရင်တောင် အဲဒီမိန်းမ၏ လက်ချောင်းကိုတောင် ယှဥ်နိုင်မည်မဟုတ်ပေ။


အမေရှောင်က ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေသည်၊ "ဒါပေမဲ့ သားက သူ့ရဲ့သားလေ"


ဘယ်လိုလုပ် အဲလောက် အကြင်နာတရား ခေါင်းပါးတဲ့လူ ရှိနေရတာလဲ။


ရှောင်ဟန်ကျန့်က မအောင့်အီးနိုင်စွာ ရယ်မိလေသည်၊ "ကလေးဆိုတာ သေသွားရင် ထပ်မွေးလို့ရတယ်၊ သူ့မျက်လုံးထဲမှာတော့ အဲမိန်းမ မွေးပေးတဲ့ကလေးကမှ သူ့ကလေးလို့မြင်နေတာလေ။"


သူ့အမေနဲ့သူ့တို့မောင်နှမတွေရဲ့ တည်ရှိမှာက သူ့အတိတ်က မကျန်းမာမှုနှင့် ကံကောင်းခြင်း အကြောင်းပြချက်သာ ဖြစ်သည်။


သူတို့ကို လူကိုယ်တိုင် မသတ်နိုင်တာတင် ကောင်းနေပြီဖြစ်ကာ သူတို့ကို သူကိုယ်တိုင် ကိုင်တွယ်နိုင်ကြောင်း တွေးခဲ့သည်။


ထိုအမျိုးသမီးက အလွန်ဉာဏ်ကောင်းသည်။


သူတို့အပေါ် ထားရှိသည့် အဖေရဲ့ အေးတိအေးစက်စိတ်ကြောင့်သာ မဟုတ်ရင် ထိုမတော်တဆမှု ပြီးပါက သူ့အဖေရဲ့ အပြစ်ပေးခြင်းခံရမှာကို ထိုမိန်းမ စိုးရိမ်နေရလိမ့်မည်။


ဒါကြောင့် သူတို့ရဲ့နောက်ကွယ်မှာ သူတို့အပေါ် ရက်စက်ယုတ်မာရဲနေတာ ဖြစ်သည်။


သူ့အဖေကလည်း အပြစ်ကင်းသူ မဟုတ်ပေ။


အမေရှောင်က သက်ပြင်းရှိုက်ခဲ့သည်၊ "ဒီလိုဆိုရင်လည်း ဘာလို့ သားကို မြို့တော်ခေါ်သွားဖို့ လုပ်ခဲ့သေးလဲ"


ရှောင်ဟန်ကျန့်က ပြန်ဖြေခဲ့သည်၊ "သားကို မြို့တော်ကိုခေါ်သွားမယ်ဆိုတာ အဲမိန်းမရဲ့ အကြံပြုချက်ပဲ၊ တစ်ဖက်မှာတော့ ရွာထဲမှာနဲ့ ရှောင်အိမ်မှာ သူက အရမ်းသဘောထားကြီးပုံပေါက်တာပေါ့၊ သားသာ မြို့တော်မှာရှိနေရင် ဗိုလ်ချုပ်စံအိမ်က သူ့ပိုင်နက်ဖြစ်နေမှာ၊ ကိစ္စတွေကိုလည်း သူဆုံးဖြတ်နိုင်မယ်လေ၊ သားသေသွားရင်တောင် ဖုံးကွယ်ဖို့ သူဆင်ခြေရှာနိုင်တာပေါ့။"


အတိတ်ဘဝတုန်းကတော့ သူဒါကို မတွေးမိခဲ့ပေ။


ရွာလိုနေရာလေးထဲမှာ ဘယ်သူကများ အဲလောက် ကောက်ကျစ်ယုတ်မာတာမျိုး ရှိဖူးလို့လဲ။ သူ တစ်ခါမှ မတွေ့ဖူးခဲ့ပေ။


မြို့တော်ကိုသွားဖို့ ငြင်းခဲ့တာက ထိုအမျိုးသမီးကြောင့်မဟုတ်ဘဲ သူ့ရဲ့ ရွံ့ဖို့ကောင်းသည့်အဖြေကြောင့် ငြင်းခဲ့ခြင်း ဖြစ်သည်။


သူ့အဖေလိုလူစားမျိုး မဖြစ်လာချင်သလို သူ့အမေနှင့် မောင်နှမတွေ မရှိဘဲလည်း သူ မနေနိုင်ပေ။


ထိုမိန်းမ အကုန်လုပ်ခဲ့ပြီးမှ သူ ဒီကိစ္စတွေကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။


အဖေဘက်က အဖွားက သူ့အမေကို အနိုင်ကျင့် ဖိနှိပ်တာ အဆိုးဆုံး ဖြစ်သည်။


ယုတ်မာသည့် အမျိုးသမီးနှင့် အကြင်နာမဲ့သည့် အမျိုးသား ရှိလိမ့်မည်ဟု သူ မထင်မိခဲ့ပေ။


ဟိုးတုန်းက ရှောင်အိမ်က ဒုတိယသားက သူမကို သဘောကျနှစ်သက်လို့ လက်ထပ်ခွင့် လာတောင်းခဲ့သည်။


လက်မထပ်ခင်တုန်းက သူ့ကိုပြန်ချစ်ဖို့ အကြိမ်ကြိမ် နားချခဲ့ပြီး သူမ၏ မိဘတွေကို တောင်းပန်ပြီးမှ သူနဲ့ လက်ထပ်ဖို့ သဘောတူခဲ့သည်။


တနည်းအားဖြင့် သူမရဲ့မိဘတွေက ရှောင်အိမ်ကလူတွေကို သဘောမကျတာကြောင့် လက်မထပ်စေချင်ခဲ့ပေ။


လက်ထပ်ပြီးနောက် သူမနှင့် ထိုဆန်ကုန်မြေလေးက ချိုမြိန်သည့် နေရက်လေးတွေ ရှိခဲ့သည်။


သူ စစ်ထဲမဝင်ခင်အထိ ဇနီးအပေါ်နှင့် သားကြီးဖြစ်သူအပေါ်ကို ကောင်းမွန်ခဲ့သည်။


ရှောင်ဟန်ကျန့်က တစ်ချက်ကြည့်ရုံဖြင့် အမေဖြစ်သူရဲ့ အတွေးတွေကို သိနေခဲ့သည်။


"အမေ သူက ရှောင်မိသားစုရဲ့ ဒုတိယသားဆိုတော့ မိဘတွေရဲ့ တန်ဖိုးထားတာ မခံခဲ့ရဘူးလေ၊ အမေကတော့ အဖိုးအဖွားရဲ့ တစ်ဦးတည်းသောသမီးဖြစ်သလို အမေတို့ရဲ့ မိသားစုအခြေအနေက မဆိုးတော့ သူက အမေနဲ့ လက်ထပ်ချင်ခဲ့တာ၊ အမေနဲ့ လက်ထပ်လိုက်တာ သူ့အတွက် အကျိုးအမြတ် အကြီးစားပဲ၊ အဖိုးဆီက တိုက်ခိုက်စွမ်းရည် သင်ယူနိုင်ခဲ့လို့ သူအခုလို တိုက်ခိုက်ရေးမှာ တော်နေတာပေါ့။"


သူ့အမေဘက်က အဖိုးက ရွာထဲက တော်သည့်မုဆိုးတစ်ဦးဖြစ်ပြီး သူများဆီက တိုက်ခိုက်ရေးပညာကို သင်ယူခဲ့သည်။


ကိုယ်ရံတော်ငှားသည့် အလုပ်တွင်လည်း အလုပ်လုပ်တာကြောင့် သူ့စွမ်းရည်က ပိုထက်ခဲ့သည်။


အဖိုးဆီက တိုက်ခိုက်စွမ်းရည် မသင်ယူဘဲ ဆန်ကုန်မြေလေးအဖေသာ စစ်ထဲဝင်သွားပါက စီနီယာဗိုလ်ချုပ်အဆင့်တောင် ရောက်မည်မဟုတ်ပေ။


သူက ဆက်ပြောခဲ့သည်၊ "အဖိုးနဲ့ အဖွားရဲ့ မကြာခဏ ထောက်ပံ့တဲ့ငွေတွေကြောင့် သားတို့ ကောင်းကောင်း နေထိုင်နိုင်ပြီး သားလည်း ကျောင်းသွားနိုင်ခဲ့တာ၊ အဖိုးနဲ့ အဖွားလည်း ဆုံးကော ရှောင်မိသားစုက အဖိုးအဖွားတွေရဲ့ အမူအရာတွေ ပြောင်းသွားပြီး အမေ့ကို စဖိနှိပ်ခဲ့တော့တာပဲ၊ ဦးလေးတွေနဲ့ အန်တီတွေကိုလည်း အမေ့ကို အနိုင်ကျင့်ခွင့်ပေးခဲ့တယ်၊ ဆန်ကုန်မြေလေးကလည်း အမေ့ပေါ် အေးစက်သွားခဲ့တယ်၊ အမေ ခံစားမိမှာပါ၊ ဒါထက် စစ်ထဲဝင်ဖို့ သူ တကယ်ဖိအားပေးခံရတာလား၊ ရေကန်အသင့် ကြာအသင့် ဖြစ်သွားတယ် ထင်တာပဲ၊ သူ့စိတ်ထဲမှာ နဂိုကတည်းက အစီအစဥ်ရှိပြီးသားလေ။"


သူ့ရဲ့ဆန်ကုန်မြေလေးအဖေက ရည်မှန်းချက်ကြီးကာ တစ်ဘဝလုံး သာမာန်လယ်သမားဘဝဖြင့် မနေထိုင်ချင်ပေ။


စစ်ထဲဝင်ခြင်းက ထိုးထွက်ဖို့ လမ်းစ ဖြစ်သည်။ နောက်ဆုံးတော့ သူ အောင်မြင်ခဲ့သည်။


သူ့အမေကို ကိုယ့်ဘာသာ ဆက်မလှည့်စားစေချင်သလို ထိုဆန်ကုန်မြေလေးအပေါ်လည်း မျှော်လင့်ချက် ထပ်မထားစေချင်ပေ။


အမေရှောင်က မျက်ရည်တွေကျခဲ့သည်၊ "သူက သားရဲတိရိစ္ဆာန်ကောင်၊ ကိုယ့်ကလေးကို ပြန်မစားတဲ့ ကျားထက်တောင် ဆိုးသေးတယ်။"


ထိုအချိန်မှာ သူမ ရင်ထဲက နောက်ဆုံးကျန်သည့် မျှော်လင့်ချက်၊ အတွေးတွေ၊ ချစ်ခင်မှုတွေအကုန် ပျက်စီးသွားကာ အမုန်းတရားတစ်ခုသာကျန်တော့သည်။


သူမကလေးတွေကသာ သူမ အသက်ဆက်ရှင်မည့် အကြောင်းပြချက်ဖြစ်သည်။


သူမ တစ်ခါချစ်မိခဲ့သည့် ဆန်ကုန်မြေးလေးတောင် မှီခိုလို့မရခဲ့ပေ။