အခန်း (၂၀) ဆေးကတစ်ခုခုမှားနေတယ်
တို့ဟူးတွေ အဆင်သင့်ဖြစ်သွားတဲ့အချိန်မှာ ရှစ်ချင်းလျို့က ရှောင်အာ့လန်နှင့် အဒေါ်ကြီးတွေကို ခေါ်ခိုင်းလိုက်လေသည်။
ရှောင်ပိုင်လီကျတော့ သူများတွေ စားဖို့အတွက် ထည့်ပေးဖို့ တာဝန်ပေးခဲ့သည်။
အတိတ်ဘဝတုန်းက သူမအိမ်မှာ ချက်ပြုတ်ရေးနှင့် သန့်ရှင်းရေးအတွက် အကူအမျိုးသမီးတွေ ရှိတာကြောင့် သူမရဲ့ အချက်အပြုတ်စွမ်းရည်က သိပ်မကောင်းပေ။
ရှောင်ပိုင်လီက ဟင်းချက်တော်ပေမယ့် မိသားစုထဲမှာ ပြသဖို့အတွက် နေရာမရှိပေ။
ရှောင်အာ့လန် ခေါ်လာသည့် လူတွေက စားကောင်းကြောင်း ပြောသွားခဲ့ကြသည်။
ထို့နောက် သူတို့စားသောက်ပြီး သူတို့ကို လိုက်ပို့သည့်အချိန်မှာ ရှစ်ချင်းလျို့က ကြော်စားလို့ရကြောင်း၊ ဟင်းရည်လုပ်စားလို့ရကြောင်း၊ ငါးနှပ်လေးဖြင့် စားလို့ရကြောင်း ပြောပြခဲ့သည်။
အမေရှောင်ကလည်း သူတို့ကို ပြန်ပို့ပေးခဲ့သည်။
သူတို့ထဲက တစ်ယောက်က ပြုံးကာ ပြောခဲ့သည်၊ "နင်က အခက်အခဲတွေအကုန် ရင်ဆိုင်ခဲ့ပြီးပြီ၊ အခု နင့်သားကြီးနိုးလာရုံတင်မကဘူး သူ့မိန်းမကလည်း အရည်အချင်းရှိတယ်"
အမေရှောင်က ပြုံးကာ ပြောခဲ့သည်၊ "သူက တကယ်တော်တယ်။"
"ဒီတို့ဟူးတွေကို ရောင်းမှာလား" နည်းနည်း သွက်သွက်လက်လက်ရှိသည့် နောက်ထပ် အမျိုးသမီးတစ်ဦးက မေးခဲ့သည်။
သူတို့က တို့ဟူးကို တစ်ခါမှမစားဖူးသလို မြင်လည်းမမြင်ဖူးဘဲ အရသာကလည်း တော်တော်လေး ကောင်းနေသည်။
ပဲစျေးကလည်း သိပ်မကြီးတာကြောင့် ရောင်းရခက်မည်မဟုတ်ပေ။
အမေရှောင်က ခေါင်းခါပြခဲ့သည်၊ "မသိဘူး ချွေးမလေးကို ဆုံးဖြတ်ခိုင်းမှရမယ်"
မိန်းကလေးရှစ်ရဲ့ ယောက္ခမဖြစ်သည့် အမျိုးသမီးခုန်က ဘာပြောချင်တာလဲဟု သူတို့ အံ့သြသွားခဲ့သည်။
သူတို့ကို ပြန်ပို့ပြီးနောက် အမေရှောင်က ခြံထဲပြန်ဝင်လာခဲ့သည်။
ညစာစားချိန်နီးနေပြီဖြစ်သည်။ ရှောင်ပိုင်လီက ထမင်းနှင့် တို့ဟူးကြော်ကို ပြင်ထားပြီးပြီဖြစ်သည်။ ထို့နောက် ရှစ်ချင်းလျို့ရဲ့ ညွှန်ပြမှုအောက်မှာ သူမက ဂေါ်ဖီထုပ်နှင့် တို့ဟူး ဟင်းရည်ကို ချက်ပြုတ်ခဲ့သည်။
တစ်မိသားစုလုံး ထိုင်ကာ စားသောက်ခဲ့ကြသည်။
ရှောင်ဟန်ကျန့်က ဆန်ပြုတ်စားနေရဆဲဖြစ်ကာ တို့ဟူးကို အနည်းငယ်သာစားခဲ့သည်။
သူက သတိလစ်နေတာကြာပြီဖြစ်တာကြောင့် အစာစားသည့်အချိန် ဖြည်းဖြည်းချင်းစားရသည်။
မဟုတ်ပါက အစာအိမ် နာတတ်သည်။
သူက ရှစ်ချင်းလျို့ကို မေးခဲ့သည်၊ "ဒီတို့ဟူးနဲ့ ဘာလုပ်ချင်တာလဲ"
ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်၊ "ပိုက်ဆံရှာမှာပေါ့၊ ဒါပေမဲ့ မနက်တိုင်း တို့ဟူးလုပ်ဖို့တော့ခက်တယ်၊ ကိုယ်တိုင်လုပ်ပြီး ရောင်းဖို့ အစီအစဥ် မရှိဘူး။"
တို့ဟူးလုပ်ဖို့ ပဲကြိတ်ရတာ အလွန်ခက်သည်။ အသက်ကြီးတဲ့လူနှင့် ကလေးတွေရှိသည့် သူမ မိသားစုရဲ့ လုပ်အားဖြင့် အဆင်မပြေပေ။
ရှောင်ဟန်ကျန့်ကမေးခဲ့သည်၊ "အစီအစဥ်ရှိလို့လား"
ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်၊ "လူငှားပြီး လုပ်ချင်တယ်၊ ပြီးရင် အဲတာကို ရွာထဲက တခြားလူတွေကို ၁ကီလိုကို ၂ပြားနဲ့ ရောင်းချချင်တယ်"
"သူတို့က တို့ဟူးကိုယူပြီး မြို့ထဲမှာဖြစ်ဖြစ် တခြားရွာမှာဖြစ်ဖြစ်သွား ရောင်းလို့ရတယ်"
"ဒီလိုဆိုရင် ကျွန်မတို့လည်း မပင်ပန်းတော့ဘူး၊ ရွာထဲက လူတွေကိုလည်း ရောင်းလို့ရမယ်"
သူမက ဆက်ပြောခဲ့သည်၊ "သူများရဲ့ အင်အားကိုသုံးပြီး ကိုယ့်ဘာသာကိုယ် ဂရုစိုက်နည်းလို့ခေါ်တယ်"
"အကျိုးအမြတ်အတွက် ကမ္ဘာကြီးက ပျားပန်းခတ်လှုပ်ရှားနေတာ"
"ရွာထဲကလူတွေကို စုပေါင်းပြီး ထောက်ပံ့ပေးနိုင်ပြီး သူတို့သာ ကျွန်မတို့ကို စိတ်ဝင်တစားရှိရင် ကျွန်မတို့ရဲ့ ဆွေမျိုးတွေဖြစ်ဖြစ် ဝူမိသားစုကိုဖြစ်ဖြစ် အကျိုးအမြတ် ယူနိုင်တယ်"
ဝူမိသားစုက အန္တရာယ်ပြုမှာကို သူမ မမေ့သေးပေ။
ထိုသို့ ထိုးထွင်းမြင်နိုင်သည့်စကားတွေ သူမပြောလိမ့်မည်ဟု ရှောင်ဟန်ကျန့်မထင်မိခဲ့ပေ။
တာအိုဘုန်းတော်ကြီးက လျှို့ဝှက်ဆန်းကြယ်သည့်အစွမ်းဖြင့် ရှစ်ချင်းလျို့ရဲ့စိတ်ကို ထိုသို့သွေးခဲ့တာလားဟု သူခံစားနေရသည်။
သူက သဘောတူခဲ့သည်၊ "ဒီအကြံသိပ်ကောင်းတယ်လို့ထင်တယ်"
အခု သူက တို့ဟူး လုပ်ငန်းကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ တွေးနေသည်။
ထူးဆန်းစွာပင် ရှစ်ချင်းလျို့မှာ သူနှင့်တူသည့်အတွေးရှိနေသည်။
ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ကာ ပြောခဲ့သည်၊ "ဒါဆို သဘောတူပြီနော်၊ ခြံအနောက်မှာလည်း နေရာလွတ်ရှိနေတာပဲ၊ ၂ရက်အတွင်း အမိုးအကာတွေဆောက်ပြီးရင် လူငှားမယ်၊ အခုကစပြီး တို့ဟူးလုပ်ကြတာပေါ့"
"ဒါဆို ကုန်ကျစရိတ်ကိုသေချာတွက်ရမယ် အလေးချိန်တစ်ခုကို ဘယ်လောက်နဲ့ရောင်းလို့ရမလဲဆိုတာ ကြည့်တာပေါ့"
သူမက ထပ်ပြောခဲ့သည်၊ "ရွာသားတွေက ပဲတွေနဲ့ တို့ဟူးကို လဲနိုင်သလို ပိုက်ဆံနဲ့လည်း ဝယ်လို့ရတယ်၊ မဟုတ်ရင် ပဲစုဖို့အတွက် အခက်အခဲရှိလိမ့်မယ်"
သူမက မိဘတွေရဲ့ ဖိအားပေးလေ့ကျင့်ပေးမှုကို နှစ်အနည်းငယ်ခံခဲ့ရသည်။
သူမကို သူတို့က စီးပွားရေးတစ်ခု စတင်စေချင်ပြီး ကုမ္ပဏီကို အမွေဆက်ခံစေချင်သည်။
ထိုအချိန်တုန်းက သူမ စီးပွားရေးအကြောင်း အများကြီး လေ့လာခဲ့ဖူးသည်။
ကံဆိုးချင်တော့ မိဘနှစ်ပါးလုံးက သူမအရူးလုပ်တာ ခံခဲ့ရသည်။
သူမ စိုက်ပျိုးရေးတက္ကသိုလ် ဝင်လျှောက်ခဲ့တော့ မိဘနှစ်ပါးလုံး အလွန်ဒေါသထွက်ခဲ့သည်။
နောက်ဆုံးတော့ သူမကို လွှတ်ထားပေးခဲ့သည်။
သူမ မသေခင်မှာ မိဘနှစ်ပါးက အမြွှာလေးနှစ်ယောက် မွေးခဲ့သည်။
သူတို့နှစ်ယောက်ကို ငယ်ငယ်ကတည်းက သဘာဝကျကျ ကြီးလာစေချင်ပြီး သူမလို အရာရာ ဆန့်ကျင့်သည့်လူ မဖြစ်စေလိုကြောင်း ပြောခဲ့သည်။
အနာဂတ်မှာ သူတို့က ကုမ္ပဏီကို အမွေဆက်ခံလိမ့်မည်။
ရှစ်ချင်းလျို့က စီးပွားရေးကိစ္စမှာ ထက်မြတ်ပြီး အရည်အချင်းရှိကြောင်း ရှောင်ဟန်ကျန့်သိခဲ့ရသည်။
သူက ခေါင်းငြိမ့်ပြခဲ့သည်၊ "ကောင်းပြီ ခဏနေရင် ကျုပ်ရွာသူကြီးနဲ့သွားတွေ့လိုက်မယ်၊ တို့ဟူးလုပ်ကူဖို့ ရွာသားတချို့ကို သူကြီးနဲ့ ရွေးခိုင်းလိုက်မယ်"
ရှစ်ချင်းလျို့ရဲ့ သကြားရည်ကို မနေ့ကော ဒီနေ့မနက်ပါ သောက်ခဲ့ပြီး ရိုးရိုးရေကိုလည်း အကြိမ်များစွာ သောက်ခဲ့ပြီးနောက် သူတော်တော်လေး နေရထိုင်ရကောင်းနေကာ အားမနည်းတော့ပေ။
လမ်းခဏလောက်လျှောက်တာက သူ့အတွက် ပြဿနာ မရှိပေ။
အမေရှောင်ကပြုံးပြီး သူတို့နှစ်ယောက် ဆုံးဖြတ်ချက်ချတာကို ကြည့်နေခဲ့သည်။
သူမက ဘာအကြံမှမပေးသလို ဝင်လည်း မနှောင့်ယှက်ခဲ့ပေ။
သူမက မိသားစုခေါင်းဆောင်ဖြစ်ဖို့ မကိုက်ညီတာကို သူမသိသည်။
အခုကစပြီး ချွေးမဖြစ်သူကို ဦးဆောင်ခိုင်းမည်ဖြစ်သည်။
ညစာစားပြီးနောက် ရှောင်ဟန်ကျန့်နှင့် ရှောင်အာ့လန်က ရွာသူကြီးအိမ်ကိုသွားကာ သူကြီးနှင့် အကြီးအကဲတွေကို တို့ဟူး ပေးခဲ့သည်။
ရွာသူကြီးက သူ့ချွေးမကို တို့ဟူးကြော်ခိုင်းလိုက်ကာ မြည်းစမ်းခဲ့သည်။
အရသာက မဆိုးတာကြောင့် ရောင်းလို့ ရနိုင်ကြောင်း သူသိခဲ့သည်။
ရှောင်ဟန်ကျန့်ရဲ့ မိသားစုမှာ ထိုကဲ့သို့ အသက်မွေးဝမ်းကြောင်းပညာရှိနေတာကို သူဝမ်းသာသည်။
ရွာသားတွေကို ကျေးဇူးပြန်ဆပ်ဖို့ နည်းလမ်းကို သူတို့လင်မယားနှစ်ယောက် တွေးတောကိုလည်း ရွာသူကြီးက သဘောကျနေခဲ့သည်။
သူတို့ရဲ့ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း သက်သေပြခဲ့သည်။
ထို့ကြောင့် သူက လူတွေစုကာ ကူပေးဖို့ မေးခဲ့သည်။
ရွာထဲက အလုပ်ကြိုးစားကာ ယုံကြည်ရသည့်လူတွေကို သူသိသည်။
သူတို့ကို ရှောင်ဟန်ကျန့်က ကျေးဇူးတင်ပြီးနောက် ရှောင်အာ့လန်ကိုခေါ်ကာ အိမ်ပြန်ခဲ့သည်။
အိမ်ပြန်ရောက်သည့်အချိန်မှာ ရှောင်ပိုင်လီက ဆေးတစ်ပန်းကန် ယူလာပေးခဲ့သည်။
"အစ်ကို ဆေးသောက်ဖို့အချိန်ရောက်ပြီ"
ထိုအချိန်မှာပဲ ရှစ်ချင်းလျို့က ညနေ တစ်ရေးတစ်မောအိပ်ကာ လမ်းလျှောက်ထွက်လာခဲ့သည်။
သူမက မေးလေသည်၊ "မပြီးသေးဘူးလား၊ ဘာလို့ဆေးဆက်သောက်နေတာလဲ"
အမေရှောင်က ပြောခဲ့သည်၊ "ဒါက မြို့ကသမားတော် ညွှန်းပေးခဲ့တာ အားဆေးပါ"
"သူအဖျားကျပြီး နိုးလာရင်တောင် ထိခိုက်ထားတာတွေရှိတယ်လို့ သမားတော်ကပြောတယ်၊ ကိုယ်ခန္ဓာအားကောင်းဖို့ ဆေးသောက်ဖို့လိုတယ်လို့ သမားတော်ကပြောတယ်"
ရှစ်ချင်းလျို့က ဆေးအကြောင်း သိပ်မသိပေ။ "သိပြီ"
ရှောင်ဟန်ကျန့်က ပန်းကန်လုံးထဲက ဆေးတွေကို ကြည့်လိုက်သည်။
မူလကတည်ငြိမ်နေသည့် သူ့မျက်လုံးက ရန်လိုမှုတွေပြည့်လာပြီး ဒေါသထွက်လာခဲ့သည်။
ရှစ်ချင်းလျို့က အာရုံခံမိခဲ့ပြီး သူ့ကို နားလည်ရခက်စွာ ကြည့်ခဲ့သည်။
ဒီဆေးကများသူ့ကို ဒုက္ခပေးခဲ့တာလား။
ရှစ်ချင်းလျို့ သူ့ကိုနားလည်ရခက်စွာ ကြည့်နေတော့ သူက ကြက်သေ သေသွားပြီးမှ ရန်လိုစိတ်တွေကို ထိန်းချုပ်ခဲ့သည်။
သူ့ဇနီးလေးက တော်တော်အကင်းပါးတာပဲ။
သူက ဆေးကိုတစ်ငုံသောက်ပြီးနောက် လက်ကိုင်ပဝါပေါ် ထွေးထုတ်ခဲ့သည်။
ထိုအချင်းအရာကိုမြင်သည့် အမေရှောင်က တစ်ခုခုမှားနေကြောင်း သိခဲ့သည်၊ "ကျန့်အာ ဆေးက တစ်ခုခု ဖြစ်လို့လား"
ရှောင်ဟန်ကျန့်က ဆေးပန်းကန်ကိုချကာ ခေါင်းငြိမ့်ပြခဲ့သည်၊ "ဟုတ်တယ် ဒီဆေးက သားရဲ့ ဖျတ်လတ်မှုတွေကို လျော့ကျစေရုံမက အားပါနည်းစေတယ်"
"သောက်လေလေ ပိုပိန်လာမှာ"
အမေရှောင်က မျက်လုံးပြူးသွားခဲ့သည်၊ "ဘယ်လိုဖြစ်နိုင်မှာလဲ"
ရှစ်ချင်းလျို့လည်း အနည်းငယ်ရှုပ်ထွေးသွားခဲ့သည်။
ဆေးအကြောင်းနားလည်နေသည့် ရှောင်ဟန်ကျန့်ကို ပိုအံ့သြခဲ့သည်။
သို့ပေမယ့် မဟုတ်သေးပေ။ ဆေးမသောက်ခင်တုန်းက သူ ဒေါသ အလိပ်လိပ်ထွက်ခဲ့သည်။
ရှောင်ဟန်ကျန့်က အမေရှောင်ကို မေးခဲ့သည်၊ "အမေ သား သတိလစ်နေတုန်း ကျိုထားတဲ့ဆေးတွေ ရှိသေးလား"
အမေရှောင်က ခေါင်းငြိမ့်ပြခဲ့သည်၊ "ရှိသေးတယ် ခြံအနောက်မှာ သွန်ထားတယ်"
"သွားကြည့်လိုက်ဦးမယ်" ရှောင်ဟန်ကျန့်က ထရပ်ခဲ့သည်။
ကျန်တဲ့လူတွေလည်း သူ့နောက်ကို လိုက်သွားခဲ့သည်။
ရှောင်ဟန်ကျန့်က ဆေးအကျန်တွေကို လှန်လှောရှာနေတာကို ရှစ်ချင်းလျို့ ကြည့်နေခဲ့သည်။
နောက်ဆုံးတော့ သူက ဆေးနှစ်မျိုးကို ရှာတွေ့ခဲ့သည်။
သူက အမေရှောင်နှင့် တခြားလူတွေကို ကြည့်ခဲ့သည်၊ "သား အဖျားကြီးပြီး မနိုးလာခဲ့တာ ဒီဆေးနှစ်မျိုးကြောင့်ပဲ"
အရင်ဘဝက မတော်တဆဖြစ်ပြီး သူနိုးလာတော့ ဒါကို သူ ရှာတွေ့ခဲ့သည်။
သူက လက်စားချေဖို့အတွက် ဆေးဝါးအကြောင်းပါ အထူးလေ့လာခဲ့သည်။
တစ်ငုံသောက်ရုံဖြင့် စောနက ဆေးက အဓိကပြဿနာဆိုတာ သူပြောနိုင်သည်။
အမေရှောင်က မယုံကြည်နိုင်ခြင်းများစွာဖြင့် မေးလေသည်၊ "အမေတို့မြို့က သမားတော်က သားကို ရည်ရွယ်ချက်ရှိရှိ အန္တရာယ်ပြုတာလို့ ပြောချင်တာလား"
သူမက သားဖြစ်သူရဲ့ စကားတွေကို ယုံကြည်သည်။
သမားတော်က သားဖြစ်သူကို အန္တရာယ်ပြုတာကို မယုံနိုင်တာဖြစ်သည်၊ "သူနဲ့ ဘာရန်ငြိုးရန်စမှမရှိဘဲ ဘာလို့ အန္တရာယ်ပေးရတာလဲ"