အခန်း (၁၉) အခုကစပြီး ကျွန်မက ရှင့်ကို ကာကွယ်ပေးမယ်
နူးညံ့သည့် တို့ဟူးပူတင်းလေး ရသွားတော့ ရှစ်ချင်းလျို့က ပန်းကန်အနည်းငယ်လောက် ခပ်လိုက်သည်။
သူမက ရှောင်ဟန်ကျန့်ကိုကြည့်ကာ မေးလေသည်၊ "ချိုတာကြိုက်လား ငန်တာကြိုက်လား"
ရှောင်ဟန်ကျန့်က ပြန်ဖြေလေသည်၊ "ငန်တာကြိုက်တယ်ထင်တယ်"
သူက တကယ်ပဲ ချိုသည့်အစားအစာတွေ မကြိုက်ပေ။
ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ကာ ပြောလေသည်၊ "ဒါဆိုရင်တော့ ကျွန်မတို့ အကြိုက်တူတယ်"
ထိုအချိန် တာ့လျန်မင်းဆက်မှာ အစပ်မရှိသေးတာကြောင့် သူမ စားချင်ရင်တောင် စားလို့ မရပေ။
တစ်နေ့ကျရင် ငရုတ်သီးစေ့ဖြင့် ငရုတ်ပင်စိုက်ဖို့ စီစဥ်ထားလိုက်လေသည်။
"နင်တို့နှစ်ယောက်ကကော" သူမက ပိုင်လီနှင့် အာ့လန်ကို မေးခဲ့သည်။
သူတို့နှစ်ယောက်လုံးက အချိုကို ရွေးခဲ့သည်။
အခု သကြားတွေက စျေးကြီးလွန်းသည်။ ရှောင်မိသားစုရဲ့ အိမ်ဂေဟာကြီးမှာနေတုန်းက သူတို့နှစ်ယောက်က သကြားတောင် မစားဖူးပေ။
သူတို့တွေ ခွဲထွက်လာပြီးမှ အစ်ကိုဖြစ်သူက သကြားယူလာကျွေးရင်းနဲ့မှစပြီး သကြားကို ကြိုက်သွားခဲ့ခြင်း ဖြစ်သည်။
အိမ်တွင် ပဲငံပြာရည်နှင့် ဆားရှိသည်။ ဒါကြောင့် ရှစ်ချင်းလျို့က ပဲပိစပ်တချို့ ကြော်လိုက်သည်။
ထိုအရာတွေကို တို့ဟူးပူတင်း နှစ်ပန်းကန်ပေါ် ဖြူးပေးခဲ့သည်။
တစ်ပန်းကန်ကို ဟန်ကျန့်ကို ပေးလိုက်သည်၊ "ရော့ ကျန့်ကော စားကြည့်ပါဦး"
ရှောင်ဟန်ကျန့်က ပန်းကန်ကိုယူပြီး မျက်ခုံးပင့်လိုက်သည်၊ "ကျန့်ကော"
ရှစ်ချင်းလျို့က ခဏလောက် ဆွံ့အသွားလေသည်၊ "ရှင်က ကျွန်မထက်အသက်ကြီးလို့ ကျန့်ကောလို့ခေါ်တာ ဘာမှားလို့လဲ"
သူမက ရှောင်ဟန်ကျန့်ကို မျက်လုံးမှိတ်ပြလိုက်ပြီး နူးညံ့သည့် လေသံလေးဖြင့်ပြောလေသည်
"ရှင်က ကျွန်မကို အစ်ကိုကျန့်လို့ ခေါ်စေချင်နေတာလား"
ရှောင်ဟန်ကျန့်က ရယ်လိုက်သည်၊ "ခင်ဗျားအဆင်ပြေရင် ကျုပ်စိတ်ထဲမထားပါဘူး"
အစ်ကိုကျန့်က ပိုရင်းနှီးပုံရသည်။
ရှစ်ချင်းလျို့က လက်တွေကို ပွတ်လိုက်လေသည်၊ "ရှင်စိတ်ထဲမထားပေမယ့် ကျွန်မကတော့ ထားတယ်၊ ကြက်သီးတွေတောင်ထတယ်"
ဒါက စနောက်ရုံသာ အဆင်ပြေသည်။ သူ့ကို နေ့တိုင်း ကျန့်ကောလို့ခေါ်တာက သူမ ကပ်ဖားယက်ဖား လုပ်နေသလို ခံစားရသည်။
ပိုအရေးကြီးတာက သူမက အဲလောက်နူးညံ့သည့် မိန်းကလေး မဟုတ်ပေ။
မဟုတ်ပါက အဲလောက်ထိ ကြီးကျယ်သည့် ကိစ္စ မဟုတ်ပေ။
ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်က သူတို့ယောက်မ ဖြစ်နေပုံကိုကြည့်ပြီး အော်ရယ်ခဲ့သည်။
ရှောင်ဟန်ကျန့်က အမေရှောင် စားဖို့အတွက် ကလေးနှစ်ယောက်ကို တို့ဟူး ယူသွားပေးခိုင်းလိုက်သည်။
မီးဖိုချောင်ထဲကနေ ကလေးနှစ်ယောက်ထွက်သွားပြီးနောက် ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ကို ခပ်ပြုံးပြုံး ကြည့်လိုက်သည်၊ "တကယ်တော့ ခင်ဗျား ကျုပ်ကို ယောက်ျားလို့ ခေါ်လို့ရပါတယ်"
မနေ့က ရှစ်ချင်းလျို့ သူ့ကို ပေးခဲ့သည့် ပထမဆုံးထင်မြင်ချက်က သိပ်နက်နဲသည်။
သူမက လခြမ်းကွေးလေးလိုပြုံးလေပြီး သူမရဲ့ အကြည့်တွေက ကြည်လင်သည်။ သူမက လက်မြှောက်ကာ နှုတ်ဆက်လိုက်သည်၊ "မင်္ဂလာပါ ယောက်ျား"
ထိုအချိန်တုန်းက သူ ကြက်သေ သေသွားပြီး သူမ သူ့ကို ပထမဆုံးကြည့်သည့် ပုံစံလေးကို မှတ်မိနေဆဲဖြစ်သည်။
ရှစ်ချင်းလျို့က သူ့ကို ပြုံးကြည့်ကာ စနောက်လေသည်၊ "အဲတော့ ယောက်ျားလို့ ခေါ်စေချင်တာပေါ့လေ"
ဒီလူက တကယ်ကြီး အတည်ဖြစ်လိမ့်မည်ဟု သူမ မထင်မိခဲ့ပေ။ သူက အရမ်းပူလောင်မနေဘူးလား။
သူ့ဇနီးလေးက မရှက်တတ်မှန်း ရှောင်ဟန်ကျန့် နားလည်သွားခဲ့သည်။
သူက သူမကို တစ်ခါမှ မတွေ့ဖူးသလို သူမကိုကြည့်သည့် အကြည့်တွေက အနည်းငယ် ထူးဆန်းသည်။
ရှောင်ဟန်ကျန့်က ရယ်ရခက် ငိုရခက်ဟန်ဖြင့် ပြောလေသည်၊ "ကျုပ်တို့က လင်မယားလေ၊ ခင်ဗျားက ကျုပ်ကို ယောက်ျားလို့ခေါ်တယ် ကျုပ်က ခင်ဗျားကို မိန်းမလို့ခေါ်တယ်၊ ဒါပုံမှန်ပဲမလား။"
ရှစ်ချင်းလျို့က မျက်ခုံးပင့်လိုက်သည်၊ "ဒါပေမဲ့ ကျွန်မတို့က အဲလောက်မှ မရင်းနှီးတာ"
ရှောင်ဟန်ကျန့်က ပြောလေသည်၊ "မိဘတွေရဲ့ အောင်သွယ်မှုနဲ့ လက်ထပ်ရတာ"
"လက်မထပ်ခင် ယောက်ျားနဲ့ မိန်းမ အများစုက မတွေ့ဖူးဘူး၊ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာရတာပဲ"
"မနေ့ကတစ်ရက်လုံး ကျုပ်တို့ ရင်းနှီးလာပြီးပြီပဲ"
ဒါကြောင့် သူမက သူ့ကို ယောက်ျားလို့ခေါ်တာ အဆင်ပြေသည်။
ထိုစကားကြားတော့ ရှစ်ချင်းလျို့က အဓိပ္ပာယ်ရှိသည်ဟု ခံစားမိလိုက်သည်။
ရှေးခေတ်တုန်းက မမြင်ဖူးဘဲ လက်ထပ်တာက သတ်မှတ်ချက် ဖြစ်သည်။
ဒါကြောင့် သူမအတွက် အကြိုက်ဖြစ်မည့် တစ်ယောက်ရွေးနိုင်ခြင်းက ကောင်းမွန်နေပြီဖြစ်သည်။
အချိန်ခရီးသွားပြီး အိမ်ထောင်ပြုရသည့်ကြားမှ သဘောကျရသည့်လူကိုမရရင် သူမ ငိုမိလိမ့်မည်။
သူမက ရှောင်ဟန်ကျန့်နှင့် ရှုပ်ရှုပ်ထွေးထွေး မဖြစ်ချင်ပေ။
"ကျွန်မတို့က မိဘတွေ အောင်သွယ်ပေးမှုကြောင့် လက်ထပ်တာမှ မဟုတ်တာ၊ ကျွန်မကိုယ်တိုင် ရှင့်ကို အရင်ရွေးချယ်ခဲ့တာလေ။"
သူမက ရှောင်ဟန်ကျန့်ရဲ့အနားကို လျှောက်သွားပြီး အထက်စီးဆန်စွာ လက်မြှောက်ကာ သူ့ကိုမော့ကြည့်စေခဲ့သည်။
"အဲတာကြောင့် အစမ်းလက်ထပ်တဲ့ကာလမှာ ရှင်က ကျွန်မ အပိုင်ပဲ၊ ဖောက်ပြန်ရဲရင် မကွာရှင်းပေးသေးခင် ရှင့်ခြေထောက်ကို အရင်ရိုက်ချိုးပစ်မယ်"
အရင်က ရှောင်ဟန်ကျန့်က တော်တော်လေး ရေပန်းစားကြောင်း သူမကြားဖူးခဲ့သည်။
ရွာထဲက မိန်းမပျိုလေးတွေသာမက မြို့ထဲက အမျိုးသမီးတွေပါ သူ့ကို လက်ထပ်ချင်ကြသည်။
ထိုမက်မွန်ပွင့်တွေကို ရှစ်ချင်းလျို့ စိတ်မဝင်စားပေမယ့် အစမ်းလက်ထပ်သည့်ကာလမှာတော့ ဖောက်ပြန်ခွင့်မပြုပေ။
သူမက ထိုကဲ့သို့ ဗိုလ်ကျတတ်သည်။
ရှောင်ဟန်ကျန့်က ကြက်သေ သေသွားခဲ့သည်။
တခြားမိန်းကလေးတွေအပေါ် ခံစားချက်ရှိဖို့ ခွင့်မပြုကြောင်း ရှစ်ချင်းလျို့က အထက်စီးဆန်စွာ ကြေငြာလာလိမ့်မည်ဟု သူမထင်မိခဲ့ပေ။
အသိစိတ်ပြန်ကပ်လာပြီးနောက် သူက ရှစ်ချင်းလျို့ရဲ့ နားနားတိုးကပ်ကာ ရယ်သမ်းသွေးကာ မေးခဲ့သည်၊ "ကျုပ်ခြေထောက်ကို ချိုးပစ်မယ်ဟုတ်လား"
ကွာရှင်းတာမျိုးကိုတော့ သူလျစ်လျူရှုထားသည်။
သူက ဘယ်တော့မှ တခြားမိန်းကလေးကို သဘောကျသွားမှာမဟုတ်လို့ ထိုကိစ္စက လုံးဝဖြစ်မလာနိုင်ဘူးဟု သူယုံကြည်ချက်ရှိသည်။
ခက်ခဲသော၊ တက်ကြွသော၊ အထက်စီးဆန်သော မိန်းမတစ်ယောက်ရှိတာနဲ့တင် သူ့ကို ခေါင်းကိုက်စေဖို့ လုံလောက်ပြီဖြစ်သည်။
ရှောင်ဟန်ကျန့် စကားပြောရင်း သူမရဲ့နားနား ရှူထုတ်လေသည့် သူမရဲ့နားကို ထုံသွားစေခဲ့သည်။
ဒီလူ့အသံက နားဝင်ချိုလွန်းသည်။
ဒီလူက သူ့စံနှုန်းကို ထပ်ဖြည့်လိုက်ပြန်ပြီ။ စိတ်ရှုပ်စရာကောင်းလိုက်တာ။
သူမ မျက်နှာလေးနီကာ ရှက်ဖို့ဆိုတာ ရှားပါးသည့် ကိစ္စဖြစ်သည်။
သူမက သူ့ကို တွန်းထုတ်ပစ်ကာ ပြောလေသည်၊ "စကားပြောတဲ့အခါ အနားကပ်လာစရာ မလိုပါဘူး"
ထို့နောက် သူမရဲ့ လက်သီးဆုပ်ကို ခါယမ်းပြကာ သူ့ကို အလေးအနက် ကြည့်လိုက်သည်၊ "မယုံဘူးလား၊ တကယ်သစ္စာဖောက်ရဲရင် ခြေထောက်ကိုရိုက်ချိုးပစ်မှာနော်။"
သူမရဲ့ မျက်နှာ အနည်းငယ် ပန်းရောင်သန်းနေတာကို ရှောင်ဟန်ကျန့်တွေ့တော့ အနည်းငယ် အူမြူးသွားခဲ့သည်။
သူက ပြုံးကာ ပြောခဲ့သည်၊ "ယုံပါတယ်၊ ခြေထောက် အချိုးမခံရဖို့အတွက် သစ္စာမဖောက်ရဲပါဘူးဗျာ"
ရှစ်ချင်းလျို့က သူ့ကို မျက်လုံးလည်ပြလိုက်သည်၊ "မှားပါတယ်၊ ရှင်က သစ္စာမဖောက်ရဲတာမဟုတ်ဘဲ ခြေထောက်ချိုးခံရမှာကို ကြောက်တာ"
"အဲတာကြောင့် ရှင်သစ္စာရှိရမယ်၊ ကျွန်မတို့က အစမ်းလက်ထပ်တုန်းဆိုတာ မမေ့နဲ့ဦး"
သူမက အမှုမထားသလို ပုခုံးတွန့်ပြခဲ့သည်၊ “ရှင်တခြားမိန်းမကို သဘောကျသွားတဲ့အခါကျရင်တော့ ကျွန်မတို့ သေချာပေါက် ကွာရှင်းရမှာပဲ"
ဘာပဲဖြစ်ဖြစ် သူ့ခြေထောက်ကို အရင်ချိုးပစ်ဖို့လိုသည်။
သူမကို အရင်ရန်စပြီး အစမ်းလက်ထပ်ဖို့အတွက် သဘောတူဖို့ ဘယ်သူက ရှောင်ဟန်ကျန့်ကို ပြောခဲ့လို့လဲ။
ရှောင်ဟန်ကျန့်ရဲ့ အပြုံးတွေက အနည်းငယ် ဖျော့သွားခဲ့သည်။
သူမပြောသည့် နောက်ဆုံးစကားကို သူသဘောမကျပေ။
သူ့ဇနီးလေးက ကွာရှင်းဖို့ အမြဲပြောနေသည်။
သူမတွင် ဖုံးကွယ်ထားသည့် အကြောင်းတချို့ ရှိနေဟန်တူသည်။ ဒါက မကောင်းပေ။
ဒါကိုတော့ သူမပြောရဲဘဲ သူမရဲ့ စကားအတိုင်း အလိုက်ထိုက် ပြောပေးခဲ့သည်၊ "ကောင်းပြီ ခင်ဗျားရဲ့စကားကို နားထောင်ပါ့မယ်၊ ကျုပ်တို့အိမ်ထောင်ရေးကို သစ္စာရှိမှာပါ ဒါက ခြေထောက်ချိုးခံရမှာ ကြောက်လို့ မဟုတ်ပါဘူး"
ရှစ်ချင်းလျို့က မေးပင့်လိုက်သည်၊ "ကောင်းတယ်"
သူမက ရှောင်ဟန်ကျန့်ရဲ့ ပုခုံးကို ပုတ်လိုက်သည်၊ "စိတ်မပူပါနဲ့ ရှင်သစ္စာရှိမယ်ဆိုရင် အနာဂတ်မှာ ကျွန်မက ရှင့်ကို ကာကွယ်ပေးမှာပါ"
"ရှင့်ကို အနိုင်ကျင့်တဲ့လူရှိလာရင် သူ့ခြေထောက်ကို ရိုက်ချိုးပစ်မယ်"
သူမရဲ့ ခင်ပွန်းက ပိန်ပိန်ပါးပါးနှင့် နူးညံ့သဖြင့် လူတွေရဲ့ အနိုင်ကျင့်ဖွယ် ပစ်မှတ်ဖြစ်ဖို့လွယ်သည်။
သူသစ္စာရှိသ၍ သူမက ကာကွယ်ပေးမည်ဖြစ်သည်။
ရှောင်ဟန်ကျန့်က သူမရဲ့ တည်ကြည်လေးနက်သည့် မျက်လုံးလေးကိုမြင်တော့ သူမူးမေ့သွားခဲ့သည်။
"ရှင့်ကို ကာကွယ်ပေးမှာပါ၊ ရှင့်ကို အနိုင်ကျင့်တဲ့လူရှိလာရင် သူ့ခြေထောက်ကို ရိုက်ချိုးပစ်မယ်" သူ့နှစ်ဘဝလုံးမှာ အခုလိုစကား ပထမဆုံး ကြားဖူးခြင်းဖြစ်သည်။
သူ့ရဲ့ အေးခဲနေသည့် နှလုံးသားက အနည်းငယ် အရည်ပျော်သွားခဲ့ပြီး နှုတ်ခမ်းလေး ကော့တက်သွားခဲ့သည်၊ "ကောင်းပါပြီ အခုကစပြီး ကျုပ်မိန်းမ ကာကွယ်ပေးမှုကို မှီခိုပါ့မယ်"
ရှစ်ချင်းလျို့က ခပ်ကြီးကြီးပြုံးကာ "ဒါပေါ့"
သူမက ရှောင်ဟန်ကျန့်ကို မျက်လုံးမှိတ်ပြခဲ့သည်၊ "ယောက်ျား တို့ဟူးပူတင်းက အရသာရှိရဲ့လား"
ရှောင်ဟန်ကျန့်က တစ်ဇွန်းခပ်စားလိုက်သည်၊ "နူးညံ့ပြီး လတ်ဆတ်တယ် မဆိုးပါဘူး"
ရှစ်ချင်းလျို့က ဘဝင်ခိုက်စွာ ပြုံးပြီး ပြောလေသည်၊ "ဘယ်သူလုပ်တာလဲ သိတယ်မလား"
ရှောင်ဟန်ကျန့်က ပြုံးပြီး သူမကို ထောက်ခံခဲ့သည်၊ "ကိုယ့်ဇနီးက သိပ်တော်တာပဲ"
ရှစ်ချင်းလျို့က ဂုဏ်ယူစွာ မေးပင့်ပြီး ပြောလေသည်၊ "အမှန်ပဲ"
ကိုယ့်ဇနီးကို ချီးကျူးတဲ့လူ၊ ဇနီးရဲ့အလုပ်ကို အသိမှတ်ပြုသည့်ယောက်ျားက မဆိုးဘူးဟု သူမ သူငယ်ချင်းဆီက ကြားဖူးခဲ့သည်။
ရှောင်ဟန်ကျန့်က မဆိုးပေ။
သူမရဲ့ ကျေနပ်အားရနေသည့် ဟန်ပန်ကို မြင်တော့ သူ့ရဲ့မျက်လုံးထဲက အပြုံးတွေက ပိုတောက်ပသွားခဲ့သည်။
သိပ်မကြာခင်မှာ ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်က မီးဖိုချောင်ထဲ ပြန်လာခဲ့သည်။
ရှောင်ပိုင်လီက ပြုံးပြီး ပြောလေသည်၊ "ယောက်မလုပ်တဲ့ တို့ဟူးပူတင်းကို အမေက ချီးကျူးလိုက်တယ်"
"အာ့လန်နဲ့ ကျွန်မလည်း ကြိုက်တယ်"
တို့ဟူးလုပ်တာ အချိန်ကြာတာကြောင့် တခြားအဒေါ်ကြီးတွေက အိမ်အရင်ပြန်ကာ အလုပ်သွားလုပ်ကြပြီး ပြီးမှ ပြန်လာခဲ့ကြသည်။
ရှစ်ချင်းလျို့က ရှောင်ပိုင်လီရှေ့မှာ ပိုပြီး ပုံမှန်ဖြစ်သည်၊ "ကြိုက်တယ်ဆိုတော့ အဆင်ပြေတာပေါ့၊ လာ တို့ဟူးဆက်လုပ်ကြမယ်"
ထို့နောက် သူမက ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်ကို အဝတ်အစိုဖြင့် ဖိခိုင်းခဲ့သည်။