အခန်း (၁၈) သူမရဲ့ အစီအစဥ်အတိုင်း သူလုပ်ခဲ့တယ်
မနေ့ညက ပဲပိစပ်တွေကို ရေစိမ်ထားဖို့ ရှစ်ချင်းလျို့က အမေရှောင်ကို ပြောခဲ့သည်။
သူမက မေးလေသည်၊ "အိမ်မှာ ကြိတ်ဆုံ မရှိဘူးလား"
ရှောင်ဟန်ကျန့်က ပြန်ဖြေခဲ့သည်၊ "မရှိဘူး၊ ဒါပေမဲ့ ရွာထဲမှာ အများသုံးကြိတ်ဆုံတော့ရှိတယ်"
ရှစ်ချင်းလျို့က လက်ဖျောက်တီးလိုက်ပြီး "ကောင်းတယ်" ဟု ပြောလိုက်သည်။
"အမေနဲ့ ညီလေး၊ ညီမလေးကိုပါ လိုက်ကြိတ်ခိုင်းရလိမ့်မယ်၊ ဒါမှ တို့ဟူး လုပ်လို့ရမှာ"
ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်၊ "ကောင်းပြီ ကျုပ်နေကောင်းလာရင် ခင်ဗျားတို့ကို ကူညီပါ့မယ်"
ရှစ်ချင်းလျို့က တို့ဟူးကို ဒီနေ့စားဖို့အတွက်ပဲ လုပ်လိမ့်မည်ဟု သူ မထင်ပေ။
အနာဂတ်မှာလည်း မကြာခဏ လုပ်နိုင်သည်။
ရှစ်ချင်းလျို့ ထိုစကားကြားတော့ သူ့စကားနောက်ကွယ်က အဓိပ္ပာယ်ကို သိလိုက်သည်။
ရှောင်ဟန်ကျန့်ရဲ့ ရုပ်ရည်နှင့် စိတ်ထားက သူမရဲ့ စံနှုန်းနဲ့ ကိုက်ညီရုံတင်မကဘဲ သူက အလွန်ဉာဏ်ကောင်းသည်။
အရင်ဘဝတုန်းက သူမကို ချစ်ရေးဆိုသည့်လူတွေက အပြန်အလှန်နားလည်ပေးမှုမရှိဘဲ သူမနဲ့ အစေးမကပ်တာကြောင့် အကုန်လုံးကို သူမငြင်းဆိုခဲ့သည်။
"ဟုတ်ပါပြီ" သူမက ခေါင်းငြိမ့်ပြခဲ့သည်။
သူမက မီးဖိုချောင်ထဲဝင်သွားခဲ့ပြီး အမေရှောင်နှင့် ရှောင်ပိုင်လီကို သွားခေါ်ခဲ့သည်။
သူတို့က ပဲပိစပ်ရေပုံးတွေကိုဆွဲပြီး ကျောက်ကြိတ်ဆုံကြီးဆီ ချီတက်ခဲ့ကြသည်။
လမ်းတစ်လျှောက်လည်း အမေရှောင်ကို နှုတ်ဆက်သည့် ရွာသူရွာသားတချို့ကို တွေ့ခဲ့သည်။
ထိုအချင်းအရာကိုကြည့်ခြင်းဖြင့် အမေရှောင်က ရွာထဲက တခြားလူတွေနှင့် ဆက်ဆံရေးကောင်းတာ သိသာသည်။
ရှာ့ရှီရွာက လူတွေက ရှန့်ရှီးရွာက လူတွေထက် ပိုရိုးစင်းကြောင်းလည်း သတိထားမိခဲ့သည်။
တချို့လူတွေက ရှစ်ချင်းလျို့ကိုပါ နှုတ်ဆက်ခဲ့ပြီး သူမကလည်း အပြုံးဖြင့် ပြန်တုံ့ပြန်ခဲ့သည်။
သူတို့ရေပုံးတွေပဲပိစပ်တွေ သယ်ထားတာတွေ့တော့ အမေရှောင်နှင့် ဆက်ဆံရေးကောင်းသည့် လူတွေက မေးလေသည်၊ "ယွဲ့လန် တော်တို့ ဘယ်သွားကြမလို့တုန်း"
အမေရှောင်ရဲ့ နာမည်က ခုန်ယွဲ့လန်ဖြစ်သည်။
သူမက အပြုံးဖြင့် ပြန်ဖြေခဲ့သည်၊ "ချွေးမက ပဲတွေကြိတ်ချင်လို့တဲ့"
လူတချို့က သိချင်စိတ်ဖြင့် "ပဲတွေကြိတ်ပြီး ဘာလုပ်မလို့တုန်းဟဲ့" ဟု ပြန်မေးကြသည်။
ဒါက ဖြုန်းတီးတာ မဟုတ်ဘူးလား။ သူတို့က ပဲကြိတ်တာကို မတွေ့ဖူးသလို ပဲကို အစေ့အဆန်လိုက်သာ စားသုံးကြသည်။
ရှစ်ချင်းလျို့က အပြုံးဖြင့် ပြန်ဖြေလေသည်၊ "တို့ဟူး လုပ်မလို့ပါ"
"တို့ဟူးက ဘာတုန်းအေ့" လူတိုင်းက ပိုပြီး ရှုပ်ထွေးလာခဲ့သည်။
ရှစ်ချင်းလျို့က မဖုံးကွယ်ထားခဲ့ပေ။ "စားစရာ တစ်မျိုးပဲ၊ တာအိုဘုရားကျောင်းမှာနေတုန်းက ဆရာကြီးက သင်ပေးခဲ့တာလေ။"
သူတို့က သိချင်စိတ်ပြင်းပြစွာ မေးလေသည်၊ "စားကောင်းလား"
ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်၊ "ကောင်းမှကောင်းပဲ"
သူမက အပြုံးဖြင့်ပြောခဲ့သည်၊ "လုပ်ပြီးသွားရင် အားလုံး ကျွန်မတို့အိမ်မှာ လာစားကြပါဦး"
သူမတွင် ရှေ့ရေးအတွက် အစီအစဥ်ရှိပြီးထားဖြစ်သည်။
တို့ဟူးလုပ်ပြီးပါက ရှောင်မိသားစုကို ကူညီပေးခဲ့သည့်လူတွေကို ကျွေးမည်ဖြစ်သည်။
အပြန်အလှန် အကူအညီပေးခြင်းအတွက် လူအများအပြင်မှာ သူမ ပြန်လုပ်ပေးချင်သည်။
လူတချို့က နေရခက်သွားကာ "မလိုပါဘူးအေ၊ ညည်းတို့ပဲစားကြပါ" ဟု ပြန်ပြောကြသည်။
ရှောင်မိသားစုက အခု အခြေအနေမကောင်းတာကြောင့် သူတို့ဟာတွေကို စားရမှာ မစားရက်ပေ။
ဒီပဲပိစပ်တွေက မိန်းကလေးရှစ် သတို့သမီးဘက်ကပေးသည့်ပစ္စည်းအဖြစ် ယူလာကြောင်း သူတို့ကြားခဲ့သည်။
ရှစ်ချင်းလျို့က ပျူငှာစွာပြုံးပြီး ပြောလေသည်၊ "ရှင်တို့က အရင်တုန်းက ကျွန်မ အမေကို အများကြီး ကူညီခဲ့တာပဲ၊ ဒါက တို့ဟူးလေးပါပဲ၊ အရမ်းယဥ်ကျေးနေစရာမလိုပါဘူး"
ထိုစကားကြားတော့ ချွေးမဖြစ်သူက သူမနှင့် ဆက်ဆံရေးကောင်းသည့် အိမ်နီးချင်းတွေကို တို့ဟူး ဝေပေးချင်နေကြောင်း အမေရှောင် သိလိုက်လေသည်။
တို့ဟူးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဒါတွေက ရှောင်မိသားစုဟာ မဟုတ်ပေ။
ထိုပဲပိစပ်တွေကိုယူပြီး သူမက အရင်ကျေးဇူးဆပ်မည်မဟုတ်ပေ။
သို့ပေမယ့် ချွေးမဖြစ်သူက အကြံပြုလာတော့ သူမ မငြင်းနိုင်ပေ။
ချွေးမဖြစ်သူက အထင်ကြီးဖို့ကောင်းသည့်လူဟု သူမ ခံစားရသည်။
သူမစကားကို နားထောင်လိုက်တာ ပိုကောင်းသည်။
ထို့ကြောင့် သူမက ပြုံးကာ ပြောခဲ့သည်၊ "ချင်းလျို့က ဒါလေးနဲ့ ကျေးဇူးတင်ချင်တာမလို့ ကျေးဇူးပြုပြီး မငြင်းကြပါနဲ့"
သူမရဲ့ စကားကိုကြားတော့ သူတို့လည်း ဆက်မငြင်းနိုင်တော့ပေ။
တို့ဟူးက ဘယ်လိုအရာလဲဆိုတာ သိချင်စိတ်က အဓိက ပါနေသည်။
တောင်ပေါ်က တာအိုဘုန်းတော်ကြီးက မသေမျိုးဖြစ်ဖို့ တက်သွားခဲ့ကြောင်း သတင်းတွေ ကြားခဲ့ရသည်။
သူက အလွန်စွမ်းအားကြီးပါက သူမရဲ့ ချွေးမကြီးကိုသင်ပေးထားသည့် အရာတွေကလည်း ဆိုးရွားမည် မဟုတ်ပေ။
သူတို့တွေလည်း အတူတူသွားပြီး ပဲကူကြိတ်ပေးခဲ့သည်။
ပဲတွေကြိတ်ပြီးနောက် ရှောင်အိမ်ကို ကူညီသယ်ပို့ပေးခဲ့သည်။
ရှစ်ချင်းလျို့က မီးဖိုချောင်ထဲဝင်သွားပြီး ရှောင်ပိုင်လီနှင့် အာ့လန်ကိုပဲ ကူခိုင်းတော့သည်။
တခြားလူတွေလည်း ဘာမှမပြောဘဲ အမေရှောင်နဲ့ ထိုင်ကာ စကားပြောနေကြသည်။
ရှောင်ဟန်ကျန့်က လမ်းလျှောက်တုတ်ဖြင့် အခန်းထဲက ထွက်လာခဲ့ပြီး သူ့မျက်နှာက ဖြူဖတ်နေသော်လည်း အဆင်ပြေနေတာသိသာသည်။
"ရှောင်တာ့လန် လမ်းတောင်လျှောက်နိုင်နေပြီပဲ"
သူနိုးလာကာ လမ်းလျှောက်နိုင်တာတွေ့တော့ လူတွေက အမေရှောင်အတွက် ဝမ်းသာပေးကာ သူ့ကို နှုတ်ဆက်ခဲ့ကြသည်။
ရှောင်ဟန်ကျန့်က ရည်မွန်စွာ ပြန်ပြုံးပြခဲ့သည်၊ "အကုန်လုံးက ကျွန်တော့်ရဲ့ ချစ်ဇနီးလေးကြောင့်ပါ"
"အရင်တုန်းကတော့ သူ့မှာ မသေမျိုးဆရာရှိဖို့အထိ သူ ကံကောင်းခဲ့ပြီး အခု ကျွန်တော်နဲ့ လက်ထပ်လိုက်တော့လည်း သူက ကျွန်တော့်အတွက် ကံကောင်းခြင်းတွေ ယူဆောင်လာပေးခဲ့တယ်"
သူက အခွင့်အရေးယူကာ ရှစ်ချင်းလျို့နဲ့ ဆရာကြီးရဲ့ ဂုဏ်သတင်းကြီးအောင် လုပ်ပေးခဲ့သည်။
ဒီလူတွေက အတင်းပြောရတာ သဘောကျတာကြောင့် ထိုသတင်းက သိပ်မကြာခင်မှာပဲ တစ်ရွာလုံး ပြန့်သွားလိမ့်မည် ဖြစ်သည်။
"ကောင်းတာပေါ့၊ အနာဂတ်မှာ နင်တို့နှစ်ယောက် အများကြီး ပိုပျှော်ရွှင်ရဦးမှာပါ။"
အဓိပ္ပာယ်ရှိသည်ဟု သူတို့က တွေးလိုက်သည်။
အရင်တုန်းက သူက သတိလစ်ပြီး သေအံ့ဆဲဆဲဖြစ်ခဲ့သည်။
ထိုအချိန်မှာ မိန်းကလေးရှစ်က ချုံရှီလုပ်ကူဖို့အတွက် သူ့ကိုလက်ထပ်ခဲ့သည်။
ဒီနေ့တော့ သူက လမ်းပင်ပြန်လျှောက်နေနိုင်ပြီဖြစ်သည်။
မိန်းကလေးရှစ်က တကယ်အံ့သြဖို့ကောင်းတာပဲ။ သူက ကောင်းချီးပေးခံရတဲ့လူမလို့ မသေမျိုးဆရာကြီးရဲ့ တပည့်ဖြစ်နေတာလည်း မဆန်းတော့ပါဘူး။
ခဏလောက်စကားပြောပြီးနောက် ရှောင်ဟန်ကျန့်က သူတို့ကို နှုတ်ဆက်ပြီး မီးဖိုချောင်ထဲက ရှစ်ချင်းလျို့ကို သွားကြည့်ခဲ့သည်။
ထိုအချိန်မှာ ရှစ်ချင်းလျို့က အနှစ်တွေကိုစစ်ထုတ်ခဲ့ပြီး ပဲပိစပ်အရည်ကို မီးဖိုပေါ် ဆူအောင် တင်ထားခဲ့သည်။
သူမရဲ့ လျှို့ဝှက်ဆန်းကြယ်သည့်နေရာထဲမှာ ဆေးဖက်ဆိုင်ရာသုံး ပိတ်ကျဲကြီးရှိတာကြောင့် အဲ့တာကိုယူပြီး အနှစ်တွေစစ်ထုတ်ခဲ့ခြင်းဖြစ်သည်။
ရှစ်ချင်းလျို့က လှည့်ကြည့်ကာ မေးလေသည်၊ "ဘာလို့ ဝင်လာတာလဲ"
ရှောင်ဟန်ကျန့်က ပြုံးပြီး ပြန်ဖြေခဲ့သည်၊ "ခင်ဗျားတို့ကို လာကြည့်တာပေါ့၊ တို့ဟူးလုပ်ဖို့ လျှို့ဝှက်ချက်လေး လုပ်ဖို့ ကျန်သေးလို့လား၊ ဒါဆိုလည်းလုပ်လေ အပြင်ထွက်ပေးပါ့မယ်"
တို့ဟူးလုပ်နည်း ဖော်ထုတ်ဖို့ သူလာခဲ့တာမဟုတ်ကြောင်း ဖော်ပြခဲ့သည်။
သူက သူ့ဇနီးလေး ဘာတွေလုပ်နေလဲဆိုတာပဲ သိချင်တာဖြစ်သည်။
ရှစ်ချင်းလျို့က ပြုံးပြီး အမှုမထားသလို လက်ခါပြခဲ့သည်၊ "ရတယ်၊ မိသားစုတွေနဲ့ လျှို့ဝှက်ချက်ထားစရာမလိုပါဘူး၊ ကြည့်လို့ရတယ်"
မော်ဒန်ခေတ်မှာဆိုရင် တို့ဟူးကို တစ်ခါမှမလုပ်ဖူးရင်တောင် ပိုင်တု့မှာ လုပ်နည်းရှာကာ လိုက်လုပ်ကြည့်လို့ရသည်။
သူမရဲ့ ညီမဝမ်းကွဲပေးခဲ့သည့် 'အချိန်ခရီးသွားစွယ်စုံကျမ်း'တွင် တို့ဟူးလုပ်နည်း ပါဝင်သည်။
သူမ သင်ယူခဲ့သည့် လုပ်နည်းနှင့် သိပ်မကွာပေ။
ထိုအချိန်တုန်းက တစ်လတစ်ခါ ကျင်းပသည့် တို့ဟူးပွဲတော်ကြီးကို ဝင်ရောက်ဆင်နွှဲဖို့အတွက် တို့ဟူးရွာမှာ သူငယ်ချင်းနှင့် ၃ရက်နေခဲ့သည်။
ထိုနေရာမှာနေရင်း တို့ဟူးနှင့် ပတ်သက်ပြီး ဘယ်လိုတွေလုပ်လို့ရသေးကြောင်းပါ သင်ယူခဲ့သည်။
ကွာခြားတာတစ်ခုက တစ်ယောက်က တို့ဟူးလုပ်နည်းကို လူကိုယ်တိုင်သင်ခဲ့ပြီး နောက်တစ်ယောက်က စာအုပ်တွေဖြင့်သာ သင်ယူခဲ့သည်။
ရှစ်ချင်းလျို့က သူတို့ကို မိသားစုလိုဆက်ဆံကာ လျှို့ဝှက်ချက် မထားဘူးဟူသော စကားကိုကြားတော့ ရှောင်ဟန်ကျန့်ရဲ့ အေးစက်ကာ ချိပ်ပိတ်နေသည့် နှလုံးသားက လှိုင်းဂယက်လေး ထသွားခဲ့တာကို သူခံစားမိခဲ့သည်။
ရှစ်ချင်းလျို့ တကယ်ပြောတာကြောင့် သူလည်း ထွက်မသွားတော့ပေ။ "ဒါဆိုလည်း ခင်ဗျား လုပ်တဲ့ တို့ဟူးကို ကြည့်ပါရစေ"
ရှစ်ချင်းလျို့က တခစ်ခစ်ရယ်လိုက်သည်။ "ကောင်းပြီ ရှင်က ဉာဏ်ကောင်းမှတော့ တို့ဟူးရဲ့ ပထမတစ်ဆင့်ဖြစ်တဲ့ ပဲနို့ရည် တစ်ခွက် တိုက်မယ်"
စောနက ရှောင်ဟန်ကျန့်နှင့် တခြားလူတွေ ပြောနေသည့် စကားကို သူမကြားခဲ့သည်။
ဒီလူက သူမလုပ်ဖို့ စီစဥ်ထားသည့်အတိုင်းလုပ်ပြီး အကင်းပါးကာ ဉာဏ်ကောင်းသည်။
သူ့ရဲ့ ယုံကြည်လက်ခံနိုင်မှုက သူမထက် မြင့်မားသည်။
ဘာပဲဖြစ်ဖြစ် သူမ ချုံရှီ လုပ်ပေးခဲ့လို့ သူကနိုးလာသည့်လူ ဖြစ်သည်။
သူမ ဆိုလိုတာကို ရှောင်ဟန်ကျန့်က သဘောပေါက်ကာ ပြုံးလိုက်သည်၊ "စောင့်မျှော်နေပါ့မယ်"
ခဏနေတော့ ပဲနို့ရည်က ဆူလာခဲ့သည်။
ရှစ်ချင်းလျို့က ခွက်အနည်းငယ်လောက် ခပ်ပြီး မနေ့ကပွဲက သကြားတွေထည့်လိုက်သည်။
သူမက တူဖြင့် မွှေလိုက်ပြီး ပန်းကန်ကို ရှောင်ဟန်ကျန့်ကို ကမ်းပေးလိုက်သည်၊ "ရော့ အရင်ဆုံး ပဲနို့ရည် တစ်ပန်းကန်သောက်ထားလိုက်ချေ"
သူမက ထပ်ပြောလေသည်၊ "မနက်တိုင်း တစ်ခွက်သောက်ရင် ရှင့်ကိုယ်ခန္ဓာအတွက် ကောင်းတယ်"
ရှောင်ဟန်ကျန့်က ယူကာ တစ်ငုံသောက်လိုက်သည်၊ "မဆိုးပါဘူး"
အရသာလေးက မဆိုးဘဲ ပဲပိစပ်နံ့ ခပ်ပြင်းပြင်းကိုရသည်။
ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်ကလည်း ယူသောက်လိုက်ကြသည်၊ "သောက်လို့ကောင်းတယ်"
ရှစ်ချင်းလျို့က အမေရှောင်နှင့် တခြားလူတွေ သောက်ဖို့ ကျန်ရှိနေသည့် ပဲနို့ရည်ပန်းကန်တွေကို သူတို့နှစ်ယောက်ကို သယ်သွားခိုင်းလိုက်သည်။
ထို့နောက် ကြိတ်ထားသည့် ပဲပိစပ်တွေကို တို့ဟူးစလုပ်ဖို့ ပြင်ခဲ့သည်။