အခန်း ၁
Viewers 25k

အပိုင်း (၁) – ယခင်ဘဝ (၁)


ကိုယ်လုံးပေါ်မှန်သည် သွယ်လျသောခန္ဓာကိုယ်လေးကို ထင်ဟပ်စေသည်။ မှန်ထဲမှာ ထင်ဟပ်နေတဲ့ အမျိုးသမီးသည် ကြည်လင်လှပသည့် အသားအရေ ရှိလေသည်။ သူမ၏ရုပ်အဆင်းအင်္ဂါသည် ငယ်ရွယ်စဥ်ကကဲ့သို့ နုပျိုလှပနေသည် မဟုတ်သော်လည်း လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုတော့ ရှိလေသည်။ သူမ၏နှုတ်ခမ်းများသည် အထက်သို့ အနည်းငယ် ကွေးညွှတ်နေကာ သူမသည် ရည်မွန်ကြော့ရှင်းပုံရသည်။ သူမ၏အဝတ်အစားများသည် ကြည့်ရတာရိုးရှင်းပေမယ့်  အထူးသီးသန့် ချုပ်လုပ်ထားသည့် ဒီဇိုင်နာချုပ်တွေပင်ဖြစ်သည်။


ဖန့်ကျွင်းရုံသည် စိတ်ရှုပ်ထွေးကာ အကူအညီကင်းမဲ့သလို ခံစားလိုက်ရသည်။ သူမ၏လက်က သူမ၏မျက်နှာကို ထိကိုင်လိုက်သလို မှန်ထဲမှာထင်ဟပ်နေသည့် အမျိုးသမီးသည်လည်း သူမလိုပဲ ထပ်တူညီစွာ လိုက်လုပ်ခဲ့သည်။ သူမကို သူမ မှန်ထဲမှာ ဘယ်အချိန်တုန်းက နောက်ဆုံးကြည့်ခဲ့ဖူးတာလဲ။


သူမသည် ကြော့ရှင်းစွာဝတ်ဆင်ထားပြီး သူမ၏နူးညံ့သိမ်မွေ့သောသရုပ်ကို ဖော်ဆောင်နေသည်။ သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဖရိုဖရဲ၊ ဖိုသီဖတ်သီ အကုန်လုံးစုတ်ပြဲနေတဲ့ အရိပ်အယောင်မျိုးကို ရှာမရခဲ့ပါဘူး။


နိုင်ငံ၏ အချမ်းသာဆုံးသော လူတစ်ဦးဖြစ်ပြီး ပိုင်ဆိုင်မှု ဆယ်ဘီလီယံကျော်ရှိသည့် သူမ၏ခင်ပွန်းသည် အလွန်ဂုဏ်သိက္ခာရှိသောပုဂ္ဂိုလ်ဖြစ်သည်။ သူမတို့ရဲ့ ထူးချွန်ပြီး ထင်ပေါ်ကျော်ကြားသော သားနှင့် သူမတို့ရဲ့ သွက်လက်ချစ်စရာကောင်းသော သမီးတို့ အကြောင်းကိုတောင် မပြောရသေးဘူး။ ဖန့်ကျွင်းရုံသည် လူ့ဘဝ၏ ကောင်းချီးပြည့်စုံသည့်သူအဖြစ် ဆိုရပေမည်။ ကံမကောင်းစွာဖြင့် သူမရဲ့ ချွေးမဖြစ်သူ  ကျန်းယာ့ကော ပေါ်ပေါက်လာချိန်မှစ၍ သူမရဲ့ ဘဝသည် ပြောင်းပြန်လှန်လိုက်သလို ပိုမိုဆိုးရွားလာခဲ့သည်။


ကျန်းယာ့ကောသည် သူမရဲ့ ခင်ပွန်း ကောလိပ်တက်တုန်းက ခင်မင်ရင်းနှီးခဲ့သည့် သူ့အချစ်ဆုံးသူငယ်ချင်း၏သမီး ဖြစ်သည်။ သူမ၏မိဘများ ယာဥ်မတော်တဆမှုကြောင့် သေဆုံးပြီးနောက် သူမ၏ခင်ပွန်း လီဝမ့်ကျင်းသည် သူမအပေါ် သနားစိတ်ယိုဖိတ်ခဲ့ပြီး သူမ၏ဆွေမျိုးများကလည်း သူမကိုမကောင်းကြံစည်နေသည်ဟူသောအချက်ကို ထည့်သွင်းစဥ်းစားပြီးနောက် သူမကို အိမ်သို့ ခေါ်ဆောင်လာခဲ့သည်။ ဖန့်ကျွင်းရုံသည် အစပိုင်း၌ ကျန်းယာ့ကောအပေါ် အတော်လေး ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ နောက်ပြီးတော့ ဖန့်ကျွင်းရုံသည် ကျန်းယာ့ကော၏ဖခင်နှင့်ပါ ခင်မင်ရင်းနှီးခဲ့သည်။ ထို့အပြင် ကျန်းယာ့ကောသည် နှစ်သက်ဖွယ်ကောင်းကာ ရင့်ကျက်သည့် မိန်းကလေး ဖြစ်လေသည်။ ကျန်းယာ့ကောနှင့် ဖန့်ကျွင်းရုံ၏သမီး လီရှင်းယွင်တို့အကြား ပဋိပက္ခဖြစ်ပွားပြီး နောက်ပိုင်း၌ ၎င်းသည် ပြောင်းလဲသွားခဲ့သည်။


သူမ၏ခင်ပွန်း လီဝမ့်ကျင်းနှင့် သူမ၏သား လီရှစ်ကျီတို့သည် ကျန်းယာ့ကောဖက်တွင်သာ ရပ်တည်ကြသည်။  သူတို့သည် အမြဲတမ်း ကျန်းယာ့ကောဖက်တွင်သာနေ၍ သူမတို့နှစ်ဦး ပြဿနာဖြစ်သည့်အခါတိုင်း လီရှင်းယွင်ကိုသာ အပြစ်တင်ကြသည်။ ဒီတော့ ဖန့်ကျွင်းရုံက ကျန်းယာ့ကောကို ဘယ်လိုလုပ် အရင်အတိုင်း ဆက်လက်ချစ်ခင်နေနိုင်ဦးမှာလဲ။ နောက်ဆုံးတွင် သူမ၏သား လီရှစ်ကျီသည် ကျန်းယာ့ကောကို ပိုမိုချစ်မြတ်နိုးပြီး မိခင်နှင့် ညီမဖြစ်သူကို အေးတိအေးစက်ဆက်ဆံခဲ့သည်။


ကျန်းယာ့ကောသည် ဒရာမာကွင်းတစ်ဦး ဖြစ်သည်။ သူမကို မမြင်ရသော စွမ်းအားအချို့ကို ကောင်းချီးပေးခံရတာနဲ့တူသည်။ ဘာတွေပဲဖြစ်ပါစေ သူမသည် မကောင်းသည့် ဖြစ်ပျက်သမျှ အရာအားလုံးကို ရှောင်နိုင်လိမ့်မည်။ သူမအနားရှိလူများ၏ ပြဿနာရှာမှုများကိုလည်း ဖယ်ရှားပစ်နိုင်သည်။ သူမ၏အဖိုးတန်သမီးလေး ရှင်းယွင်သည်လည်း ထိုသူများထဲမှတစ်ဦး ဖြစ်ခဲ့ရသည်။ ကျန်းယာ့ကောကြောင့် လီရှင်းယွင်၏ မျက်နှာပေါ်တွင် အမာရွတ်ရရှိခဲ့ပြီး တဖြည်းဖြည်းနဲ့ အိမ်တွင်းပုန်းတစ်ယောက် ဖြစ်လာခဲ့သည်။


ထိုအချိန်တွင် ဖန့်ကျွင်းရုံသည် ကျန်းယာ့ကောအား အူထဲအသည်းထဲထိတိုင် မုန်းတီးကာ သူမကို အိမ်မှ နှင်ထုတ်လိုခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏အမျိုးသားနှင့် သားဖြစ်သူသည် ကျန်းယာ့ကောဖက်တွင်သာ ပြတ်ပြတ်သားသား ရပ်တည်၍ ဖန့်ကျွင်းရုံအား ပြစ်တင်ဝေဖန်ပြောဆိုခဲ့သည်။


“ယာ့ကောလည်း အများကြီး ခံစားခဲ့ရတာပဲ။ မင်း ဘယ်လိုလုပ်ပြီး သူမကို အပြစ်တင်နေနိုင်တာလဲ။ သူမကလည်း ဒီလိုဖြစ်စေချင်တာမှ မဟုတ်တာ။ မင်း အခု ယုတ္တိမရှိ ဖြစ်နေတယ်။ မင်းက ငါလက်ထပ်ထားတဲ့ ကျိုးကြောင်းဆီလျော်ပြီး မေတ္တာပြည့်ဝတဲ့ဇနီးသည် မဟုတ်တော့ဘူး။”


“ကျွန်တော့ညီမလေးက အဲ့လိုအကျင့်မကောင်းတဲ့သူတွေနဲ့ မိတ်ဆွေမဖွဲ့ခဲ့ရင် ဒီလိုမျိုး ဘယ်တော့မှဖြစ်မှာ မဟုတ်ဘူး။ ဒီကိစ္စတွေအားလုံး ပြီးသွားရင် သူမကို နိုင်ငံခြားမှာ ပလတ်စတစ်ဆာဂျရီလုပ်ဖို့ ပို့လိုက်ရင် အားလုံး ပြန်ကောင်းသွားလိမ့်မယ်။”


သူတို့ရဲ့ နှလုံးသားကင်းမဲ့ပြီး ခပ်တန်းတန်းဖြစ်နေတဲ့ အမူအရာတွေ သူမမှတ်ဥာဏ်ထဲတွင် တောက်လောင်စေကာ စိမ်းကားသောခံစားချက်ကို ပေးဆောင်လာခဲ့သည်။ သူမရဲ့ မိသားစုဘဝလေးဟာ ပျက်ဆီးသွားခဲ့ပြီ။ ဖန့်ကျွင်းရုံသည် လက်စားပြန်ချေချင်ခဲ့သည်။ ဒါပေမယ့် ကျန်းယာ့ကောကို ချစ်မြတ်နိုးပြီး ကာကွယ်ပေးချင်ကြတဲ့ ဘော့စ်များစွာ ရှိလေသည်။ သူတို့သည် သူမ၏အစီအစဥ်များကို နှောင့်ယှက်ဖျက်ဆီးခဲ့ကြပြီး နောက်ဆုံးတွင် သူမ၏အမျိုးသားနှင့် သားဖြစ်သူကပါ သူမကို စိတ္တဇဆေးရုံသို့ ပို့လိုက်ကြသည်။


သူမကို စိတ္တဇဆေးရုံတွင် ပိတ်လှောင်ခံထားရချိန်မှစ၍ လူတိုင်းက သူမကို အရူးဟုခေါ်ခဲ့ကြသည်။ သူမက ဒီလိုအံ့သြဖွယ်ကောင်းလောက်အောင် ထူးချွန်တဲ့ ချွေးမလေးကို တန်ဖိုးမထားနိုင်ပဲ သူမကို နာကျင်စေတာကြောင့် သူမရဲ့အခွင့်အရေးတွေအားလုံးကို ထိခိုက်စေခဲ့တယ်လို့ ဆိုကြသည်။ သူမရဲ့ ချစ်ရသောသူများထံမှ သစ္စာဖောက်ခံရခြင်းသည်လည်း သူမ၏အမှားကြောင့်သာ ဖြစ်သည်ဟု သူတို့က တွေးထင်ခဲ့ကြသည်။ နောက်ဆုံးတွင် သူမ၏သမီး လီရှင်းယွင်သည် ကိုယ့်ကိုကိုယ် သတ်သေခဲ့ကြောင်း သတင်းကိုကြားရချိန်မှာတော့ ဖန့်ကျွင်းရုံသည် သူမ၏နောက်ဆုံးထွက်သက်ကို အေးစက်မှောင်မိုက်သည့် ပတ်ဝန်းကျင်တွင် ရင်ဆိုင်အဆုံးသတ်ခဲ့လေသည်။ တစ်ချိန်တည်းမှာပင် သူမရဲ့ အံ့ချီးဖွယ် သားဖြစ်သူ လီရှစ်ကျီသည် သူမ၏ အံ့သြဖွယ်ရာ ချွေးမဖြစ်သူနှင့်အတူ ဟန်းနီးမွန်းခရီးတွင် အချိန်ကောင်းတစ်ခုကို ဖြတ်သန်းနေခဲ့ကြသည်။


ဒီအကြောင်းကို စဥ်းစားမိရင်း ဖန့်ကျွင်းရုံ၏ မျက်လုံးထဲတွင် အမုန်းတရားများ တောက်လောင်လာခဲ့သည်။ သူမရဲ့ သွားများဖြင့် သူမ၏နှုတ်ခမ်းများကို တင်းတင်းကြပ်ကြပ် ကိုက်ထားမိသောကြောင့် သွေးများ စတင်ထွက်လာခဲ့သည်။ နောက်ဆုံးတော့ နာကျင်မှုသည် သူမအ‌တွေးများကို ရှင်းလင်းသွားစေသည်။ သူမသည် အသက်ပြင်းပြင်းရှူ၍ သူမစိတ်အတွင်းရှိ ဆိုးရွားတဲ့ခံစားချက်များကို ငြိမ်သက်သွားစေရန် အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့သည်။


သူမရဲ့ မျက်လုံးများကို မှိတ်လိုက်ပြီးနောက် လွန်ခဲ့သော ရှစ်နှစ်တာကာလကို ဘာကြောင့် ပြန်ရောက်လာခဲ့မှန်း သူမ မသိနားမလည်ခဲ့ချေ။ ကျန်းယာ့ကော လီမိသားစုထဲ ဝင်မလာခင်အချိန်ထိ သူမရဲ့ မိသားစုသည် လူတိုင်းအတွက် စံပြမိသားစုဖြစ်ခဲ့သည်။


ဖန့်ကျွင်းရုံသည် သူမ၏လက်ကောက်ဝတ်ကို ပင့်ကြည့်လိုက်တော့ သူမ၏လက်ကောက်ဝတ်ပေါ်တွင် ကျောက်စိမ်းလက်ကောက်တစ်ကွင်းကို တွေ့လိုက်သည်။ အဆိုပါ လက်ဝတ်တန်ဆာသည် အရောင်ညီညာပြီး ထွင်းဖောက်လုနီးပါး ကြည်လင်လှ၏။ ၎င်းသည် အလင်းရောင်အောက်တွင် တလက်လက် တောက်ပနေသည်။ ထိုလက်ကောက်ရဲ့ အရောင်သည် တောင်တန်းများ၏ စိမ်းညို့နေသောအရောင်နှင့် တူညီနေသလိုပင်။ သူမ၏အဘွားဖြစ်သူ ဆုံးပါးသွားချိန်က သူမအား ဤလက်ကောက်ကို အမွေပေးခဲ့သည်။ သူမသည် ဒီလက်ကောက်ကို အမှတ်တမဲ့ဖြစ်၍ ထိခိုက်ပွန်းပဲ့မှာ စိုးရိမ်သောကြောင့် လုံခြုံစွာသိမ်းဆည်းထားပြီး မည်သည့်အခါမှ ထုတ်မဝတ်ဖူးချေ။ သူမရဲ့ ယခင်ဘဝတုန်းက ဒီလက်ကောက်ဟာ ပျောက်ဆုံးသွားခဲ့သည်။ သူမသည် ထိုအချိန်က ဒေါသထွက်ကာ အားလုံးကို သေချာစစ်ဆေးကြည့်ရှုခဲ့သည်။ နောက်ဆုံးတွင် သူမရဲ့ သားဖြစ်သူသည် အိမ်စေတစ်ဦးမှ ခိုးယူသွားခဲ့တာ ဖြစ်ကြောင်းကို ပြောခဲ့သည်။


ယခုအချိန်တွင် လက်ကောက်သည် လုံခြုံစိတ်ချရသောနေရာတွင် ရှိနေလေပြီ။ ဒါက သူမ၏ယခင်ဘဝနှင့် ကွာခြားမှုတစ်ခုပင်ဖြစ်သည်။


ဒါမှမဟုတ် သူမ၏ယခင်ဘဝက အိမ်မက်ဆိုးတစ်ခုပဲလား။


မဟုတ်ဘူး။ အဲ့တာက မဖြစ်နိုင်ဘူး။ ဘယ်အိမ်မက်ဆိုးကများ ဤမျှလောက် များစွာသောအသေးစိတ် အချက်အလက်များနှင့် ဤမျှလောက် ကြေကွဲဖွယ်ကောင်းနိုင်မှာလဲ။ အတိတ်က ဖြစ်ရပ်များကို ပြန်အမှတ်ရရုံနဲ့တင် သူမ၏ခန္ဓာကိုယ်အား မုန်းတီးမှုကြောင့် တုန်ယင်သွားစေရန် လုံလောက်လေသည်။


“မေမေ... သမီးအကြိုက်ဆုံးဂါဝန်လေးကို ဘယ်ထဲမှာ တွေ့မိလဲ။ သမီးအတွက် အန်တီ သီးသန့်ဒီဇိုင်းထုတ်ပေးထားတဲ့ ဂါဝန်လေးလေ။ ဘယ်ဗီရိုထဲမှာလဲဟင်။” ကြည်လင်ပြတ်သားပြီး သွက်လက်တက်ကြွနေတဲ့ အသံလေးတစ်သံ ထွက်ပေါ်လာခဲ့သည်။


သူမရဲ့ ကိုယ်ပိုင်နာကျင်မှု ဝေဒနာထဲ နစ်မြုပ်နေဆဲဖြစ်သည့် ဖန့်ကျွင်းရုံသည် အသံကြားရာဆီသို့ လှမ်းကြည့်လိုက်မိသည်။ သူမသည် က‌လေးဆန်တဲ့မျက်နှာသွင်ပြင်နဲ့ ဆံပင်ကောက်ကောက်လေးများရှိသည့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမရဲ့ ဆံပင်အဖျားကို အနီရောင်လေးဆိုးထားပြီး သူမကို ချစ်စရာကောင်းတဲ့ သွက်လက်မြူးကြွသော အသွင်အပြင်လေးကို ဖြစ်ပေါ်စေတယ်။ သူမလေးက သူမရဲ့ အဖိုးတန်သမီးလေး လီရှင်းယွင်ပင်ဖြစ်သည်။


သူမ၏အိမ်မက်ထဲကအတိုင်းပင် သူမ သမီးဖြစ်သူ၏ ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ဆွဲယူကြည့်ပြစ်လိုက်ချင်သည်။ သူမသမီးကို နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ရတာက ဘယ်တုန်းကပါလဲ ဆိုတာတောင် သူမ မမှတ်မိတော့ဘူး။ လီရှင်းယွင်လေး သူမ၏အခန်းထဲမှ လုံးဝထွက်မလာပဲ သူမကိုယ်သူမ အခန်းတံခါးပိတ်လှောင်ခဲ့ချိန်မှစ၍ သူမကိုဆုံးရှုံးခဲ့ရချိန်ထိ လုံးဝမတွေ့ခဲ့ရပေ။


“မေမေ...”


“မေမေ...”


ဖန့်ကျွင်းရုံသည် သူမကို ဆက်တိုက်ခေါ်ဆိုလိုက်သံက သူမကို လက်ရှိအခြေအနေဆီ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။ ဖန့်ကျွင်းရုံသည် သူမမျက်လုံးများမှ မျက်ရည်စများကို မျက်တောင်ခပ်၍ ဖယ်ရှားလိုက်သည်။