အခန်း ၂
Viewers 27k

အခန်း (၂) - ယခင်ဘဝ (၂) 


ဖန့်ကျွင်းရုံသည် သူမ၏ စိတ်ခံစားချက်များကို အကောင်းဆုံး ထိန်းချုပ်လိုက်ပြီး မေးလိုက်သည်။ “ ဘယ်ဂါဝန်ကို ပြောတာလဲ။ သမီး ဆံပင်အရောင်ဆိုးလိုက်တာလား။”


လီရှင်းယွင်သည် အနည်းငယ်အပြစ်ရှိတယ်လို့ ခံစားရ၍ သူမသည် မိမိအတွက် ခုခံပြောဆိုခြင်းမပြုမီ သူမဆံပင်အဖျားလေးကို ကိုင်ရင်း ပြောလေသည်။ “သမီးက အထက်တန်းကျောင်း ပြီးသွားပြီလေ။ သမီး တက္ကသိုလ်ဝင်စာမေးပွဲပြီးရင် ဆံပင်ဆေးဆိုးလို့ရတယ်လို့ မေမေပဲ ပြောခဲ့တာလေ။ အမေ သမီးကို အန်တီချုပ်ပေးထားတဲ့ ဂါဝန်လေး ဘယ်မှာလဲလို့။ သမီး အဲ့တာကို ဘယ်မှာထားမိမှန်း မမှတ်မိတော့လို့။ သမီးမွေးနေ့မှာ အဲ့ဂါဝန်လေးဝတ်ချင်တယ်။”


သူမ၏သမီးလေး လီရှင်းယွင်သည် သူမ  စိတ္တဇ‌ဆေးရုံတွင်ရှိနေစဥ်က သူမအား ထွက်မသွားနိုင်ခဲ့တဲ့ တစ်ခုတည်းသော အကြောင်းအရင်းလေး ဖြစ်သည်။ သူမသည် သူမသမီးနှင့်ပတ်သတ်သည့် မှတ်ဥာဏ်တိုင်းကို ပြန်လည်အမှတ်ရနေပြီး မနေ့တနေ့ကလိုပင် ခံစားရသည်။


“အဲ့ဒါက အမေ့ဆီမှာထားတာလေ။ သမီးဆီမှာထားရင် ပျောက်မယ်ဆိုတာကို သိတော့ အမေ သေသေချာချာသိမ်းထားပေးတာ။”


“အိုး... ဟုတ်တယ်။ အဲ့တာကို သမီးမေ့သွားတာ။” လီရှင်းယွင်သည် သူမကိုယ်သူမ ဦးနှောက်မရှိသလို ခံစားရကာ သူမလျှာလေး လျစ်ခနဲထုတ်ပြီး ပြောလိုက်သည်။ ထို့နောက် သူမသည် သူမ မိခင်ဖြစ်သူ၏လက်မောင်းကို ဖက်တွယ်ထားရင်း ချွဲနွဲ့စွာ ပြောလိုက်သည်။ “မေမေက အကောင်းဆုံးပဲ။ အိုး... ဟုတ်သားပဲ။ မေမေ သမီးအတန်းဖော်တွေကို သမီးမွေးနေ့ဖိတ်လို့ရမလားဟင်။”


ဖန့်ကျွင်းရုံသည် သူမသမီးထံမှ ခွေးပေါက်စလေးလို အကြည့်လေးကို မည်သည့်အခါမှ မတွန်းလှန်နိုင်ခဲ့ပေ။ ယခု သူမသည် လွန်လေခဲ့သော ရှစ်နှစ်တာကာလကို ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည့်အတွက် သူမသမီးအတွက် ဘယ်အရာက ပိုသင့်တော်တယ် ဆိုတာကို သိပေမယ့် သူမသမီးလေးရဲ့ အပြုံးများကို ပျောက်ကွယ်သွားစေမည့် မည်သည့် ဝမ်းနည်းမှုမျိုးကိုမှ ဖြစ်ပေါ်စေနိုင်မှာတဲ့လဲ။


“ဒါပေါ့ သမီးဖိတ်နိုင်တာပေါ့။ သမီးဖိတ်ချင်သလောက် ဘယ်လောက်များများ ဖိတ်လို့ရတယ်။”


“ဟီးဟီး... အမေက သမီးကို အချစ်ဆုံးဆိုတာ သမီးသိတာပေါ့။” လီရှင်းယွင်သည် သူမကိုယ်ကို မပီမသ တီးတိုးပြောလိုက်သည်။ ဖန့်ကျွင်းရုံသည် သူမ၏အပြုံးများကိုကြည့်လိုက်ပြီး အခြားအကြောင်းအရင်းများကို မေ့ထားလိုက်သည်။ ရှင်းယွင်၏မွေးနေ့နှင့် တစ်ရက်တည်းတွင် ကျန်းယာ့ကော၏မိဘများ ကွယ်လွန်ခဲ့သည်။ သူမ၏ယခင်ဘဝက ရှင်းယွင်သည် သူမ၏မွေးနေ့ကို အလွန်မျှော်လင့်ခဲ့ပြီး ပြင်ဆင်ခဲ့ကြောင်းကို သူမရဲ့ ခင်ပွန်းလီဝမ့်ကျင်းအား ဆွေးနွေးညှိနှိုင်းခဲ့တာတောင်မှ “ယာ့ကောကို ဝမ်းနည်းသွားစေလိမ့်မယ်။” ဟူ၍ ဆင်ခြေပေးကာ မွေးနေ့ပွဲကို ဖျက်သိမ်းခိုင်းခဲ့သည်။ သူမသားဖြစ်သူကလည်း သူ့ဖက်တွင်သာ ရပ်တည်ခဲ့သည်။ ရှင်းယွင်သည် သူ့သမီးရင်းဖြစ်ပေမယ့် ကျန်းယာ့ကောအပေါ်တွင်သာ ဦးစားပေးခဲ့သည်။


ထိုအရာက ကျန်းယာ့ကောအပေါ် လီရှင်းယွင်၏မကျေနပ်မှု အစဦးဖြစ်ခဲ့ပြီး အခြားအရာအာလုံးဟာ ဒီကိစ္စမှစ၍ တစ်မုဟုတ်ချင်း ကြီးထွားလာခဲ့သည်။


ရှင်းယွင်သည် စိတ်ဆတ်ပေမယ့် စိတ်သဘောထားသေးသိမ်သူတစ်ယောက်တော့ မဟုတ်ပေ။ အကယ်၍ ကျန်နှစ်ယောက်က ကျန်းယာ့ကောကို သူမရှေ့တွင် ဘယ်အရာမဆို ဦးစားမပေးခဲ့ပါက ကျန်းယာ့ကောကို သူမသည် ဒီလောက်မုန်းတီးလိမ့်မည် မဟုတ်ပေ။


ဒီတစ်ခါတော့ သူမသမီးကို နည်းနည်းလေးတောင် ခံစားရအောင် မလုပ်နိုင်ပေ။ သူမ ယောကျာ်းလား။ သူ့ကို ထပ်မလိုချင်တော့ဘူး။ သူမ သားလား။ သူမသည် အချင်းတစ်ခုတည်းကိုသာ မွေးဖွားခဲ့လိုက်သည်ဟု သတ်မှတ်လိုက်မယ်။ သူမ သူတို့ကို ဘာမှအကြွေးတင်ထားတာ မရှိဘူး။ သူမသားဖြစ်သူကို သူမချစ်ခဲ့သည့် ချစ်ခြင်းအကြွင်းအကျန်များသည် သူမ စိတ္တဇဆေးရုံတွင် ရှိနေစဥ် အချိန်ကာလအတွင်း ကုန်ဆုံးပျောက်ကွယ်သွားခဲ့လေပြီ။ သူမပြန်လည်မွေးဖွားလာချိန်က အချိန်ကောင်းတော့ မဟုတ်ပေ။ ဒီအချိန်တွင် သူမခင်ပွန်းအပေါ် အားလုံးက ယုံကြည်မှုများစွာ ရှိနေဆဲဖြစ်ကြပြီး ကုမ္ပဏီကို သူထိန်းချုပ်နိုင်နေဆဲပင်။ ယခုအချိန်တွင် သူမက သူနဲ့ကွာရှင်းခဲ့မယ်ဆိုရင် သူမက ရှေ့ဆက်အဆင်ပြေနိုင်လိမ့်မည် မဟုတ်ပေ။


သူမမှာ အချိန်ရှိသည်။ သူမ ထွက်သွားဖို့ အချိန်ယူပြီး စီစဥ်နိုင်သည်။ သူမ ပိုင်ဆိုင်သမျှ အရာအားလုံးကို သူမ ပြန်လည်သိမ်းယူမည်။


သူမသမီးဖြစ်သူရဲ့ ချစ်စဖွယ်အသံကို ကြားရချိန်တွင် သူမ အနားပတ်လည်ရှိ အမှောင်ထုများ ပျောက်ကွယ်သွားခဲ့သည်။


“ရှင်းယွင် မင်းဘာလို့ မရင့်ကျက်တဲ့ကလေးလိုမျိုး မင်းအမေကို တစ်နေ့လုံးကော်ကပ်သလို ကပ်တွယ်နေတာလဲ။”


ဖန့်ကျွင်းရုံရဲ့ နှုတ်ခမ်းထက်က အပြုံးသည် သူမခင်ပွန်းအသံကို ကြားပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ ဒီယောကျာ်းဟာ သူမဘဝလက်ကျန် အချိန်ကုန်ဆုံးသည်အထိ သူမကို အလွန်နာကျင်စေအောင် ပြုလုပ်ခဲ့သည့် ထိခိုက်နစ်နာစေသူတွေထဲက တစ်ယောက်ပင် ဖြစ်သည်။


“ရှင်းယွင် ဘယ်အသက်အရွယ်ပဲရောက်ပါစေ။ သူမက အမြဲတမ်း ကျွန်မစိတ်ထဲမှာ ကလေးတစ်ယောက်ပဲ။ သူမ ကျွန်မအနားကိုကပ်တာ ကျွန်မကြိုက်တယ်။” ဖန့်ကျွင်းရုံသည် ထိုမျက်နှာကို ခုန်၍ကုတ်ဆွဲပြစ်လိုက်ချင်စိတ်ကို အကောင်းဆုံးထိန်းချုပ်ရင်း ညင်သာစွာပြောလိုက်သည်။


ခန့်ညားသောအသွင်ရှိသည့် လီဝမ့်ကျင်းသည် အသက်လေးဆယ်ကျော်နေပြီ ဖြစ်သော်လည်း ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သောကြောင့် အသက်သုံးဆယ်လောက်သာ ထင်ရသည်။ နှစ်များစွာ တစ်လျှောက်လုံးတွင် သူ့၏အသားတင်ပိုင်ဆိုင်မှုများစွာကြောင့် သူ့ကို အထင်ကြီး လေးစားသူများစွာ ရှိခဲ့သည်။ သို့သော် သူသည် ထိုသူအပေါင်းတို့ကို ငြင်းပယ်ခဲ့လေသည်။ ထို့ကြောင့် သူသည် လူထုဂုဏ်ဆောင် ခင်ပွန်းကောင်းတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲရသည်။ ထိုအချိန်တုန်းက ဖန့်ကျွင်းရုံသည် အလွန်ဂုဏ်ယူခဲ့သည်။ သို့သော် သူမ၏ ကြီးမြတ်လှတဲ့ခင်ပွန်းသည် သူ့သမီးအရင်း၏ နာကျင်မှုကို ကြည့်ရက်နိုင်ပြီး သူ့အမျိုးသမီးကိုလည်း စိတ္တဇဆေးရုံသို့ ခေါ်ဆောင်သွားသည်ကို ကြည့်ရက်နိုင်ခဲ့သည်။ သူမခံစားခဲ့ရသည့်ဆင်းရဲဒုက္ခတိုင်း သူတို့ ပြန်လည်ခံစားရမှာကို သူမ မျှော်လင့်မိသည်။


ကျန်းယာ့ကောသည် မိသားစုဝင်စိတ်ထားမရှိဟု ပြည်သူလူထုက ယူဆကြသောအခါ လီဝမ့်ကျင်းသည် မားမားမတ်မတ်ရပ်၍ ပြဿနာအားလုံး၏ အရင်းအမြစ်သည် ဖန့်ကျွင်းရုံကြောင့်သာ ဖြစ်ကြောင်း တံဆိပ်ခတ်ခဲ့သည်။ ကျန်းယာ့ကောကို နှိပ်စက်တဲ့အတွက် သူ့ဇနီးကို အပြစ်တင်ခဲ့သည်။ သူ့မျက်လုံးထဲတွင် အရာအားလုံးသည် ဖန့်ကျွင်းရုံအမှားသာဖြစ်သည်။


ထိုအကြောင်းကိုစဥ်းစားရင်း သူမစိတ်အတွင်းပိုင်းက မုန်းတီးမှုဟာ ဒီရေလှိုင်းကြီးလိုထိုးနှက်ပြီး သူမကို နစ်မြုပ်လုနီးပါး ခံစားခဲ့ရသည်။ သူမဘဝရဲ့ နေဝင်ချိန်ထိတိုင် ကျန်းယာ့ကောကို ဘာဖြစ်လို့ သူ့သမီးရင်းထက် ပိုကောင်းပေးနိုင်ရတာလဲ။ သူမသမီးကိုကျ ဘာကြောင့် ဒီလောက် အကြင်တရား ကင်းမဲ့နိုင်ရတာလဲဆိုတာ မသိနားမလည်ခဲ့ပေ။


လီဝမ့်ကျင်းသည် သူတို့နှစ်ဦးအား အရှုံးပေးသည့်အကြည့်ဖြင့် ကြည့်ရင်း ပြောခဲ့သည်။ “မင်းတို့နှစ်ယောက်က အမြဲတမ်း တစ်ဖက်တည်းပဲ။ ငါ ဘယ်တော့မှ အနိုင်ရမှာမဟုတ်ဘူး။”


လီရှင်းယွင်သည် ဂုဏ်ယူဝင့်ကြွားစွာပြောဆိုလိုက်သည်။ “အမေက သမီးကိုအချစ်ဆုံးပဲ။”


“ဒါဆို ရှင်းယွင် သမီးအမေကို မိနစ်အနည်းငယ်လောက် အဖေ့ကိုငှားပေးနိုင်မလား။ သူမကို ကိစ္စတစ်ချို့ ပြောစရာရှိလို့” ဟု လီဝမ့်ကျင်းက ပြောလိုက်သည်။


လီရှင်းယွင်သည် မရင့်ကျက်တဲ့လူတစ်ယောက် မဟုတ်ပေ။ သူမက တစ်ခုခုလွဲမှားနေမှန်း တွေးမိပေမယ့် ဖန့်ကျွင်းရုံကို မျက်စိမှိတ်ပြ၍ ထွက်သွားခဲ့သည်။ သူမရဲ့ ဖျတ်လတ်တက်ကြွသည့်အသံလေးကို အဝေးမှကြားလိုက်ရသည်။ “စိတ်မပူပါနဲ့။ လူကြီးတွေရဲ့လျှို့ဝှက်ချက်ကို သမီး ခိုးနားမထောင်ပါဘူး။”


ဖန့်ကျွင်းရုံကတော့ တစ်ဖက်တွင် လီဝမ့်ကျင်း သူမနဲ့ ဘာအကြောင်း ပြောချင်လဲ ဆိုတာကို ကောင်းကောင်း သဘော‌ပေါက်သည်။ ကျန်းယာ့ကောကို ခေါ်လာချင်တဲ့အကြောင်းပြောမှာ သေချာပေါက် ဖြစ်နိုင်တယ်။ အဲဒီအချိန်တုန်းကလိုပေါ့။


သူတို့သမီးလေးထွက်သွားပြီးနောက် လီဝမ့်ကျင်းသည် စိတ်ရှုပ်ထွေးနေသည့်မျက်နှာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ “ကျွင်းရုံ ကျန်းယာ့ကောဆိုတဲ့ကလေးကို မင်းမှတ်မိလား။”


သူမ ဘယ်လိုလုပ်မေ့မှာလဲ။


ဖန့်ကျွင်းရုံသည် သူမကိုယ်ကိုသူမ ကျိတ်ရယ်မိပေမယ့် မတုန်မလှုပ်မေးလိုက်သည်။ “သူမမိဘတွေကို ကားမတော်တဆမှုကြောင့် ဆုံးရှုံးလိုက်ရတဲ့တစ်ယောက်လား။”


“ဟုတ်တယ်။ အဲ့တစ်ယောက်” ဟု လီဝမ့်ကျင်းသည်ပြောလိုက်ပြီး ဝမ်းနည်းမှုကြောင့် သူ့မျက်လုံးများမှေးမှိန်သွားခဲ့သည်။ “သူမမိဘတွေ ဆုံးပါးသွားပေမယ့် သူမမှာ ငွေအမြောက်အမြား ကျန်နေသေးတယ်လို့ အစ ကိုယ်ထင်ခဲ့တယ်။ သူမရဲ့ဆွေမျိုးတွေက အကြင်နာကင်းမဲ့မယ်လို့ ဘယ်သူက တွေးမိမှာလဲ။ သူမအဖွားအကူအညီနဲ့ သူမရဲ့ ပိုက်ဆံတွေနဲ့ အိမ်ကို သူတို့က သိမ်းပိုက်လိုက်ကြတယ်။”


“သူတို့က ယာ့ကောရဲ့ကောလိပ်ကျောင်းလခအတွက်တောင် မချန်ခဲ့ကြဘူး။ သူတို့က ယာ့ကောကို သူတို့ရွာက လူအိုတစ်ယောက်နဲ့တောင် လက်ထပ်ပေးချင်ခဲ့တယ်။ သူမအဖေက ကိုယ်ကောလိပ်ကျောင်းတုန်းက သူငယ်ချင်းပဲ။ သူမ အဲ့လိုဖြစ်နေတာကို ကိုယ် ဒီအတိုင်း ရပ်မကြည့်နိုင်ဘူး။ ဒါကြောင့် ကိုယ် သူမကို အိမ်ခေါ်လာချင်တယ်။”


ကျွင်းရုံ သူမ ယခင်ဘဝတုန်းက ကြားခဲ့ရသော စကားများနှင့် ယခု ကြားရသော စကားများသည် အတိအကျ တူညီနေခဲ့လေသည်။


ဒါက အိမ်မက်တစ်ခုမဟုတ်ခဲ့ပေ။


ဖန့်ကျွင်းရုံသည် လက်သည်းများကို လက်ဖဝါးထဲသို့ နစ်ဝင်မတတ် တင်းတင်းဆုပ်လိုက်မိသည်။ ထိုအချိန်က သူမသည် ကျန်းယာ့ကော၏ဖခင်နှင့်ဖြစ်ခဲ့ကာ သူမကြုံတွေ့ခဲ့ရသည့် မကောင်းတဲ့ အဖြစ်အပျက်များကြောင့် စိတ်မကောင်းဖြစ်မိပြီး လီဝမ့်ကျင်း၏အကြံပြုချက်ကို ချက်ချင်းသဘောတူခဲ့သည်။ ဒါပေမယ့် အခုကတော့...


“ကျွင်းရုံ မင်းဘယ်လိုထင်လဲ။”


ဖြစ်ကောင်းဖြစ်နိုင်တာက သူမ အကြာကြီးတိတ်ဆိတ်နေခဲ့တာကြောင့် လီဝမ့်ကျင်း၏အသံသည် ရှားရှားပါးပါး စိုးရိမ်မှု အငွေ့အသက်များ ယှက်သန်းနေခဲ့သည်။


ဖန့်ကျွင်းရုံသည် ပြီးပြည့်စုံသောပုံစံလေးကို တင်လိုက်ပြီး မျှော်ကြည့်လိုက်သည်။ သူမသည် သူမကိုယ်တိုင်လည်း ထပ်တူခံစားခဲ့ရသည့်သလိုမျိုး ဖျော့တော့သွားခဲ့သည်။ “သူမဖြစ်ပျက်ခဲ့သမျှက အလွန်ဆိုးရွားလိုက်တာ။”


သူမသည် စကားကိုခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။ “ဒါပေမယ့် တရားဝင်ခေါင်းစဥ်တပ်ဖို့မရှိပဲ ဒီမှာနေမယ်ဆိုရင် သူမက သူစိမ်းအိမ်မှာ နေတဲ့အတွက် အတင်းအဖျင်းတွေ အများကြီး ထွက်လာလိမ့်မယ်။”


သူမစကားတွေက လီဝမ့်ကျင်းကို မဝံ့မရဲဖြစ်သွားစေသည်။


ဖန့်ကျွင်းရုံက ဆက်ပြောသည်မှာ “ကျွန်မတို့ ဘာကြောင့် သူမကို တရားဝင် မမွေးစားတာလဲ။ အဲ့နည်းနဲ့ဆို သူမကို မလေးမစား အလုပ်ခံရမှာ မဟုတ်ဘူး။ ကျွန်မတို့ သူမကို မွေးစားသင့်တယ်။”


လီဝမ့်ကျင်းက အားရကျေနပ်စွာ ပြောလိုက်သည်။ “ကျွင်းရုံ မင်းက ကမ္ဘာပေါ်မှာ ဂရုအစိုက်တတ်ဆုံးနဲ့ ကျိုးကြောင်းဆီလျော်တဲ့လူတစ်ယောက်ပဲ။”


ဖန့်ကျွင်းရုံသည် ဒီအခြေအနေတစ်ခုလုံးရဲ့လှည့်ကွက်ကို သတိမပြုမိခဲ့ဘူး။ အကြောင်းမသိတဲ့သူဆိုရင် ကျန်းယာ့ကောက သူရဲ့သမီးရင်းလို့ ထင်လိမ့်မယ်။ သူ အရင်က ရှင်းယွင်ကို ဘယ်တော့ကမှ လိမ္မာတယ်လို့ မပြောဖူးဘူး။ ဒါပေမယ့် ကျန်းယာ့ကောကိုတော့ သူ့သမီးရင်းလေးလိုပဲ သတ်မှတ်ပြီး သူမနဲ့ပတ်သတ်သမျှ ကိစ္စတိုင်းကို သူ့တာဝန်လို့သတ်မှတ်ခဲ့သည်။ သူမတို့ကွာရှင်းပြီးခဲ့ရင်‌တောင်မှ ကျန်းယာ့ကောကို သူမရဲ့အမွေ နည်းနည်းမှခွဲမပေးနိုင်ဘူး။


ဖန့်ကျွင်းရုံ အမှန်တကယ်ရှာဖွေလိုသောအရာမှာ သူတို့အချင်းချင်းကြား မောင်နှမဆိုတဲ့ခေါင်းစဥ်အောက်ကို ရောက်ရင်တောင်မှ သူမရဲ့အံ့အားသင့်ဖွယ် သားလေးက ကျန်းယာ့ကောကို အရူးအမူး ချစ်နေနိုင်ဦးမလားဆိုတာကိုပဲ ဖြစ်သည်။