အခန်း ၃
Viewers 25k

အခန်း (၃) – ထို့ကြောင့် သူတို့သည် အစကတည်းက မိသားစုတစ်ခု မဖြစ်ခဲ့ဖူးပါ (၁)


ဖန့်ကျွင်းရုံသည် သူမသား လီရှစ်ကျီကို သူ့အမျိုးသား လီဝမ့်ကျင်းအား မုန်းသည်ထက်ပို၍ မုန်းသည်။ လီဝမ့်ကျင်းအား လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပင် စွန့်လွှတ်ခဲ့ပေမယ့် သူမသားရဲ့အပြုအမူ‌ေတွကိုတော့ ဘယ်တော့မှမမေ့ပေ။ ကျန်းယာ့ကော သူတို့အိမ်သို့ရောက်မလာမီအချိန်က လီရှစ်ကျီသည် အမြဲတမ်း သူ့မိဘများနှင့် ညီမဖြစ်သူတို့ကို အမြဲ ဂုဏ်ယူစေရသည့် ကောင်လေးဖြစ်သည်။ သူက မိသားစုဝင်တိုင်းရဲ့ မွေးနေ့ကို အမှတ်ရပြီး သူ့ညီမလေးကိုလည်း အရမ်းဂရုစိုက်သည်။ သူက အမြဲပင် သူမရဲ့ ဂုဏ်ယူဝမ်းမြောက်စရာ လူသားလေးတစ်ဦး ဖြစ်ခဲ့သည်။


ဒါပေမယ့် သူသည် ကျန်းယာ့ကောနဲ့ ချစ်ကျွမ်းဝင်ပြီးကတည်းက သူ၏အခြားကဏ္ဌအားလုံးကို စွန့်လွှတ်လိုက်ပုံရသည်။ သူသည် ကျန်းယာ့ကော၏လီရှစ်ကျီသာဖြစ်ပြီး သူမကသာလျှင် သူ့ဘဝရဲ့ တစ်ခုတည်းသော ဦးစားပေးအရာ သတ်မှတ်ခဲ့သည်။ သူသည် သူမ၏သားဖြစ်သူ မဟုတ်တော့ပေ။ လီရှင်းယွင်၏အစ်ကိုလည်း မဟုတ်တော့ဘူး။ ကျန်းယာ့ကောနှင့် ပြဿနာဖြစ်သောသူသည် သူ့ရန်သူသာဖြစ်သည်။


သူ့ရဲ့အေးစက်တဲ့အသွင်အပြင်သည် သူမအား ဒီဇင်ဘာ၏အေးခဲတဲ့ရာသီဥတုအခြေအနေလိုပင် သူမခေါင်းထဲထိအေးစက်ပြီး အကူအညီမဲ့ကာ သူ့ရဲ့‌အေးစက်မှုကြား ခိုက်ခိုက်တုန်သွား‌စေခဲ့သည်။


"သားရှေ့မှာ သူမကို ဘယ်တစ်ဦးတစ်ယောက်ကမှ ထိခိုက်နာကျင်စေဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။ အမေဆိုရင်တောင်မှပေါ့။"


" ဒီနေ့ကစပြီး ကျွန်တော်တို့က သားအမိမဟုတ်တော့ဘူး။"


***


သူမ ထိုနေ့ကိုပြန်သတိရတိုင်း သူမနှလုံးသားအစိတ်စိတ် အမြွာမြွာကွဲကြေသွားသလို ခံစားရသည်။ ထိုနာကျင်မှုကြောင့် အချိန်အတော်ကြာ ဘာလုပ်ရမှန်းမသိဘူး ဖြစ်လေ့ရှိသည်။


ဖန့်ကျွင်းရုံသည် အသက်ပြင်းပြင်းရှု၍ သူမ၏ခံစားချက်များကို ထိန်းသိမ်းလိုက်သည်။ သူမ၏ရှေ့က လီဝမ့်ကျင်းသည် ကျန်းယာ့ကော ကောင်းကြောင်းများကို ဖန့်ကျွင်းရုံ သူမအပေါ် ချစ်ခင်နှစ်သက်မှု တိုးလာအောင် ကြိုးစားပြောဆိုနေလေသည်။


"ယာ့ကောက ဒီအကြောင်းကိုသိရင် အရမ်းဝမ်းသာသွားမှာ။ မင်း အရင်တွေ့ကြည့်မလား။ သူမက အလွန်ကြင်နာပြီး ရင့်ကျက်တဲ့ မိန်းကလေးတစ်ယောက်ပဲ။ မင်း သူမကို ပထမတစ်ကြိမ် တွေ့တာနဲ့တင် သဘောကျသွားလိမ့်မယ်။"


"ကိုယ် ရှင်းယွင်ကို ယာ့ကောရဲ့အပြုအမူတွေကို အတုယူနိုင်ဖို့ မျှော်လင့်မိတယ်။ ရှင်းယွင်က နည်းနည်းပျက်စီးနေတယ်။ သူမ မင်းဆီကနေ မုန့်ဖိုးထပ်တောင်းတယ်လို့ ကိုယ်ကြားခဲ့တယ်။"


ဖန့်ကျွင်းရုံသည် သူမနှုတ်ခမ်းများကို အနည်းငယ်တွန့်၍ ပြောလိုက်သည်။ "ကျွန်မတို့မှာ ပိုက်ဆံတွေ အများကြီးရှိတယ်။ ကျွန်မတို့ရဲ့ မင်းသမီးလေးကို ဒုက္ခမခံစေသင့်ဘူး။ ပိုက်ဆံဖြုန်းတီးတဲ့အကြောင်း ပြောရမယ်ဆိုရင် ရှင်ဝယ်တဲ့ ပန်းချီကားတစ်ချပ်ရဲ့ တန်ဖိုးက သူမရဲ့တစ်နှစ်စာမုန့်ဖိုးထက် ပိုကုန်တယ် မဟုတ်ဘူးလား။"


သူမရဲ့ ယခင်ဘဝတွင် လီဝမ့်ကျင်းသည် မိန်းကလေးနှစ်ယောက်အား အမြဲတမ်း နှိုင်းယှဉ်သည်။ အထူးသဖြင့် ကျန်းယာ့ကောအား ချီးမွမ်းပြောဆိုကာ လီရှင်းယွင်ကိုကျ အပြစ်တင်ပြောဆိုသည်။ ရှင်းယွင်က စိတ်သဘောထားသေးသိမ်တဲ့မိန်းကလေးမဟုတ်ပေမယ့် မကြာခဏအပြစ်ပြောခံရတော့ သူမဟာ ကျန်းယာ့ကောအပေါ် မကျေနပ်မှုတွေ စတင်ဖြစ်ပေါ်လာခဲ့သည်။


လီဝမ့်ကျင်းသည် မျက်နှာနှစ်ဖက်ရှိသော လူသား ဖြစ်သည်။ သူသည် ရှင်းယွင်က ပိုက်ဆံအလွန်အကျွံ သုံးစွဲနေသည်ဟု ခံစားမိသော်လည်း ကျန်းယာ့ကော၏ မွေးနေ့ပွဲအတွက်မူ များစွာအကုန်အကျခံကာ သူမအတွက် လက်‌ဆောင်အမျိုးမျိုးကိုလည်း ဝယ်ပေးခဲ့သည်။ သူ့စိတ်ထဲတွင် ကျန်းယာ့ကောအတွက် ပိုက်ဆံသုံးခြင်းသည် သုံးဖြုန်းခြင်းမဟုတ်ပေ။ သူ့သမီးရင်းအတွက် ပိုက်ဆံသုံးစွဲခြင်းသည် ဖြုန်းတီးခြင်း ဖြစ်လေသည်။ ကျွင်းရုံသည် ကျန်းယာ့ကောက ထိုသူ့အပေါ် ဘယ်လိုပြုစားထားမှန်းကို နားမလည်ခဲ့ပေ။


ဖန့်ကျွင်းရုံသည် သူ့အပေါ်တွင် ခံစားချက်မရှိတော့သော်လည်း ၎င်းကိုစဉ်းစားမိခြင်းက သူမကို ဒေါသထွက်စေခဲ့သည်။ သူမလေသံက အေးစက်သွားခဲ့သည်။


"သမီးတစ်ယောက်ကို ပြုစုပျိုးထောင်တာက ပိုက်ဆံကုန်တာ ထုံးစံပဲ။ တကယ်လို့ ကျွန်မတို့က မိန်းကလေးတစ်ယောက်အတွက် အကုန်အကျမခံနိုင်ဘူးဆိုရင် ဒုတိယတစ်ယောက်ကို မွေးစားမယ့်အကြောင်း ပြန်မဆွေးနွေးသင့်ဘူးလား။ သူမရောက်လာပြီးချိန်မှ ကျွန်မတို့က သူမကို ကောင်းကောင်း မကျွေးမွေးနိုင်လို့ မဖြစ်ဘူး။ ဒါမှမဟုတ် ရှင် လေလံပွဲသွားတဲ့ အကြိမ်အရေအတွက်ကို လျှော့ချသင့်တယ်။"


လီဝမ့်ကျင်း၏ မျက်နှာအရောင် ‌ပြောင်းသွားပြီး သူမကို နှစ်သိမ့်ပြောဆိုလိုက်သည်။ "ကိုယ်က နောက်လိုက်တာပါ။ မင်း အလေးအနက်မထားပါနဲ့။ ရှင်းယွင်က ကိုယ်တို့ကလေးပဲ။ ဒါပေါ့ ကိုယ်လည်း သူမကို အလိုလိုက်ရမှာပေါ့။"


လီဝမ့်ကျင်းသည် ဖန့်ကျွင်းရုံက သူ့ကို မယုံမှာစိုးရိမ်သောကြောင့် ချက်ချင်းပဲ ရှင်းယွင်ထံ နောက်ထပ် ယွမ်တစ်မီလီယံကို လွှဲပေးလိုက်သည်။


ဖန့်ကျွင်းရုံသည် သူနှင့်စ‌ကားပြောဖို့ အချိန်မဖြုန်းချင်တဲ့အတွက်ကြောင့် သူ့ကို မြန်မြန် နှင်လွှတ်လိုက်သည်။ အခုအချိန်မှာ အရေးကြီးဆုံးအရာက သူတို့ရဲ့ ငွေရေး‌ကြေးရေး အခြေအနေကို တွက်ချက်ဖို့ပဲ။ သူမတို့ကွာရှင်းတဲ့အခါ သူမဘာတွေ ဖြစ်သွားမယ်မှန်းကို သူမ ကြိုတင်သိရှိထားသည်။ သူတို့၏အိမ်နှင့်မြေယာများမှလွဲ၍ တန်ဖိုးအရှိဆုံးပိုင်ဆိုင်မှုမှာ အေရွန်ကော်ပိုရေးရှင်း၊ လီဝမ်ကျင်း၏လျှပ်စစ်ကုမ္ပဏီနှင့်  အသစ်တည်ထောင်ထားတဲ့ အလှကုန်ကုမ္ပဏီ မိန်ဖန့်တို့ပင်ဖြစ်သည်။


နောက်ပိုင်းတွင် သူမရဲ့ ဝက်လိုသားသည် သူတို့ရဲ့ အလှကုန်ကုမ္ပဏီကို ကျန်းယာ့ကောကို ပေးခဲ့သည်။ ကျန်းယာ့ကောတွင် အသားအရေ ထိန်းသိမ်းမှု ထုတ်ကုန်အချို့အတွက် ဖော်မြူလာအချို့ ပိုင်ဆိုင်ထားပြီး ထိုဖော်မြူလာများကြောင့် သူမသည် ပိုက်ဆံအတော်အတန် ရှာနိုင်ခဲ့သည်။ အဲဒီကနေ ကျန်းယာ့ကောသည် သူမအား ကျောထောက်နောက်ခံပြုပေးမည့် သူဌေးအနည်းငယ်နှင့် မိတ်ဖွဲ့နိုင်ခဲ့သည်။


သူမပြန်လည်မွေးဖွားချိန်က အဆိုးဆုံးအချိန် မဟုတ်ခဲ့ပေ။ သူမတွင် ဘဏ္ဌာရေးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာန၊ သုတေသနဌာနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနတို့တွင် သူမလူများ ရှိနေသေးသည်။ သူတို့အားလုံးထဲတွင် ဘဏ္ဌာရေးဌာနက မန်နေဂျာ ရှုဝေဝေသည် သူမရဲ့ ကောလိပ်ကျောင်းတုန်းကတည်းက သူငယ်ချင်းကောင်းတစ်ယောက်ပင်။