အခန်း ၉၂
Viewers 25k


အခန်း (၉၂) – သူ့ဖခင်နာမည်ပျက်ရင် သူလည်း ထိခိုက်လိမ့်မည် ဆိုတာကို သူမ တွေးခဲ့မိပါရဲ့လား (၂)


လူထု၏ထင်မြင်ချက်ဟာ ချက်ချင်းဆိုသလို ပေါ်ထွက်လာကြပြန်သည်။ ဤအချိန်၌ အဖြစ်အပျက်များ၏ အလှည့်အပြောင်းဟာ ပိုမိုမြန်ဆန်လာခဲ့သည်။ အရင်တုန်းက ဖန့်ကျွင်းရုံကို ဆန့်ကျင်ခဲ့သူအားလုံးက သူတို့ရဲ့ထင်မြင်ချက်များကို ဖျက်ပြစ်လိုက်ပြီး အခြားတစ်ဖက်သို့ တည့်တည့်ပြောင်းလာခဲ့ကြသည်။


[OOOOOHHHH! ကျွန်တော် တောင်းပန်ပါတယ်… သူဌေးမဖန့်ရေ ကျွန်တော် ခင်ဗျားအပေါ် အမှားလုပ်မိပါတယ်။ ကျွန်တော် တောင်းပန်ပါတယ်ဗျာ ကျွန်တော် တောင်းပန်တဲ့အနေနဲ့ အလှအပဆေးလုံးတစ်ဗူး သွားပြီး ကြိုတင်မှာယူလိုက်ပါ့မယ်ခင်ဗျ]


[ဖန့်ကျွင်းရုံက ဒီဆိုးဝါးတဲ့အဖြစ်အပျက်တစ်ခုလုံးမှာ အနစ်နာဆုံးသားကောင် ဖြစ်ခဲ့ရတယ်။ သူမခင်ပွန်းဟောင်းက သူမအား ပန်းချီကားအတုတစ်ချပ်ကို လက်ဆောင်ပေးခဲ့ရုံသာမကပဲ သူမမွေးစားသမီးကလည်း သူမကို အပြစ်ဖို့ဖို့ လုပ်ခဲ့တယ်]


[HAHAHA သူဌေးမဖန့်ကို မကောင်းကြောင်း မပြောခဲ့တဲ့ငါက မင်းတို့ကို စိုက်ကြည့်နေတယ်နော်။ ကျန်းယာ့ကောကို ထောင်ချောင်ဆင်တတ်သူလို့ ငါ အမြဲထင်နေခဲ့တာ။ သူမမွေးစားမိခင်နာမည်ကိုရှင်းဖို့ သူမ ဒီအစီအစဥ်ကို လာခဲ့တယ်လို့ပြောတယ်။ တကယ်လို့သာ သူမက ဒီလိုရည်ရွယ်ရိုးမှန်ရင် သူမက အဲ့တာကို တစ်စုံတစ်ယောက်ကို ငှားရမ်းပြီး အကဲဖြတ်နိုင်တယ်လေ။ အဲ့တာအတွက် အမျိုးသားအသံလွှင့်ရုံကို သွားဖို့ လိုအပ်လို့လား။ အမှန်တရားကတော့ သူမက ဖန့်ကျွင်းရုံကို ချောက်ချရန် ကြိုးစားခဲ့တယ်။ မိန်းကလေးတွေသာ အခြားမိန်းကလေးတွေရဲ့အတွေးတွေကို နားလည်နိုင်တယ်။ ငါ့ကောင်လေးက ကျန်းယာ့ကောက အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတယ်လို့ အရင်က ပြောဖူးတယ်။ ငါ အရမ်းဒေါသထွက်ပြီး သူ့ကို ရိုက်ပြစ်လိုက်တယ်]


[သူ့မိန်းမကို အတုပေးတဲ့လုပ်ရပ်က သူ့ပုံစံနဲ့ဆန့်ကျင်ဖက် ဖြစ်နေတယ်။ လီဝမ့်ကျင်း သေသွားပြီး သူ့ပြာတွေကိ ပြန့်ကျဲပေးလိုက်မယ်]


[ပြောပြပေးပါ။ လီဝမ့်ကျင်းက ဘယ်အချိန်မှာ ဖြေရှင်းပေးမှာလဲ]


[တုံပြန်ချက်ကို စောင့်မျှော်နေပါသည် +1]


[လွန်ခဲ့သောသုံးနှစ်က ပုံစံထက် အခုလက်ရှိ ဖန့်ကျွင်းရုံက ပိုငယ်နေပုံရတာကို သတိပြုမိကြလား။ ကောင်းပြီ။ ငါ ပြောပြီးပြီနော်။ ငါလည်း အလှအပဆေးလုံးတစ်ဗူးလောက်တော့ ကြိုတင်မှာယူရမယ်]


……


ဖန့်ကျွင်းရုံသည် အွန်လိုင်းမှလူထုတင်မြင်ချက်များ ဦးတည်ရာ အပြောင်းအလဲများကို ကြည့်ရှုနေရင်း သူမမျက်ခုံးပင့်မိလိုက်သည်။ သူမနှင့် တစ်ခါမှမဆုံဖူးသော လျန့်ဖုန်းသည် သူမဖက်မှ ရပ်တည်ပြီး ထိုသို့ပြောလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူမရဲ့မူလအစီအစဥ်က လီဝမ့်ကျင်းသာ ဒီကိစ္စကို ငြင်းဆိုခဲ့မယ်ဆိုရင် သူ့လက်ထဲက အခြားပန်းချီကားများကို အကဲဖြတ်ပြဖို့ရန် ကမ်းလှမ်းဖို့ ရည်ရွယ်ခဲ့တာ ဖြစ်သည်။


ဒါပေမယ့် ရလဒ်က သိပ်မဆိုးခဲ့ပါဘူး။ လီဝမ့်ကျင်း၏ ခန့်ညားချောမောပြီး သစ္စာရှိသော အမျိုးသားသရုပ်သည် လူတိုင်းရှေ့တွင် ရိုက်ချိုးခံရရုံသာမက ထိုအဖြစ်အပျက်သည် အလှအပဆေးလုံးအတွက် ကြော်ငြာအဖြစ် ထပ်ဆင့် အမြတ်ရခဲ့သည်။ တစ်နာရီအတွင်းမှာပင် အလှအပဆေးလုံး၏ ကြိုတင်မှာယူမှုစာရင်း ထောင်ချီရှိလာခဲ့သည်။ ဒါဟာ သူမ စိတ်ကူထားတာထက် အများကြီးပိုကောင်းသည်။


ယခု သူမလိုအပ်သော တစ်ခုတည်းသောအရာမှာ ထိုအဖြစ်အပျက်ကို သိသောသူတစ်ဦးရှိရန်နှင့် လီဝမ့်ကျင်း သူမကို လိမ်လည်ခဲ့သည်ဟူသောအချက်ကို ဖော်ထုတ်ရန် ဖြစ်သည်။ သို့သော် ထိုအရာဟာ သိပ်တော့မဖြစ်နိုင်ပေ။ စီးပွားရေးလောကရှိလူများသည် သူတို့၏ကိုယ်ပိုင်အကျိုးအမြတ်ကိုသာ အများဆုံး အလေးထားကြသည်။ လီဝမ့်ကျင်းသည် ကွာရှင်းပြီးပေမယ့် သူ့မှာ အေယွန်ကော်ပိုရေးရှင်း ရှိနေသေးသည်။ ပြောရမယ်ဆိုရင် အစာငတ်သေသည့် ကုလားအုတ်က မြင်းထက်တော့ ကြီးသေးသည်ဆိုသည့် စကားလိုပေါ့။ စုမိန်မှလွဲ၍ ကျန်လူအနည်းစုဟာ လီဝမ့်ကျင်းနှင့် သူတို့၏ဆက်ဆံရေးကို ပျက်စီးစေလောက်အောင်အထိ မမိုက်ကြပါ။


ဒါပေမယ့် ဒါက အဆင်ပြေပါတယ်။ သူမက စိတ်ရှည်သည့်လူတစ်ဦး ဖြစ်သည်။ သူမ အလျင်စလို မဖြစ်ခဲ့ပေ။


ဖန့်ကျွင်းရုံက ပေါ့‌ပေါ့ပါးပါးပြုံးရင်း အထဲသို့ပြန်ဝင်ဖို့ ပြန်လှည့်လိုက်သည်။


လီရှင်းယွင်ဟာ သန်းဝေရင်း သူမအိပ်ခန်းသို့ ပြန်လာခဲ့သည်။ သူမညဝတ်ဝတ်စုံကို ကိုင်ထားရင်း သူမဟာ ရေချိုးဖို့သွားနေပုံရသည်။


ဖန့်ကျွင်းရုံက မေးလိုက်သည်။ “သမီး ဒီအချိန်ကြီး တရေးနိုးတာလား။ မနက်ဖြန်မနက်ကျရင် ထနိုင်ပါ့မလား”


တစ်ခုခုမှားနေပြီ။ လီရှင်းယွင်သည် နေ့စဥ်အချိန်ဇယားကို အမြဲလိုက်နာခဲ့သည်။ များသောအားဖြင့် သူမဟာ ည ၁၁နာရီလောက်မှာ အနားယူဖို့ အဆင်သင့်ပြင်ပြီး ဖြစ်လိမ့်မယ်။ အခုအချိန်က နေ့လည် ၁၂နာရီခွဲ ဖြစ်နေခဲ့ပြီ။


သူမက သံသယဝင်နေသည့်အသံဖြင့် မေးလိုက်သည်။ “သမီး အခုအချိန်ထိ အွန်လိုင်းပေါ်က ပြစ်တင်ပြောဆိုနေကြတဲ့သူတွေနဲ့ ရန်ဖြစ်နေတုန်းလား။ ဟုတ်လား” ထိုကဲ့သို့အရာ တစ်စုံတစ်ခုဟာ သူမသမီးထက်တော့ အရေးမကြီးနိုင်ပါ။


လီရှင်းယွင်သည် ခေတ္တမျှ အေးခဲသွားပြီး လေသံထွက်ရုံမျှ အသံလေးဖြင့် ပြောလိုက်သည်။ “အဲ့ဒီအရူးတွေ ပြောနေတာတွေက အရမ်းဒေါသထွက်စရာကောင်းတယ်” သူမ သူတို့နဲ့ရန်ဖြစ်ဖို့ သူမရဲ့အကောင့်ပွားဆယ်ခု အသုံးပြုတာတောင် သူမကို မကူညီနိုင်ဘူး။ ပိုဆိုးတာက ရန်ဖြစ်သည့်နေရာမှာ သူမက ရှုံးနိမ့်နေခဲ့တာပဲ။ သူမသည် သူတို့ကို ရီပိုစ့်ထုခဲ့ပြီးတော့ သူမအကောင့်တချို့ကိုပင် ဆုံးရှုံးခဲ့ရသည်။ ထိုအတွေးတွေကြောင့် သူမ ပို၍ပင် မကျေမနပ်ဖြစ်မိသည်။ သူမဟာ မနက်ဖြန်ကနေစပြီးတော့ သူမရဲ့အွန်လိုင်းပေါ်က တိုက်ခိုက်ရေးစွမ်းရည်ကို စတင်လေ့ကျင့်မယ်လို့ ဆုံးဖြတ်လိုက်သည်။


ဖန့်ကျွင်းရုံဟာ မျက်နှာပျက်သွားခဲ့သည်။ “သမီး သူတို့နဲ့ရန်ဖြစ်ဖို့ဆိုရင် ရေတပ်ငှားလိုက်ရုံပဲလေ။ သမီးက အားနည်းတဲ့နေရာမှာ သူတို့နဲ့ဘာလို့ယှဥ်ပြိုင်နေတာလဲ” သူမသည် အလွန်ကောင်းမွန်စွာ ကြီးပြင်းလာသော သူမသမီးဖြစ်သူအကြောင်းကို ကောင်းစွာ သိနားလည်သည်။ သူမလေး သုံးနှုန်းသည့် ပိုဆိုးသည့် အသုံးအနှုန်းများဟာ “အရူးတွေ” နှင့် “အမှိုက်တွေ” သာ ဖြစ်သည်။


လီရှင်းယွင်သည် ကြက်သေသေသွားမိသည်။ သူမ ဘယ်လိုလုပ် ဒီလိုမျိုး မတွေးမိရတာလဲ။