အခန်း ၂၀၀
Viewers 25k

အခန်း(၂၀၀) - တစ်ခုခုပေါက်ကွဲသွားသလို သူမရဲ့ကမ္ဘာကို အမှောင်ထုကြီး ဝန်းရံသွားခဲ့သည် (၁)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)


ဖန့်ကျွင်းရုံရဲ့ပစ်မှတ်မှာ အလွန်အလားအလာကောင်းပုံပေါ်သည့် နံပါတ် ၁၃၄ ကျောက်အရိုင်းတုံးဖြစ်သည်။ ထိုကျောက်အရိုင်းတုံးကို တစ်ဝက်ဖြတ်တောက်ထားပြီး လူတွေရှေ့ပြသထားတဲ့အပိုင်းဟာ ဖန်လိုကြည်လင်တောက်ပနေသည့် အရည်အသွေးရှိကာ အလွန်ကောင်းမွန်သည်။ အပြင်ဖက်အလွှာသည် သံပုရာခွံလိုပင် ကွဲအက်နေတာမျိုး မရှိပေ။ အရမ်းအရမ်း ကောင်းမွန်တယ်လို့ ဆိုရပေမည်။ ထိုကျောက်စိမ်းတုံး၏စျေးနှုန်းသည် ယွမ် ၂၈ မီလီယံ ဖြစ်သည်။



သို့သော် ဖန့်ကျွင်းရုံသည် ဒီကျောက်အရိုင်းတုံးမှာ ပေါ်နေသည့် ကျောက်စိမ်းသည် အပေါ်ယံမျှသာဖြစ်ပြီး အတွင်းမှကျောက်စိမ်းဟာ မရှိသလောက်ပါးလွှားတယ်ဆိုတာကို သိလေသည်။ ဒါက ပိုင်ရှစ်ယွင်အတွက် ပြီးပြည့်စုံသော နမူနာဖြစ်ပြီး ကျောက်အရိုင်းတုံး၏အတွင်းပိုင်းသည် ၎င်းကို အပြင်ပန်းမှမြင်ရသော အရာများနှင့် မကိုက်ညီသည်မှာ သိသာထင်ရှားပါသည်။

 

ဖန့်ကျွင်းရုံက မဆိုင်းမတွပဲ “၅၀ မီလီယံ” လို့ စျေးပေးလိုက်သည်။


စတင်ခေါ်ဆိုသောစျေးနှုန်း၏ နှစ်ဆနီးပါး ပေးလိုက်သော ပမာဏသည် လူတိုင်းကို အသက်ရှုကျပ်စေခဲ့သည်။


ဖန့်ကျွင်းရုံ၏အသံသည် အလွန်တရာ မကျယ်သော်လည်း လေလံပွဲတစ်ခုလုံး တိတ်ဆိတ်နေသည်ဖြစ်၍ ပိုင်ရှစ်ယွင်ကြားဖို့ လုံလောက်ပါသည်။ “ဒါက အလားအလာ တော်တော်ကောင်းမယ့်ပုံပဲ။ အသားအရေထိန်းသိမ်းဖို့အတွက် အထူးသင့်တော်မယ့်ပုံပဲ။”


ပိုင်ရှစ်ယွင်က “အသားအရေထိန်းသိမ်းဖို့” ဆိုတဲ့ စကားကို ပြန်မကြားယောင်မိပဲ မနေနိုင်ခဲ့ဘူး။ သူမက အံတင်းတင်းကြိတ်ကာ သူမရဲ့လေလံကတ်တွင် “၇၈ မီလီယံ” ဟု တိုးပေးလိုက်သည်။


ဒီကျောက်ကို စိတ်ဝင်စားနေတဲ့ တခြားသူတွေက သူတို့မျက်လုံးတွေကို စုံမှိတ်ထားဖို့သာ တတ်နိုင်သည်။ ဒီလူနှစ်ယောက်က သူတို့မျှော်မှန်းထားတာထက် စျေးနှုန်းကို တန်းမြှင့်လိုက်ကြတော့ သူတို့ လက်လျော့ရန်ကို ရွေးချယ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ နောက်ဆုံးတော့ သူတို့အားလုံးမှာ သုံးစွဲဖို့ငွေကြေးပမာဏက အကန့်အသတ်ရှိတယ်။


ဖန့်ကျွင်းရုံက မဆိုင်းမတွ စျေးထပ်တင်ပေးသည်။ “၉၁ မီလီယံ”


“၁၀၂ မီလီယံ”


သူတို့နှစ်ယောက်ကြားမှာ တိုက်ပွဲပြင်းထန်နေပြီး ထိုကျောက်အရိုင်းတုံး၏ စျေးနှုန်းက တစ်ချိန်လုံး မြင့်တက်နေသည်။


ပိုင်ရှစ်ယွင်နှင့် အတူပါလာသောသူများသည်ပင် သူမကို နားချပြောဆိုနေရသည်။


“ဒီစျေးနှုန်းနဲ့ဆို လေလံအောင်ရင်တောင် မင်းရဲ့ငွေကြေးကို ဆုံးရှုံးသွားလိမ့်မယ်။”


ပိုင်ရှစ်ယွင်က သိပ်မပျော်ရွှင်ပုံပေါ်သော်လည်း သူမက ဆက်လက်ခေါင်းမာနေတုန်းပါပဲ။ “ဒါ အဆင်ပြေပါတယ်။ ဒီကျောက်အရိုင်းတုံးထဲက ကျောက်စိမ်းက အရည်အသွေးကောင်းပုံရတယ်။ ဒါက ငါတို့ဆိုင်ရဲ့ ဆွဲဆောင်မှု အကောင်းဆုံး ကျောက်စိမ်း ဖြစ်လာနိုင်တယ်။” မကြာသေးမီနှစ်များအတွင်း သူတို့မိသားစုသည် အလယ်အလတ် ကျောက်စိမ်းတုံးများသာ ရရှိခဲ့သည်။ သူတို့ဆိုင်ရဲ့ နာမည်ဂုဏ်သတင်းကို မြှင့်တင်နိုင်ရန် အဆင့်မြင့် ‌ကျောက်စိမ်းတုံးတွေ မရှိဘူး။


ပိုင်ရှစ်ယွင်က သူတို့သူဌေးရဲ့ဇနီးမယားဖြစ်၍ သူမက ဒီလိုပြောပြီးတဲ့နောက်မှာ အခြားဘယ်သူကမှ ဘာမှပြန်မပြောရဲပါဘူး။ ပြောသင့်တာကို သူတို့ပြောပြီးပြီဖြစ်သည်။


၁၀၃ မီလီယံသို့ ရောက်သွားသောအခါတွင် ဖန့်ကျွင်းရုံက လက်လျော့လိုက်ပြီး ပိုင်ရှစ်ယွင် လေလံအောင်သွားသည်။


ပိုင်ရှစ်ယွင်ရဲ့နှလုံးသွေးများ ယိုစီးကျသလို ခံစားရသော်လည်း ဖန့်ကျွင်းရုံရဲ့ အုံ့မှိုင်းနေသော မျက်နှာကို မြင်တွေ့လိုက်ရတဲ့အခါ သူမက အောင်ပွဲခံပြီး လန်းဆန်းသွားသည်။ သူမက ဖန့်ကျွင်းရုံကို ဂုဏ်ယူဝံ့ကြွားနေသည့်အကြည့်ဖြင့် ကြည့်ရှုလိုက်သည်။


ပိုင်ရှစ်ယွင်သည် ဖန့်ကျွင်းရုံ စီစဥ်ထားသော ထောင်ချောက်တိုင်းကို ကျရောက်ခဲ့သည်။ အချိန်တိုင်း အလုပ်ဖြစ်ခဲ့ပြီး ဖန့်ကျွင်းရုံ ပိုင်ရှစ်ယွင်အတွက် စီစဥ်ထားသော ထောက်ချောက်တိုင်းကို ကျရောက်သွားခဲ့သည်။ သူမသည် ပျက်စီးယိုယွင်းနေသော ကျောက်အရိုင်းတုံးအားလုံးကို ဝယ်ယူမိခဲ့သည်။ သူမတွင် ငွေကြေးအသုံးစရိတ် အကန့်အသတ်ရှိပြီး သူမရဲ့ငွေကြေးအားလုံးကို ကျောက်အရိုင်းတုံးအနည်းငယ်အ‌ပေါ်မှာ အသုံးပြုခဲ့သည်။


နောက်ဆုံး၌ သူမသည် နောက်ထပ် လေလံထပ်မဆွဲနိုင်တော့ပဲ ဖန့်ကျွင်းရုံ လေလံဆွဲနေတာကို ကြည့်နေရုံသာ တတ်နိုင်ပြီး သူမ လိုက်ပါလေလံဆွဲနိုင်စွမ်း မရှိတော့ပါ။


သူမ ဒေါသထွက်မိသည်။ သူမ ဒီထက်ပို၍ ဝယ်နိုင်သင့်သည်။ ဒါက သူမနှင့်အတူ စျေးပြိုင်ဆိုင်ခဲ့သည် ဖန့်ကျွင်းရုံရဲ့အမှားတွေကြောင့် သူမ ငွေကြေးအပို တော်‌တော်များများ သုံးစွဲခဲ့ရသည်။


ထင်ရှားမြင်သာစွာပဲ သူမသည် ဒီကိစ္စတစ်ခုလုံးကို စတင်ခဲ့သူဖြစ်ကြောင်းကို လုံးဝမေ့လျော့နေသည်မှာ ထင်ရှားသည်။


ဖန့်ကျွင်းရုံသည် ပိုင်ရှစ်ယွင်၏ ပိုက်ဆံအားလုံးနီးပါးကို ဖြုန်းတီးစေပြီးနောက် သူမ မျက်စိကျသည့် ကျောက်အရိုင်းတုံးများအား ပျော်ရွှင်စွာ ဝယ်ယူခဲ့သည်။ ကျန်းသဲ့ရှန်းတောင်မှ သူမျက်စိကျသည့် ကျောက်အရိုင်းတုံးသေးသေးလေးတစ်ခုကို ဝယ်ယူခဲ့သေးသည်။


လေလံပွဲသည် နှစ်ရက်ကြာမြင့်ပြီးနောက် နောက်တစ်နေ့တွင် သူမ ဝယ်ယူခဲ့သည် ကျောက်အရိုင်းတုံးများအတွက် ငွေပေးချေခဲ့ပြီးနောက် သူမ ပြန်ယူသွားတော့မည့်အချိန်တွင် ပိုင်ရှစ်ယွင်သည် သူမကို တားမြစ်ကာ “နင့်ရဲ့ ကျောက်အရိုင်းတုံးတွေကို မဖြတ်ချင်ဘူးလား ကျွင်းရုံ” လို့ ဆိုလေသည်။


သူမသည် သူမ၏ ကျောက်စိမ်းကျွမ်းကျင်သူအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးခဲ့သည်။ သူတို့ရဲ့ ကောက်ချက်အရ ဖန့်ကျွင်းရုံ ဝယ်ယူခဲ့သည် ကျောက်အရိုင်းတုံးအချို့သည် အဖြုန်းတွေဖြစ်နိုင်သည်။ အဖြန်းတွေ မဖြစ်နိုင်ဘူးဆိုရင်တောင် သူတို့က တန်ဖိုးသိပ်မရှိသော ‌ကျောက်စိမ်းများသာ ဖြစ်နိုင်သည်ဟု ဆိုလေသည်။ ထို့ကြောင့် သူမသည် ဖန့်ကျွင်းရုံအား ဒီနေရာတွင် တားမြစ်လိုက်ခြင်းဖြစ်သည်။ 


သူမသည် ဖန့်ကျွင်းရုံအား ‌ကျွမ်းကျင်မှုမရှိလျှင် ကျောက်စိမ်းလောကတွင် မကစားသင့်ကြောင်း သူမကို နားလည်စေချင်သည်။ တစ်ဦးတစ်ယောက်က ကျောက်ကစားတာ မှားယွင်းသွားလျှင် သူ့မိသားစုကိုပါ ဒုက္ခတွင်းထဲသို့ ဆွဲချသွားနိုင်ကြောင်း သတိပြုစေချင်သည်။ သူမသည် ဖန့်ကျွင်းရုံကို သင်ခန်းစာကောင်းကောင်းပေးဖို့အတွက် အရမ်းပျော်ရွှင်နေခဲ့သည်။


ဖန့်ကျွင်းရုံသည် သူမကို စိတ်ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်မိသည်။ ဒါက သူမမျက်နှာကို သူမကိုယ်တိုင် လက်သီးဖြင့်ထိုးရန် ဇွတ်အတင်း ကမ်းလှမ်းသည့်လူမျိုးကို ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။ ၁၀၀ရာခိုင်နှုန်း ရူးမိုက်လွန်းသူကို မြင်ဖူးတာပါပဲ။