ရုန်ယီ ပြင်းပြင်းထန်ထန် စဉ်းစားကြည့်ပြီး နောက်ဆုံးတွင် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ လက်မှတ် ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ချန်းခယ့်ယောင်သည် လွန်ခဲ့သည့်နှစ်ရက်ခန့်က ထိုရုပ်ဆိုးဆိုး ပလပ်စတစ်အိတ်ထဲသို့ ပစ္စည်းများ ပစ်ထည့်ခဲ့ချိန်၌ ၎င်းကို သတိထားမိသွားပုံရပြီး ရုန်ယီလည်း တက်ရောက်လိမ့်မည်ဟု ယူဆခဲ့ခြင်း ဖြစ်နိုင်သည်။
နောက်ဆုံး အတည်ပြုရန်အတွက် သူ ချန်းကို သွားမတွေ့ခဲ့ပါ။
အဆုံးသတ်တွင် ရုန်ယီသည် အမြဲ သူ့အပေါ် မကျေမနပ်မဖြစ်ဘဲ မနေနိုင်သော်လည်း အတွင်းစိတ်ထဲကမူ သူ့ကို လုံးဝကြီး မနှစ်သက်သည်တော့လည်း မဟုတ်ပေ။ သူ၏နှလုံးသားထဲမှ ရုန်ယီအပေါ် ထားရှိသည့် ခံစားချက်များကို တစ်ကြိမ်မျှ ဝန်ခံလိုက်သည်နှင့် အရာအားလုံးက ရုန်ယီ၏ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားနိုင်သည်။ ချန်းခယ့်ယောင်သာ သူ့ကို တစ်ခေါက်လောက် ထပ်ပြီး ဂရုစိုက်ပေး၍ စကားစမြည် ပြောပေးပါက သူ ၎င်းထံမှ ရုန်းထွက်ရန် ပို၍ ခက်ခဲသွားမည်ကို ကြောက်ရွံ့မိသည်။
ငရဲကဲ့သို့ အချစ်တွင် ကျဆုံးမည့်အစား အိုင်ဒေါများနောက်သို့ လိုက်သွားခြင်းက အဆပေါင်းများစွာ ပိုကောင်းသည်။
အလုပ်ပရောဂျက်ပြီးသွားသည့်အခါ နောက်ဆုံးတွင် ဆုလာဒ်အဖြစ် အားလပ်ရက်ရှည် ရခဲ့သည်။ ရုန်ယီ ကုတ်အင်္ကျီထူထူများနှင့် ပြည့်နှက်နေသော ခရီးဆောင်သေတ္တာတစ်လုံးနှင့်အတူ မျှော်လင့်ခြင်းအပြည့် နှလုံးသားဖြင့် ခရီးကို စတင်လိုက်သည်။
သူနှင့်အတူ လေယာဉ်ပေါ်တွင် ပါလာသူက သူ၏ လုပ်ဖော်ကိုင်ဖက် ရှောင်ကျန်း ဖြစ်သည်။ သို့သော်လည်း ရှောင်ကျန်းသည် ကုမ္ပဏီမှ အားလပ်ရက်အဖြစ် သတ်မှတ်ပေးလိုက်သောကြောင့် သူမ၏ မိသားစုကိုပါ သူမနှင့်အတူ ခေါ်ဆောင်လာခဲ့သည်။ လာမည့် ရက်အနည်းငယ်တွင် ပြုလုပ်မည့် fan meetingပွဲမှလွဲ၍ သူမနှင့် ရုန်ယီသည် တွေ့ဆုံစရာအကြောင်း မရှိတော့ချေ။
နှစ်ယောက်သား လေဆိပ်တွင် တွေ့ဆုံခဲ့ကြပြီး အနည်းငယ် စကားစမြည်ပြောပြီးနောက်တွင် fan meeting လက်မှတ်ပေါ်ရှိ ထိုင်ခုံနံပါတ်များကို အချင်းချင်း ပြရန် မစောင့်နိုင်တော့ပေ။ ထိုအချိန်တွင် သူတို့နှစ်ယောက်၏ ခင်မင်ရင်းနှီးမှုမှာ ချက်ချင်းဆိုသလို အက်ကွဲသွားခဲ့လေသည်။
"ဒါက VIP ဧရိယာ မဟုတ်ဘူးလား။ fan clubက အခမဲ့ ဝေပေးတဲ့ လက်မှတ်က ဘယ်လိုလုပ်ပြီး ဒီလို နေရာကောင်း ရနိုင်မှာလဲ"
“ငါက အကုန်လုံး ဒီလိုပဲလို့ ထင်နေတာ။ ကြည့်... လက်မှတ်ပေါ်မှာလည်း အဲ့လိုပဲ ရေးထားတယ်"
"မော့မော့ကို ကျွန်မက စီနီယာထက် အဆတစ်သောင်းလောက် ပိုကြိုက်တာကို။ ဘာလို့ စီနီယာထက် အများကြီးဆိုးတဲ့ထိုင်ခုံလက်မှတ်ကြီး ရတာလဲ"
"ကျွန်မထိုင်ခုံက အစွန်ဆုံးတောင် ရောက်နေပြီ"
“ပွဲနေရာက သိပ်မကျယ်ဘူး၊ အစွန်းမှာ ထိုင်လည်း မြင်ရပါတယ်။ ငါလည်း မင်းထက် အရမ်းကြီး ရှေ့ရောက်နေတာ မဟုတ်ပါဘူး"
ရှောင်ကျန်းက သူ့ကို မျက်မှောင်ကြုတ်၍ ကြည့်ကာ
"ဒါဆိုလည်း စီနီယာရဲ့လက်မှတ်နဲ့ လဲပေးလေ"
ရုန်ယီ သွေးအေးစွာ ငြင်းလိုက်သည်။
ထို့ကြောင့် ရှောင်ကျန်းသည် သူနှင့် နေ့တစ်ဝက်လောက် လမ်းခွဲရန် ဆုံးဖြတ်လိုက်၏။
နာရီအနည်းငယ်ကြာပြီးနောက် သူသည် Cမြို့ လေဆိပ်တွင် ရှောင်ကျန်းကို နှုတ်ဆက်ပြီး သူကြိုတင်ဘွတ်ကင်ယူထားသည့် ဟိုတယ်သို့ ဦးတည်ကာ ထွက်လာခဲ့သည်။
ဧည့်ကြိုကောင်တာသို့ ရောက်သောအခါ ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းလေးက သူ၏အမည်ဖြင့် ကြိုတင်စာရင်းသွင်းထားခြင်း မရှိ ဟူ၍ ပြောလာလိမ့်မည် ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ ရုန်ယီသည် ပြောစရာစကားမရှိအောင် အံ့သြသွားပြီး ဟိုတယ်ဝန်ထမ်းကို ပြရန် သူ၏ ကြိုတင်ဘွတ်ကင်တင်ထားသည့် ဖြတ်ပိုင်းကို ထုတ်လိုက်သည်။ ရလဒ်အနေဖြင့် ဝန်ထမ်းလေးမှာလည်း အတော်ကို နားလည်ရခက်သွားခဲ့၏။
ယခုအချိန်မှာ C မြို့၏ ခရီးသွားရာသီ အထွတ်အထိပ် ဖြစ်သည်။ ထို့ကြောင့် ဘွတ်ကင်တင်ရာတွင် ပုံစံတူ ပြင်ပwebsiteများကြောင့် ဖြစ်ပေါ်လာသော အမှားများမှာ အကြိမ်ပေါင်းများစွာ ဆက်တိုက် ဖြစ်ပွားနေပုံရသည်။ ဟိုတယ်မှ websiteမှတဆင့် ကြိုတင်ဘွတ်ကင်ယူမှုကို လက်ခံရရှိသောအခါ အခန်းအားလုံး ပြည့်နေပြီဖြစ်သောကြောင့် ဘွတ်ကင်အမှာစာအား အလိုအလျောက် ပယ်ဖျက်သွားမည် ဖြစ်သော်လည်း websiteသည် သုံးစွဲသူများအား အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ချက် မပေးခဲ့ပေ။ ထိုကဲ့သို့ ထပ်တူမကျသည့် အချက်အလက်များကြောင့် အခန်းတစ်ခန်းကို အောင်မြင်စွာဖြင့် ကြိုတင်ဘွတ်ကင်ယူထားနိုင်ပြီ ဟု ထင်ထားသည့် ခရီးသွားအများအပြားမှာ သွားစရာနေရာမရှိပေ။
မူလက ပျော်ရွှင်စိတ်လေးများဝင်နေသော ရုန်ယီမှာ အလွန်အမင်း စိတ်ဓာတ်ကျသွားသည်။
သူ၏နောက်မှ မိသားစုသုံးယောက်သည်လည်း ဟိုတယ်ထဲ ရောက်လာပြီးနောက် အလားတူ ပြဿနာနှင့် ကြုံတွေ့ရပြန်သည်။ သူတို့သည် ချက်ချင်းပင် ဧည့်ကြိုကောင်တာတွင် ရန်တွေ့ကြတော့သည်။ ရုန်ယီသည်လည်း အလားတူပြဿနာကြောင့် စိတ်ဓာတ်ကျနေခဲ့သော်လည်း ထိုမိသားစုကို စိတ်အေးအေးထားဖို့ ဖျောင်းဖျရန် ဟိုတယ်ဝန်ထမ်းများကို ကူညီပေးခဲ့သည်။ အဆုံးသတ်တွင် ၎င်းမှာ ဟိုတယ်ဝန်ထမ်းများ၏ အပြစ်လည်း မဟုတ်ပေ။ မည်သည့်အမှားမျှ မလုပ်ထားဘဲနှင့် အပြောအဆိုခံရခြင်းမှာ မဖြစ်သင့်ချေ။
၎င်းဆိုးရွားသော Websiteသည်သာ အစားထိုး အပြစ်တင်ခံရမည့်အရာ ဟု သူ ယုံကြည်၏။
မည်သို့ပင်ဆိုစေကာမူ မည်သူ့အမှားကြောင့်ပင်ဖြစ်စေ ဖြေရှင်းရမည့် အရေးအကြီးဆုံးပြဿနာမှာ ညအိပ်ရန်နေရာ ဖြစ်သည်။ ဟိုတယ်၌ ကျန်နေသေးသော အခန်းများ၏ ဈေးနှုန်းကို စုံစမ်းပြီးသည့်အချိန်တွင် သူ ငိုချင်သွားသည်။
အင်တာနက်မှ ရှာကြည့်ပြီးနောက် အနီးနားရှိ ဟိုတယ်များမှာလည်း အားလုံး အတူတူနီးပါး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူ ယခုချက်ချင်း အခန်းလိုချင်ပါက လမ်းကြိုလမ်းကြားလေးများထဲတွင် တည်းခိုခန်း သွားရှာရပေလိမ့်မည်။
လေဆိပ်၌ သူ၏ fan meeting လက်မှတ်မှာ အကောင်းမွန်ဆုံး ထိုင်ခုံနေရာကို ရကြောင်း သိလိုက်ရစဉ်က ဤခရီးစဉ်မှာ ပြီးပြည့်စုံသွားခဲ့ပြီ ဟု ထင်ထားခဲ့သော်လည်း မကြာမိီတွင် ဤမျှ ကြီးမားသော ပြဿနာနှင့် ကြုံတွေ့ရတော့မည်မှန်း မသိခဲ့ပေ။
ဟိုတယ်၏ ဧည့်ခန်းတွင် ထိုင်နေသော ရုန်ယီသည် သူ၏ WeChat momentတွင် ဝမ်းနည်းမှုအပြည့်ဖြင့် ဆိုးရွားသည့်ကံကြမ္မာကြောင့် ငိုယိုကာ ထိုအမှိုက်websiteကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး နောက်ပိုင်းတွင် ခရီးသွားသည့်အခါ သေချာဂရုစိုက်ကြရန် သူငယ်ချင်းများကို သတိပေးလိုက်သည်။
ခဏအကြာတွင် ကံကြမ္မာအပေါ်ကိုပဲ ပုံချပြီး ထွက်ခွာရန် သူ၏ခရီးဆောင်အိတ်ကို ဟိုတယ်မှ ဆွဲထုတ်ရန်ပြင်လိုက်စဉ် ဖုန်းဝင်လာခဲ့သည်။
ဖန်သားပြင်ပေါ်ရှိ ဖုန်းခေါ်ဆိုသူ၏ နံပါတ်ကို ကြည့်ကာ အကြာကြီး တုံ့ဆိုင်းနေပြီးမှ ဖုန်းပြန်ဖြေသည့် ခလုတ်ကို နှိပ်လိုက်သည်။
"မင်း ဘာလို့ ဒီလောက် နမော်နမဲ့နိုင်ရတာလဲ"
ချန်းခယ့်ယောင်သည် ရုန်ယီအား အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်စေသည့် ထိုလေသံနှင့် ပြောနေဆဲပင်။
"ဟိုတယ်ရဲ့တရားဝင်websiteကနေ ကြိုတင်ပြီး နှစ်ခါလောက် ပြန်စစ်ပြီးမှ အတည်ပြုခဲ့ပါလား"
'ငါက အသိအသာကြီးကို နစ်နာသူတစ်ယောက်ပါ။ ဘာကိစ္စ အပြစ်တင်ခံနေရတာလဲ။ စိတ်အခြေအနေမကောင်းတဲ့အချိန်မှာ ဘယ်သူက ဒီလိုစကားမျိုး ကြားချင်မှာလဲ'
ရုန်ယီ အနည်းငယ် ဒေါသဖြစ်သွားသည်။
တစ်ဖက်မှ ခေတ္တ ငြိမ်သက်သွားပြီးနောက် လေသံက အတော်လေး ပျော့သွားသည်။
"အခု နေဖို့နေရာ ရှာပြီးပြီလား"
ရုန်ယီ စိတ်မရှည်သည့်အသံဖြင့် ပြောလိုက်သည်။
"မင်းမှာ ပြောစရာမရှိတော့ရင် ငါ အခု ဖုန်းချလိုက်တော့မယ်"
ကီးဘုတ်ကို နှိပ်လိုက်သည့် ခပ်တိုးတိုးအသံက တစ်ဖက်မှ ထွက်ပေါ်လာသည်။
"ကိုယ် ကြည့်ကြည့်ပြီးပြီ။ ဒီဟိုတယ်မှာ အခန်းလွတ်တွေ အများကြီး ကျန်ပါသေးတယ်။ မင်း ဘာလို့ ဒီတိုင်း နောက်တစ်ခန်းကို မယူလိုက်တာလဲ"
၎င်းမှာ 'ထမင်းဖိုးမတတ်နိုင်ရင် အဲ့ဒီအစား ဘာလို့ အသားကို မစားတာလဲ' ဟူ၍ မေးလိုက်သလိုပင်။
သူနှင့် ချန်းခယ့်ယောင်တို့ကြားမှ အကွာအဝေးမှာ လျင်မြန်စွာ ကျယ်ပြန့်လာသည် ဟု ရုန်ယီ ခံစားမိသည်။
"ငါ့ မှာ ပိုက်ဆံ မရှိဘူး။ အဲဒီအမှိုက်websiteကနေ အခန်းပြန်အမ်းငွေတောင် အခုထိ ရသေးတာ မဟုတ်ဘူး”
ရုန်ယီက အံကြိတ်ပြီး ပြောသည်။
“နောက်ပြီး ငါက ရူးနေလို့ အဲ့ဒီ အထူးခန်း (suite room) ထဲမှာ တစ်ယောက်တည်း နေရမှာလား”
"ခဏလေး.. ကိုယ့်မှာ အကြံတစ်ခုရှိတယ်"
မင်းက ဘာလုပ်နိုင်မှာမို့လဲ"
"ခဏလေးပဲ စောင့်စမ်းပါ။ မကြာခင် အဆင်ပြေသွားလိမ့်မယ်"
ချန်းခယ့်ယောင်သည် ပြောနေရင်းဖြင့် ကီးဘုတ်ကို နှိပ်လိုက်သည့် အသံက အနောက်မှ ပဲ့တင်ထွက်လာပြန်သည်။
"မင်း အဲ့ဒီကို တစ်ယောက်တည်း သွားမှန်း ကိုယ် မသိခဲ့ဘူး။ မင်းနဲ့ အတူ လိုက်ဖို့ သူငယ်ချင်းတစ်ယောက်လောက် ဘာလို့ မရှာသွားတာလဲ"
“ငါ့ဟာငါ ဒီကို တစ်ယောက်တည်းလာတော့ရော ဘာဖြစ်လဲ”
ရုန်ယီက အသံတိုးတိုးဖြင့် ဗလုံးဗထွေး ရေရွတ်လိုက်သည်။
“ငါ လွတ်လပ်တာကို ကြိုက်တယ်”
ချန်းခယ့်ယောင်က ရယ်မောရင်း ပြောသည်။
“ကဲ အခု မင်းရဲ့ ID ကတ်ကို ဧည့်ကြိုကောင်တာဆီ ယူသွားလိုက်”
ရုန်ယီ အနည်းငယ် ရှုပ်ထွေးသွားသည်။
သူနှင့် မတိုင်ပင်ဘဲ ချန်းခယ့်ယောင်က သူ့အတွက် အခန်းတစ်ခန်း ငှားပေးလိုက်သည်။ အိမ်ငှားထားသည့် အိမ်ရှင်အနေဖြင့် သူ့ထံတွင် ရုန်ယီ၏ ကိုယ်ရေးအချက်အလက်များကို သဘာဝအတိုင်း ရရှိထားလေသည်။
ဟိုတယ်မှ ပြန်မအမ်းပေးရသေးသော ပမာဏအားလုံးကို သူက ပေးချေခဲ့သည်။ အကယ်၍ ရုန်ယီသာ ဤဟိုတယ်၌ မနေခဲ့ပါက ၎င်းငွေများ အားလုံးကို အချည်းနှီး ဖြုန်းတီးပစ်ရာကျသွားလိမ့်မည်။
VIP ဧည့်သည်အဖြစ် ဇိမ်ခံအထူးခန်းသို့ ခေါ်ဆောင်လာပြီးနောက် ရုန်ယီသည် အလွန် စိတ်ရှုပ်ထွေးသွား၏။ အခန်းပတ်ပတ်လည်ကို ကောင်းကောင်း မကြည့်ရသေးခင် ချန်းခယ့်ယောင်ကို အလျင်စလို ဖုန်းခေါ်လိုက်သည်။
"မင်း ဘာတွေလုပ်နေတာလဲ။ ရူးနေလား။ ငါ့ဟာငါ အပြင်ထွက်ပြီး နေဖို့ တည်းခိုခန်း ရှာနိုင်တယ်"
သူ ဆောက်တည်ရာမရ ပြောလိုက်သည်။
"မင်း ငါနဲ့ အရင် တိုင်ပင်သင့်တယ်။ ငါက ပျမ်းမျှလုပ်အားခပဲရတဲ့ ဝန်ထမ်း"
"မင်း websiteကနေ ပြန်အမ်းငွေရပြီးရင် ကိုယ့်ဆီ ပြန်လွှဲပေးလို့ရတယ်"
"ဘာပဲဖြစ်ဖြစ် သိပ်ပြီး ကွာခြားမှုမရှိပါဘူး။ ဒါကို ဒီတိုင်း ... လွန်ခဲ့တဲ့ တစ်ရက်၊နှစ်ရက်လောက်က မင်း ကိုယ့်အတွက် မှာပေးခဲ့တဲ့ အစားအစာတွေအတွက် ကျေးဇူးတုံ့ပြန်တယ်လို့ပဲ တွေးလိုက်ပါ။ ဟင်းတွေအားလုံးက အရသာရှိတယ်”
ခဏလောက်တော့ ရုန်ယီ မည်သည်ကစ၍ ချေပရမှန်း မသိချေ။ အခန်းစျေးနှုန်းကွာခြားချက်မှာ အလွန် ကြီးမားပါသည်။ အစားအစာများ မှာပေးခဲ့သည်အတွက် ကျေးဇူးတုံ့ပြန်သည့် အမူအရာမှာ အနည်းငယ် ရွဲ့တဲ့တဲ့ဆန်နေသည်။
"အခု အခန်းက ယူပြီးသွားပြီ၊ မင်း အဲဒီမှာမနေရင် အကုန်လုံး အလကားဖြစ်သွားလိမ့်မယ်"
“ဒါမှမဟုတ် မင်း ကိုယ့်ကို ကျေးဇူးပြန်ဆပ်ဖို့ အတင်းအကျပ် လုပ်ခိုင်းတာလို့ပဲ တွေးလိုက်။ မင်းပြန်လာတဲ့အခါ အချိန်ရရင် ကိုယ့်အတွက် ကိုယ်တိုင်ချက်ပေးရင် ပိုကောင်းမယ်။ မှာစားတာတွေက ကောင်းပေမယ့် မင်းရဲ့ ဟင်းချက်စကေးကို လိုက်မီဖို့ အဝေးကြီးလိုသေးတယ်”
"နေဦး။ ငါပြန်လာတဲ့အထိ စောင့်နေလိုက်"
'ငါထွက်လာတုန်းက အဲ့ဒီလူကို ဖယ်ထုတ်ပြီး ပျော်ရွှင်စရာ တစ်ကိုယ်တော် ခရီးစဥ်ကို ဖြတ်သန်းချင်ခဲ့တာ။ ဒါပေမယ့် ပထမဆုံးနေ့မှာတည်းက သူက ငါ့ရဲ့ဘ၀ထဲမှာ ထပ်ပြီး ပါလာတဲ့အပြင် သူ့ကို ကျေးဇူးကြွေးပါ တင်သွားတယ်'
ရုန်ယီသည် ဇိမ်ခံခန်းထဲတွင် နှစ်ပတ်လောက် ဟိုလှည့်ဒီလှည့် လုပ်နေခဲ့ပြီး နောက်ဆုံးတွင် ကုတင်ကြီးပေါ်သို့ လဲကျသွား၏။
ဤကဲ့သို့ တွေးရသည်မှာ အနည်းငယ် ရယ်စရာကောင်းသော်လည်း ချန်းခယ့်ယောင်ဟာ သူ၏ ရှူးဂါးဒယ်ဒီနှင့် တူနေသည်ဟု ခံစားလိုက်ရသည်။
ရုန်ယီသည် ခေါင်းအုံးကို ကိုင်ကာ သက်ပြင်းချလိုက်မိ၏။ ထိုသို့သာဆိုလျှင် သူသည် ဟင်းချက်ခြင်းတစ်ခုမှလွဲ၍ အခြား အထူးဝန်ဆောင်မှုများ ပေးဆောင်ရခြင်းကို ပျော်ပျော်ကြီး လက်ခံပေးနိုင်မည် ဖြစ်သည်။ ကံမကောင်းစွာဖြင့် ချန်းခယ့်ယောင်သည် ထိုကဲ့သို့သော တောင်းဆိုချက်ကို ကြားလျှင် သူ နေရာတွင်ပင် အော့အန်သွားပေလိမ့်မည်။
အဲ့ဒီလူက ဘာဖြစ်နေတာလဲ။ သူ့မှာ မီးရှို့ရတဲ့အထိ ပိုက်ဆံတွေ အပုံလိုက်ရှိနေတာတော့ မဟုတ်ဘူးမလား။ ဒါက တကယ်ပဲ ဒီတိုင်း သူ့ရဲ့ ပြောင်မြောက်တဲ့ ဟင်းချက်ကျွမ်းကျင်မှုကြောင့်ပဲလား။ သူ ချန်းခယ့်ယောင်ရဲ့ နှလုံးသားကို ဖမ်းဆုပ်ဖို့ ကျရှူံးခဲ့ပေမယ့် အနည်းဆုံးတော့ သူ့ရဲ့အစာအိမ်ကို ဖမ်းဆုပ်သွားနိုင်ခဲ့ပြီလား။
ရုန်ယီ အချိန်အကြာကြီး တွေးနေပြီး ရုတ်တရက် ရယ်မိလိုက်သည်။
သူ၏အစာအိမ်ကို ဖမ်းဆုပ်ထားနိုင်ရုံသာမက သူစားထားသမျှကိုလည်း အန်ထွက်စေနိုင်သည်။
သို့သော် ၎င်းကတော့ လွန်လွန်းသည်။
ချန်းခယ့်ယောင်ထံတွင်သာ ထိုပြဿနာမရှိလျှင် ကောင်းပေလိမ့်မည်။ ၎င်းသာ ထိုအတိုင်းအတာလောက်အထိ မပြင်းထန်လာသေးသရွေ့ ချန်းခယ့်ယောင်သည် သူ့အပေါ် နှစ်သက်လာခြင်းမျိုး မရှိသေးလျှင်ပင် ရုန်ယီမှာ သူ၏အချစ်အတွက် အားထုတ်နေဦးမည် ဖြစ်သည်။ သူ၏ဘ၀တလျှောက်လုံး ဆက်ဆံရေးတိုင်းအတွက် ဤပုံစံဖြင့် ကြိုးစားခဲ့ရလေသည်။
ထို့အပြင် သူသည် အတိတ်က အခြားအချစ်များအားလုံးထက် ချန်းခယ့်ယောင်ကို ပို၍ အလေးအနက်ထားခဲ့၏။
အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင် ဖိုရမ်ပေါ်တွင် သူ တွေ့ခဲ့ဖူးသော ချန်းခယ့်ယောင်နှင့် တစ်လှေတည်းဖြစ်သော ထိုလူကို ရုတ်တရက် တွေးမိသွားသည်။ ထိုလူက စာပြန်ပို့ခဲ့သေးလား။ သူက ကုသမှု ခံယူရန် ကြိုးစားနေသည် ဟု ဆိုခဲ့ဖူးသည်။ အကယ်၍ ၎င်းသာ အရည်အချင်း ပြည့်မီပါက ချန်းခယ့်ယောင်၏ရှေ့တွင် ပေါ့ပေါ့ပါးပါး ဟန်ဆောင်ပြနိုင်မည် ဖြစ်သည်။
ထိုအတွေးဖြင့် ရုန်ယီသည် သူ၏လက်ကိုင်ဖုန်းကို အလျင်အမြန် ထုတ်ကာ ဖိုရမ်ပေါ် တက်လာခဲ့၏။ ထို့နောက် သူ အံ့သြသွားလေသည်။
ရက်အနည်းငယ်ပင် မစစ်ဆေးရသေးသော်လည်း သူ၏ဝင်စာပုံးတွင် ကိုယ်ရေးကိုယ်တာ မက်ဆေ့ချ် 20 ကျော်လောက် ပြည့်နေပြီ ဖြစ်သည်။ ပိုမို သေချာစွာ ကြည့်လျှင် ထိုမက်ဆေ့ချ်များအားလုံးသည် ပေးပို့သူတစ်ဦးတည်းထံမှလည်း ဖြစ်သေး၏။
ချန်းခယ့်ယောင်၏ လူနာသူငယ်ချင်းသည် စာပြန်ထားရုံသာမက ရှည်လျားသော စာပိုဒ်ရှည်များကိုလည်း ပေးပို့ထားခဲ့သည်။ သူ့ကို ကြည့်ရသည်မှာ အလွန် စိတ်လှုပ်ရှားနေပုံပေါ်သော်လည်း အကြောင်းအရာတစ်ခုလုံးက ခေါင်းစဉ်နှင့် လုံးဝ လွဲနေလေသည်။
ရုန်ယီသည် သံသယများဖြင့် ပြည့်နှက်နေသော်လည်း ၎င်းကို စိတ်ရှည်လက်ရှည် ဖတ်နေဆဲ ဖြစ်သည်။
ပထမဆုံး မက်ဆေ့ချ်အနည်းငယ်တွင် ထိုလူသည် ယခု သူ၏ ပြဿနာများကို နားလည်သဘောပေါက်သွားပြီ ဖြစ်ပြီး ကုသမှုသည် အလွန်ရှည်လျားမည်ဖြစ်၍ အချိန်နှင့် စွမ်းအင်များစွာလိုအပ်သောကြောင့် ရုန်ယီကိုလည်း တတ်နိုင်သမျှ ခပ်မြန်မြန် စိတ်ပညာရှင်ထံတွင် ဆွေးနွေးမှုခံယူရန် အလေးအနက် အကြံပေးထားသည်။ ဤကာလအတွင်း ရုန်ယီသည် အိုမီဂါတစ်ဦးကို ချစ်မိသွားသော်လည်း ဤရောဂါကြောင့် သူမနှင့် မတွဲနိုင်ခဲ့ပါက တစ်သက်လုံး နောင်တရသွားနိုင်လေသည်။ ထို့နောက်တွင် သူ ရှာဖွေထားသော အချက်အလက်အချို့နှင့်အတူ ဤနယ်ပယ်တွင် နာမည်ကောင်းရှိသည့် ဆရာဝန်အချို့ကိုပါ အသေးစိတ် စာရင်းပြုစုပေးထား၏။ ၎င်းတို့အနက် ညှိနှိုင်းဈေးစာရင်းများပင် ပါဝင်သေးသည်။
ယခုအချိန်ထိတော့ ဤလူသည် သာမန် နှလုံးသား နွေးထွေးသော အင်တာနက်အသုံးပြုသူ တစ်ယောက် ဟု ယူဆနိုင်သည်။
သို့သော် နောက်တစ်နေ့တွင် သူသည် နောက်ထပ် သီးသန့်စာများစွာကို ဆက်တိုက် ပို့ထားခဲ့သော်လည်း လေသံမှာ ကွဲပြားသွားလေသည်။
သူ၏အမြင်အရတော့ ကုသမှု ဟု ခေါင်းစဉ်တပ်ထားသည့် ထိုအရာမှာ ရောဂါလက္ခဏာများအတွက် ကုစားရုံသာ ဖြစ်ပြီး အသုံးမကျသော အချိန် ဖြုန်းတီးခြင်းသက်သက်သာ ဖြစ်သည် ဟု ဆိုထားသည်။ ဆရာဝန်က မိမိကိုယ်မိမိ ထိန်းချုပ်၍ ၎င်းအပေါ် ဖြည်းဖြည်းချင်း ကျင့်သားရဖို့ ကြိုးစားရန်နှင့် အခြေအနေ တိုးတက်မလာမီတွင် အများကြီး မစဉ်းစားရန်သာ ပြောလိမ့်မည်။ သို့သော် ကိုယ် သဘောကျသည့်သူနှင့် ရင်ဆိုင်လာရသောအခါ မည်သူက မစဉ်းစားဘဲ နေနိုင်မည်နည်း။ ထို့အပြင် ၎င်းကို မစဉ်းစားဘဲ နေခြင်းက မည်သည့်နေရာတွင် အသုံးဝင်နိုင်မည်နည်း။ ထိုမျှလောက်လေးပင် မစဉ်းစားနိုင်ပါက ရှေ့လျှောက်တွင် ချစ်ရသောသူနှင့် မည်သို့ အတူ နေနိုင်ပေမည်နည်း။
သို့သော် တစ်ရက်ကြာပြီးနောက်တွင် ထိုလူ၏ သဘောထားက ပြောင်းလဲသွားပြန်သည်။
မနေ့ညက သူ စိတ်အခြေအနေမကောင်းချိန်၌ ပြောခဲ့သည့် စကားများကို ဂရုမစိုက်ဖို့ တောင်းဆိုသည့် မက်ဆေ့ခ်ျ အများအပြားကိုလည်း ထိုနေ့က ပေးပို့ခဲ့သည်။ ထိုရောဂါကို ကုသရန် လိုအပ်နေသေးသည်။ တိုးတက်မှုမှာ အလွန် နှေးကွေးသော်လည်း သက်ရောက်မှုအချို့ ရှိနေဆဲ ဖြစ်၏။ 'အရေးကြီးဆုံးလူကို လက်လွတ်မခံချင်ဘူးဆိုရင် တုံ့ဆိုင်းမနေပါနဲ့' ဟူ၍လည်း သူက အကြံပေးသည်။
ထို့နောက်တွင် လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက ရှုပ်ယှက်ခတ်နေသော မက်ဆေ့ခ်ျများစွာ ပေးပို့ခဲ့သည့်အတွက် တောင်းပန်သည်။ ယခင်က သူနှင့် အလားတူ ပြဿနာရှိသည့် လူနာတစ်ဦးနှင့် တစ်ခါမျှ မတွေ့ဖူးခဲ့သောကြောင့် ရင်းနှီးလိုစိတ်နှင့် သူ၏ စိတ်ပျက်အားငယ်မှုအားလုံးကို ပွင့်ပွင့်လင်းလင်း မပြောပြဘဲ မနေနိုင်ခဲ့ပေ။ ထိုအတွက် ရုန်ယီက စိတ်ထဲမထားရန် သူ မျှော်လင့်သည်။ သေချာပေါက် အကယ်၍ အဆင်ပြေသည်ဆိုလျှင် ရုန်ယီ ဤမက်ဆေ့ချ်များကို ဖတ်ပြီးသည့်နောက် ဆက်လက်၍ အဆက်အသွယ်ရှိရန်လည်း သူ မျှော်လင့်ပါသည်။ သူသည် အမှန်တကယ် တစ်စုံတစ်ဦးနှင့် စကားပြောချင်မိ၏။
ရုန်ယီ : ငါ့ကို အကြောင်းမရှိအကြောင်းရှာ ဝေဖန်ပြီးမှ အကြောင်းမရှိဘဲ ပြန်ဂရုစိုက်ပေးတာ။ တကယ် ငါ့အဖေကျနေတာပဲ။
ချန်းခယ့်ယောင်၏ စိတ်ထဲတွင် - တချို့အချိန်တွေမှာ မင်း ငါ့ကို အဲ့လို ခေါ်ရင် စိတ်မဆိုးပါဘူး ... (ဒယ်ဒီ?)