အပိုင်း ၄၈
Viewers 14k

Chapter 48-
ကျွန်တော် သူ့ကို နောက်တစ်ခေါက် ဖွင့်ပြောချင်သေးတယ်။
ဓာတ်လှေကား အောက်ဆုံးထပ်သို့ ရောက်ပြီး နောက်ဆုံး ရပ်သွားသည်အထိ မိုက်မဲစွာ ရပ်နေမိသော ရုန်ယီသည် နောက်ဆုံးတွင် အသိစိတ် ပြန်ဝင်လာ၏။
ထို့နောက် သူ အရူးတပိုင်း ဖြစ်သွားသည်။
သူ၏အခန်းထဲကို အပြေးအလွှား ပြန်လာပြီးနောက် အကြိမ်ပေါင်း များစွာ လှည့်ပတ်ပြေးနေခဲ့ပြီး နောက်ဆုံးမှ သူ၏စိတ်များ သက်သာရာရသွားပြီး ရှောင်ကျန်းဆီ အလျင်အမြန် မက်ဆေ့ချ်ပို့လိုက်လေသည်။
"ငါ ခုနက ဘယ်သူ့ကို တွေ့ခဲ့လဲ ခန့်မှန်းကြည့် !!!!!"
ထိုအမျိုးသားသည် သူ၏မျက်နှာအစိတ်အပိုင်းအများစုကို အင်္ကျီကော်လာနှင့် နေကာမျက်မှန်ဖြင့် ဖုံးအုပ်ထားသော်လည်း ရုန်ယီအတွက်မူ သူ၏ ရှည်လျားသောနှာတံနှင့် ဘေးတိုက်မျက်နှာအနေအထားကို ကြည့်ရုံမျှဖြင့် ထိုလူကို မှတ်မိရန် လွယ်ကူသည်။
မိနစ်ဝက်လောက်ကြာသည်အထိ ရှောင်ကျန်းက စာမပြန်လာပေ။ ရုန်ယီသည် သူ၏စိတ်လှုပ်ရှားမှုကိုထိန်းချူပ်ထားနိုင်စွမ်း မရှိတော့ချေ။
"သူက မော့ယွီဖေးပဲ။ အိုးမိုင်ဂေါ့!!!သူက ငါနဲ့ ဟိုတယ်တစ်ခုတည်းမှာ တည်းတာ!!!တစ်လွှာတည်းမှာ !!!! အိုးမိုင် ..!!!!!"
Fan Meetingတွင် VIP ထိုင်ခုံ၌ ထိုင်ရရုံသာမက ယခု သူ၏အခန်းကလည်း VIP ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ သူ၏အိုင်ဒေါသည် အမှန်တကယ်ကြီး စင်္ကြံ၌ သူ၏နံဘေးမှ ဖြတ်သွားခဲ့ပြီး နောက်တစ်ကြိမ်တွင် လက်မှတ်ပင် တောင်း၍ ရနိုင်လောက်သည်။ သူ ဘောပင်နှင့် စာရွက်ကို ယခုချက်ချင်း ပြင်ဆင်ပြီး အချိန်မရွေး အသုံးပြုနိုင်ရန် သွားလေရာ ယူဆောင်သွားရန် အသင့်ပြင်ထားသင့်ပြီလား။ မော့ယွီဖေးသည် မည်သည့်အချိန်မှ ပြန်လာမည်မှန်း မသိနိုင်သော်လည်း ရုန်ယီသည် ဓာတ်လှေကားရှေ့သို့ သွား၍ပင် သူ့ကို စောင့်နေချင်မိသည်။
ဤနည်းဖြင့် သူ ဓာတ်လှေကားတံခါးရှေ့သို့ ရောက်လာခဲ့သော်လည်း နောက်ဆုံးမှာတော့ လက်လျှော့ရန် ဆုံးဖြတ်လိုက်သည်။
သူ၏ မူလရည်ရွယ်ချက်ထဲတွင် မပါဝင်သော်လည်း မော့ယွီဖေး၏ အခန်းနားသို့ ချဉ်းကပ်ကာ သူ့ကို ပိတ်ဆို့ထားရန် တစ်ခဏခန့် တွေးမိသေးသည်။ ဤကဲ့သို့ သူ၏အိုင်ဒေါထံ ရုတ်တရက် ပြေးဝင်သွားခြင်းက အထိတ်တလန့် ဖြစ်စေနိုင်သည်။ သူ့ကို ထပ်ပြီး ဒုက္ခမပေးခြင်းက ပို၍ ကောင်းပေလိမ့်မည်။
ရုန်ယီသည် သူ၏အခန်းသို့ ပြန်လာပြီး ဆိုဖာပေါ်တွင် လှဲကာ ယခုလေးတင် ကြုံတွေ့ခဲ့ရသော ဓာတ်လှေကားထဲမှ အတွေ့အကြုံကို ပြန်လည် ပုံဖော်ရန် ကြိုးစားမိသည်။ သူ၏တစ်ကိုယ်လုံးက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေသည်။
သူ ထိုမြင်ကွင်းကို 18ကြိမ်ခန့် ပြန်လည် မြင်ယောင်ကြည့်ပြီးနောက်တွင် ရှောင်ကျန်းက သူ၏ စာကို ပြန်ဖြေလာခဲ့သည်။ သူမသည် ပထမဦးစွာ Question markများတသီတန်းကြီး ပေးပို့ခဲ့ပြီး ၎င်းနောက်တွင် အသံမက်ဆေ့ခ်ျတစ်ခု ဝင်လာသည်။ ဖွင့်ကြည့်လိုက်သောအခါ ရုန်ယီ သူမ၏ စိတ်လှုပ်ရှားနေသော အော်ဟစ်သံကို ကြားလိုက်ရသည်။
"စီနီယာ အရမ်း ကံကောင်းတာပဲ! သူ့လက်မှတ်‌ရောတောင်းခဲ့လား။ ဓာတ်ပုံရော ရိုက်ခဲ့သေးလား။ အားးးးး အရမ်း မနာလိုဖြစ်တာပဲ။ ကျွန်မ တကယ် မနာလိုဘူးလို့... သူက ချောလား။ ဓာတ်ပုံထဲကထက် အပြင်မှာ ပိုချောလား။ သူ့ရဲ့အရပ်ကရော ဘယ်လောက် ရှည်လဲ။ စီနီယာတို့ တစ်ယောက်နဲ့တစ်ယောက် စကားပြောလိုက်ကြသေးလား။ သူက တကယ်ကြီး နုဖတ်နေတာလား။ သူ့အသားအရည်က အရမ်း ကောင်းတယ်လို့ ပြောကြတာရော အမှန်ပဲလား”
ရုန်ယီသည် နားထောင်ပြီးနောက် ရယ်လိုက်ကာ ပြန်လည်မှတ်မိရန် ကြိုးစားသည်။
သူနှင့် မော့ယွီဖေးတို့ အချင်းချင်း တိုက်မိသွားစဉ်က သူတို့၏ ပခုံးများက တစ်ပြေးတည်းနီးပါး ဖြစ်နေသည်။ ထို့ကြောင့် မော့ယွီဖေး၏ အရပ်သည် သူနှင့် တူညီသည်ဟု ယူဆနိုင်လေသည်။ ထို့ကြောင့် 188 ၏ တရားဝင် ထုတ်ပြန်မှုများသည် ယုံကြည်စိတ်ချနိုင်၏။ အသားအရည်ကတော့ သူလည်း တစ်ချက်သာ ကြည့်ခဲ့ရသောကြောင့် ဆုံးဖြတ်ရခက်ခဲသည်။ ထို့အပြင် သူ၏မှတ်ဉာဏ်ထဲတွင် ရှိသော ရုပ်ပုံမှာ filterများဖြင့် အလိုအလျောက် လှပနေပြီးသား ဖြစ်သည်။ အိုင်ဒေါ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တောက်ပနေသည်။ သေချာပေါက် သူ၏အသားအရည်တွင် အပြစ်အနာအဆာ မရှိပေ။ သို့သော် ရုန်ယီသည် သူ၏မှတ်ဉာဏ်ထဲတွင် အလိုအလျောက် လှပနေပြီးသား မဟုတ်သည့် အရာတစ်ခုအတွက်တော့ သေချာသည်။ ၎င်းမျက်နှာ၏ သေးငယ်သော အစိတ်အပိုင်းကိုသာ လှစ်ဟထားသော်လည်း မော့ယွီဖေးမှာ ချောမောနေဆဲ ဖြစ်သည်။ အလွန်အမင်း ပြင်းပြင်းထန်ထန် စွဲမက်ဖွယ်ကောင်း၍ ဆွဲဆောင်မှုရှိစွာဖြင့် ချောမောနေဆဲ ဖြစ်သည်။
ရုန်ယီသည် စိတ်လှုပ်ရှားမှုအပြည့်နှင့် စိတ်အားထက်သန်စွာဖြင့် စာပြန်လိုက်သည်။
"ငါ ထင်တာတော့ သူက ဓာတ်ပုံ ကောင်းကောင်း စားတဲ့လူ မဟုတ်လောက်ဘူး"
သူ ပေးပို့ပြီးနောက်တွင် ဖန်သားပြင်တစ်ခုလုံး ရှောင်ကျန်း၏ အီမိုဂျီများဖြင့် ပြည့်လျှံသွားလေသည်။
ရုန်ယီက ပြုံး၍ အထူး ကျေနပ်စွာဖြင့် စာမျက်နှာကို နှစ်ကြိမ် refresh ပြန်လုပ်လိုက်သည်။ ရုတ်တရက် ထောင့်စွန်းလေးတွင် သူ မေ့နေခဲ့သော browser စာမျက်နှာကို တွေ့လိုက်ရလေသည်။ ဖိုရမ်စာမျက်နှာကို ပြန်လည် refreshလုပ်ပြီးနောက်တွင် တစ်ဖက်မှ လွန်ခဲ့သည့်ငါးမိနစ်ခန့်က မက်ဆေ့ခ်ျတစ်စောင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။
"ခင်ဗျားသာ ကျွန်တော်ဆိုရင် ဘာလုပ်မှာလဲ"
ရုန်ယီသည် လောလောဆယ်၌ အလွန် စိတ်တုန်လှုပ်နေသည့် အခြေအနေတွင် ရှိနေပြီး သူ၏တစ်ကိုယ်လုံးက အကောင်းမြင်မှုများနှင့် တက်ကြွသော အရှိန်အဟုန်များဖြင့် ပြည့်နှက်နေသည်။ မှုန်ဝါးနေသည့် ဆောင်းရာသီမြင်ကွင်းကို ကြည့်နေခဲ့လျှင်တောင်မှ သူ ၎င်းကို ပန်းပွင့်လေးများ ပွင့်ဖူးနေသော နွေးထွေးသည့် နွေဦးရာသီအဖြစ် ပြောင်းလဲပစ်နိုင်လေသည်။ သူသည် အမှန်တကယ်ကို အကြောက်တရား ကင်းမဲ့နေ၏။
သူ တွေဝေမနေဘဲ ချက်ချင်း စာပြန်လိုက်သည်။
“သေချာပေါက် ကျွန်တော် ကြိုးစားကြည့်မှာပေါ့။ ခင်ဗျားက ငယ်သေးတာပဲ။ ကိုယ့်ဟာကိုယ် နောင်တရစေမယ့် ကိစ္စမျိုး မလုပ်ပါနဲ့"
ခဏအကြာတွင် တစ်ဖက်က စာပြန်လာသည်။
"ဒါဆိုရင် အခု ခင်ဗျား ကြိုးစားနေတာလား"
တက်ကြွနေသော ရုန်ယီတစ်ယောက် ရုတ်တရက် အေးခဲသွားသည်။
သူ ကြိုးစားမနေပေ။ ထိုကိစ္စမှ လွတ်မြောက်လာခဲ့ပြီးသကဲ့သို့ သူ ခံစားလာရသည်။ အကြောင်းမှာ သူသည် တစ်ဖက်မှ တုံ့ပြန်မှု မရရှိဟု ခံစားရပြီး ထပ်ခါတလဲလဲ အငြင်းပယ်ခံရမှုများကြောင့် မိမိကိုယ်ကို လေးစားတန်ဖိုးထားမှု ကျဆုံးလာသည့်ဒဏ်များကို မခံနိုင်သောကြောင့် ဖြစ်သည်။ ထို့အပြင် သူ့ထံတွင် လုံလောက်သော ယုံကြည်မှု မရှိခဲ့ပေ။
အချစ်ရေးတွင် သူ အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့ဖူးသည်။ သူကိုယ်တိုင်ပင် "ငြင်းပယ်ခံရခြင်း" နှင့် ကျင့်သားရနေခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။
သူ သဘောကျသည့်လူက သူ့ကို ပြန်၍ သ‌ဘောမကျသည်မှာ သေချာလွန်းသော ကိစ္စတစ်ခု ဖြစ်၏။
ထို့ကြောင့် သူ ဆက်ပြီး မကြိုးစားချင်တော့ပေ။ အနည်းဆုံးတော့ ချန်းခယ့်ယောင်အပေါ်တွင် မကြိုးစားကြည့်ချင်ပါ။ သူသည် ချန်းခယ့်ယောင် အလွန် မုန်းတီးရသူတစ်‌ယောက်အဖြစ်ပင် ပြောင်းလဲသွားနိုင်၏။ ထို့နောက် အငြင်းခံရလျှင်ပင် သူ အထူးတလည် ဝမ်းနည်းလိမ့်မည်မဟုတ်ပေ။
ရုန်ယီသည် လက်ကိုင်ဖုန်းကို ခဏတာ စိတ်နှင့်လူနှင့်မကပ်စွာ ကိုင်ထားပြီး ရုတ်တရက် တစ်ခုခုကို သတိရမိသွားသည်။
သူ ချန်းခယ့်ယောင်နှင့် တွေ့ပြီးသည့်အချိန်မှစ၍ သူ့ထံတွင် "အလွန်အမင်း သဘောမကျသည့်" အရာဟူ၍ တစ်ခုတောင် မရှိခဲ့ပေ။ ဤအချိန်အတောအတွင်း သူ သဘောကျသည့်စတိုင်ဖြစ်သည့် ဥပမာ ယွီဝမ်လော့ကဲ့သို့ အယ်လ်ဖာများနှင့် မဆုံတွေ့ခဲ့ရပေ။ သို့သော် ယွီဝမ်လော့ လက်ထပ်ပြီးဖြစ်ကြောင်းကို မသိမီကပင် ရုန်ယီသည် အမှန်တကယ် စိတ်နှင့်ပင် ပြစ်မှားခဲ့ခြင်း မရှိခဲ့ပေ။
ယွီ‌ဝမ်လော့နှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်သည့် စိတ်ကူးအစား ချန်းခယ့်ယောင်က ထိုလူကို သဘောကျမိသွားမည်ကို ပို၍ စိုးရိမ်ခဲ့သည်။
၎င်းမှာ သူသည် ချစ်တတ်သည့်စွမ်းရည်ကို ဆုံးရှုံးသွားခြင်း မဟုတ်ဘဲ သူ၏နှလုံးသားက ယခု လူတစ်ဦးတည်းအတွက်သာ တစ်ခုတည်းသော ကတိကဝတ်ကို ပြုထားသည့်အတွက် အခြားလူများအတွက် နေရာလွတ်မရှိခြင်း ဖြစ်သည်။
ရုန်ယီ အချိန်အတော်ကြာ တွေဝေနေပြီးနောက် ဖုန်းက ရုတ်တရက် တုန်ခါလာသည်။
၎င်းက ရှောင်ကျန်း စောင်ကိုက်နေသည့် အီမိုဂျီများ ပို့လာခြင်း ဖြစ်၏
တခဏအတွင်း၌ပင် ရုန်ယီသည် စိတ်အ‌ခြေအနေ ပြန်လည်ကောင်းမွန်သွားပြီး အလင်း၏အမြန်နှုန်းဖြင့် သူ၏စိတ်ကူးယဉ်အတွေးများကို ဖျက်ချပစ်လိုက်လေသည်။
မဟုတ်သေးပါ။ မဟုတ်သေးပါ။ မဟုတ်သေးပါ။ သူ အခြားသူများအပေါ် ခံစားချက် ရှိနိုင်သေးသည်။ မော့ယွီဖေးက အလွန် ချောမော၏။ သူ၏နှလုံးသားက ခံစားချက်များဖြင့် တဟုန်ထိုး လျှပ်စီးလက်နေသည်။ မော့ယွီဖေးကို တစ်ချက်မျှကြည့်လိုက်ခြင်းက သူ့အား စိတ်လှုပ်ရှားစွာ အော်ဟစ်စေနိုင်သည်အထိပင်။
အိုငိဒေါများနောက်ကို လိုက်ခြင်းက ကြည်နူးစရာအကောင်းဆုံး ဖြစ်သည်။ အိုင်ဒေါများကို ကြိုက်နှစ်သက်ခြင်းက အနန္တတန်ခိုးရှိ၏။
.
ညနေပိုင်းတွင် သူသည် ထိုနေ့က စားခဲ့သော အဆာပြေစာ ဓာတ်ပုံတစ်ပုံကို တည်းဖြတ်ပြီး WeChat တွင် တင်ခဲ့သည်။
မကြာမီတွင် သူ မြောက်မြားစွာသော အားကျမှု ကောမန့်များ လက်ခံရရှိခဲ့သည်။ ၎င်းတို့ထဲမှ တစ်ယောက်၏ကောမန့်ကို ဖတ်လိုက်ရသည့်အချိန်တွင် ရုန်ယီ၏ စိတ်များ အရည်ပျော်ကျသွားလေသည်။
“အဲ့လို ဖက်ထုပ်စွတ်ပြုတ်လေးတွေ စားချင်လိုက်တာ။ မင်း အဲ့လို ချက်တတ်အောင် သင်လိုက်ပါလား”
ရုန်ယီသည် ထိုမှတ်ချက်စာကြောင်းကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ပြီး သူ၏ မသိစိတ်က ဖက်ထုပ်ရွက်များကို ကိုယ်တိုင် ပြုလုပ်နိုင်သည့် နည်းလမ်း သို့မဟုတ် ၎င်းတို့ကို မည်သည့်နေရာတွင် ဝယ်ယူနိုင်သည် ဆိုသည်ကို စတင် စဉ်းစားလာသည်။
သူ၏စိတ်ထဲ၌ ၎င်းတို့ကို ချက်ပြုတ်သည့် လုပ်ငန်းစဉ်တစ်ခုလုံးကို အလေးအနက် စဉ်းစားပြီးသွားသည့်တိုင် သူ ဤမှတ်ချက်ကို မဖြေကြားခဲ့ပေ။
ချန်းခယ့်ယောင် သိသမျှက စားဖို့သာ ဖြစ်သည်။ သူဘာဆက်လုပ်နိုင်မည်နည်း။
မှန်သည်။ သူက အန်ထွက်နိုင်သေးသည်ပင်။
တကယ်ကို စိတ်တိုစရာ ဖြစ်၏။
ရုန်ယီသည် ဒေါသတကြီးဖြင့် ဖက်ထုပ်စွတ်ပြုတ်လုပ်နည်းများကို အင်တာနက်တွင် ရှာဖွေခဲ့သည်။ နောက်ဆုံး၌ သူသည် WeChat စာမျက်နှာသို့ ပြန်မသွားဘဲ မနေနိုင်ပေ။
သူသည် လူတစ်ဦးတည်းသာ မြင်နိုင်မည့် အခြားပို့စ်တစ်ခုကို တင်လိုက်၏။
"အိုးမိုင်‌ဂေါ့။ မော့ယွီဖေးက ကျွန်‌တော့်အခန်းဘေးမှာ တည်းပြီး ကျွန်တော်တို့ မမျှော်လင့်ဘဲ တွေ့ခဲ့ကြသေးတယ်။ ကျွန်တော်တော့ ငိုမိတော့မယ် ထင်တယ်။ အရမ်း အရမ်း အရမ်း ပျော်တာပဲ"
ငါးမိနစ်ခန့်ကြာသောအခါ ထိုပို့စ်ကို မြင်နိုင်သည့် တစ်ဦးတည်းသောသူက ဖုန်းခေါ်လာသည်။
ချန်းခယ့်ယောင်၏ လေသံမှာ အတော်လေး အဆင်မပြေဖြစ်နေသည်။
"မင်း အခု ဘာလုပ်နေတာလဲ"
“ဘာမှမလုပ်ပါဘူး”
ရုန်ယီက ပြောသည်။
"ငါ နည်းနည်း ပင်ပန်းနေတာနဲ့ စောစော အိပ်တော့မလို့"
“အိုး”
တစ်ဖက်မှ အသံက အတော်ကို စိတ်သက်သာရာရသွား၏။
"ဒါပေါ့ ဒါပေါ့။ တစ်ရက်လည်ခဲ့ပြီးတာနဲ့ မင်း အိမ်ကို စောစော ပြန်လာသင့်တယ်"
"......ဘာလို့ ငါ့ကို ဖုန်းခေါ်တာလဲ"
ချန်းခယ့်ယောင်သည် တစ်ခုခုမပြောမီ အချိန်တခဏကြာသည်အထိ တိတ်ဆိတ်သွားပြီး
"မင်းက နေရာစိမ်းတစ်ခုမှာ တစ်ယောက်တည်း ရောက်နေပြီး အဲဒီက လူတွေနဲ့လည်း မရင်းနှီးဘူးလေ။ မင်း အခန်းထဲမှာမနေဘဲ ညဘက်ကျရင် လျှောက်သွားပြီး လူဆိုးတွေနဲ့တွေ့မှာ စိုးရိမ်လို့"
ရုန်ယီသည် ရုတ်တရက် ပြုံးလိုက်ပြီး
"ဘာလဲ.. ငါ အမြဲတမ်း နေရာစိမ်းတွေမှာ တစ်ယောက်တည်း နေခဲ့ရတာပဲ"
သူသည် ဘွဲ့ရပြီးကတည်းက သူ၏မွေးရပ်မြေကို မပြန်ဖြစ်ခဲ့ပေ။ ယခုအထိလည်း သူ အိမ်ထောင်မရှိသေး။ ထုံးစံအတိုင်းပင် သူသည် အမြဲ တစ်ယောက်တည်း ဖြစ်၏။
"မတူဘူးလေ"
ချန်းက ပြောသည်။
"အနည်းဆုံးတော့ ဒီမှာ မင်းရဲ့အိမ်ရှိတယ်"
ရုန်ယီသည် တခဏခန့် ဆွံ့အသွား၏။
ချန်းခယ့်ယောင်က ဆက်ပြောသည်။
“မင်း ငါ့ကို တခြားပြောစရာ မရှိတော့ဘူးဆိုရင် စောစောအိပ်တော့။ တံခါးကို လော့ချဖို့ မမေ့နဲ့"
“အင်း”
ရုန်ယီက လက်ကိုင်ဖုန်းကို ကိုင်ကာ ခေါင်းညိတ်လိုက်သည်။
“လူစိမ်းတွေ တံခါးလာခေါက်ရင် ဖွင့်မပေးနဲ့”
ချန်းခယ့်ယောင်က ဆက်ပြောလိုက်သည်။
ရုန်ယီသည် ထပ်ပြီး မရယ်ဘဲ မနေနိုင်တော့ပေ။
"ဘယ်သူက ငါ့အခန်းတံခါးကို လာခေါက်မှာလဲ။ ငါ့အတွက် မင်း ငှားပေးထားတဲ့အခန်းက အခန်းကတ်မရှိရင် တက်လာလို့မရတဲ့ အထပ်မှာ ရှိတာလေ"
ချန်းခယ့်ယောင်က တစ်ဖက်မှနေ၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူ့ပုံစံက ရွဲ့စောင်းနေပုံရသည်။ ရုန်ယီသည် မျက်မှောင်ကြုတ်လိုက်ပြီး တခဏလောက် ဘာမှ ပြန်မပြောပေ။ ချန်းခယ့်‌ယောင််ယောင်ကလည်း အသံ ထွက်မလာချေ။ ထို့ကြောင့် နှစ်ဖက်စလုံးသည် လုံးဝ တိတ်ဆိတ်သွားကာ အနည်းငယ် နေရခက်သည့်အခြေအနေသို့ မလွှဲမရှောင်သာဘဲ ကျရောက်သွားလေသည်။
ရုန်ယီသည် စောစော အိပ်ရာဝင်ရန် စိတ်ကူးထားပြီးဖြစ်သောကြောင့် ဖုန်းချလိုက်ရန် အချိန်တန်ပုံပေါ်၏။
သို့သော် ရုန်ယီ အနည်းငယ် တွန့်ဆုတ်နေမိသည်။ လက်ကိုင်ဖုန်းကို ကိုင်ကာ အိပ်ယာပေါ်တွင် လဲလျောင်းနေပြီး ပြောစရာစကားတစ်ခွန်းကိုမျှ မတွေးနိုင်သော်လည်း သူ ဖုန်းချလိုက်ရန် ဆန္ဒမရှိပေ။
အတန်ကြာ ငြိမ်သက်သွားပြီးနောက် ချန်းခယ့်ယောင်က နောက်ဆုံးတွင် ပြောသည်။
"ပုစွန်ဖက်ထုတ်စွပ်ပြုတ်လေးတွေလေ... မင်း WeChat မှာ တင်ထားတဲ့ဟာလေးတွေ။ အဲဒါက လုပ်ရတာ ခက်လား”
“အဆင်ပြေ… လောက်မှာပါ”
ရုန်ယီက ပြောသည်။
"ငါ စမ်းလုပ်ကြည့်လို့ရမယ် ထင်တယ်"
“အင်း”
ချန်းခယ့်ယောင်က ဖြေသည်။
နောက်တစ်ကြိမ်ထပ်ပြီး ပြောစရာမရှိတော့ပေ။
ထို့ကြောင့် သူ ခဏလောက် စဉ်းစားပြီးနောက် မေးလိုက်သည်။
“အဲဒီတော့ မင်းက ပုဇွန် ကြိုက်တာလား”
"အင်း"
ချန်းခယ့်ယောင်က ပြောသည်။
"ကြိုက်တယ်"
“…”
ရုန်ယီသည် သတိထား၍ တံတွေးမျိုချလိုက်ပြီး
“ခုနက လိုင်းကျသွားတာ ထင်တယ်။ သေချာ မကြားမိလိုက်ဘူး။ မင်း ဘာပြောလိုက်တာလဲ"
"ပုဇွန်စားရတာ ကြိုက်တယ်လို့ ပြောတာ"
ရုန်ယီ အားကိုးရာမဲ့သွား၏။
"အိုခေ။ ငါသိပြီ"
.
သူ မျှော်လင့်ထားသည့် အဖြေကို မရခဲ့သော်လည်း ရုန်ယီသည် ဖုန်းချလိုက်ပြီးနောက် အတော်လေး စိတ်ခံစားချက် ကောင်းမွန်နေသေးသည်။
ချန်းခယ့်ယောင်သည် မော့ယွီဖေးကို မုန်းတီးကြောင်း သူ သိထားသောကြောင့် မူလက ချန်းခယ့်ယောင်ကို စိတ်အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်ပြီး ထိုပို့စ်ကို တင်ခဲ့ခြင်း ဖြစ်သည်။ ချန်းခယ့်ယောင်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိချင်းချင်း ရုန်ယီသည် ဤလူကို နောက်ထပ် စိတ်ဆိုးအောင် မည်သို့ ဆက်လက်ပြုလုပ်ရမည်ကို တွေးတောနေဆဲ ဖြစ်၏။
သို့သော် ချန်းခယ့်ယောင်၏ အသံကို သူ အမှန်တကယ် ကြားလိုက်ရသောအခါတွင် အလိုအလျောက် ပျော်ရွှင်မိသွားသည်။ ထိုစိတ်အခြေအနေလေး ပျက်ဆီးသွားမည်ကိုလည်း စိုးရိမ်သည့်အတွက်ကြောင့် မသက်ဆိုင်သော အကြောင်းအရာများကို ဆက်ပြီး မပြောချင်တော့ပေ။
ဖုန်းချခါနီးအချိန်တွင် ချန်းခယ့်ယောင်က "ကောင်းသောညပါ" ဟု နှုတ်ဆက်သွားသည်ကို တွေးရင်း ရုန်ယီသည် ခဏတာ အိပ်ယာပေါ်တွင် လှဲလျောင်းနေပြီး အလွန်အမင်း ပျော်ရွှင်နေ၏။
တစ်ယောက်ယောက်ကို သဘောကျရခြင်းက အလွန် ထူးဆန်းသည်။ စိတ်သောကနှင့် ပျော်ရွှင်မှု နှစ်ခုစလုံးကို ခံစားရန် အလွန် လွယ်ကူလာ၏။
သူသည် အကြိမ်ပေါင်းများစွာ အိပ်ယာပေါ်တွင် လူးလိမ့်နေပြီးနောက် ဖုန်းကို ကောက်ကိုင်လိုက်၍ ဖိုရမ်ကို ဖွင့်ကာ နာရီပေါင်းများစွာကြာအောင် ဆိုင်းငံ့ထားခဲ့သော မေးခွန်းကို ပြန်လည်ဖြေကြားလိုက်သည်။
“ကျွန်တော် ဆက်ပြီး ကြိုးစားသင့်လားဆိုတာတော့ မသိပေမယ့် လက်လျှော့လိုက်ဖို့လည်း တွန့်ဆုတ်နေသလိုပဲ”
သူ့ထံတွင် လုံလောက်သော သတ္တိနှင့် ယုံကြည်မှု မရှိဘဲ မိမိကိုယ်ကို လေးစားတန်ဖိုးထားမှုများ တိုးတက်လာအောင်လည်း မစွမ်းဆောင်နိုင်ပေ။ သို့သော်လည်း မျှော်လင့်ချက်အနည်းငယ်ရှိနေသည်ဟု သူ ခံစားမိနေသေးသောကြောင့် တစ်ကြိမ်တည်းဖြင့် နောက်ပြန်မဆုတ်နိုင်ပေ။
ခြုံပြီးပြောရလျှင် ချန်းခယ့်ယောင်က သူ့အပေါ် တွင် တကယ်ကို ကောင်းမွန်သည်။ သူ၏ဂရုစိုက်မှုများမှာ အိမ်ပိုင်ရှင်က အိမ်ငှားတစ်ဦးထံ ပေးလေ့ရှိသည်ထက် အများကြီး သာလွန်ကာ သာမန်သူငယ်ချင်းများကြားတွင် ပေးလေ့ရှိသည်ထက်ပင် သာလွန်နေသေးသည်။
ချန်းခယ့်ယောင်သည် သူ့ကို ညသန်းခေါင်အချိန်၌ လာကြိုပေးခဲ့ဖူးသည်။ သူ အပြင်ထွက်လျှင် အအေးမိမည်ကို စိုးရိမ်ပေးခဲ့သည်။ သူ့အတွက် အလွန်အမင်း ကောင်းမွန်သည့် အခန်းကို ငှားပေးပြီး လမ်းတွင် သတိထားရန်နှင့် အိမ်ကို စောစောပြန်ရန်လည်း သတိပေးသေးသည်။
ထိုအရာများအားလုံးက သူ့ကို ချစ်နေသည်ဟု ထင်ယောင်ထင်မှားဖြစ်စေရန် ဖန်တီးခဲ့၏။
၎င်းတို့အားလုံးကို သူ တောင့်မခံနိုင်တော့ဘဲ ချန်းခယ့်ယောင်အား ပွင့်လင်း ရဲတင်းစွာဖြင့် တူညီသည့် ကြင်နာယုယမှုများ ပြန်လည် ပေးချင်နေသေးသည်။
.
“တကယ်ကို ဆင်ခြင်တုံတရားမဲ့ပြီး စိတ်မတည်ငြိမ်တဲ့ကောင်ပဲ။ လက်လျှော့လိုက်ဖို့ တွန့်ဆုတ်နေတယ်ဆိုတာက တရားရုံးကို သွားဖို့ သူရဲဘောကြောင်နေသလိုပဲ။ ခဏအချိန်ဆွဲပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်သလို ဖြစ်နေတာကလွဲလို့ ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။ မင်းကိုမင်း ဘာမှအသုံးမကျဘူးဆိုတာ ဝန်ခံလား"
ဆယ်မိနစ်ခန့်ကြာပြီး‌ ရုန်ယီ စာပြန်ထားသည်ကို ကြည့်လိုက်သောအခါ တစ်ဖက်ကလူ ပြောသမျှက အမှန်ဖြစ်နေသောကြောင့် ရုတ်တရက် အလွန် စိတ်အနှောက်အယှက်ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"မင်း ငါ့ကို ဒီလို ဝေဖန်နိုင်တဲ့ အနေအထားမှာ မရှိဘူး"
သူက ဒေါသတကြီးဖြင့် စာပြန်လိုက်သည်။
"မဟုတ်ဘူး၊ ကျွန်တော့်အကြောင်း ကျွန်တော် ပြောနေတာ"
ထို့ကြောင့် ရုန်ယီသည် ချက်ချင်း စိတ်ကျေနပ်သွားပြီးနောက် ပြင်းထန်သော စာနာစိတ်များ ပေါ်လာသည်။
သူသည် နှုတ်ခမ်းကို ကိုက်ကာ မျက်မှောင်ကြုတ်လျက် ဖုန်းကို အချိန်အတော်ကြာ စိုက်ကြည့်နေ၏။ ရုတ်တရက် သူ အကြံတစ်ခု ရသွားသည်။
သူသည် ကျောင်းသားဘဝတုန်းက တာတိုအပြေးသမားတစ်ယောက် ဖြစ်သည်။ သို့သော် တစ်ခါက ပွဲစဥ်များနှင့် တဝက်မာရသွန်ပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်ခြင်းကြားမှ ခြားနားချက်ကို မသိသော ဆရာတစ်ဦးထံမှ ပြိုင်ပွဲဝင်ရန် အကြံပြုခြင်း ခဲ့ခံရသည်။ ဤမတိုင်မီက ဤမျှအကွာအဝေးကို တစ်ကြိမ်မျှ မပြေးခဲ့ဖူးသော ရုန်ယီမှာ သေလုမျောပါး ဖြစ်သွားသည်။ သို့သော် သူ့ကဲ့သို့ပင် စိတ်လှုပ်ရှားနေသည့် ကလေးမလေးတစ်ယောက်ကို သူ တွေ့လိုက်ရ၏။ သူတို့နှစ်ဦးသည် ပြိုင်ပွဲအစ၌ပင် သဘောတူညီမှုတစ်ခု ယူထားခဲ့သည်။ “နင် မရပ်သရွေ့ ငါလည်း မရပ်ဘူးလို့ ကတိပေးတယ်။ နင် ပြေးနေသရွေ့ ငါလည်း ဆက်ပြီး တောင့်ခံနေမှာ"
ရုန်ယီသည် ပြိုင်ပွဲ စတင်ပြီး မကြာမီ ထိုကလေးမလေးနှင့် ခွဲခွာခဲ့ရသော်လည်း ထိုသဘောတူညီချက်ကြောင့် မာရသွန်ပြိုင်ပွဲကြီးတစ်ခုလုံး ပြီးဆုံးသည်အထိ ဆက်လက် တောင့်ခံနိုင်ခဲ့သည်။
သူရဲဘောကြောင်သကဲ့သို့ ခံစားလာရသောအခါ သနားကြင်နာတတ်သည့် အားပေးမည့်သူတစ်ဦးရှိလျှင် တစ်ဖက်လူအား အလွန်အမင်း အားပေး၍ စိတ်ခွန်အားပေးနိုင်မည်မှာ သေချာ၏။
သူ မက်ဆေ့ခ်ျကို ဂရုတစိုက် တည်းဖြတ်လိုက်သည်။
"ခင်ဗျား ကျွန်တော်နဲ့အတူ နောက်တစ်ခေါက် ထပ်ကြိုးစားဖို့ သတ္တိရှိလား"
၎င်းကို ပေးပို့ပြီးနောက် စာမျက်နှာသည် ယခုလေးတင် မက်ဆေ့ခ်ျရောက်လာကြောင်း သတိပေးချက်ဖြင့် အလိုအလျောက် refreshလုပ်သွားသည်။
"ခင်ဗျား လက်လွှတ်ဖို့ကို ဝန်လေးနေတာလား။ ကျွန်တော်လည်း အတူတူပဲ။ ကျွန်တော် သူ့ကို နောက်တစ်ခေါက် ဖွင့်ပြောချင်သေးတယ်”
Xxxxxxx