အပိုင်း ၄၉
Viewers 14k

Chapter 49
ကျွန်တော် အန်မိလိမ့်မယ်
ရုန်ယီသည် သူ၏ လက်လျှော့မည့်အစီအစဉ်ကို ယာယီ နောက်ဆုတ်ထားလိုက်ပြီး စတင်ကြိုးစားကြည့်ရန် အစီအစဉ်ဆွဲလိုက်သည်။
သူ ချန်းခယ့်ယောင်၏ရှေ့တွင် ဆက်လက် ကြိုးစားကြည့်ရန် အတွက် အခွင့်အရေးတစ်ခုခုကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
ပထမဦးစွာ သူသည် ထိုစိတ်အနှောက်အယှက်ဖြစ်စရာ ပြဿနာ၏ အကြောင်းရင်းကို ချန်းခယ့်ယောင်အား မေးရန် အခွင့်အရေး ရှာရပေလိမ့်မည်။ ထိုမေးခွန်းကို ဖြေဆိုရာတွင် ပြောပြရန် ခက်ခဲသည့်ကိုယ်ရေးကိုယ်တာကိစ္စအချို့ ပါဝင်နိုင်သော်လည်း၊ချန်းခယ့်ယောင်က သူ့အား ပြောပြရန် ဆန္ဒရှိလိမ့်မည်ဟု သူ့ကိုယ်သူ အထူး ယုံကြည်ထားသည်။
ထို့နောက် ချန်းခယ့်ယောင်သည် သူ့ကို စိတ်မပျက်လာသရွေ့ ဤစိတ်အားထက်သန်နေသည့် အွန်လိုင်းသူငယ်ချင်းထံမှ တောင်းယူထားသော အကြံဉာဏ်များကို ချန်းခယ့်ယောင်အပေါ်တွင် အသုံးပြုမည်။
အရေးကြီးဆုံးအချက်မှာ သူသည် ရှက်ကြောက်နေသည့်စိတ်များကို ကျော်လွှားနိုင်ရမည်ဖြစ်၍ "ငါ မင်းကို သဘောကျနေသေးပြီး မင်းနဲ့ အတူ ရှိနေချင်တဲ့အတွက် အခုလိုလုပ်ရတာပါ" ဟု ပြောရဲနိုင်မည့် သတ္တိများကို စုစည်းထားရပေလိမ့်မည်။
ထပ်မံ အငြင်းခံရပါက သူ အခွင့်ကောင်းယူကာ ချန်းခယ့်ယောင်ကို ဖျတ်ခနဲ နမ်းပြီး ထွက်ပြေးမည် ဟူသော အရန်အစီအစဉ်ကိုပါ ကြိုတင်ဆွဲထားလိုက်သည်။
အကယ်၍ ထိုကဲ့သို့သာ အတည်ပေါက်ကြီး လေးလေးနက်နက် အငြင်းခံခဲ့ရလျှင် သူ ဤဆက်ဆံရေးကို နောင်တမရှိဘဲ ရဲရဲဝံ့ဝံ့ အဆုံးသတ်နိုင်ရမည်။
သေချာပေါက် ချန်းခယ့်ယောင်ကလည်း ကြိုးစားကြည့်ချင်စိတ် ရှိပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သူသည် ချန်းခယ့်ယောင်အား ဆရာဝန်တစ်ဦးနှင့် ဆွေးနွေးမှုခံယူရန် အဖော်ပြု၍လိုက်ပေးနိုင်ပြီး သူ ကျင့်သား ရရှိစေရန် ဖြည်းဖြည်းချင်း ရင်းနှီးလာအောင် ကြိုးစားမည်။ နောက်ပိုင်းတွင် သူတို့သည် တစ်နေရာရာသို့ သွားတိုင်း လက်ကိုတွဲ၍ စိတ်ပျော်ရွှင်သည့်အခါတိုင်း အနမ်းပေးကြမည်။ ချန်းခယ့်ယောင်က မတွန်းဖယ်သရွေ့ သူသည် ချန်း၏ ရင်အုပ်မှာ ကျယ်၊မကျယ် အတည်ပြုနိုင်ရန် ချက်ချင်း တိုးဝင်ပစ်မည်။ အမှန်တော့ ကျယ်သည်ဖြစ်စေ၊ မကျယ်သည်ဖြစ်စေ သူ နေ့တိုင်း ၎င်းကို အမြတ်တနိုး တန်ဖိုးထားမည်။ တန်ဖိုးထားရန်သာမက သူ၏အလိုကျ ထိတွေ့ဦးမည်။
အရာအားလုံးအဆင်ပြေသွားသည့်အခါ သူတို့နှစ်ယောက်၏ ပထမဆုံး အချစ်နှစ်ပတ်လည်နေ့တွင် သူ့ကို လက်ထပ်ခွင့်တောင်းမည်။ အမိုးမပါသည့် ပန်းဥယျာဉ် ပါဝင်သော ဟိုတယ်တွင် လက်ထပ်ပွဲ ကျင်းပခြင်းက အကောင်းဆုံး ဖြစ်ပေမည်။ အပြာရောင်မိုးကောင်းကင်ထက်တွင် တိမ်ဖြူဖြူလေးများ၊ မြက်ခင်းစိမ်းစိမ်းများဖြင့် ဘောလုံးများကိုလည်း နေရာအနှံ့ ချိတ်တွဲထားမည်။ သူကတော့ အဖြူရောင် သတို့သားဝတ်စုံကို ဝတ်ချင်မိသေး၏။ သို့သော်လည်း သူ ချန်းခယ့်ယောင်၏ အကြိုက်ကို သေချာပေါက် မေးကြည့်ဦးမည်။ သူတို့ နှစ်ဦးစလုံး အဆင်ပြေနေသရွေ့ လက်ထပ်ပွဲကို လက်မှတ်မထိုးမီ သို့မဟုတ် လက်မှတ်ထိုးပြီးမှ ကျင်းပလျှင်လည်း အရေးမကြီးပေ။
သူ ကလေးများကို ချစ်သော်လည်း လက်ထပ်ပြီး ပထမနှစ်တွင်တော့ သူတို့ နှစ်ဦးတည်း၏ ချိုမြိန်သောကမ္ဘာလေးကိုသာ ဖြတ်သန်းချင်သေးသည်။ သူ ချန်းခယ့်ယောင်အတွက် မုန်လာချဉ် နှင့် ပုဇွန်လုံးဖက်ထုပ်စွပ်ပြုတ်များ ချက်ပြုတ်ပေးကာ သူ စားနေသည်ကို ကြည့်၍ သူ ပြောမည့် ချီးကျူးစကားများကို နားထောင်မည်။ သူတို့ ကလေးရလာသည့်အခါ သူ အလုပ်မှ ထွက်ပြီး ပေါ့ပေါ့ပါးပါး အလုပ်တစ်ခုကို ရှာဖွေမည်။
အမှန်တော့ ချန်းခယ့်ယောင်ကဲ့သို့ မရင့်ကျက်သေးသည့်လူတစ်ယောက်အား နောက်မျိုးဆက်အသစ်ကို တာဝန်ယူခိုင်းခြင်းက သူ့ကို အမြဲ စိုးရိမ်ပူပန်စေသည်။ ချန်းခယ့်ယောင်သည် ကလေးက တစ်နေရာရာတွင် ဆိုးသွမ်းခြင်းကို ကြုံလာရသောအခါ အချိန်မီ သတိပြုမိနိုင်မည်လား ဆိုသည်က ပြောရန် ခက်ခဲ၏။ ပထမဆုံး ကလေးက ယောက်ျားလေး ဖြစ်လျှင် အကောင်းဆုံး ဖြစ်သည်။ သားလေး လေးငါးနှစ်အရွယ်ရောက်လျှင် သမီးလေးတစ်ယောက် ထပ်မွေးမည်။ ချန်းခယ့်ယောင်နှင့် သူ့ထံတွင် ကလေးများကို ပြုစုရန် လုံလောက်သည့် စွမ်းအင်မရှိတော့သောအခါ သူ၏မိဘများကို အိမ်ပြန်လာပြီး ကူညီပေးရန် တောင်းဆိုမည်။ ၎င်းက သူနှင့် အဝေးတွင် နေထိုင်သည့် မိဘနှစ်ပါးအတွက် စိုးရိမ်ပူပန်ရခြင်းမှလည်း ကင်းလွတ်စေနိုင်မည် ဖြစ်သည်။
ကလေးများက ဉာဏ်ကောင်းမည်လား သို့မဟုတ် အကောင်းဆုံးသောရလဒ်များကို စွမ်းဆောင်နိုင်မည်လား ဆိုသည်က သိပ်ပြီး ကိစ္စမရှိချေ။ အရေးကြီးဆုံးမှာ သူတို့အဖေကဲ့သို့ နူးညံ့ကြင်နာတတ်သူလေးများအဖြစ် ပျော်ရွှင်စွာ ကြီးပြင်းလာရန်သာ ဖြစ်သည်။ သေချာပေါက် သူနှင့်ချန်းခယ့်ယောင်လည်း ပျော်ရွှင်နေလိမ့်မည်။ ထို့ကြောင့် သူတို့ ကလေးများ ရလာလျှင်ပင်၊ အသက် 80 အရွယ်ရောက်သည်အထိပင် သူတို့၏ မင်္ဂလာနှစ်ပတ်လည်နေ့ကို နှစ်စဉ်နှစ်တိုင်း နှစ်ဦးတည်း သီးသန့် ကျင်းပနိုင်လျှင် အကောင်းဆုံး ဖြစ်မည်။
ထို့အပြင် နေ့တိုင်း နံနက်ခင်း အနမ်းပေးသည့် အလေ့အထကိုလည်း ထိန်းသိမ်းထားကြမည်။ အသက် 80 အရွယ် ချန်းခယ့်ယောင်သည် ချောမောသော အဘိုးကြီးအဖြစ် ရှိနေဆဲ ဖြစ်မည်ဟု သူ မျှော်လင့်၏။ သူသည် ခါးကုန်းသွားလျှင်တောင်မှ ဗိုက်တော့ပူလိမ့်မည် မဟုတ်ပေ။
အိုခေ...အရာအားလုံးက ပြီးပြည့်စုံနေပြီ ဖြစ်၏။ သူ၏အချစ်ကို ဝန်ခံဖို့သာ လိုတော့သည်။
ဤသို့အရေးကြီးသည့် ကိစ္စကို အလေးအနက်ထား၍ မျက်နှာချင်းဆိုင် တွေ့ကာ ဆောင်ရွက်ရမည်။ ရလဒ်အနေဖြင့် ရုန်ယီသည် သူ့အိုင်ဒေါ၏ fan meetingကို အလွန် စိတ်လှုပ်ရှားကာ မျှော်လင့်ချက်အပြည့်ဖြင့် ရောက်လာခဲ့သော်လည်း ယခုတော့ fan meeting ကျင်းပမည့်အချိန်အထိပင် မစောင့်နိုင်တော့ချေ။
ကံကောင်းထောက်မစွာဖြင့် သူသည် ကျိုးကြောင်းဆီလျော်သော နောက်ဆုံး အတွေးကို တွေးမိသွားသည်။
သူ အလျင်လိုစရာ မလိုပေ။ မည်သည့်နည်းနှင့်ပင်ဖြစ်စေ ချန်းခယ့်ယောင်သည် သူတို့အိမ်တွင်သာ နေဆဲဖြစ်ပြီး မည်သည့်ေနရာကိုမှ မသွား။ သူ နှစ်ရက်ဆက်တိုက် စိတ်ကူးယဉ်အိပ်မက်လေးကို ဆက်လက် မက်နေနိုင်သေးသည်။ ဆန့်ကျင်ဘက်အားဖြင့် ဖွင့်ပြောမှုသာ ကျဆုံးသွားပါက စိတ်ကူးယဉ်ရန် အခွင့်အရေးကိုပင် ဆုံးရှုံးသွားလိမ့်မည်။
အောင်မြင်သွားလျှင်တော့ ရှည်လျားသည့် အနာဂတ်ခရီးလမ်းကို အတူတကွ မျှဝေခံစားကြမည်။
ရုန်ယီသည် သောကြာနေ့က ထွက်ခွာလာခဲ့ပြီး fan meetingကို တနင်္ဂနွေနေ့ညတွင် ကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် အစီအစဉ်အရ စနေနေ့တစ်ရက်လုံး အားနေ၏။
သူ မူလက အချိန်ဇယားတစ်ခု ဆွဲထားပြီး အစီအစဉ်များမှာ အတော်လေး ကျစ်ကျစ်လစ်လစ် ရှိသည်။ fan meeting အပြီးတွင် ရက်အနည်းငယ်ခန့် အားလပ်ရက် ရနေသေးသော်လည်း သူသည် အိမ်ပြန်ရန်အတွက်သာ စိတ်အားထက်သန်နေ၏။ ထို့ကြောင့် မြို့တော်C တွင် အကြာကြီး နေထိုင်ရန် ရည်ရွယ်ချက် မရှိပေ။ သို့သော်လည်း ရောက်လာလက်စနှင့် သူ စိတ်ဝင်စားသည့်နေရာများကို လျှောက်လည်သင့်သည်။
ကံမကောင်းစွာဖြင့် သူ ခရီးစဉ်တလျှောက် စီးရမည့်ယာဉ်ကအစ သေချာ စစ်ဆေး၍ မှတ်သားထားသော်လည်း အအိပ်လွန်နေမှုကြောင့် အချိန်ဇယားမှာ လုံးဝ ပျက်စီးသွားလေသည်။ မနေ့ညက အားပါးတရဖြင့် စိတ်လှုပ်ရှားစွာ စိတ်ကူးယဉ်နေခဲ့ပြီး မနက်မိုးလင်းသည်အထိ အိပ်မပျော်ခဲ့ပေ။ မနက်တွင် ပေးထားသည့် alarmသံကိုပင် မကြားခဲ့။ သူ နောက်ဆုံး အိပ်ရာမှ နိုးလာသောအခါ ဟိုတယ်က မနက်စာ ကျွေးခြင်းကိုပင် ရပ်လိုက်ပြီ ဖြစ်သည်။
ခက်ခက်ခဲခဲ နိုးထလာပြီးနောက် ရုန်ယီသည် ခဏတာ အိပ်ယာပေါ်တွင် မှိန်းနေပြီးမှ စိတ်ထဲတွင် မူလအစီအစဉ်ကို တွေးကြည့်လိုက်သည်။ ပထမဦးစွာ သူ နေ့လယ်စာ ဝယ်ရန် အောက်ထပ်ရှိ စတိုးဆိုင်သို့ သွားမည်။ ထို့နောက်တွင် ဟိုတယ်မှ 10 မိနစ်ခန့် ကားမောင်းသွားရသည့် ရှုခင်းကြည့်ရန်နေရာသို့ သွားပြီး ညနေပိုင်းတွင်တော့ သရေစာများ ပေါသည့်လမ်းသို့ တက္ကစီဖြင့် သွားမည် ဖြစ်သည်။ မူလက သူ လျှောက်လည်ရန် စီစဉ်ထားသည့် အခြားနေရာများကိုတော့ အနာဂတ်တွင် အခွင့်အရေး ရလျှင် ချန်းခယ့်ယောင်ကို လိုက်ပို့ပေးရန် ပူဆာမည်။
ထိုကဲ့သို့အခွင့်အရေးမျိုး မရလာခဲ့လျှင်လည်း... အပန်းဖြေခရီးအဖြစ် သူ့ဟာသူ တစ်ယောက်တည်း ပြန်လာမည်။
ထိုအတွေးဖြင့် သူ မျက်နှာသစ်၊သွားတိုက်နေချိန်၌ပင် ထိုအကြောင်းကို ထပ်ခါထပ်ခါ မတွေးမိဘဲ မနေနိုင်တော့ပေ။
"ငါ ချန်းခယ့်ယောင်ကို ဖွင့်ပြောတော့မယ်"
ထို့ကြောင့် သူသည် တုန်လှုပ်၍ စိတ်ရှုပ်ထွေးကာ စိုးရိမ်ပူပန်စပြုလာသော်လည်း စိတ်လည်းလှုပ်ရှားနေပြန်သည်။
အပြင်သို့ မသွားမီ သူသည် ပေါက်ကရအတွေးပေါင်းစုံ တွေးပြီး သူ့အတွက်သူ ထူးဆန်းသည့် ပန်းတိုင်တစ်ခုကို ချမှတ်လိုက်သည်။ သူ ဒီနေ့ မော့ယွီဖေးနှင့် ထပ်ပြီးတွေ့လျှင် ဖွင့်ပြောမှုက အဆင်ပြေချောမွေ့ရမည်။
တံခါးမှ ထွက်လာပြီး လူသူကင်းမဲ့နေသော စင်္ကြံကို ကြည့်လိုက်သောအခါ သူ့နှလုံးသားက ထိတ်ခနဲ ဖြစ်သွားသည်။ ဟုတ်ပါသည်လေ... သူ မော့ယွီဖေးနှင့် မတွေ့ခဲ့လျှင်တောင် ဖွင့်ပြောမှုက ရလဒ်မကောင်းမွန်လိမ့်မည် ဟု မဆိုလိုပေ။
ဓာတ်လှေကားကို စောင့်နေရင်းက သူ၏ရဲဘော်ကို ရုတ်တရက် သတိရသွားသည်။
မနေ့ညက သူတို့ တစ်ယောက်ကို တစ်ယောက် အားပေးခဲ့ကြပြီး ရဲတင်းပြတ်သားသည့် ဆုံးဖြတ်ချက်များ ချခဲ့ကြသည်။ စိတ်အားထက်သန်သော စကားများ ပြောအပြီးတွင် တစ်ဖက်လူသည် သူ၏ချစ်သူက အထင်ကြီး၍ သူ၏စိတ်ရင်းအမှန်ကို နားလည်သဘောပေါက်စေရန် ဖွင့်ပြောမှုအား မည်သို့ လုပ်ဆောင်ရမည်ကို အလေးအနက် စဉ်းစားကြည့်မည် ဟု ပြောသွားခဲ့သည်။
တစ်ညလုံးကြာပြီးနောက်တွင် ရုန်ယီသည် သူကိုယ်တိုင်က အစီအစဉ်ဆွဲထားပြီးဖြစ်သောကြောင့် သူ့ရဲဘော်၏တိုးတက်မှုကိုလည်း သိချင်မိသည်။
ရှေ့မှ ဓာတ်လှေကားတံခါး ပွင့်လာချိန်တွင် သူသည် ဖုန်းကို ထုတ်ယူ၍ သီးသန့်မက်ဆေ့ချ်အတွက် စာရိုက်နေခဲ့သည်။ ရုန်ယီက မော့မကြည့်ဘဲ ဓာတ်လှေကားထဲသို့ ဝင်သွားလိုက်သည်။ ခြေလှမ်း တစ်ဝက်လောက် ရောက်သောအခါ သူ ရုတ်တရက် အသံတစ်ခု ကြားလိုက်ရသည်။
"စိတ်မရှိပါနဲ့"
ရုန်ယီ ကမန်းကတန်း မော့ကြည့်လိုက်ပြီးနောက် အေးခဲသွားလေသည်။
သူ၏ရှေ့တွင် maskအကြီးကြီး တပ်ထားသည့် အမျိုးသားက သူ့ကို မျက်ခုံးတစ်ချက် ပင့်ပြကာ ထပ်ပြောသည်။
“ကျေးဇူးပြုပြီး ကျွန်တော် အရင် အပြင်ထွက်လို့ရမလား”
ရုန်ယီသည် လျင်မြန်စွာဖြင့် ခြေလှမ်းကြီးကြီးလှမ်း၍ ဘေးသို့ ကပ်လိုက်ကာ ဓာတ်လှေကားတံခါးရှေ့မှ နေရာအားလုံးကို ဖယ်ပေးလိုက်သည်။
သူ၏ လှုပ်ရှားမှုများက တကယ်ကို ချဲ့ကားလွန်းပုံပေါ်နေလေသည်။ ဘေးသို့ကပ်ပေးပြီးနောက် သူ့ဟာသူလည်း အလွန်အမင်း ရှက်ရွံ့မိသွားသောကြောင့် ချက်ချင်းပင် မျက်နှာများ နီရဲသွားသည်။ ရှက်ရွံ့မှုကို ဖုံးကွယ်နိုင်ရန် သူ ခပ်မြန်မြန်ဖြင့် ပြောလိုက်သည်။
“တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး...”
ထိုလူက သူ့ကို တခဏခန့် စိုက်ကြည့်နေပြီး maskကို ချွတ်ကာ ပြုံးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
သူ စကားပြောနေစဉ်အတွင်း ရုန်ယီကို ခေါင်းတစ်ချက် ညိတ်ပြပြီးနောက် ဓာတ်လှေကားပေါ်မှ ဆင်းကာ စင်္ကြံဆီသို့ လျှောက်သွားသည်။ ရုန်ယီသည် မသိစိတ်က ခေါင်းကို ပြူ၍ အကြိမ်ကြိမ် ချောင်းကြည့်လိုက်ရာ နောက်ဆုံးတွင် သူ့အခန်း၏ မျက်စောင်းထိုးအခန်းရှေ့တွင် ရပ်သွားသည်ကို တွေ့လိုက်ရပြီး ထိုလူက အခန်းကတ်ကို ထုတ်လိုက်လေသည်။
သူ သတိပြန်ဝင်လာသောအခါ ဓာတ်လှေကားတံခါးက ပိတ်သွားပြီ ဖြစ်၏။
.
ရုန်ယီသည် ဓါတ်လှေကားထဲတွင် ခုန်ပေါက်နေ၏။
အလွန် နီးကပ်လွန်းသည်။ သူနှင့် မော့ယွီဖေးက အလွန် နီးကပ်လွန်းသည်။ ညဘက်တွင် သူတို့အိပ်သည့်နေရာများကြားက ဆယ်မီတာခန့်သာ ကွာဝေးနိုင်သည်။
၎င်းက မည်မျှ ကံကောင်းလိုက်သနည်း။ သူသည် VIP လက်မှတ်ကို ရရှိခဲ့ရုံသာမက အိုင်ဒေါနှင့် မျက်စောင်းထိုး အခန်းတွင် တည်းရပြီး နှစ်ရက်ဆက်တိုက်ကြီးများပင် သူ၏အိုင်ဒေါနှင့် အမှတ်မထင် တွေ့ခဲ့ရသည်။
အိုင်ဒေါကို သူနှင့်အတူ ဓါတ်ပုံတွဲရိုက်ဖို့၊ လက်မှတ်ထိုးခိုင်းဖို့ ပြောရန် အလွန် စိတ်လှုပ်ရှားနေခဲ့သော်လည်း မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦး စကားပြောဖြစ်ခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် အိုင်ဒေါ၏ မျက်နှာတစ်ခုလုံးကိုပင် မြင်လိုက်ရလေသည်။ အလွန် ချောမောသည်။ လူကို ငိုယိုစေနိုင်လောက်အောင် ချောမောလွန်းသည်။ ထို့အပြင် အိုင်ဒေါ၏အသားအရေသည် အထူး ကောင်းမွန်ပြီး အရွယ်ရောက်ပြီးသား အယ်လ်ဖာ အမျိုးသားတစ်ဦးနှင့်ပင် မတူအောင် ကောင်းမွန်လွန်းသည်။
ဘုရားရေ... ချန်းခယ့်ယောင်သည် မော့ယွီဖေးထက် သူက ပိုချောသည်ဟု မည်သို့ပင် မျက်နှာပြောင်တိုက်၍ ပြောထွက်ခဲ့သနည်း။ သူ၏မျက်နှာပေါ်က အမာရွတ်ကို ဦးစွာ ကြည့်သင့်သည်။
ချန်းခယ့်ယောင်... ဤနာမည်ကို တွေးကြည့်လိုက်သောအခါ ရုန်ယီ၏ စိတ်က ချက်ချင်း ကွဲပြားသွားသည်။
သူ အပြင်မထွက်ခင်တွင် သူကိုယ်တိုင် ချမှတ်ထားသည့် ပန်းတိုင်မှာ အောင်မြင်ခဲ့သည်။ ထို့ကြောင့် သူ၏ ဖွင့်ပြောမှုမှာလည်း သေချာပေါက် အောင်မြင်ပေလိမ့်မည်။
.
သူ လည်ပတ်ချင်သည့် နေရာရှုခင်းများ၏ သုံးပုံနှစ်ပုံက ရေကန်များ ဖြစ်သည်။
ယခုက ခရီးသွားရာသီ၏အလယ်ပိုင်း ဖြစ်၍ ပိတ်ရက်လည်း ဖြစ်နေသောကြောင့် ရေကန်၏ဘေးတွင် လူပင်လယ်ကြီးကြောင့် အနီးအနားတဝိုက်တွင် စည်ကားပြီး ဆူညံနေသည်။ သို့သော် ကျယ်ပြောငြိမ်သက်လှသည့် ရေကန်ကြီးကို ကြည့်လိုက်သောအခါ သူ့အား စိတ်တည်ငြိမ်စေနိုင်သေးသည်။
ရုန်ယီသည် ယခုတလော သူ၏ ကံကောင်းမှုကို ထိန်းသိမ်းထားနိုင်ပုံပေါ်သည်။ သူ ခြေထောက် နာလာသည် ဟု ခံစားရသည်နှင့် အနီးအနားရှိ ခုံတန်းလျားက လူလွတ်သွားသည်။
ရေကန်ဘေးတွင် ထိုင်၍ လေပြေညှင်းလေးများ တိုက်ခတ်သွားသည်ကို ခံစားရင်း သူ ဗြုန်းခနဲ ရုတ်တရက်ကြီး ချန်းခယ့်ယောင်နှင့် စကားပြောချင်လာသည်။
သူ ရုတ်တရက် ဖုန်းဆက်လိုက်လျှင် ထူးဆန်းသွားပေလိမ့်မည်။ မက်ဆေ့ချ် ပို့ချင်သော်လည်း ပြောစရာ သင့်လျော်သည့် အကြောင်းအရာက မရှိပေ။ ထို့ကြောင့် ရုန်ယီသည် ရှုခင်းဓာတ်ပုံနှစ်ပုံ ရိုက်ပြီးနောက် WeChatတွင် လူတစ်ဦးတည်းသာ မြင်နိုင်မည့် ပို့စ်တစ်ခု တင်လိုက်သည်။ ချန်းခယ့်ယောင်က ထိုထောင်ချောက်ထဲကို ပြုတ်ကျသွားဖို့အတွက် သူ စောင့်နေမိသည်။
ချန်းခယ့်ယောင်ကို မဖမ်းမီ မက်ဆေ့ချ်များကို စစ်ဆေးရန် ဖိုရမ်ကို အရင် သွားလိုက်သည်။
လွန်ခဲ့သည့် နာရီပေါင်းများစွာခန့်က သူ ပေးပို့ခဲ့သော မက်ဆေ့ချ်မှာ အဖြေပြန်ရပြီး ဖြစ်နေသည်။ တစ်ဖက်မှလူသည် ခံစားချက်များ ပြည့်နှက်နေပုံရပြီး စာလုံးပေါင်းနှစ်ထောင်ပါဝင်သည့် စာရှည်တစ်စောင်ကို ညလုံးပေါက် ရေးခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် မွမ်းမံပြင်ဆင်ပြီးမှ လူကိုယ်တိုင် လက်ရေးဖြင့် ကူးယူကာ သူ၏ချစ်သူထံ ပို့ပေးမည် ဟု ပြောသည်။
သူ ရေးပြီးသွားသောအခါ ရုန်ယီ့ကို မေးလိုက်သေးသည်။
"အရမ်းကို ရိုမန်တစ်ဆန်တယ် မလား"
ရုန်ယီက မျက်မှောင်ကြုတ်ပြီး စဉ်းစားလိုက်သည်။ 'ဒါက ရည်းစားစာကြီး မဟုတ်ဘူးလား။ နည်းနည်းတော့ ခေတ်နောက်ကျသလိုပဲ' အိုမီဂါတစ်ယောက်အနေဖြင့် သူသည် သတိကြီး၍ အကောင်းမြင်စိတ်မရှိသူ ဖြစ်သည်။
သို့သော် တစ်ဖက်လူကတော့ အလွန် ဝမ်းသာပီတိဖြစ်နေပုံရသည်။ တိုက်ရိုက် စိတ်ပျက်အားလျော့သွားအောင် ပြောလိုက်ပါက သူ့ကိုယ်သူ ယုံကြည်မှု လျော့နည်းသွားပေလိမ့်မည်။ ထို့ကြောင့် ရုန်ယီသည် နှစ်ခါပြန်စဉ်းစားပြီး သူ့ကို ယဉ်ယဥ်ကျေးကျေးဖြင့် အကြံပေးရန် ဆုံးဖြတ်လိုက်သည်။
"အရမ်း ရှုပ်ယှက််ခတ်နေတယ် မဟုတ်ဘူးလား။ ခင်ဗျား မြင်တဲ့အတိုင်းပဲ... လက်ရှိမှာ ရေပန်းအစားဆုံးက "စိတ်မရှည်တဲ့ ဘော့စ်က ငါ့ကို ချစ်မိသွားတယ်" ဆိုတဲ့ ဆက်ဆံရေးအမျိုးအစားပဲလေ.. မဟုတ်ဘူးလား။ အိုမီဂါ အများစုက အယ်လ်ဖာရဲ့ဆွဲဆောင်မှုကို ခံစားနိုင်မယ့် ပြတ်ပြတ်သားသားနဲ့ခပ်မိုက်မိုက် ဖွင့်ပြောတာမျိုးကို ပိုပြီး သဘောကျကြမယ် ထင်တယ်”
တစ်ခဏကြာသောအခါ တစ်ဖက်က စာပြန်လာသည်။
"ဥပမာ?"
ရုန်ယီသည် ရေကန်ဘေးတွင် ထိုင်လျက် စိတ်အားထက်သန်စွာ စိတ်ကူးယဉ်ကြည့်ပြီးနောက် မျက်နှာပူပူဖြင့် အကြံပေးသည်။
"ရိုးရှင်းပါတယ်... ရဲရဲဝံ့ဝံ့ ခပ်မိုက်မိုက်စတိုင်နဲ့ သူ့ကို ထောင့်တစ်နေရာရာ တွန်းပို့ပြီး နံရံနဲ့ ကပ်ထားလိုက်။ ခင်ဗျား သူ့ကို ချစ်တယ် လို့ပြော... ပြီးတာနဲ့ သူ့ကို နမ်းလိုက်"
ဆယ်မိနစ်ခန့်ကြာသည်အထိ စာမျက်နှာကို refresh လုပ်ပြီးမှ နောက်ဆုံး သူ ပြန်စာကို ရရှိခဲ့သည်။
“ကျွန်တော် အန်မိလိမ့်မယ်”
ဤရိုးရှင်းသော စကားလုံးခြောက်လုံးသည် နက်ရှိုင်းသော ဝမ်းနည်းမှုကို ဖြစ်ပေါ်စေ၏။
ရုန်ယီသည် သူ့ကို မည်သို့ နှစ်သိမ့်ရမည်မှန်း စဉ်းစားကြည့်ပြီး အခြား အကြံဉာဏ်များ ပေးမိသောအခါ ဤလူ၏ 'စိတ်ဖိစီးမှုအပေါ် တုံ့ပြန်ချက်' မှာ ချန်းခယ့်ယောင်နှင့် တစ်ပုံစံတည်း ဆိုသည်ကို ရုတ်တရက် သဘောပေါက်သွားမိသည်။
ချန်းခယ့်ယောင် အန်ရသည့် အကြောင်းရင်းမှာလည်း အတူတူ ဆိုလျှင် အလွန် ကောင်းပေလိမ့်မည်။
"ဒါ့အပြင် သူက ကျွန်တော့်ကို တကယ်လို့ လက်မခံနိုင်ဘူးဆိုရင် အဲ့လိုလုပ်တာက သိပ်မကောင်းဘူး"
ဤအယ်လ်ဖာသည် ရည်းစားစာတစ်စောင်နှင့် ဖွင့်ပြောချင်သည်က အံ့သြစရာတော့ သိပ်မရှိပေ။ သူသည် အလွန် နူးညံ့သိမ်မွေ့ကာ အတွေးလွန်လွန်းနေသည်။ သို့သော် သူ ပြောသည့်စကားများက အမှန်တကယ် အဓိပ္ပါယ်ရှိသည်။
ရုန်ယီသည် စိတ်မရှည်သောဘော့စ်အဖြစ် ချန်းခယ့်ယောင်၏မျက်နှာကိုသာ ပျော်ရွှင်စွာ စိတ်ကူးယဉ်နေခဲ့သည်။ အကယ်၍ အခြားသူတစ်ဦးသာ ဖြစ်ခဲ့ပါက ၎င်းသည် သူ့အတွက် လုံးဝကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဖြစ်လိမ့်မည်။ ရဲခေါ်ရန် အချိန်ဆွဲနေမည် မဟုတ်ပေ။
ဆန့်ကျင်ဘက်အားဖြင့် ရည်းစားစာမှာ အလွန် နူးညံ့သိမ်မွေ့သည်။ တစ်ဖက်သားအပေါ် အလွန် အနှောင့်အယှက်‌ပေးမည့်မှာကိုလည်း စိုးရိမ်စရာ မလိုပေ။
ရုန်ယီသည် ဤခေတ်ကြီးတွင် ရည်းစားစာတစ်စောင်ကြောင့် စိတ်လှုပ်ရှားရင်ခုန်သွားနိုင်သည့် အိုမီဂါမျိုး အမှန်တကယ် ရှိ၊မရှိကိုသာ သိချင်နေမိ၏။
တစ်ဖက်က ထပ်မေးလာသည်။
"ဘယ်လို စာရေးကိရိယာမျိုးသုံးရင် ပိုကောင်းမယ်ထင်လဲ"
တစ်ဖက်က ထပ်မေးလာသည်။
၎င်းက မည်မျှ နုံအသည့် မေးခွန်းမျိုးနည်း။ ထိုအကြောင်းကို သူ ပို၍ တွေးလေ ရုန်ယီ ဤလူ၏အောင်မြင်နိုင်ချေကို ပို၍ သံသယဝင်လာလေ ဖြစ်သည်။
"သိပ်တော့ မဆိုးပါဘူး"
"ခင်ဗျားရဲ့ ဖွဲ့နွဲ့နိုင်စွမ်းအပေါ် ယုံကြည်ချက်ရှိလား"
"အင်း ... မကောင်းဘူးလား"
ရုန်ယီ သက်ပြင်းချလိုက်သည်။
“အဲလိုတော့လည်း ပြောလို့မရပါဘူး။ နောက်ဆုံးအမှန်တကယ်က ဘယ်လိုပုံစံနဲ့ ဖွင့်ပြောတယ် ဆိုတာထက် စိတ်ရင်းအမှန်က အရေးကြီးဆုံးပဲ။ ခင်ဗျား အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။ အာ... ဟုတ်သားပဲ။ ဘယ်လို စာရေးကိရိယာမျိုးကိုပဲ သုံးသုံး ရောင်စုံဘောပင်တွေကိုတော့ မသုံးမိစေနဲ့နော်”
မကြာမီ ပြန်စာ ရောက်လာသည်။
“ကောင်းပြီ၊ ကျေးဇူးတင်ပါတယ်။ အကုန် ခင်ဗျား ကျေးဇူးကြောင့်ပဲ ကျွန်တော် သတ္တိမွေးနိုင်ခဲ့တာပါ။ အားလုံး အဆင်ပြေသွားခဲ့ရင် နောက်ကျ ကျွန်တော်တို့မင်္ဂလာပွဲကို လာဖို့ ခင်ဗျားကို သေချာပေါက် ဖိတ်လိုက်ပါ့မယ်”
ရုန်ယီက ရယ်လိုက်သည် ။
"ဒါဆို ကျွန်တော် သေချာပေါက် လာခဲ့မှာပေါ့"
.
မူရင်းစာရေးသူ၏ မှတ်စု
မနေ့ညက နောက်ဆုံးပို့ထားခဲ့သည့် သီးသန့်မက်ဆေ့ချ်များ
စိတ်အားထက်သန်နေသည့် အင်တာနက်သုံးစွဲသူ A- အခု ကျွန်တော်တို့ လုပ်ရမယ့်အရာက…
စိတ်အားထက်သန်နေသည့် အင်တာနက်သုံးစွဲသူ B- ဖွင့်ပြောဖို့
စိတ်အားထက်သန်နေသည့် အင်တာနက်သုံးစွဲသူ A- ယုံကြည်ချက်ရှိလား။
စိတ်အားထက်သန်နေသည့် အင်တာနက်သုံးစွဲသူ B- သေချာတာပေါ့။
စိတ်အားထက်သန်နေသည့် အင်တာနက်သုံးစွဲသူ A: လုပ်လိုက်တော့။
စိတ်အားထက်သန်နေသော အင်တာနက်သုံးစွဲသူ B- လုပ်လိုက်တော့ လုပ်လိုက်တော့
စိတ်အားထက်သန်နေသည့် အင်တာနက်သုံးစွဲသူ A- သူ့ကို အရယူပစ်မယ်။
စိတ်အားထက်သန်နေသော အင်တာနက်သုံးစွဲသူ B- သူ့ကို အောက်ဘက် တွန်းပို့လိုက်မယ်။
စိတ်အားထက်သန်နေသည့် အင်တာနက်သုံးစွဲသူ A- အသက်မရှူနိုင်တဲ့အထိ သူ့ကို နမ်းမယ်။
စိတ်အားထက်သန်နေသည့် အင်တာနက်သုံးစွဲသူ A- သူ့ရဲ့ရင်သားကြွက်သားကြီးတွေကို ကိုင်ကြည့်မယ်
စိတ်အားထက်သန်နေသော အင်တာနက်သုံးစွဲသူ A- သူ့ကို မိဘတွေနဲ့ မိတ်ဆက်ပေးဖို့ ခေါ်သွားမယ်။
စိတ်အားထက်သန်နေသည့် အင်တာနက်သုံးစွဲသူ A- -???
စိတ်အားထက်သန်နေသည့် အင်တာနက်သုံးစွဲသူ B- တောင်းပန်ပါတယ်၊ ကျွန်တော် ခုနက ရုတ်တရက်ကြီး နည်းနည်း အဆင်မပြေဖြစ်သွားလို့ ...
Xxxxxxx