မင်း မော့ယွီဖေးနဲ့ ထပ်တွေ့ပြန်ပြီလား။
ရုန်ယီသည် ရှုခင်းကြည့်ရာမှ ထွက်လာသောအခါ WeChat တွင် အစောပိုင်းက တင်ထားခဲ့သော ပို့စ်မှာ တစ်ဦးတည်းသာ မြင်နိုင်သည့် ထိုလူထံမှ like ပေးခြင်းခံထားရသည်။
ချန်းခယ့်ယောင်က မည်သည့် မှတ်ချက်မျှ ပေးမလာသည့်အတွက်တော့ ဝမ်းနည်းစရာ ဖြစ်ပြီး ရုန်ယီသည် သူ့အား စကားစ၍ပြောနိုင်မည့် အကြောင်းအရာနှင့် စကားလုံး အနည်းငယ်ကိုမျှ စဉ်းစား၍ မရခဲ့ပေ။
အဆာပြေစာတန်းသို့ ရောက်သောအခါ သူသည် လမ်းတစ်လျှောက်လုံး စားသောက်သွားပြီး အရသာရှိသည့် အစားအသောက်များကိုလည်း ဓာတ်ပုံ အများကြီး ရိုက်ယူခဲ့သည်။ အပြန်လမ်း၌ WeChat တွင် တင်ရန် ပို့စ်နှစ်ခုကို ဂရုတစိုက် တည်းဖြတ်လာခဲ့၏။ ပထမပို့စ်မှာ အစားအသောက်ပုံများဖြင့် ပြည့်နေသော စတုရန်းကွက်လေးကိုးကွက်ဖြစ်ပြီး လူတစ်ဦးမှလွဲ၍ ကျန်သူများ အားလုံး မြင်တွေ့နိုင်သည်။ ဒုတိယပို့စ်အတွက် သူသည် ဓာတ်ပုံကိုးပုံထဲမှ တစ်ပုံကို ပြောင်းလဲခဲ့ပြီး ချန်းခယ့်ယောင် တစ်ဦးတည်းကိုသာ မြင်တွေ့နိုင်စေခဲ့သည်။
စတော်ဘယ်ရီသကြားလုံးတုတ်ချောင်းကို ကိုင်ထားသည့် သူ၏ selfieပုံ ဖြစ်သည်။
အမှန်တော့ ရုန်ယီသည် သူ၏ တင်းမာနေသော မျက်နှာအနေအထားကြောင့် selfie ရိုက်ရာတွင် အလွန် ဆိုးရွားသည်။ သူသည် photoshopပြုလုပ်ခြင်းနှင့် filteringထည့်ခြင်းများတွင်လည်း မကျွမ်းကျင်ပေ။ မပြုပြင်ထားသည့် ဓာတ်ပုံများထဲတွင် သူ အမြဲ ကြည့်ရဆိုးနေတတ်သည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် ပြစ်ချက်များကို ရှောင်ရှားရန်အတွက် စတော်ဘယ်ရီတုတ်ထိုး ကိုက်ထားသည့် သူ၏မျက်နှာအောက်ပိုင်းကိုသာ ဓာတ်ပုံထဲတွင် ပြသခဲ့သည်။
ဤဓာတ်ပုံမှာ လိင်ပိုင်းဆိုင်ရာအနေဖြင့် လိမ်လည်လှည့်ဖြားမှု ရှိနေသည့်ပုံပေါ်သောကြောင့် အခြားသူများကို မြင်တွေ့ခွင့်ပေးရန် သူ အလွန် ရှက်နေမိသည်။
အမှန်တော့ ချန်းခယ့်ယောင်ကိုလည်း မြင်တွေ့ခွင့်ပေးရန် စိတ်မသက်မသာဖြစ်ရပါသည်။ သို့သော်လည်း ယခုတလော သူ တင်သမျှကို ချန်းခယ့်ယောင်က အမြဲ တုံ့ပြန်နေသောကြောင့် ပို့စ်တင်ရန် သတ္တိရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ချန်းခယ့်ယောင်သည် အလွန် သိသာစွာ လိမ်ညာလှည့်ဖြားထားသည့် ဓာတ်ပုံကို မြင်သောအခါ တစ်ခုခု ပြောလာမည်ကို သူ ကြည့်ချင်မိသည်။
သူ ပို့စ်တင်ထားခဲ့သည်မှာ နာရီဝက်ကျော်သွားပြီ ဖြစ်သည်။ သို့သော် ဟိုတယ်သို့ ရောက်ခါနီးအချိန်ထိ မည်သည့် တုံ့ပြန်မှုမျှ မရှိလာသေးပေ။ ရုန်ယီ သူ၏လုပ်ရပ်အတွက် မလွှဲမရှောင်သာပဲ အနည်းငယ် ရှက်ရွံ့စပြုလာသဖြင့် ပို့စ်ကို ဖျက်ပစ်ရန် ဆုံးဖြတ်လိုက်သည်။
၎င်းကို ဖျက်ပစ်နေဆဲမှာပင် ရုတ်တရက် မက်ဆေ့ချ်တစ်ခု ဝင်လာခဲ့၏။
ချန်းခယ့်ယောင်သည် အလွန် ထူးဆန်းကာ ခန့်မှန်း၍မရသော စာတစ်ကြောင်းကို ပေးပို့ခဲ့သည်။
"ငါ မင်းကို selfie ရိုက်ဖို့ appတစ်ခု ပို့ပေးလိုက်မယ်။ သုံးဖူးတဲ့သူတိုင်းကတော့ မိုက်တယ် ပြောကြတယ်"
ရုန်ယီမှာ လုံးဝ စိတ်ရှုပ်ထွေးသွားလေသည်။
ချန်းခယ့်ယောင်က မည်သည့်အတွေးများ တွေးနေသနည်း။ သူ့လောက် Selfie ရိုက်ခြင်းအပေါ် စိတ်အားထက်သန်သည့်သူကို တစ်ခါမျှ မတွေ့ဖူးပေ။ လတ်တလော ချန်းခယ့်ယောင် တင်ခဲ့သမျှ selfieပုံအားလုံးမှာ အားကစားလုပ်ထားခြင်း၏ အကျိုးရလဒ်ကို ပြသထားသည့်အနေဖြင့် မှန်တစ်ချပ်ရှေ့တွင် မတ်တပ်ရပ်နေသော သူ၏ ဓာတ်ပုံနှစ်ပုံသာ ဖြစ်သည်။ သို့သော်လည်း ပုံအပြင်အဆင်၊ အလင်းနှင့်အမှောင်များမှာ သူသည် ဂေးတစ်ယောက်အဖြစ် နာမည်ကျော်ကြားခြင်းနှင့်ပင် မသင့်တော်ပေ။ ဝမ်းဗိုက်ကြွက်သားများကသာ တကယ့်အစစ်အမှန်ဖြစ်သောကြောင့် ရုန်ယီ ထိုပုံများကို သူ့ဖုန်းထဲသို့ saveခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံများကို အထူး ပြုပြင်ထားမှန်းတော့ သူ သတိမထားမိခဲ့ချေ။
သူ မေးခွန်းထုတ်ရန်ပင် အချိန်မရလိုက်သေးမီ application၏အမည်မှာ ပေးပို့လာခဲ့ပြီး ဖြစ်သည်။
ရုန်ယီက မေးခွန်းအမှတ်အသားဖြင့် စာပြန်လိုက်သည်။
“ဒီappနဲ့ ဓာတ်ပုံရိုက်ရင် မင်း ပိုကြည့်ကောင်းလိမ့်မယ်။ WeChatက ပုံကို အမြန်ဖျက်လိုက်"
ရုန်ယီသည် မေးခွန်းအမှတ်အသားများ တသီကြီး ပို့လိုက်၏။
"မင်းက selfie ရိုက်တာ တော်တော် ညံ့တယ်။ ဒါရော ဘယ်လိုလဲ။ နောက်တစ်ခါ ပို့စ်မတင်ခင် ဓာတ်ပုံကို ငါ့ဆီ အရင် ပို့ပေးပြီး အကြံပေးခိုင်း"
ရုန်ယီသည် မျက်မှောင်ကြုတ်၍ ဓာတ်ပုံကို နောက်တစ်ခေါက် ပြန်ကြည့်လိုက်မိသည်။
အနည်းငယ် ထူးဆန်းသည့်ပုံပေါက်နေခြင်းကလွဲ၍ ဆိုးဆိုးရွားရွားကြီး ရုပ်ဆိုးနေသည်လည်း မဟုတ်ပေ။ သူ၏နှာခေါင်း၊ မေးစေ့နှင့် နှုတ်ခမ်းတို့မှာ အပြစ်ပြောစရာ မရှိလောက်အောင် ပြီးပြည့်စုံလုနီးပါးပင်။ သွားများကပင် ဖြူဖွေးကာ သန့်ရှင်းနေသည်။ ထို့အပြင် မျက်နှာ၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ ပြသထားသောကြောင့် သူ၏ မျက်နှာအနေအထား တင်းမာနေပုံကို မမြင်တွေ့နိုင်ပေ။ ဓာတ်ပုံထဲမှ စတော်ဘယ်ရီတုတ်ထိုးသကြားလုံးမှာလည်း အလွန် စားချင်စရာပင်။
ချန်းခယ့်ယောင် ထိုအရူးက ဤဓာတ်ပုံကို အမှန်တကယ် ရုပ်ဆိုးသည်ဟု ထင်နေသည်လား။
သူသည် မျက်စိကန်းနေသူတစ်ဦးနှင့် အီစီကလီ လုပ်နေရခြင်းသလိုပင်။ ၎င်းက တကယ်ကို စိတ်တိုစရာ ဖြစ်၏။
ရုန်ယီသည် ဒေါသတကြီးဖြင့် ဓာတ်ပုံကိုးပုံလုံး ပါသည့်ပို့စ်ကို ဖျက်ပစ်လိုက်ပြီး သူ၏မက်ဆေ့ခ်ျများကို နောက်ထပ် သတိမထားမိစေရန် ဖုန်းစခရင်ကို ပိတ်ချလိုက်သည်။
တက္ကစီပေါ်မှ ဆင်း၍ ဟိုတယ်ဧည့်ခန်းထဲသို့ လျှောက်လာသောအခါ သူ၏အိတ်ကပ်ထဲမှ ဖုန်းက တုန်ခါလာပြန်သည်။ သူ ကြည့်လိုက်သောအခါ ထိုစိတ်တိုစရာ ချန်းခယ့်ယောင်ကို တွေ့ရပြန်သည်။
"အဲ့ဒါက မင်း ရိုက်ခဲ့တဲ့ တစ်ခုတည်းသော selfieပုံလား။ မင်း ငါ့ဆီ selfieပုံတွေ အကုန် ပို့ပေးရင်ရော ဘယ်လိုလဲ။ အဲ့တာဆို ငါ ကူပြီးရွေးပေးလို့ရတယ်"
ရုန်ယီ ဖုန်းကို မျက်မှောင်ကြုတ်ကာ ဆက်ကြည့်နေမိသည်။
စိတ်အကျေနပ်ဆုံး ပုံကို ရွေးထုတ်နိုင်ရန်အတွက် သူသည် ပုံပေါင်း နှစ်ဆယ်ထက်မနည်း ရိုက်ခဲ့ရ၏။အမှန်မှာ သူသည် ချန်းခယ့်ယောင်ထံမှ ချီးမွမ်းသည့်စကားကို သူ၏နှလုံးသားအနက်ရှိုင်းဆုံးနေရာမှ ကြားချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ချန်းခယ့်ယောင်၏ စကားပြောဆိုပုံမှာ စိတ်အနှောင့်အယှက်ဖြစ်ချင်စရာပင်။ သူ ချန်းခယ့်ယောင်ကို အစသွားမဖော်ခဲ့သင့်ပေ။
ထို့အပြင် ချန်းခယ့်ယောင်က selfieပုံများအားလုံးက ကြည့်မကောင်း ဟု ပြောလာလျှင်... မည်မျှ ဒေါသဖြစ်စရာ ကောင်းမည်နည်း။
တုံ့ဆိုင်းနေစဉ်အတွင်း သူ ဓာတ်ပုံများကို ကြည့်လိုက်မိသည်။ သူ ဓာတ်လှေကားထဲသို့ ဝင်လာသောအခါ ချန်းခယ့်ယောင်က နောက်ထပ်မက်ဆေ့ချ်တစ်စောင် ပေးပို့လာသည်။
"ဒီ ကွေ့ဟွားဖက်ထုပ် မွှေးမွှေးလေးကို စားချင်လိုက်တာ"
ရုန်ယီသည် ချက်ချင်းပင် ဒေါသထွက်နေရာမှ ထိုအချိန်တွင် ရယ်မောမိသွားသည်။
မျက်ဖြူဆိုက်နေသည့် အီမိုဂျီကို ပေးပို့ရန် ရှာဖွေနေစဉ်တွင် သူ၏နောက်ကျောမှ ရင်းနှီးနေသည့် စကားပြောသံတစ်သံ ထွက်ပေါ်လာသည်။ သို့သော်လည်း လက်တွေ့တွင်သာ ဤနှစ်ရက်အတွင်း အကြိမ်ပေါင်းများစွာ ကြားခဲ့ရခြင်း ဖြစ်လေသည်။
"ဘာလို့ အမြဲတမ်း ဖုန်းကိုပဲ ကြည့်နေတာလဲ"
သူ ခြေလှမ်းများ နောက်ဆုတ်သွားပြီးနောက် ရုတ်တရက် တောင့်တင်းလာပြန်သည်။
သူ၏နောက်တွင် ရပ်နေသည့် မော့ယွီဖေးက ပြုံးပြ၍ နေကာမျက်မှန်ကို ချွတ်လိုက်ပြီး
"တော်တော်တိုက်ဆိုင်တာပဲနော်"
ရုန်ယီ အသက်ပြင်းပြင်းရှူမိလိုက်သည်။
ဓါတ်လှေကားထဲ ဝင်လိုက်သည့်အချိန်တည်းက ဖုန်းကို ငုံ့ကြည့်လာခဲ့ရာ ဓာတ်လှေကားထဲတွင် အခြားတစ်ယောက်ယောက် ရှိနေသည်ကို သူ၏မျက်လုံးထောင့်မှတဆင့် သတိထားမိခဲ့သည်။ သူ ရပ်နေသည့် ကြမ်းပြင်ပေါ်တွင်လည်း သတိပေးချက်မီးလင်းနေသည်ကို သတိထားမိသော်လည်း များများစားစား မစဉ်းစားခဲ့ပေ။ သူ၏စိတ်ထဲတွင် တွေးနေမိသမျှက ဤချန်းခယ့်ယောင်သည် အဘယ်ကြောင့် ဤမျှ ရိုက်နှက်ပေးရန် လိုအပ်နေရသနည်း ။
ယခုမူ ရုတ်တရက် အိုင်ဒေါ၏ မျက်လုံးကို တည့်တည့် ကြည့်လိုက်မိသောအခါ ရုန်ယီ၏ စိတ်မှာ လုံးဝ လွတ်ထွက်သွားသည်။
ရုန်ယီက စက်ရုပ်တစ်ရုပ်လို ခေါင်းညိတ်လိုက်၏။
သူတို့ စကားပြောနေရင်း ဓာတ်လှေကားက အပေါ်သို့ ရောက်လာသည်။ သူ၏နောက်မှ ဓာတ်လှေကားတံခါးက သတိပေးချက်အသံနှင့်အတူ ဖြည်းညှင်းစွာ ပွင့်လာသည်။
မော့ယွီဖေးသည် အပြင်သို့ ထွက်လိုက်ကာ လမ်းလျှောက်ရင်း သူ့ကို ပြောသည်။
“လမ်းလျှောက်ရင်းနဲ့ ဖုန်းကို အရမ်း အာရုံစိုက်ပြီး မကြည့်တာ ကောင်းတယ်”
ရုန်ယီက အသံကျယ်ကျယ်ဖြင့် ဖြေလိုက်သည်။
အိုင်ဒေါ၏ သွန်သင်ဆုံးမခြင်းအား သူ အမြဲ အမှတ်ရနေမည် ဖြစ်သည်။ သို့သော် အလွန်အမင်း စိတ်လှုပ်ရှားမှုအောက်တွင် သူ၏တုံ့ပြန်မှုမှာ အမှန်တကယ်ပင် ရှက်စရာကောင်း၍ သူ့ကို အရူးတစ်ယောက်လို ဖြစ်စေခဲ့သည်။
ထိုအရာများ အားလုံးက မော့ယွီဖေး၏ အပြစ် ဖြစ်သည်။ သူသည် အလွန် ချောမောသည့်အတွက် Filterများပင် မလိုဘဲ တစ်ကိုယ်လုံး တောက်ပနေ၏။ သူ၏ခြေတံများက မည်မျှ ရှည်၍ မျက်တောင်များကရော မည်မျှ ရှည်လျားလိုက်သနည်း။ သူ၏ဆံပင်က သာမန်လူများထက် ပို၍ ချောမွေ့ကာ တောက်ပြောင်နေသည်။ သူသည် ရုန်ယီအား အခြားလူများကို စိတ်ထဲက ထုတ်ပစ်လောက်အောင် ပြုစားနိုင်စွမ်းရှိသည်။
သူတို့နှစ်ယောက်သည် စင်္ကြံတွင် ဘေးချင်းကပ် လျှောက်လာရာ ရုန်ယီမှာ သူ၏နှလုံးခုန်သံက နားအူလုမတတ်ဟုပင် ခံစားရသည်။
"ဒီကို အလုပ်ကိစ္စနဲ့ လာတာလား"
မော့ယွီဖေးက ပေါ့ပေါ့ပါးပါး မေးသည်။
'မင်းရဲ့ fan meetingကို တက်ဖို့ လာတာလေ'
ရုန်ယီသည် ထိုအဖြေမျိုးက ရှက်စရာကောင်းလွန်းသည် ဟု ခံစားမိသောကြောင့် ထိုသို့ပြောရန် အလွန် ရှက်ရွံ့နေမိသည်။ ထို့ကြောင့် သူ အနည်းငယ် သွယ်ဝိုက်သည့်အသုံးအနှုန်းကို အသုံးပြုလိုက်၏။
မော့ယွီဖေးက ခေါင်းညိတ်လိုက်ပြီး ဆက်မမေးတော့။
နောက်ဆုံး သူ၏အခန်းရှေ့သို့ ရောက်လာသောအခါ ရုန်ယီသည် အူကြောင်ကြောင်ဖြင့် မတော်တဆ ကျော်သွားမိသေးသည်။ သူ ပြန်လျှောက်လာပြီး တံခါးကတ်ကို ထုတ်ယူလိုက်သောအခါ မျက်စောင်းထိုး အခန်းတံခါးရှေ့တွင် ရပ်နေသည့် မော့ယွီဖေးက အစပြု၍ ပြောလိုက်လေသည်။
“အိုး... အခန်းက နီးနီးလေးပဲ”
သူ၏အိုင်ဒေါအပေါ် ခပ်မိုက်မိုက်အနေအထားလေးအဖြစ် ကျန်ရစ်ခဲ့စေရန် ဤနောက်ဆုံးအခွင့်အရေးကို ဆုပ်ကိုင်၍ ရုန်ယီသည် တောင့်တောင့်ကြီး လှည့်လာပြီး ရှိသမျှအားအကုန်သုံးကာ ပြုံးပြလိုက်သည်။
မော့ယွီဖေးကလည်း သူ့ကို ပြုံးပြပြီး
သူ နောက်ဆုံးတံခါးကို ပိတ်လိုက်ပြီးနောက်တွင် ရုန်ယီ၏ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ ချက်ချင်း ထွက်သွားလေသည်။
သူ မည်မျှ ကံကောင်းသနည်း။ ဤနှစ်ရက်အတွင်း သူသည် မော့ယွီဖေးနှင့် သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။ ထို့အပြင် အကြိမ်တိုင်းသည် ယခင်ကထက် ပိုမို နက်ရှိုင်းစွာ တိုးတက်ခဲ့၏။
ထိုသို့ဆိုလျှင် မနက်ဖြန်တွင်လည်း နောက်ထပ် တိုးတက်မှု ရှိလာနိုင်လေသည်။
ဥပမာအားဖြင့် လက်ဆွဲနှုတ်ဆက်ခြင်း သို့မဟုတ် အခြားတစ်ခုခု။
တွေးကြည့်လိုက်ရုံနှင့် သူ့ကို ခံစားချက်များ တဟုန်ထိုး တိုးလာစေသည်။
မော့ယွီဖေး၏ အပြင်ပုံစံမှာ ကင်မရာထဲကထက် အဆပေါင်း တစ်သောင်းလောက် ပို၍ ချောမောရုံသာမက အလွန် နူးညံ့ကာ ပေါင်းသင်းရလွယ်ကူမည့်သူမျိုး ဖြစ်သည်။ မာနကြီးထောင်လွှားသည်မျိုး မဟုတ်ပေ။ သူသည် သာမန်လူသား မဟုတ်... နတ်သားလေးတစ်ပါး ဖြစ်သည်။
အိုး မော့ယွီဖေးက ပြောသွားသေးသည် "မနက်ဖြန်တွေ့မယ်" တဲ့။ မော့ယွီဖေးသည် သေချာပေါက် သူ fan meeting တက်ရောက်မည့်အကြောင်းကို မသိနိုင်ပေ။ ထိုသို့ဆိုလျှင် မော့ယွီဖေးသည် ရုန်ယီနှင့် နောက်တစ်ကြိမ် တွေ့ဆုံရန် မျှော်လင့်နေခြင်းဖြစ်သည့် အဓိပ္ပါယ်မဟုတ်ပါလား။
... ရုန်ယီသည် နောင်တရစရာမရှိဘဲ သေဆုံးနိုင်တော့မည် ဟု တွေးနေမိ၏။
သူ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ရှောင်ကျန်းနှင့် စကားပြောထားသည်ကို ရှာ၍ စိတ်အားထက်သန်စွာ စာရိုက်လိုက်သည်။
“ငါ့အိုင်ဒေါက အရမ်း ကောင်းတာပဲ။ ငါတော့ သူ့ကို ထာဝရ ချစ်နေတော့မယ်"
ရှောင်ကျန်းသည် အလုပ်များနေပုံပေါ်သောကြောင့် ချက်ချင်း စာမပြန်လာပေ။ ရုန်ယီသည် အတွင်းစိတ်ထဲမှ မငြိမ်မသက်ဖြစ်နေမှုကို တည်ငြိမ်အောင် မစွမ်းဆောင်နိုင်ဘဲ အခန်းထဲတွင် နှစ်ကြိမ်ခန့် ပတ်ပြေးနေပြီးနောက် WeChat တွင် ပို့စ်မတင်ရန် သူ့ကိုယ်သူ မထိန်းချုပ်ထားနိုင်တော့ပေ။
"အရမ်းပျော်တာပဲ အားးးးးးးး"
မိနစ်ဝက်ခန့်ကြာပြီးနောက် တတိယအကြိမ်မြောက် အခန်းထဲတွင် ပတ်ပြေးရန် ပြင်လိုက်စဉ် သူ၏ဖုန်းက မြည်လာသည်။
ဖုန်းကိုင်လိုက်သောအခါ ရုန်ယီသည် ချက်ချင်းပင် စိတ်အနှောက်အယှက်ဖြစ်စရာ ချန်းခယ့်ယောင်၏ ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်နေသည့် အသံကို ကြားလိုက်ရလေသည်။
"မင်း ဘာတွေလုပ်နေတာလဲ။ ငါ့စာကိုကျ မပြန်ဘဲ ပို့စ်တွေ တင်နေတာ"
ချန်းခယ့်ယောင်သည် သူ့ကိစ္စအတွက် အခြားအကြောင်းပြချက်ရှာသင့်သည်ဟု ရုန်ယီ တွေးလိုက်မိ၏။ သို့သော် သူသည် လောလောဆယ်တွင် စိတ်ကောင်းဝင်နေသောကြောင့် ဤလူနှင့် ရန်မဖြစ်ချင်ပေ။
သူသည် စကားပြောသည့်အခါ မရယ်၍မနေနိုင်ဘဲ အသံများပင် တုန်ယင်နေသည်။
"ဘာလို့ စာပြန်ရမှာလဲ။ ငါ အလုပ်ရှုပ်နေတာ"
“… ညသန်းခေါင်ကြီး အလုပ်ရှုပ်နေတာလား။ မင်း ညစာလည်း စားပြီးပြီ။ မင်းဘာသာမင်း အလုပ်ရှုပ်နေစရာ ဘာရှိသေးလို့လဲ"
ဤလူသည် စိတ်ဆိုးနေမှန်း သိသာသော်လည်း ရုန်ယီက သူ့စကားကို ကြားသောအခါ ချက်ချင်းပင် ရယ်ချင်သွားသည်။
ချန်းခယ့်ယောင်က တခဏခန့် တိတ်ဆိတ်သွားပြီးမှ မေးလာသည်။
"မင်းရဲ့ဓာတ်ပုံကို တစ်ယောက်ယောက်က ရိုက်ပေးခဲ့တာတော့ မဟုတ်ဘူးလား"
ရုန်ယီမှာ ချန်းခယ့်ယောင်၏အတွေးများကို လိုက်မမီီနိုင်တော့ဟု ခံစားရသည်။
“ငါ မင်းကို သတိပေးလိုက်မယ်။ ဒီလို မြန်မြန် အခွင့်အရေးယူတတ်တဲ့လူတွေက အများအားဖြင့် စိတ်မချရဘူး။ မင်း သတိထားရင် ပိုကောင်းမယ်"
ရုန်ယီသည် ပိုပိုပြီး စိတ်ရှုပ်လာကာ
"အခု မင်းတစ်ယောက်တည်းလား"
ရုန်ယီ မျက်မှောင်ကြုတ်လိုက်သည်။
"ဟိုတယ်အခန်းထဲ ရောက်ပြီလား"
ချန်းခယ့်ယောင်က ထပ်မေးသည်။
"အဲ့တာဆို မင်း ဘာလို့ ပြုံးစိစိဖြစ်နေတာလဲ"
'ပြုံးစိစိဖြစ်တယ်' ဟူသော စကားလုံးနှင့် ပတ်သက်၍ သူ အနည်းငယ် အထွန့်တက်ချင်သော်လည်း ယခင်က ထူးခြားဆန်းကြယ်သည့် အတွေ့အကြုံကို ပြန်သတိရသွားပြီး ရုန်ယီသည် ထပ်မံ မရယ်၍မနေနိုင်ဘဲ ပြောလိုက်သည်။
“မပြောပြဘူး။ မဟုတ်ရင် မင်းက ဆက်ပြီး တရားဟောနေဦးမှာ”
"မင်း မော့ယွီဖေးနဲ့ ထပ်တွေ့ပြန်ပြီလား။ မင်းနဲ့သူ ဘာဖြစ်ပြီးပြီလဲ"
ရုန်ယီသည် အတတ်နိုင်ဆုံး အောင့်ထားရန် ကြိုးစားခဲ့သော်လည်း ကံမကောင်းစွာဖြင့် မအောင်မြင်ခဲ့ပေ။
သူ ပြုံးစိစိလုပ်ပြီးနောက်တွင် ဖုန်း၏ အခြားတစ်ဖက်မှ ခပ်တိုးတိုး ဆဲသံ ထွက်ပေါ်လာသည်။
ပါးစပ်ကို လက်နှင့်အုပ်ထားဆဲဖြစ်သည့် ရုန်ယီမှာ ရုတ်တရက် တောင့်တင်းသွားသည်။
ချန်းခယ့်ယောင်သည် တိုက်ရိုက်ကြီး ဆဲရန် ထိုကဲ့သို့သော စကားလုံးများကို သုံးခဲသည်။ ရံဖန်ရံခါ သူ စကားပြောသည့်အခါ သဘောရိုးဖြင့် အကူစကားလုံးအချို့ကိုသာ အသုံးပြုတတ်သည်။ သို့သော် အချိန်အများစုတွင် သူသည် နူးညံ့၍ယဉ်ကျေး၏။ ရုန်ယီသာ အမှတ်မမှားပါက သူသည် ချန်းခယ့်ယောင်၏ ဤကဲ့သို့ ကြမ်းတမ်းစွာ စကားပြောသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
ထို့ကြောင့် သူသည် အစပိုင်းတွင် စိတ်အနှောင့်အယှက်မဖြစ်ဘဲ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် ပို၍ သိချင်ရုံစိတ်သာ ဖြစ်လာသည်။
ဖုန်းထဲမှတဆင့်ပင် ချန်းခယ့်ယောင်၏ စိတ်ဓာတ်ကျမှုကို ခံစားနိုင်သည်။
“အိပ်ချိန်ရောက်နေပြီ။ တံခါးကို လော့ချပြီးပြီလား"
ရုန်ယီ တံခါးဆီသို့ အမြန်ပြေးသွား၍ သော့ခတ်လိုက်ပြီး
"နောက်ကျနေပြီ။ ထပ်ပြီး လျှောက်ပြေးမနေနဲ့။ ရေချိုးပြီးတာနဲ့ အိပ်တော့"
ချန်းခယ့်ယောင်က ထပ်ပြောသည်။
ရုန်ယီက တွန့်တွန့်ဆုတ်ဆုတ်ဖြင့် ပြောသည်။
“မင်း သူ့ကို တကယ် အဲ့လောက် မုန်းတာလား”
တစ်ဖက်မှလူသည် စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားပြီး သူ၏မေးခွန်းကို လုံးဝ လျစ်လျူရှုကာ ဆက်ပြောသည်။
“ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးနဲ့။ နားလည်လား”
မင်းက ငါ့ရဲ့ အုပ်ထိန်းသူလား။
ရုန်ယီသည် ရုတ်တရက်တော့ ထိုသို့ ဖြေချင်မိသွား၏။
သို့သော် ချန်းခယ့်ယောင်၏လေသံက ရုန်ယီကို အနည်းငယ် ထိတ်လန့်စေပြီး သူ့ကို ခံပြောရန် မဝံ့မရဲ ဖြစ်မိစေသောကြောင့် တခဏခန့် တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်လိုက်သည်။
သူ၏စိတ်ထဲတွင်တော့ ချန်းခယ့်ယောင်၏ ကျိုးကြောင်းမဆီလျော်သော ဒေါသထွက်ရခြင်းအတွက် အကြောင်းပြချက်ကို ရှာတွေ့သွားခဲ့သည်။ ချန်းခယ့်ယောင်သည် သူ့အတွက် ဤအခန်းကို ငှားပေးကာ ငွေရှင်းပေးခဲ့သည်။ ထို့ကြောင့် မည်သူ့ကိုမှ ၀င်ခွင့်မပေးရန် သူ့တွင် အမိန့်ပေးခွင့် ရှိပါသည်။ ၎င်းက ကျိုးကြောင်းမဆီလျော်သည်တော့ မဟုတ်ပေ။
သူတို့နှစ်ဦးလုံး ခဏတာ တိတ်ဆိတ်သွားပြီးနောက် ချန်းခယ့်ယောင်က ထပ်ပြောသောအခါ သူ၏ လေသံမှာ ပိုပျော့သွားသည်။
“ဟို... ကိုယ် မင်းကို ဒေါသထွက်တာ မဟုတ်ပါဘူး။ နားလည်မှုမလွဲသွားပါနဲ့"
မူလက ရုန်ယီသည် ၎င်းကို လုံးဝ စိတ်ထဲမထားခဲ့ပေ။ သို့သော် ချန်းခယ့်ယောင်က ထိုကဲ့သို့ ပြောလာသည်ကို ကြားသောအခါ သူ ရုတ်တရက် မှားယွင်းသလို ခံစားလိုက်ရသည်။
"မင်းအသံက အရမ်း မာပြီး ကြောက်စရာကောင်းတယ်"
သူက ဖုန်းထဲမှ တီးတိုးရေရွတ်လိုက်သည်။
ချန်းခယ့်ယောင်က ချက်ချင်း တောင်းပန်လာသည်။
ထို့နောက် ချန်းခယ့်ယောင်သည် ခေတ္တ ရပ်တန့်သွားပြီးနောက် ထပ်ပြောလာသောအခါ သူ၏လေသံမှာ ကူရာကယ်ရာမဲ့ဖြစ်နေသည်။
ရုန်ယီသည် သူ၏နာမည်အပြည့်အစုံကို ရုတ်တရက်အခေါ်ခံလိုက်ရသောအခါ မသိစိတ်က အနည်းငယ် တုန်လှုပ်သွားသည်။
သူသည် အသက်အောင့်ပြီး ချန်းခယ့်ယောင် နောက်ထပ် ဘာပြောလာမည်ကို အာရုံစိုက်ရန် သူ၏ဖုန်းကို ကိုင်ထားသည်။
အချိန်အတော်ကြာပြီးနောက် တစ်ဖက်မှ သက်ပြင်းတစ်ချက်သာ ချလိုက်ကာ ပြောသည်။
"ရုန်ယီ မင်းက တကယ် အရူးလေးပဲ"
ရုန်ယီသည် အံ့အားသင့်သွားကာ အသက်ပြင်းပြင်းတစ်ချက် ချလိုက်သည်။
စိတ်အားထက်သန်နေသည့် အင်တာနက်သုံးစွဲသူ B- ကျွန်တော် အခုလေးတင် စာတစ်ဝက်ကို ကူးပြီးတာ သူက ထပ်ပြီး လှုပ်ရှားလာတယ်။ တစ်ယောက်ယောက်က ခန့်မှန်းလို့မရတဲ့ အပြုအမူတွေကို ရပ်လိုက်ပြီလား မသိဘူး။
စိတ်အားထက်သန်နေသည့် အင်တာနက်သုံးစွဲသူ B- ကျွန်တော် ဒေါသအရမ်းထွက်ပြီး စကားတစ်ခွန်း ထပ်ပြီး မှားသွားတယ်။
စိတ်အားထက်သန်နေသည့် အင်တာနက်သုံးစွဲသူ B- ... ကျွန်တော် သွားလေရာတိုင်း ပလပ်စတစ်အိတ် ယူသွားပြီးတော့ သူ့ကို တွေ့တာနဲ့ နံရံနဲ့ကပ်ပြီး အတင်းနမ်းပစ်လိုက်တာကပဲ ပိုကောင်းမယ် ထင်တယ်။
ရုန်ယီရဲ့ ဓာတ်ပုံတွေကို မတောင်းခင်မှာ မစ္စတာချန်းတစ်ယောက် စိတ်ပိုင်းဆိုင်ရာ တည်ဆောက်မှုတွေ ဘယ်လောက်လုပ်ခဲ့ရလဲဆိုတာ မင်းတို့ မှန်းကြည့်လို့တောင် ရမှာမဟုတ်ဘူး။