Chapter 61
သူ့ရဲ့အယ်လ်ဖာကအရမ်းချစ်စရာကောင်းတာပဲ!
သူတို့အပြင်ထွက်လာချိန်တွင် ရုန်ယီ၏စိတ်အခြေအနေမှာပိုကောင်းမလာခဲ့ပေ။
သူတို့အခန်းအပြင်ဘက်သို့ထွက်လာချိန်မှစပြီး ချန်းခယ့်ယောင်သည်သူ့ကိုပုံမှန်မဟုတ်ဘဲမှီတွယ်ရန်ကြိုးစားနေကာ ကို့ရို့ကားယားအပြုအမူများလုပ်လာသည်။ ဓာတ်လှေကားတွင်းသို့အဝင်တွင် ချန်းခယ့်ယောင်ကရုန်ယီထံလက်တစ်ဖက်လှမ်းသည်။
ရုန်ယီက နှေးကွေးစွာတုံ့ပြန်သည်။
"ဘာလဲ"
ချန်းခယ့်ယောင်ကသူ့ကိုကြည့်လာပြီး လက်ကိုအနည်းငယ်မြှောက်ပြသည်။
"လက်ငှါးပေးတာ"
ရုန်ယီကား မှင်သက်သွားပြီးပြုံးလာ၏။
"ကပ်စေးနည်းလိုက်တာ"
သူလက်ကိုကိုင်ထားလျက်ဆိုသည်။
"ငါကအပိုင်လို့တွက်ထားတာ၊ ငှါးနေရတုန်းပဲကိုး"
"အို့...ဟုတ်သားပဲ"
ချန်းခယ့်ယောင်ကခေါင်းငုံ့ပြုံးသည်။
"နောက်တစ်ခါ မင်းရဲ့အပိုင်ကိုမလွှတ်တမ်းကိုင်ထားဖို့မမေ့နဲ့"
ရုန်ယီသည် သူ၏ချန်းခယ့်ယောင်လက်ကိုကိုင်ကာဟိုတယ်အပြင်သို့ထွက်လာသည်။ သူလှည့်လိုက်သည့်အခါ အနည်းငယ်စိုးရိမ်လာသည်။
ဟိုတယ်တွင်းရှိနေစဉ်က မသိသာခဲ့။ ယခု သူတို့သည်ကောင်းမွန်လှသည့်ညအလင်းရောင်ရှိရာကိုထွက်လာကြသည်၊ ချန်းခယ့်ယောင်၏မျက်နှာက ထိတ်လန့်ဖွယ်ကောင်းလောက်အောင်ချောင်ကျနေပြီး ရုန်ယီကိုစိုးရိမ်ပူပန်စေသည်။ ချန်းခယ့်ယောင်ပြောသည်ကိုပြန်တွေးကြည့်သည်တွင် ရုန်ယီသည် သည်လူနှစ်ညဆက်တိုက်ကောင်းကောင်းအနားမယူရသေးမှန်း သိရှိသွားသည်။
"မင်းပြန်ပြီးခဏလောက်အိပ်ချင်လား"
ချန်းခယ့်ယောင် ခေါင်းရှုပ်သွားသည်။
"ကိုယ်တို့ပုစွန်ဖက်ထုပ်လေးတွေသွားစားကြဖို့သဘောတူထားတာမဟုတ်ဘူးလား
"မင်းအိပ်မငိုက်ဘူးလား"
ချန်းခယ့်ယောင်သည်ရုန်ယီ၏လက်ကိုကိုင်ကာပေါ့ပေါ့ပါးပါးလျှောက်သွားသည်။
"မငိုက်ဘူး၊ ဘယ်လမ်းကသွားကြမလဲ"
ရုန်ယီသည် ခဏတာကြောင်သွားသော်ငြားသွားရမည့်လမ်းကိုပြလိုက်သည်။ ထို့နောက် သူသည်သွားရမည့်နေရာအထိချန်းခယ့်ယောင်၏တရွတ်တိုက်ဆွဲသွားခြင်းကိုခံလိုက်ရသည်။ ချန်းခယ့်ယောင်နှင့်တူနေသည့်ရုန်ယီ၏အရပ်ကိုသာကျေးဇူးတင်ရမည်။ အရပ်ပုသည့်လူသာဆွဲခေါ်ခံရလျှင် ချန်းခယ့်ယောင်အနောက်မှပြေးလိုက်နေရလိမ့်မည်။
လမ်းတွင် ရုန်ယီသည်ချန်းခယ့်ယောင်၏ဘေးတိုက်မျက်နှာကိုခိုးကြည့်နေသည်။
အနှီသူသည်မျက်တွင်းဟောင်းပက်နှင့်နေမကောင်းဖြစ်နေဟန်ရသော်ငြား ဆေးစားထားသည့်နှယ်ထူးဆန်းစွာဖြင့်စိတ်လှုပ်ရှားတက်ကြွနေဟန်လည်းရသည်။
သူတို့အပြင်ဘက်ပြန်ထွက်လာကြသည့်အခါ ရုန်ယီသည် သူသွားချင်သည့်စိတ်ဝင်စားဖွယ်နေရာများကိုချန်းခယ့်ယောင်အားခေါ်သွားရန်တွေးခဲ့လင့်ကစား စားသောက်ပြီးချိန်တွင်အချိန်မရတော့ပေ။ ချန်းခယ့်ယောင်ကိုကြည့်ရသည်မှာလည်း စိတ်လှုပ်ရှားမှုများလွန်မြောက်ပြီးသည့်နောက်လမ်းတဝက်တွင်ပင် အသက်ပျောက်သွားမည်အားစိုးရိမ်ရသည်။
သူတို့ဖက်ထုပ်စားပြီးသည်နှင့် ပြန်ခေါ်သွားပြီးအိပ်ရာပေါ်အတင်းအကြပ်အိပ်ခိုင်းသည်ကပိုကောင်းနိုင်သည်။
သူတို့ ဖက်ထုပ်ဆိုင်အနီးသို့ရောက်လာသည့်အခါ ရုန်ယီသည်သူစားဖူးနေသည့် ပန်ကိတ်ကြော်ကိုချန်းခယ့်ယောင်အားမြည်းစေချင်သည်။အချိန်ကိုချွေတာသောအားဖြင့် သူတို့တစ်လမ်းစီသွား၍ရသည်၊ ချန်းခယ့်ယောင်ကဆိုင်နှင့်သိပ်မဝေးသည့်ပန်ကိတ်ဆိုင်သို့သွားပြီး ရုန်ယီကဖက်ထုပ်ဆိုင်တွင်ထိုင်စောင့်နေမည်။
ရုန်ယီ ဖက်ထုပ်ဆိုင်ရောက်သည်တွင်ထိုင်ခုံများအားလုံးနီးပါးကပြည့်နေပြီ။ သူသည်ထောင့်နားမှထိုင်ခုံသေးလေးနှစ်လုံးကိုယူလိုက်သည်။သူထောင့်မှခွာ၍ ဖက်ထုပ်သွားယူနေသည့်နာရီဝက်အတွင်းမမျှော်လင့်ထားသည့်အရာဖြစ်ခဲ့သည်၊ အဆိုပါထိုင်ခုံသေးလေးနှစ်လုံးကိုယူထားသူကရှိနှင့်နေသည်။
ထိုင်ခုံယူထားသည့်လူနှစ်ယောက်က ကိုယ်လုံးတောင့်တောင့်နှင့်သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး အသံကျယ်သည်။ ဖက်ထုပ်ပန်းကန်ကိုင်ထားသည့်ရုန်ယီကိုမြင်သည့်တိုင် ထသွားမည့်စိတ်ကူးမရှိဘဲဆေးလိပ်သောက်ပြီးစကားဆက်ပြောနေကြသည်။
ရုန်ယီအကြာကြီးကိုင်ထားရ၍ ပန်းကန်လုံးကပူလာသည်။ ရွေးချယ်စရာမရှိတော့ဘဲ သူ့ဘက်မှအရင်ပြောလိုက်ရသည်။
"တဆိတ်လောက်ပါ၊ အဲဒီထိုင်ခုံကယူထားပြီးသားဗျ"
လူနှစ်ယောက်ကသူ့ကိုကြည့်ကာဆိုသည်။
"ဒါပေမဲ့ ငါတို့လာတော့ဘယ်သူမှမရှိပါဘူး"
"ဒါပေမဲ့ ခင်ဗျားတို့မလာခင်ကျွန်တော်ဒီမှာထိုင်နေတာ"
ရုန်ယီသည်ပန်းကန်လုံးကိုစားပွဲအစွန်းတွင်တင်လိုက်သည်။
"ကျွန်တော်ဖက်ထုပ်တွေသွားယူနေတာ"
သို့သော် လူနှစ်ယောက်ကအဖြေတစ်ခုတည်းသာဆိုသည်။
"ဒါပေမဲ့ ငါတို့လာတော့ဘယ်သူမှမရှိဘူး"
ရုန်ယီ ဘာလုပ်ရမည်မသိ။ သူလှည့်ပတ်ကြည့်ပြီး စားသောက်ပြီးစီးသည့်စားပွဲကိုတွေ့လျှင်သွားရန်ကြိုးစားပြီး ချန်းခယ့်ယောင်ပန်ကိတ်ကြော်နှင့်ပြန်လာမည့်အချိန်ကိုစောင့်နေရန်စီစဉ်လိုက်သည်။
"ဘာဖြစ်လို့လဲ"
သူသည်ခပ်လှမ်းလှမ်းမှ ရုန်ယီထံလျှောက်လာပြီးစားပွဲထံလာသည်။
"ထိုင်ခုံမရှိတော့ဘူးလား"
ရုန်ယီကစိတ်ဓာတ်ကျသွားပြီး လူနှစ်ယောက်ကိုငုံ့ကြည့်သည်။
ချန်းခယ့်ယောင်ကမျက်မှောင်ကြုတ်ကာ ရုန်ယီ၏အကြည့်အတိုင်းလူနှစ်ယောက်ကိုငုံ့ကြည့်သည်။
လူနှစ်ယောက်ကချန်းခယ့်ယောင်မျက်နှာကို တဒင်္ဂငေးကြည့်နေပြီးတစ်ယောက်ကသတိနှင့်မတ်တပ်ရပ်သည်။
"မင်းတို့ယူလိုက်လို့ရတယ်"
ထိုသူက ကျန်တစ်ယောက်ကိုမျက်လုံးမှိတ်ပြသော်လည်း မတုံ့ပြန်သည်ကိုမြင်သည့်အခါ အနှီသူသည်ရိုးရှင်းစွာဖြင့်လက်ဆန့်ပြီးဆွဲမလိုက်သည်။
သူတို့အမြန်ထွက်သွားကြသည့်အခါ ရုန်ယီနှင့်ချန်းခယ့်ယောင်မှာဇဝေဇဝါနှင့်ရပ်ကျန်နေခဲ့ကြသည်။
ချန်းခယ့်ယောင် ခုံပုလေးကိုဆွဲယူပြီးထိုင်ချသည်။
"သဘောကောင်းလိုက်တဲ့လူနှစ်ယောက်ပဲ!"
ရုန်ယီ နားမလည်ပေ။
"သူတို့ခုနကဒီလိုမဟုတ်ပါဘူး"
ချန်းခယ့်ယောင်ကအနောက်လှည့်ပြီး လူနှစ်ယောက်ကတံခါးအနားတွင်ရပ်ကာ ထိုင်ခုံရှာနေသည်ကိုတွေ့လိုက်ရသည်။ ချန်းခယ့်ယောင်ကသူတို့ထံလှမ်းအော်လိုက်သည်။
"ဟေး! ကျေးဇူးပဲကိုယ်လူတို့ရေ!"
အရင်ထသွားပေးသည့်သူကချန်းခယ့်ယောင်ထံလက်ပြန်ပြသည်။
"ရပါတယ်ဗျာ"
"လူကောင်းတွေပဲ"
ချန်းခယ့်ယောင်ကပြန်လှည့်လာသည်။
"ဖက်ထုပ်အမြန်စားပြီးသူတို့အတွက်နေရာဖယ်ပေးရအောင်"
ရုန်ယီ တစ်စုံတစ်ခုပြောချင်သော်ငြားရပ်လိုက်သည်။
သူ့နှလုံးသားထဲတွင်သိမ်မွေ့သည့်သံသယလေးတစ်ခုရှိနေသည်။ ချန်းခယ့်ယောင်မျက်နှာပေါ်မှ အနာရွတ်ကိုအချိန်အတော်ကြာကြည့်နေပြီးမှ သူ၏သံသယများဖြစ်နိုင်ချေမရှိဟုဆုံးဖြတ်လိုက်သည်။
ရုန်ယီသည် ချန်းခယ့်ယောင်မျက်နှာပေါ်မှအနာရွတ်နှင့်ရွှေချိန်းကြိုးဆွဲထားသည့် မှောင်ခိုလောကမှဘော့စ်နှင့်ကွာခြားချက်တစ်ခုသာရှိသည်ဟုထင်ခဲ့သည်၊ ယခု သူ့အရှေ့မှအရပ်ရှည်ပြီးအလေးအနက်ထားတတ်သည့်အယ်လ်ဖာက ခင်မင်ဖွယ်ကောင်းရုံမကအနည်းငယ်ချစ်စရာကောင်းသလိုပင်။ အနာရွတ်၏အရောင်ကမှိန်လာ၍လည်းဖြစ်နိုင်သည်။
သူ၏ဆုံးရှုံးပြီးမှပြန်ရလာခဲ့သည့် ချစ်သူကောင်လေးမှာချစ်စရာကောင်းရုံတင်မက အင်မတိအင်မတန်ချောမောနေသေးသည်။ သူ၏ခြေတံများကရှည်လျားပြီး ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာလည်းကောင်းသည်။ သူသည်ပြောစရာမရှိလောက်အောင် ပြည့်စုံလုနီးပါးပင်။ ရုန်ယီသည်ချန်းခယ့်ယောင်ကိုချစ်သူတော်ထားရ၍ အမြတ်အများအပြားရနေသည်ဟုခံစားရသည်။ ထိုလူနှစ်ယောက်မှာ ရုန်ယီ၏ချစ်သူကောင်လေး၏ချောမောမှုကြောင့် ထိုင်ခုံဖယ်ပေးလိုက်ရခြင်းဖြစ်မည်။
"မင်းရဲ့ပန်ကိတ်ကြော်"
ချန်းခယ့်ယောင်သည် ပန်ကိတ်ကြော်အိတ်ကိုရုန်ယီရှေ့သို့တွန်းပေးလိုက်သည်။
"ကိုယ်မနေနိုင်တော့လို့ကိုယ့်ရဲ့ဝေစုကိုစားလာခဲ့ပြီးပြီ၊ အရမ်းအရသာရှိတာပဲ၊ အဲဒါတွေကအိမ်မှာလုပ်ရင်ခက်လား"
ရုန်ယီခေါင်းညိတ်ပြလိုက်သည်။
အိမ်တွင်ထိုသို့သောဆီနှင့်ဒယ်ပြားကြီးကို ရှေ့တိုးနောက်ငင်လုပ်ရသည်မှာ အမှန်တကယ်အချိန်ကုန်လူပင်ပန်းသည်။ ထပ်လောင်းပြောရပါက အိမ်ကိုမသတီစရာနှင့်မီးခိုးများပါရိုက်စေသည်။ သည့်အပြင် ပန်ကိတ်ကြော်မှာလည်း အရသာရှိမည်မဟုတ်။
ချန်းခယ့်ယောင်သည် သက်ပြင်းချကာစိတ်မပါလက်မပါနှင့်ဇွန်းကိုကိုင်သည်။
"နှမြောစရာကြီးကွာ၊ အခုကိုယ့်ကိုဖက်ထုပ်မြည်းခွင့်ပေး ပြီးရင်အဆင့်ဘယ်လောက်လဲလို့သတ်မှတ်ကြတာပေါ့"
ထင်သည့်အတိုင်းပင် စိတ်လှုပ်ရှားမှုကအားအင်ကုန်ခန်းနေသည့်ကိုယ်ကိုထောက်ပံ့ပေးထားရန်မှာခက်ခဲသည်။
ဗိုက်ပြည့်သွားပြီးနောက် ချန်းခယ့်ယောင်မှာသန်းဝေနေရင်းငိုက်မျဉ်းလာသည်။ အပြန်လမ်းတွင် အနှီသူသည်တိမ်ပေါ်လွင့်သလိုဖြစ်နေပြီးကိုင်ပေးထားရသည့်ရုန်ယီပင် နေရာတွင်မေ့လဲသွားမှာစိုးရိမ်လာသည်။
နိုးကြားနေစေရန် ရုန်ယီကအစဦးစကားပြောပေးရသည်။
"ဖက်ထုပ်လေးတွေကိုမင်းဘယ်နှမှတ်ပေးမှာလဲ"
ချန်းခယ့်ယောင်ကမျက်လုံးလှန်ကာ ခေတ္တစဉ်းစားနေသည်။
"၈၈"
ရုန်ယီအံ့ဩသွားသည်။
"အတိအကျလား"
"အင်း...."
ချန်းခယ့်ယောင်ပြောလာသည်။
"အရသာတော့ရှိပါတယ်၊ မင်းလုပ်တာထက်တော့ပေါ့တယ်"
"ငါတစ်ခုမှလုပ်ဖူးဘူး"
ချန်းခယ့်ယောင် ရယ်လိုက်သည်။
"အဲဒါတွေကအရသာရှိလိမ့်မယ်လို့ကိုယ်ခန့်မှန်းလိုက်တာ"
အနှီသူသည် တကယ်ပင်စိတ်ထဲဗလာဖြစ်နေပြီး အဓိပ္ပါယ်မရှိသည့်စကားများစပြောလာသည်။
ရုန်ယီသည်ခေါင်းငုံ့ထားလျက်ချန်းခယ့်ယောင်ကိုမကြည့်ပေ။ သူရယ်လျက်လမ်းလျှောက်နေသည်။
"ကိုယ်မင်းကိုအကျိုးအကြောင်းသင့်အောင် ၉၈ မှတ်ပေးလိုက်မယ်၊ နောက်ထပ်နှစ်မှတ်ကတော့ကိုယ်မြည်းကြည့်ပြီးမှပေးမယ်"
"အမှတ်ပြည့်ရရင်ဘာဆုပေးမှာလဲ"
"အင်း...."
ချန်းခယ့်ယောင် တဒင်္ဂခန့်အချိန်ယူစဉ်းစားနေသည်။
"မင်းဘာလိုချင်လဲ"
ရုန်ယီက မဖြေ။
သူတစ်ဖက်သို့လှည့်ကာ ထိတ်လန့်ဖွယ်ကောင်းအောင်ငိုက်မျဉ်းနေသည့်ချန်းခယ့်ယောင်ကိုဖျတ်ကနဲကြည့်လိုက်သည်၊ ယခုအခိုက်အတန့်လေးတွင်သူထူးထူးခြားခြားလိုချင်သည့်အရာမရှိပေ။
သူ့ထံတွင်တစ်ခုရှိခဲ့လျှင် မဖြစ်စလောက်ဖျားနာနေသောစိတ်ရှုပ်စရာချန်းခယ့်ယောင်ကိုပြန်ကောင်းသွားစေမည့်အရာဖြစ်လိမ့်မည်။
သို့သော် သူချန်းခယ့်ယောင်ကိုမစိုးရိမ်စေချင်ပေ။ အနှီသူသာစိတ်ပိုင်းဆိုင်ရာစွန့်ပစ်မှုကိုခံစားလိုက်ရပါက ကုသရေးကချောမွေ့တော့မည်မဟုတ်။ ထိုအခါ သူတို့ဘယ်လိုလုပ်ကြမည်နည်း။
"လုပ်စမ်းပါ၊ မင်းဘာလိုချင်လဲ"
ချန်းခယ့်ယောင်က ရုန်ယီ၏လက်ကိုကိုင်ထားသည့်သူ့လက်ကိုယမ်းပြသည်။
"မင်းရဲ့ဘယ်လိုဆန္ဒမဆိုနားလည်ပေးဖို့ကိုယ်ကြိုးစားကြည့်မယ်"
ရုန်ယီ တမင်တကာခက်ခဲအောင်လုပ်လိုက်သည်။
"ဒါဆို ငါကမ္ဘာကြီးကိုငြိမ်းချမ်းစေချင်တယ်"
ချန်းခယ့်ယောင်က တန်းပြီးခေါင်းညိတ်သည်။
"ကိစ္စမရှိဘူး"
ရုန်ယီချက်ချင်းရယ်လိုက်သည်။
"မင်းဒီလောက်ကြီးတဲ့မစ်ရှင်ကိုဘယ်လိုပြီးအောင်လုပ်မှာလဲ"
"ဒါပေါ့၊ ကိုယ်လုပ်မှာပါ"
ချန်းခယ့်ယောင်ကခေါင်းငုံ့ကာအရှေ့ကိုဆက်သွားသည်။
"အခုကိုယ့်ရဲ့ကမ္ဘာကြီးကအေးချမ်းနေပြီလေ"
ရုန်ယီ ဘယ်လိုတုံ့ပြန်ရမည်မသိတော့။
ရုန်ယီသည် ရုတ်ချည့်တစ်စုံတစ်ခုကိုတွေးမိလိုက်သည်။ သူတို့နှစ်ယောက်ပထမဆုံးအတူစနေရသည့်ရက်က အနှီသူသည်အပြောကောင်းခဲ့သည်။ ချန်းခယ့်ယောင်က ရုန်ယီအလွန်အမင်းသဘောကျရလောက်သည့်စကားမျိုးကိုသူ့စိတ်နှင့်သူရွေးချယ်ပြောတတ်သည်။
သူတို့ခွဲနေရသည့်အချိန်တွင်ပင် ချန်းခယ့်ယောင်၏စိတ်ဓာတ်ကျဖွယ်ဝေဖန်ချက်များက မသိစိတ်နှင့်သတိမထားမိခင်လွန်ကဲစွာထွက်ပေါ်လာလုနီးပါးပင်။
အနှီသူကရက်စက်တတ်သော်ငြား ရည်ရွယ်ချက်မရှိ။ သဘာဝအလျောက် မခံစားရသလိုပင်။
ချန်းခယ့်ယောင်ဘက်မှကြည့်လျှင် သူသည်အမှန်တကယ်အကျိုးအကြောင်းသင့်ရှင်းပြမရအောင် ဒေါသထွက်နေတတ်သည်ဟုရုန်ယီတွေးမိနေသည်။
ချန်းခယ့်ယောင်ကရှေ့ကိုတိုးလာပြီး ရုန်ယီ၏လက်ကိုလှုပ်ယမ်းနေသည်။
"ကိုယ်ကတော့ ဒီလောကကြီးမှာမင်းပဲအစစ်အမှန်ဖြစ်အောင်လုပ်နိုင်ပါစေလို့ဆုတောင်းတယ်"
ရုန်ယီ အူကြောင်ကြောင်ဖြစ်သွားသည်။
"ဘာမလို့လဲ"
"အိမ်ပြန်ရောက်ရင် ကိုယ်မင်းလုပ်တဲ့ပုစွန်ဖက်ထုပ်စားချင်တယ်"
"......"
ရုန်ယီ ရယ်ရမည်လား၊ ငိုရမည်လားမသိတော့။
ချန်းခယ့်ယောင် ဤအတိုင်းပြောမလာရန်သူစိတ်ထဲတွင်အသင့်ပြင်ထားခဲ့သည်။
"အိုကေ?"
ချန်းခယ့်ယောင်ကထပ်မေးပြန်သည်။
ရုန်ယီက စိမ်းသက်သည့်အသံဖြင့်ပြန်ဖြေလိုက်သည်။
"အိမ်ရောက်မှကြည့်ကြတာပေါ့"
ချန်းခယ့်ယောင်ကနားထောင်ပြီး အတိုင်းအဆမဲ့ပျော်သွားလေ၏။
သူရုန်ယီကိုဘေးတိုက်ကြည့်ကာပြုံးလိုက်၏။
"ကောင်းပြီ၊ အိမ်ပြန်ရောက်မှကြည့်ကြမယ်"
ယောကျ်ားသားနှစ်ယောက်သည် လက်ချင်းတွဲကာဟိုတယ်သို့ဝင်လာစဉ် ဂိတ်အနီးရှိရေပန်းတွင်လူအမြောက်အများရပ်နေသည်ကိုမြင်လိုက်ကြသည်။
ဂိတ်တွင်လူများဝင်ချည်ထွက်ချည်အမြဲရှိသည်၊ သို့သော် ထိုသူများကဟိုတယ်မှဧည့်သည်များမဟုတ်နိုင်ပေ။ ရုန်ယီသည်လမ်းလျှောက်လျက်သူတို့ကိုကြည့်လာပြီး တစ်ယောက်ယောက်အားစောင့်နေခြင်းဖြစ်မည်ဟုခံစားရသည်။
ရုန်ယီသည် မသိစိတ်အရတွေးမိသည့်တစ်ဦးတည်းသောသူမှာမော့ယွီဖေးပင်။
နီးကပ်လာသည်တွင် ရုန်ယီသည်သူတို့အနက်မှအချို့က ကျွမ်းကျင်စွာအသုံးပြုရသည့်ဓာတ်ပုံရိုက်ပစ္စည်းကိရိယာများကိုင်လာသည်ကိုမြင်တွေ့ရပြီးသူ၏ခန့်မှန်းချက်ကိုအတည်ပြုပေးလိုက်သည်။
ရုန်ယီ အလွန်အကျွံအထင်သေးနေပုံရသည့်ချန်းခယ့်ယောင်ကိုပြန်ကြည့်လိုက်သည်။ထို့နောက်လုံးဝစိတ်မ၀င်စားသလို ဟန်ဆောင်လိုက်သည်။ သို့သော် သူတို့မထင်မှတ်ဘဲဟိုတယ်တံခါးနားကပ်လာသည်တွင် လူအကုန်လုံးကသူတို့ရှိရာသို့တညီတည်းခေါင်းလှည့်ကြည့်လာကြသည်။
ရုန်ယီ အဆင်မပြေသလိုခံစားရပြီး သူ့ခြေလှမ်းများကိုအရှိန်မြှင့်လိုက်သည်။ လူများကသူ့ဘက်သို့ကင်မရာမြှောက်လိုက်ကြသည်။ ရုန်ယီသည်ပဟေဠိဖြစ်သွားပြီး အလိုအလျောက်လက်ဖြင့်ကာလိုက်မိ၏။ကင်မရာမီးများနောက်မှ မေးခွန်းမေးရန်တစ်စုံတစ်ယောက်ထွက်လာသည်။ ချန်းခယ့်ယောင်ကရုန်ယီ၏အရှေ့တွင်ရပ်လိုက်သည်။
"ခင်ဗျားလူမှားနေပြီ"
သူ၏အသံကပုံမှန်ထက်ကျယ်လောင်နေပြီး အမူအရာမှာလည်းတည်ကြည်နေသည်၊ တမဟုတ်ချင်းပင် အားပြင်းသည့်ကြောက်မက်ဖွယ်ရာသက်ရောက်မှုများပေါ်လာသည်။
သို့ဖြစ်၍ အလိုအလျောက်တံခါးနားလမ်းလျှောက်လာသည်အထိ လူများကရှေ့မတိုးလာရဲကြတော့ပေ။
"ဘာဖြစ်တာလဲ"
ရုန်ယီကတံခါးထဲဝင်ပြီးသည်နှင်မနေနိုင်ဘဲမေးလိုက်သည်။
"အဲဒီလူတွေကဘာလုပ်ကြတာလဲ"
"မင်းကချောလွန်းနေတော့၊ သူတို့ကစတားဆိုပြီးထင်ကြတာဖြစ်မယ်၊အဲဒါကြောင့် သူတို့ဓာတ်ပုံရိုက်ချင်ကြတာ"
ရုန်ယီသည် အဆိုပါခန့်မှန်းချက်ကမဆီလျော်သလိုခံစားရသည်။ သူကချောမောသည်၊ ပထမဆုံးတစ်ရက်တည်းလည်းမဟုတ်။ မတိုင်ခင်က သူချဉ်းကပ်ခံရပြီးလျှောက်လမ်းတွင် ဓာတ်ပုံချောင်းရိုက်ခံရသေးသည်။ သူယခုကဲ့သို့တစ်ကြိမ်မှဆက်ဆံမခံရပေ။
သူတို့အခန်းထဲကိုခက်ခက်ခဲခဲပြန်ရောက်လာပြီး ဖုန်းသံမြည်လာသည်။
သူဖုန်းထုတ်ကြည့်လိုက်ရာ နံပါတ်စိမ်းဖြစ်နေသည်။ စက္ကန့်အနည်းငယ်ခန့်ချီတုံချတုံဖြစ်နေပြီး ရုန်ယီမှာမည်သူမှန်းရေးရေးမျှခန့်မှန်းလိုက်၏။
သူမှုန်ကုပ်ကုပ်နှင့်ဖုန်းကိုကြည့်နေသည်၊ ကိုင်လည်းမကိုင်၊ ဖုန်းလည်းမချ၊ ချန်းခယ့်ယောင်ကရောက်လာပြီးဖုန်းမျက်နှာပြင်ကိုကြည့်ကာမေးသည်။
"ဘယ်သူလဲ၊အရောင်းဝန်ထမ်းလား"
ရုန်ယီ ခေတ္တခန့်တွေဝေနေသည့်တိုင် ပြန်မဖြေသေးပေ။ ရုတ်ချည့် ချန်းခယ့်ယောင်ကတစ်စုံတစ်ခုကိုတွေးမိသည်ထင့်၊ သူ့မျက်နှာအမူအရာကပြောင်းသွားသည်။
သူရုန်ယီ၏ဖုန်းကိုဆွဲယူသွားသည်၊ ချသည့်ခလုတ်ကိုနှိပ်ပြီးဖုန်းနံပါတ်ကို blacklist ထဲထည့်လိုက်သည်။
ပြီးနောက် သူတို့တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြပြီးနှစ်ယောက်လုံး၏အမူအရာက အဓိပ္ပါယ်ရှိနေသည်။
သူတို့ဘာမှမပြောရသေးခင် ရုန်ယီ၏ဖုန်းကထပ်မြည်လာသည်။ ဤတစ်ကြိမ်ကရုန်ယီသိနေသူပင်။
"အာ...ငါရဲ့လုပ်ဖော်ကိုင်ဖက် မိန်းကလေးကျန်းပါ"
ရုန်ယီကသူ့ဖုန်းကိုပြန်ယူလိုက်သည်။
စာရေးသူ၏မှတ်စုတို
ရုန်ယီ: ငါကချစ်ဖို့ကောင်းတယ်ဆိုတဲ့စာလုံးနဲ့ဘာမှမဆိုင်ဘူး။
ချန်းခယ့်ယောင်: ?
PS: စာထဲမှာမပြထားပေမဲ့ ရုန်ယီကချန်းခယ့်ယောင်နဲ့ အပြင်မထွက်ခင်ရေချိုးခဲ့တယ်။
Xxxxxxxx