အပိုင်း ၁၄
Viewers 44k

Chapter 14


 


နှစ်အနည်းငယ် ကုန်လွန်ပြီးနောက် ရှောင်ကျားရှုအမေ၏ အဆက်အသွယ်များမှတစ်ဆင့် ဟဲရီ၏ အဖေသည် ဩစတြေးလျနိုင်ငံသား ခံယူလိုက်ပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။ ထိုသူ့ထံတွင် ဇနီးတစ်ဦး ရှိနေခဲ့ပြီး သူ၏ ဒုတိယသားသည်ပင် ဟဲရီထက် လအနည်းငယ်သာ ငယ်ရွယ်ပေသည်။ 


ရှောင်ကျားရှုမှာ ပိုပြီး စုံစမ်းမိလာလေ ခွင့်မလွှတ်နိုင်လေ ဖြစ်သည့်အတွက် သူမ လုပ်ခဲ့သည်များအတွက် ပြန်ပေးဆပ်ရန် လီကျားကို အသည်းအသန် ရှာဖွေနေခဲ့သည်။ သူမက လူအများ၏ ကရုဏာသက်မှုကို ရနိုင်ရန် ကိုယ့်ကိုယ်ကို နစ်နာသူအဖြစ် ဟန်ဆောင်ကာ လူထုအမြင်တွင် တိုးတက်လိုစိတ် ပြင်းပျပြီး အကောင်းမြင်ကာ သန်မာတတ်သည့် မိန်းမငယ်လေးအဖြစ် သရုပ်ဖော်နေခဲ့ကြောင်း သိလိုက်ရသည့်အခါတွင်တော့ ရွံ့ရှာစက်ဆုပ်စိတ်များ ပိုပြီး တိုးပွါးလာပေတော့သည်။ 


သို့သော် သူကြီးပြင်းလာခဲ့သည့် အကျင့်စရိုက်များအရ မိန်းမတစ်ယောက်ကို လက်စားချေရန် ရက်စက်သည့် နည်းလမ်းများကိုလည်း အသုံးမပြုလိုသည့်အတွက် လီကျား၏ တက်လမ်းကို ပိတ်‌ဆို့ရုံမှအပ မည်သည့်လှုပ်ရှားမှုကိုမှ မပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သည်းမခံနိုင်လောက်သည့် အတိတ်အကြောင်းအရာများကို ပြန်လည်တူးဆွမိပါလျှင် သူ့သူငယ်ချင်းကို အပြင်လူများက ပြစ်တင်ဝေဖန်ကြမည်ကိုလည်း လက်မခံနိုင်ပေ။ သူ့သူငယ်ချင်းသည် အသက်ရှင်စဉ် ကာလတစ်လျှောက် ကြည်လင်သော စိတ်ထားတစ်ခုကိုသာ ပိုင်ဆိုင်ခဲ့သည့်အတွက် တမလွန်ဘဝတွင်လည်း အတောမသတ်နိုင်လောက်သည့် အေးချမ်းမှုများကိုသာ ပိုင်ဆိုင်သင့်ပေသည်။ 


ဒီလိုနဲ့ပဲ အဆုံးသတ်နိုင်ခဲ့ပြီ ... ဒီမှာပဲ အဆုံးသတ်နိုင်ခဲ့ပြီ ... 


Rock-'n'-roll မှာလည်း အဆုံးသတ်သွားပြီဖြစ်ရာ ရှောင်ကျားရှုလည်း နှလုံးသားကို ဖိနှိပ်ရင်း ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်တော့သည်။ ထိုစဉ် အမျိုးသားအဆိုတော်၏ ခြေကုန်လက်ပမ်းကျနေသော သီချင်းသံ ထွက်‌ပေါ်လာတော့သည်။ ဝမ်းနည်းထိရှဖွယ် စာသားများက ဆိုးခဲ့၊ ကောင်းခဲ့သည့် အမှတ်တရများစွာထံ ဆွဲဆောင်ယူငင်သွားပြီးနောက် နှလုံးသားထဲတွင် ထာဝရ အမြတ်တနိုးထားကာ သိမ်းဆည်းရမည့် အမှတ်တရကောင်းများကိုသာ ချန်ရစ်ထားခဲ့တော့သည်။ 


... လူငယ်လေးနှစ်ဦးက လက်ချင်းတွဲကာ ကျောင်းသို့ သွားနေကြသည်။ ရံဖန်ရံခါ သစ်ပင်ကြီးများပေါ် တက်ကာ အနာဂတ်အကြောင်း စိတ်ကူးယဉ်မှုများကို အပြန်အလှန် ဖလှယ်နေကြသည်။ နေ့တိုင်း အရပ်ပိုရှည်သည့် ကောင်လေးက ကျန်တစ်ယောက်ကို အိမ်အထိ စက်ဘီးဖြင့် တင်နင်းကာ ခေါ်သွားပြီး မတော်တဆ လဲကျသွားချိန်တိုင်း ပိုပုသည့် ကောင်လေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ မဟူရာရောင် ‌ဆံနွယ်များကို ပွတ်သပ်ပေးတတ်သေးသည်။ ... သူတို့နှစ်ဦးမှာ ညီအစ်ကို မဟုတ်။ သို့သော် ညီအစ်ကိုအဆင့်ထက် ပိုပြီး ကျော်လွန်နေကြပေသည်။ 


အဆိုတော်၏ အသံမှာ ဆက်လက်ထွက်ပေါ်နေသော်ငြား ရှောင်ကျားရှုမှာမူ မတ်တပ်ပင် မရပ်နိုင်တော့။ နံရံကို မှီထိုင်ကာ ဒူးနှစ်ဖက်ကြား ခေါင်းငိုက်စိုက်ချရင်း ကလေးတစ်ယောက်ကဲ့သို့ မမောနိုင်မပန်းနိုင် ငိုကြွေးလိုက်တော့သည်။ 


... 


ဖန်ခွင်းက ကျိမြန်မှာ တစ်ချိန်လုံး မျက်မှောင်ကြုတ်နေကာ အသားအရေမှာလည်း ကောင်းမွန်မနေကြောင်း သတိပြုမိလိုက်သည့်အတွက် မေးလိုက်သည်။ 


"ခေါင်းကိုက်လို့လား ဆရာဝန် သွားခေါ်ပေးရမလား ..." 


"မဟုတ်ဘူး မဟုတ်ဘူး ..." 


ကျိမြန်က လက်ကို ယမ်းပြလိုက်သည်။ 


ဆယ်မိနစ်အကြာတွင်တော့ သူက နားထင်ကို အဆက်မပြတ် ဖိနှိပ်ရင်း သည်းမခံနိုင်တော့ဟန်ဖြင့် ပြောလိုက်သည်။


"လှေကားဘက်ကို သွားကြည့်ပေးပါဦး ငါ့အထင် ..." 


သို့သော် သူက စကားကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်ကာ ခေါင်းအုံးကို မှီရင်း သက်ပြင်းမောတစ်ချက် ချလိုက်တော့သည်။ 


"ဘာကြားလိုက်လို့လဲ ..." 


ဖန်ခွင်းက လေးဘက်လေးတန်ကို လိုက်ကြည့်ကာ မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။ 


"ဆေးရုံအခန်းတွေက တော်တော်တိတ်ဆိတ်တာပါ နားအူနေ‌တာတော့ မဟုတ်ပါဘူးနော် ..." 


"ကြည့်ရတာ နားအူနေတာထင်တယ် အခုတော့ ကောင်းသွားပါပြီ ..." 


ကျိမြန်က ပင်ပန်းတကြီးဖြင့် လက်ကို ယမ်းပြလိုက်သည်။ ထို့နောက် သူ့အတွေးထဲတွင် မည်သည့်အရာ ပေါ်လာသည်မသိ၊ အမူအယာမှာ ရုတ်ချည်း အရုပ်ဆိုးသွားတော့သည်။ 


တစ်ချိန်တည်းမှာပင် ရှို့ချန်ယုက အရေးပေါ်လှေကားတံခါးကို ဖွင့်ကာ အထိတ်တလန့် ပြောလိုက်သည်။ 


"တကယ်ပဲ ရှောင်ရှုဖြစ်နေတာကိုး ဘာလို့ ဒီလိုမျိုး ငိုနေရတာလဲ ..." 


"ဦး ... ဦးလေးရှို့ ..." 


ရှောင်ကျားရှုမှာ ဆက်မငိုချင်တော့သည့်တိုင် သူ့ကိုယ်သူ ထိန်းချုပ်၍ မရချေ။ မျက်နှာတစ်ခုလုံးမှာလည်း မျက်ရည်၊ နှာရည်တို့ဖြင့် စိုရွှဲနေသည့်အပြင် စကားပြောရင်းတန်းလန်းလည်း ကျို့ထိုးလိုက်သေးသည်။ 


ရှို့ချန်ယုက အနားသို့ အလောတကြီး ရောက်လာကာ သူ့မျက်နှာကို သုတ်နိုင်ရန် လက်ကိုင်ပဝါတစ်ထည် ထုတ်ပေးလိုက်သည်။ ထို့နောက်မှ သူက တိတ်တဆိတ် မေးမြန်းလိုက်၏။ 


"ဘာတွေများ ဖြစ်နေတာလဲ ဦးလေးရှို့ကို ပြောပါဦး ကူပြီး ‌ဖြေရှင်းပေးနိုင်ချင် ပေးနိုင်မှာလေ ..." 


"ဘာမှ မဟုတ်ပါဘူး ကျွန်တော် သီချင်းနားထောင်နေရင်း ငိုချင်စိတ် ပေါက်လာလို့ပါ ..." 


ရှောင်ကျားရှုက နားထဲရှိ နားကြပ်ကို ဆွဲထုတ်ကာ မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း ပွတ်ဆွဲလိုက်တော့သည်။ ယခုမူ သူသည် ရှက်ရွံ့ဖွယ် အခြေအနေကို ရင်ဆိုင်နေရသည့်အတွက် တွင်းတစ်တွင်းတူးကာသာ ပုန်းအောင်းနေလိုက်ချင်တော့သည်။ 


"ဘယ်သီချင်းကများ လူတစ်ယောက်ကို မျက်ရည်တွေ တစ်ဖြိုင်ဖြိုင်ကျလာတဲ့အထိ လုပ်နိုင်ပါလိမ့် ..." 


ရှို့ချန်ယုက မယုံသေးသည့်အတွက် နားကြပ်ကို ဆွဲယူကာ နားထောင်ကြည့်ပြီးနောက်တွင်တော့ ဟန်မဆောင်နိုင်လောက်အောင်ပင် ရယ်မောလိုက်တော့သည်။ 


"ဒီသီချင်းဖြစ်နေတာကိုး အံ့ဩစရာ မရှိတော့ပါဘူး ..." 


ထိုသီချင်းကြောင့် ငိုခဲ့ရဖူးသူတစ်ဦးအနေဖြင့် ရှို့ချန်ယုမှာ လူငယ်လေးကို မျက်နှာသစ်ရန် သန့်စင်ခန်းသို့ လိုက်ပို့ရုံမှအပ ပြောစရာမရှိတော့ချေ။ 


"ဒီအရွယ်ကြီးအထိကို လှေကားနားမှာပုန်းပြီး ငိုနေသေးတယ်ပေါ့ ဒီတစ်ခေါက် ဦးလေးနဲ့တွေ့တာ ကံကောင်းတယ်မှတ် တစ်ခြားသူဆို မင်းကို သေလောက်အောင်ကို လှောင်ရယ်ကြမှာ သေချာတယ် အိုး ဟုတ်သားပဲ ရှောင်ရှု မင်းကလည်း မင်းအမေ ငယ်ငယ်ကလိုပဲ သူမကလည်း အခက်အခဲတွေ ကြုံလာပြီဆို အပေါ်ယံမှာတော့ သန်မာချင်ယောင်ဆောင်နေပေမယ့် လူလစ်ပြီဆို ခိုးခိုးပြီး ငိုတာလေ ခေါင်းမိုးထပ်မှာရော ကားထဲမှာရောပဲ သူ့ကို လူမိသွားပြီ ဆိုရင်လည်း ဝန်ခံမယ့်အစား အသေပဲခံလိုက်မယ်ဆိုတဲ့ လူစားမျိုး ..." 


အတိတ်အကြောင်းကို ပြန်ပြောရင်း ရှို့ချန်ယုက ရယ်မောလိုက်သည့်တိုင် သူ့မျက်ဝန်းထဲတွင်မူ ဝမ်းနည်းမှုတို့သာ ရစ်သိုင်းနေပေသည်။ 


"အမေလည်းပဲ ငိုရတာ ကြိုက်တယ်ပေ့ါ ..." 


ရှောင်ကျားရှုက အေးခဲသွားပြီးကာမှ ပြန်ပြင်ပြောလိုက်သည်။ 


"မဟုတ်သေးပါဘူး ဘာလို့များ အမေလည်းပဲလို့ ပြောလိုက်မိတာပါလိမ့်..." 


ငါက ငိုရတာ မကြိုက်ဘူးလေ ဒီနေ့အခြေအနေက နည်းနည်းလေး ထူးခြားနေလို့ ... 


"ဟုတ်ပြီ ဟုတ်ပြီ မင်းက ငိုရတာ မကြိုက်ပါဘူး ဟုတ်ပြီလား မင်းက တကယ်ကို မင်း‌အမေနဲ့ တစ်ပုံစံတည်းပဲ ဝန်ခံရဖို့ကို အင်မတန် တွန့်ဆုတ်ကြတာပဲ ..." 


ရှို့ချန်ယုမှာ အပြုံးတို့ကို ပြန်မရုတ်သိမ်းနိုင်တော့ချေ။ 


ရှောင်ကျားရှု "..." 


ရှောင်ကျားရှုမှာ မျက်နှာသစ်ပြီးသည့်တိုင် မျက်လုံးများမှာ ဖူးယောင်နီရဲနေဆဲ ဖြစ်သည့်အတွက် နေကာမျက်မှန် တပ်ထားရုံမှအပ ရွေးစရာ မရှိတော့ချေ။ ဆေးရုံအခန်းထဲတွင် ဧည့်သည်များစွာ ရောက်နေကာ ရုပ်ရှင်ဧကရာဇ်များ၊ ရုပ်ရှင်လောက၏ ရွှေပေါင်လုံးကြီးများက အပြန်အလှန် စကားပြောနေသည့်အတွက် လေထုတစ်ခုလုံး အပေးအယူ ညီမျှနေပေသည်။ ထိုသူများက ရှို့ချန်ယုကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ချက်ခြင်း မတ်တပ်ရပ်ကာ ဖော်ဖော်ရွေရွေ နှုတ်ဆက်လိုက်ကြတော့သည်။ ရှောင်ကျားရှုမှာမူ ငိုထားသည့်အတွက် အသံဝင်နေသည့်အပြင် စိတ်အခြေအနေ မကောင်း၍ မည်သူနှင့်မှ စကားမပြောချင်သည့်အတွက် ကျိမြန်အနားသို့ တိတ်တဆိတ် လျှောက်လာကာ သူ့ကို ခေါင်းငြိမ့်ပြလိုက်သည်။ 


"ရောက်လာပြီလား ထိုင်လေ ..." 


ကျိမြန်က သူ့ကို စိုက်ကြည့်နေလိုက်သည်။ 


"ဟမ် ..." 


ရှောင်ကျားရှုက ကုတင်အနီးတွင် ဝင်ထိုင်ကာ အစောပိုင်းက သူနားထောင်နေသည့် သီချင်းကို ပြန်ဖွင့်လိုက်သည်။ ၎င်းမှာ နာကျင်မှု၊ နောင်တတရားတို့ဖြင့် ပြည့်နှက်နေအောင် သူ့ကိုယ်သူ ညှင်းပန်းနှိပ်စက်ခြင်းတစ်မျိုးပင် ဖြစ်သော်ငြား သူ့တွင် ရပ်တန့်နိုင်မည့် နည်းလမ်းလည်း မရှိချေ။ သူ၏ အဆင်ခြင်မဲ့မှု၊ တစ်ကိုယ်ကောင်းဆန်မှုတို့ကြောင့်သာ မဟုတ်ပါလျှင် ဟဲရီ၏ မိခင်လည်း ကြွေလွင့်သွားမည် မဟုတ်ချေ။ အပြင်ပိုင်းတွင် အမူအယာကို ထိန်းချုပ်ထားသည့်တိုင် စိတ်ထဲတွင်မူ ကလေးတစ်ယောက်နှယ် ငိုကြွေးနေပြီဖြစ်သည်။ ‌မမေ့ဖျောက်နိုင်သလို မမေ့ပျောက်သင့်သည့် အရာများ အမှန်တကယ်ပင် တည်ရှိနေပေသည်။


ကျိမြန်က နားထင်ကို ဖိနှိပ်ရင်း အလွန်နူးညံ့သည့် အသံဖြင့် မေးလိုက်သည်။ 


"ပန်းသီးစားမလား ကိုယ် အခွံနွှာပေးမယ်လေ ..." 


ရှောင်ကျားရှုက နေကာမျက်မှန်ကိုဖြတ်ကာ စိုက်ကြည့်ရင်း လက်ကို ယမ်းပြလိုက်သည်။ သူ့မျက်နှာအောက်ခြမ်းမှာ ကျောက်ဆောင်ကဲ့သို့ တင်းမာကာ အေးစက်ပြီး အထက်စီးဆန်နေသည့်အတွက် ဖန်ခွင်းက တိတ်တဆိတ် ဆဲရေးလိုက်သည်။ 


သေသင့်တဲ့ကောင် ... 


ကျိမြန်ကမူ ငြင်းဆန်မှုကို နားမလည်ဟန်ဖြင့် ပန်းသီးကို အခွံနွှာနေသည့်အတွက် ရှောင်ကျားရှုမှာ လက်ခံရုံမှအပ ရွေးစရာ မရှိတော့ချေ။ ပန်းသီးကို ကိုက်ဝါးလိုက်သည်နှင့် တစ်ပြိုင်နက် သူ့နှလုံးသားထဲရှိ နာကျင်ဝမ်းနည်းမှုများ လျော့ပါးသွားတော့သည်။ သီချင်းကိုပိတ်ကာ နားကြပ်ကို ဖြုတ်လိုက်ပြီး ပန်းသီးခွံများကို အမှိုက်ပုံးထဲပစ်ပြီးနောက်တွင် နေရာ၌ ပြန်ထိုင်ကာ ကျိမြန်ကို ဆက်ပြီး စိုက်ကြည့်နေလိုက်တော့သည်။ 


သူ့ကြည့်ရတာ ပြင်းပြင်းထန်ထန် ထိခိုက်သွားတဲ့ပုံလည်း မပေါ်ပါဘူး ဘာပဲဖြစ်ဖြစ် ဒါလည်း သတင်းကောင်းလို့ ယူဆရမှာပဲ ... 


"ဒီရက်ပိုင်း ဘာတွေလုပ်နေလဲ လုပ်စရာမရှိရင် ကုမ္ပဏီကို ပြန်လာခဲ့ပါ့လား ပြီးခဲ့တဲ့တစ်ခေါက် မင်းကို အလုပ်ဖြုတ်လိုက်မိတာ နည်းနည်း အဆင်အခြင်မဲ့သလို ဖြစ်သွားတယ် တောင်းပန်ပါတယ် ..." 


ထိုသို့ပြောပြီးနောက် တစ်ခဏ အသံတိတ်သွားတော့သည်။ 


သူက ဘာလို့ တောင်းပန်ချင်နေတာလဲ တကယ်ဆို ငါကမှ စတူဒီယိုကိစ္စတွေထဲ ဝင်ပြီး စွက်ဖက်ခဲ့တာလေ ငါကမှ တောင်းပန်ရမှာ မဟုတ်ဘူးလား လူတစ်ယောက်ကို ဘယ်လိုအကဲဖြတ်ရမလဲ မသိတာက ခင်ဗျားရဲ့ ဉာဏ်ရည်နဲ့ပဲ ဆိုင်တာလေ မှန်တာမှားတာနဲ့ မဆိုင်ဘူး ... 


ရှောင်ကျားရှုက ထိုသို့တွေးကာ ခေါင်းကို အသာယမ်းပြလိုက်သည်။ 


ကျိမြန် "...


လူနာကို အေးအေး‌ဆေးဆေး အနားယူနိုင်စေရန် အလို့ငှာ ရှို့ချန်ယုက ရှောင်ကျားရှုကိုခေါ်ကာ ပြန်သွားပြီး ကျန် big shot ကြီးများကလည်း တစ်ယောက်ပြီးတစ်ယောက် ‌နောက်မှ လိုက်သွားကြတော့သည်။ ဖန်ခွင်းက ထိုသူများကို ဓာတ်လှေကားအထိ လိုက်ပို့ပြီးနောက် ပြန်ရောက်လာသည့်အခါတွင် အဆက်မပြတ် မြည်တွန်တောက်တီးတော့သည်။ 


"ရှောင်ကျားရှုက ဘယ်လိုလူလဲ သူက လန်ကျဲတို့၊ အစ်ကိုကောတို့နဲ့ တွေ့တာကို နည်းနည်းလေးတောင် ဟန်ဆောင်ပန်ဆောင် မနှုတ်ဆက်ဘူး သူ့ကိုယ်သူ ရှို့ချန်ယုထက်တောင် ကြီးကျယ်တယ်များ ထင်နေလားပဲ နေကာမျက်မှန်ကိုလည်း တစ်ချိန်လုံး တပ်ထားလိုက်သေးတယ် သူက ကောရဲ့ဘေးနားမှာ တစ်ချိန်လုံး ဝင်‌ထိုင်နေတာတောင် စကားလေးတစ်လုံးမှ ထုတ်မပြောဘူး မျက်နှာကလည်း တင်းမာနေလိုက်တာများ သူ့ကို ရိုက်နှက်ပစ်လိုက်ချင်စိတ်တောင် ပေါက်တယ် မလာချင် မလာနဲ့လေ ဘာလို့ ရောက်လာပြီးမှ ဒီလို ကြီးကြီးကျယ်ကျယ်တွေ လာလုပ်ပြနေတာလဲ ခေတ်ကာလသားသမီးတွေများ တစ်နေ့ထက်တစ်နေ့ကို ရိုင်းစိုင်းလာလိုက်ကြတာ ..." 


ကျိမြန်က ဖုန်းကို ကြည့်နေရာမှ သက်ပြင်းချကာ ပြောလိုက်သည်။ 


"အပေါ်ယံနဲ့ မတူတဲ့လူတွေလည်း ရှိသေးတာပဲလေ သူ နေကာမျက်မှန် တပ်ထားတာက ငိုထားတဲ့မျက်လုံးတွေ ဖူးယောင်နေလို့ ဖြစ်မှာပေါ့ လူတွေကို နှုတ်မဆက်ဘူး ဆိုတာကလည်း စိတ်အခြေအနေ မကောင်းတော့ စကားအများကြီး မပြောချင်လို့ ဖြစ်နိုင်တယ်လေ လူတစ်ယောက်ကို တစ်ဖက်သတ်အမြင်နဲ့ပဲ လက်လွတ်စပယ် မဆုံးဖြတ်နဲ့ အဲဒါက တိလည်းမတိကျသလို တစ်ဖက်သူအတွက်လည်း မတရားဘူး ..." 


ဖန်ခွင်းမှာ အလွန် အံ့ဩသွားရှာတော့သည်။  


"ရို့ ဘာလို့ သူ့ဘက်ကနေ ကာပြောပေးနေတာလဲ ဒီကောင်လေးကို မမုန်းဘူးလား ..." 


ကျိမြန်က သူ့မျက်နှာကို ပွတ်သပ်ကာ ကူကယ်ရာမဲ့လေဟန်ဖြင့် ပြောလိုက်သည်။ 


"အိုက်ခွင်း ငါလည်း အသက်ကြီးလာပြီဆိုတော့ တစ်ခါတစ်လေ အမှားလုပ်မိတာလည်း ရှိမှာပေါ့ ..." 


"ဘာလို့ အသက်ကြီးလာပြီလို့ ပြောနေတာလဲ မင်းက အခုမှ ၃၂ နှစ်ပဲ ရှိသေးတာ အချိန်တွေအများကြီး ကုန်ဆုံးဖို့ ကျန်နေသေးတယ် ရှင်သန်နိုင်ဖို့အရေး အသက်အရွယ်နဲ့ ငယ်ရွယ်မှုပေါ်ပဲ မှီခိုနေရတဲ့ လတ်ဆက်တဲ့ အသားတုံးလေးတွေလို မဟုတ်ဘဲ မင်းက ကိုယ့်ခွန်အားနဲ့ စွမ်းရည်ကိုပဲ မှီခိုတဲ့သူလေ အသက်ကြီးလာလေ ပိုပြီး လူထုရဲ့ နှစ်သက်မှုကို ရလာလေပဲ မဟုတ်လား ဘာလို့ ဒီသရုပ်ဆောင်အလုပ်ကနေ စောစောစီးစီး အနားယူချင်နေရတာလဲ မင်းရဲ့ အရည်အချင်းနဲ့ဆို နောက် ဆယ်နှစ်၊ နှစ်နှစ်ဆယ်လောက် ရုပ်ရှင်ဆက်ရိုက်နေဦးမယ်ဆိုရင်တောင် ဘာမှ ပြဿနာမရှိဘူး ..." 


ဖန်ခွင်းက ဝမ်းနည်းပက်လက်ဖြင့် ရေရွတ်လိုက်သည်။ 


"အခြေတကျလေးနဲ့ ငါ့ကိုယ်ပိုင် မိသားစုလေးတစ်ခု ထူထောင်ချင်လို့လေ ..." 


ထိုစကားများ ပြောပြီးနောက် ကျိမြန်၏ အမူအယာမှာ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။ 


"ကားတိုက်မှုအကြောင်း လဲ့ယန်ကို မပြောရသေးဘူး မဟုတ်လား ..." 


ကျစ် ... ဘယ်သူကရော သူ့ကို ပြောမှာလဲ ဒီငနုံကောင် ရောက်လာတော့ရော ဘာအသုံးဝင်မှာကျလို့ သူလုပ်နိုင်တာဆိုလို့ မေးခွန်းတွေ တစ်သီတစ်တန်းကြီး မေးပြီး သေတော့မလို သွေးပျက်ပြနေတာပဲ ရှိမှာလေ အဲဒါက ပိုပြီးတောင် အာရုံနောက်ဖို့ ကောင်းသေးတယ် သူသာ သတိလက်လွတ်နဲ့လာလို့ သတင်းထောက်တွေ တွေ့သွားကြည့်ပါလား ဒါမျိုးက ရယ်ရယ်မောမော ကိုင်တွယ်လို့ရမယ့်ကိစ္စ မဟုတ်ဘူး ... 


ဖန်ခွင်း၏ နှလုံးသားထဲတွင် အထင်အမြင်သေးမှုများ ပေါက်ဖွားနေသော်ငြား မျက်နှာ‌တွင်တော့ ပေါ်မလာစေဘဲ သာမန်ကာလျှံကာ ပြောလိုက်သည်။ 


"မပြောရသေးဘူး သူက အခုထိ စီချွမ်ကို လေ့လာရေးခရီး ထွက်နေတုန်းလေ ..." 


ကျိမြန်က သူ့ကို အတွေးအပြည့်ဖြင့် စိုက်ကြည့်ရင်း ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ပြောလိုက်သည်။ 


"ကောင်းတယ် သူ့ကို အသိမပေးလိုက်နဲ့ စိတ်မပူစေချင်လို့ ဒါနဲ့ အိုက်ခွင်း မင်းက ဘာလို့ လဲ့ယန်ကို သဘောမကျတာလဲ ..." 


"ဘယ်တုန်းက သူ့ကို သဘောမကျမိလို့လဲ မင်းက အတွေးလွန်နေတာပါ ..." 


ဖန်ခွင်းက ခပ်သွက်သွက် ငြင်းပယ်လိုက်သည်။ သို့သော် သူ့အတွေးစတို့မှာမူ အတိတ်ကာလများသို့ ပျံ့လွင့်နှင့်နေပြီဖြစ်သည်။


Xxxxxxxx