အပိုင်း ၁၅
Viewers 44k

Chapter 15


လဲ့ယန် စတူဒီယိုတွင် အလုပ်လုပ်ခဲ့စဉ်က သူသည် ဘဏ္ဍာရေးအစီရင်ခံစာကို ဖွင့်ဖောက်ကြည့်ပြီးနောက် ပြန်ပိတ်ရန် မေ့လျော့ခဲ့သည့်အတွက် ထိုစာအိတ်မှာ ခိုးယူခြင်း ခံလိုက်ရတော့သည်။ ဖန်ခွင်းက အနီးအနားရှိ ဝန်ထမ်းအားလုံးကို စစ်ဆေးခဲ့သည့်တိုင် လဲ့ယန်နှင့် ကျိမြန်အကြား ဆက်ဆံရေးကြောင့် မည်သူကမှ သူ့ကို မတိုင်ရဲတော့ချေ။ ဖန်ခွင်းမှာ ဘဏ္ဍာရေးအဖွဲ့ ခေါင်းဆောင်ကို အလုပ်ဖြုတ်လိုက်ရန်မှအပ ရွေးစရာ မရှိတော့။ ထို့နောက်ပိုင်းမှသာ အမျိုးသမီးဝန်ထမ်းတစ်ဦးက သူ့ကို တိတ်တဆိတ် လာပြောပြ၍ အဖြစ်မှန်ကို သိခဲ့ခြင်း ဖြစ်ပေသည်။ သက်သေမရှိသည့်အတွက် မှန်မမှန် မသိနိုင်သည့်တိုင် လင်းလဲ့ယန်အပေါ် ဖန်ခွင်း၏ အကောင်းမြင်စိတ် ပျက်စီးသွားကာ လင်းလဲ့ယန်သည် ကိုယ်လုပ်သည့် ကိစ္စ၏ အကျိုးဆက်ကို လက်မခံနိုင်ဘဲ တာဝန်ယူမှုတာဝန်ခံမှု ကင်းမဲ့သည့်အတွက် လက်တွဲဖော်ကောင်းတစ်ယောက် မဖြစ်ထိုက်ဟုသာ ယူဆလိုက်ပေတော့သည်။


လင်းလဲ့ယန်က တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကျိမြန်နှင့် ပတ်သက်မိလာမည်ကို စိုးရိမ်သည့်အတွက် ဖန်ခွင်းသည် သူတို့နှစ်ဦး အတူတူနေမည်ကို မသိမသာ တားမြစ်လေ့ရှ်ိခဲ့သည်။ ထိုသို့ တားမြစ်သည့်တိုင် စုံတွဲတစ်တွဲ ရေရှည်လက်တွဲနိုင်ခြင်း ရှိမရှ်ိမှာ ကာယကံရှင်နှစ်ဦးနှင့်သာ သက်ဆိုင်သည့်အတွက် အပြင်လူတစ်ဦးက လက်လွတ်စပယ် ဝေဖန်ပြောဆို၍ မရချေ။ ထို့ကြောင့် သူသည် နောင်တစ်ချိန်တွင် ကျိမြန်နှင့် လင်းလဲ့ယန်အကြား သွေးခွဲသည်ဟု အပြောမခံရစေရန် ပြောလိုစိတ်များကို ချုပ်တည်းထားလိုက်တော့သည်။ 


ကျိမြန်က ခေါင်းတဆတ်ဆတ်‌ငြိမ့်ကာ ဖန်ခွင်းကို အချိန်အတော်ကြာ ငေးကြည့်နေလိုက်သည်။ နောက်ဆုံးတွင်မှ သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။ 


"အိုက်ခွင်း ငါတို့တွေ သူငယ်ချင်းဖြစ်လာတာ နှစ်တွေ အကြာကြီး ရှိနေပြီလေ ပြောစရာရှိရင် တိုက်ရိုက်သာ ပြောပါ စိတ်ထဲပဲ သိမ်းမထားနဲ့ လဲ့ယန်က ငယ်သေးတော့ တစ်ချို့ကိစ္စတွေမှာ သူ့ရဲ့ လုပ်ပုံကိုင်ပုံတွေက မရင့်ကျက်သေးတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ် ဒါပေမယ့် သူကြီးပြင်းလာတဲ့အခါ ငါ သူ့ကို ကောင်းကောင်းသင်ကြားပေးမှာပါ ..." 


"ဘာတွေ ပြောနေတာလဲ ငါတို့နှစ်ယောက်ကြားမှာ ပွင့်ပွင့်လင်းလင်း ပြောလို့မရတာမျိုး မရှိပါဘူး ..." 


ဖန်ခွင်းက ရယ်ရယ်မောမော ပြောလိုက်သည့်တိုင် သူ့အတွေးတို့မှာမူ ထပ်တူကျမနေချေ။ 


သူငယ်ချင်းတွေက အချင်းချင်း ရိုးသားပွင့်လင်းဖို့ လိုတယ်ဆိုပေမယ့် နှလုံးသားရေးရာလို ကိစ္စမျိုးကကျ မတူညီတဲ့ကိစ္စလေ လင်းလဲ့ယန်ကို သဘောမကျလို့ ရပေမယ့် သူငယ်ချင်းကောင်းရဲ့ရှေ့မှာ သူ့ကို ဝေဖန်တာမျိုးတော့ လုပ်လို့ မသင့်တော်ဘူး မဟုတ်လား ဒီလိုတွေးကြည့်တော့မှ သခင်လေးရှောင်းကို အမြင်ကပ်နေတာတွေတောင် နည်းနည်းလေး လျော့သွားသလိုပဲ လင်းလဲ့ယန်က ၂‌၄ နှစ်တောင် ရှိနေပြီကို အခုထိ တက္ကသိုလ် မပြီးသေးဘူး သခင်လေးရှောင်ဆို အသက် ၂၀ မှာတင် မာစတာဘွဲ့ရနေပြီ ပြီးတော့ နိုင်ငံခြားက နာမည်ကြီးတက္ကသိုလ်ကနေ ရလာတာ ဒီနှစ်ယောက်က တကယ်ကို နှိုင်းယှဉ်ကြည့်လို့ မရဘူးပဲ ... 


ကျိမြန်၏ မျက်ခုံးနှစ်ဖက်က မသိမသာ စုစည်းသွားတော့သည်။ သူက အမှုမဲ့အမှတ်မဲ့ဖြင့် ပြောမိလေဟန်ဆောင်လိုက်သည်။ 


"လဲ့ယန်ရဲ့ မိသားစုအခြေအနေက မကောင်းဘူး သူက အထက်တန်း မပြီးခင်မှာတင် ကျောင်းထွက်ပြီး အလုပ်လုပ်ခဲ့ရတာ ပြီးမှ သူ့ခွန်သူ့အားနဲ့ ကြိုးစားပြီး တက္ကသိုလ် ပြန်တက်နိုင်ခဲ့တာလေ သူက တစ်ခြားသူတွေထက် ညံ့ဖျင်းနေတာမျိုး မဟုတ်ဘူး ပတ်ဝန်းကျင်ကောင်းတစ်ခု မရခဲ့ရုံလေးပဲ သူနဲ့ငါရဲ့ ဘဝကို ဖြတ်သန်းခဲ့ရပုံတွေက တူညီတော့ စိတ်ဝိဉာဉ်တွေကပါ တစ်ထပ်တည်းကျနေသလိုပဲ သူနဲ့ အတူတူ ရှိနေရရင် သက်တောင့်သက်သာရှိပြီး ပျော်ရွှင်ရတယ် အိုက်ခွင်း လူတစ်ယောက်ရဲ့ဘဝမှာ စိတ်အေးလက်အေး ဖြစ်စေနိုင်တဲ့ လက်တွဲဖော်မျိုး ရှာတွေ့ဖို့ဆိုတာ မလွယ်ကူ‌ဘူးလေ မင်းအနေနဲ့ ငါတို့နှစ်ယောက်ကို ကောင်းချီးပေးဖို့ တကယ် မျှော်လင့်မိတယ် ..." 


ဖန်ခွင်းက မသက်မသာပြုံးကာ သူ့ကိုယ်သူ အတင်းဖျစ်ညှစ်ပြီး ဟာသပြောလိုက်သည်။ 


"မင်းတို့ကို အမြဲတမ်း အားပေးနေတာပါပဲနော် ကျိကော ကားမှောက်တာကြောင့် မင်းဦးနှောက်က တကယ်ကြီး ထိခိုက်သွားတာထင်တယ်နော် အခုတလော အရမ်းကို ဆတ်ဆတ်ထိမခံ ဖြစ်နေသလိုပဲ ..." 


ထိုသို့ ပြောပြီးနောက်တွင်တော့ ကျိမြန်ပင် ထုတ်ပြောရလောက်သည်အထိ သူ့ခံစားချက်များမှာ ခန့်မှန်းရ လွယ်ကူနေလေပြီလားဟုပင် တွေးလိုက်မိတော့သည်။ 


စကားစ ပြတ်တောက်ကာ အတော်ကြာ အသံတိတ်နေပြီးကာမှ ကျိမြန်က ကောက်ကာငင်ကာ မေးလိုက်သည်။ 


"အိုက်ခွင်း အဲဒီ့သီချင်းနာမည်က ဘာတဲ့လဲ ..." 


"ဒါကို မကြားဖူးသေးဘူးလား <<မြစ်ကူးတံတားထိတိုင် >> တဲ့လေ အချစ်နဲ့ ထိတွေ့ဖူးတဲ့သူ‌တိုင်း ဒီသီချင်းကို နားထောင်ဖူးတယ် ..." 


ဖန်ခွင်းက သက်ပြင်းချလိုက်သည်။ 


"အမှန်အတိုင်း ပြောရရင် ဒီသီချင်းကို ပထမဆုံးအကြိမ် နားထောင်တုန်းက ငါ့အချစ်ဦးကောင်မလေးအကြောင်း တွေးမိပြီးတော့ ငါ့မျက်ရည်တွေက တယတမံကျိုးသလိုကို စီးကျလာတာလေ ခွေးတစ်ကောင်လိုကို မရပ်မနား ငိုခဲ့မိတာပဲ ..." 


"တကယ်ကြီးလား ..." 


ကျိမြန်က သီချင်းကို download ဆွဲနေရင်း စနောက်လိုက်သည်။ 


"မင်းမှာလည်း ဒီလိုမျိုး စိတ်ပျက်အားငယ်တတ်တဲ့ အခြေအနေမျိုး ရှိလိမ့်မယ်လို့ ထင်တောင် မထင်ထားမိဘူး ရှောင်ကျားရှုပဲ ဒီလိုမျိုး ငိုတတ်မယ်ထင်နေတာ ..." 


"ရှောင်ကျားရှုက ဘာကြီး ..." 


နောက်ဆုံးစာကြောင်းကို ခပ်တိုးတိုးသာ ရေရွတ်လိုက်သည့်အတွက် ဖန်ခွင်းမှာ ရှင်းရှင်းလင်းလင်း နားမလည်လိုက်ချေ။ 


"ဘာမှမဟုတ်ပါဘူး ..." 


ကျိမြန်က လက်ကိုသာ ယမ်းပြလိုက်တော့သည်။ သူ့ပုံစံမှာ ဘာကိုမှ ရေရေရာရာ ဆက်ပြောချင်တော့ဟန် မတူ။ 


ထိုအချိန်တွင် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာတော့၏။ ဖန်ခွင်းက အပြင်ဘက်သို့ ထွက်ကြည့်ကာ တအံ့တဩ ပြောလိုက်သည်။ 


"လီကျား ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ ..." 


ထွက်သွားပြီးကာမှ ပြန်ရောက်လာသော လီကျားက တိတ်တဆိတ် ရှင်းပြလိုက်သည်။ 


"ကျိကောရဲ့ ကားမတော်တဆမှုအကြောင်း အ‌စ်မရှောင်ထောင်ဆီကနေ ကြားခဲ့မိလို့လေ အဲဒါကြောင့် သတင်းလာမေးတာပါ ခွင်းကော စိတ်မပူပါနဲ့ သတင်းထောက်တွေ မမှတ်မိအောင် သေချာ ရုပ်ဖျက်ထားပါတယ် ..." 


"မြန်မြန်ဝင်လာလေ ..."


ဖန်ခွင်းက သူမကို အထဲသို့ အဝင်ခိုင်းရင်း ရယ်ကာမောကာ ပြောလိုက်သည်။ 


"မင်းရဲ့ တွေးတောပေးမှုအတွက် ကျေးဇူးတင်ပါတယ် ကျိကောကလည်း အပြင်းအထန် ထိခိုက်သွားတာ မဟုတ်ပါဘူး နည်းနည်းလေး‌ သွေးလန့်သွားရုံတင်ပါ ရက်နည်းနည်းလောက်နေလို့ ဆေးစစ်ပြီးရင် ဆေးရုံက ဆင်းလို့ရပြီလေ ..." 


လီကျားက သူမ ထပ်ဝယ်လာသည့် အဖြူရောင်လီလီပန်းများကို ပြတင်းပေါက်အနီးရှိ ပန်းအိုးထဲသို့ ထည့်ရင်း စိတ်ပူနေဟန်ဖြင့် ဆက်ပြောလိုက်သည်။ 


"ကျွန်မဖြင့်လေ ကျိကောရဲ့ မတော်တဆမှုအကြောင်း ကြားတော့ အလန့်တကြားဖြစ်သွားတာ ကျိကောရေ ညနှစ်နာရီကြီးကို ဘာလို့များ အလောတကြီး ပြန်လာရတာလဲ တကယ်လို့သာ ပြင်းပြင်းထန်ထန် ထိခိုက်မိသွားရင် ကောရဲ့ပရိသတ်တွေ ဘယ်လောက်တောင် ဝမ်းနည်းနေကြမလဲဆိုတာကိုရော စဉ်းစားမိရဲ့လား ဒီလိုမျိုး နောက်တစ်ခေါက် ထပ်မလုပ်နဲ့တော့နော် လုံလုံလောက်လောက် အနားယူပြီးမှပဲ ခရီးသွားပါ နာရီပိုင်းလောက် နောက်ဆုတ်လိုက်ရုံလောက်နဲ့ ဘာမှ မနစ်နာသွားဘူးလေ ..." 


"ဒါပဲလေ ငါလည်း သူ့ကို ဒီလိုပြောတာမှ အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ပဲ ဒါပေမယ့် တစ်ခါမှ နားမထောင်ဘူး ..." 


ဖန်ခွင်းကပါ ပူးပေါင်းကာ စောဒကတက်လိုက်သည်။ 


ကျိမြန်က ခပ်ပြုံးပြုံးဖြင့် ခေါင်းငြိမ့်ပြလိုက်သည့်တိုင် သူ့အကြည့်တို့မှာမူ စူးစမ်းလိုဟန်များ လွှမ်းမိုးထားသည်။ တစ်ခဏမျှ တွေးပြီးနောက် အကြောင်းအရာတစ်ခုကို တမင်တကာ ထုတ်ပြောလိုက်သည်။ 


"ကျားအာ ထျန်းထျန်း entertainment နဲ့ စာချုပ်ချုပ်ဖို့ ဆွေးနွေးလို့ ပြီးပြီလား သူတို့ရဲ့ ဇာတ်လမ်း ရိုက်ကူးရေးကရော ..." 


လီကျား၏ အပြုံးများမှာ ယခင်အတိုင်းပင် ချိုမြိန်နေဆဲဖြစ်သည်။ သို့သော် သူမ၏ နှုတ်ဖျားမှ ထွက်လာသော စကားများမှာ ... 


"ညှိနှိုင်းနေတုန်းပဲ ရှိ‌ပါသေးတယ် သိပ်မကြာခင်မှာ အပြီးသတ်နိုင်မယ်လို့ ထင်ပါတယ် ဥက္ကဌကျိုးက တကယ့်ကို လူကောင်းတစ်ယောက်နော် ကျေးဇူးတင်ပါတယ် ကျိကော ..." 


ထိုသို့ ပြောလိုက်သည့်တိုင် သူမ၏ စိတ်ထဲတွင်မူ မကျေမနပ် ရေရွတ်မှုများဖြင့်သာ ပြည့်နှက်နေပေသည်။ 


သူမ အဓိကစာချုပ်ချုပ်လိုသည့် ကုမ္ပဏီမှာ သရဖူခေတ် ဖြစ်ကာ ထို့နောက်တွင် တော်ဝင်သရဖူ၊ တတိယအနေဖြင့် ကံကောင်းခြင်းရေစင်တို့ကိုပါ လျာထားရာ ထျန်းထျန်းကဲ့သို့ အသစ်စက်စက် ကုမ္ပဏီလေးမှာ သူမနှင့် စာချုပ်ချုပ်နိုင်ရန် မထိုက်တန်ဟုသာ တွေး‌မိပေသည်။ သရဖူခေတ်၏ ဥက္ကဌ ရှို့ချန်ယုမှာ လိင်ပိုင်းဆိုင်ရာ ကောလဟာလ မထွက်စေရန် အလို့ငှာ အမျိုးသမီးအနုပညာရှင် တစ်ဦးတစ်ယောက်နှင့်မှ စာချုပ်ချုပ်ဆို ပူးပေါင်းခြင်း မရှိတော့သည်မှာ နှမြောစရာပင် ဖြစ်သည်။ ထိုသူက သူနှင့် အဆက်အသွယ်လုပ်ရန် ကြိုးပမ်းသူများကိုပင် အညှာအတာမဲ့စွာ နင်းချေ‌လေ့ရှိသည့်အတွက် လီကျားမှာ ရှေ့ဆက်မတိုးရဲချေ။ သို့သော် ကျိမြန်ကမူ Baidu တွင် ဖော်ပြထားသည့်အတိုင်း ကူညီလိုစိတ်အပြည့်ရှိသည့် လူကောင်းတစ်ယောက် ဖြစ်နေ၍သာ တော်ပေသေးသည်။ သူအကောင်းမြင်သူ အားလုံးကို ကူညီရန် လက်ကမ်းပေးလေ့ ရှိသည့်အတွက် သူမသည် တော်ဝင်သရဖူ စတူဒီယိုသို့ ဝင်ရောက်နိုင်ရန် စီမံခဲ့ခြင်းဖြစ်သည်။ 


သို့သော် စာချုပ်ချုပ်ရန် ကြံရွယ်နေစဉ်မှာပင် ရှောင်ကျားရှုက သူမ၏ အကြံအစည်များအားလုံးကို ဖျက်ဆီးပစ်လိမ့်မည်ဟုတော့ လုံးဝ မျှော်လင့်မထားချေ။ သူ့ကို မုန်းတီးလွန်း၍ သူ့အသားကို ကိုက်ဝါးကာ လည်ချောင်းသွေးကို ဖောက်သောက်လိုစိတ်များပင် ဖြစ်ပေါ်လာမိတော့သည်။ ထိုသည်သာမက ကျိမြန်၏ ကူညီပေးမှုကို လက်ခံကာ ကျိုးနန်နှင့် သိကျွမ်းလာချိန်တွင် ‌ကျိမြန်ကိုပါ ထပ်မံမုန်းတီးလာပြန်တော့သည်။ ကျိုးနန်၏ ထျန်းထျန်းကုမ္ပဏီမှာ မည်သည့်အရင်းအမြစ်မှ မရှိသေးသည့် ကုမ္ပဏီအသေးလေးတစ်ခုသာ ဖြစ်ကာ ထို ထုတ်လုပ်ရေးအဖွဲ့ အမည်ခံ အဖွဲ့မှာလည်း ပြဇာတ်သမားအုပ်စုမျှသာ ဖြစ်ပေသည်။ ပိုပြီး ရယ်စရာကောင်းသည့်အချက်မှာ သရုပ်ဆောင်မင်းသားမင်းသမီး မရှိသည့်အပြင် ငွေကြေးလည်း လုံလုံလောက်လောက်မရှိ၊ အဝတ်အစားအတွက် ကိုယ်တိုင် ပြင်ဆင်ရမည့်အပြင် မိတ်ကပ်ပစ္စည်းနှင့် မိတ်ကပ်ပြင်ဆင်ပေးသူကိုပင် ကိုယ်တိုင် ရှာဖွေငှားရမ်းရပေဦးမည်။ 


ကုမ္ပဏီနှင့် ထုတ်လုပ်ရေးအသင်းကို ကြည့်ရှုပြီးနောက် လီကျား၏ နှလုံးသားထဲတွင် အမျက်ဒေါသတို့ ကိန်းအောင်းလာတော့၏။ 


ဒီဇာတ်ကားက သူမရဲ့ ဘဝမှာ ဘယ်လိုမှ ဆေးကြောလို့မရတဲ့ အမည်းစက်တစ်ခု ဖြစ်လာတော့မှာ ပြီးတော့ ပိုဆိုးတာ ဘာလဲသိလား သူတို့က ယွမ်နှစ်သိန်းပဲ ပေးတယ်လေ သူမကို တောင်းစားခိုင်းနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား သူမရဲ့ လက်ရှိအခြေအနေနဲ့ဆို tour တစ်ခု လုပ်ရုံနဲ့တင် ယွမ်နှစ်သိန်းကျော် ရှာနိုင်နေပြီလေ ပြီးတော့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာ ပေးထားတဲ့ နာမည်ကိုလည်း ကြည့်လိုက်ပါဦး << နှလုံးသားမဲ့တဲ့ မင်းသားနဲ့ ထက်မြက်တဲ့ ကြင်ယာတော်>> တဲ့ မျက်နှာတည့်တည့်ကို တိုက်နေတဲ့ လေနီကြမ်းလိုပဲ ပျို့အန်ချင်စရာ ကောင်းလိုက်တာ ... 


အနုပညာလောကထဲက ကျိမြန်ရဲ့ အဆင့်အတန်းက ဒီလောက် မြင့်နေတာကို သူသာ တကယ် ကူညီ‌ချင်ရင် ဒီလိုအမှိုက်သရိုက်ကုမ္ပဏီနဲ့ မိတ်ဆက်ပေးစရာ အကြောင်းကို မရှိဘူး စောက်ကျိုးနည်းကို ညင်သာကူညီတတ်ပြီး ပါရမီရှင်ကို သဘောကျတဲ့သူ ...


အကုန်လုံး အယောင်ဆောင်ထားတာတွေနေမှာပေါ့ ပြီးတော့ ပြီးခဲ့တဲ့အခေါက်က သူမိတ်ဆက်ပေးခဲ့တဲ့ သမိုင်းနောက်ခံ ဇာတ်လမ်းဆိုလည်း စုတ်ပြတ်နေတာပဲ ရာဇဝင်ထဲက နာမည်ကြီးမိန်းမပျက်နေရာမှာ သရုပ်ဆောင်ခိုင်းတာ ကိုယ့်ပုံရိပ်ကို ကိုယ့်ဘာသာကိုယ် ဖျက်ဆီးခိုင်းလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား ... 


လီကျားမှာ တွေးလေလေ ပိုပြီး မုန်းတီးလာလေ ဖြစ်သော်ငြား သူမ၏ အပြုံးမှာမူ ယခင်အတိုင်းပင် ချိုမြိန်နေဆဲဖြစ်သည်။ သူမသည် လူ့သဘောလူ့မနောကို ယခုမှ မျက်ဝါးထင်ထင် ကိုယ်တိုင်ကြုံဖူးသူ မဟုတ်သည့်အတွက် အနီးအနားရှိ လူများကို ရူးရူးမိုက်မိုက် တွန်းထုတ်မည် မဟုတ်ချေ။ ပြီးခဲ့သည့်အခေါက်က ရှေးခေတ်ဇာတ်လမ်းတွဲကို ငြင်းပယ်ရန် သူ့အမေကို အကြောင်းပြခဲ့ရာ ယခု ထျန်းထျန်းကုမ္ပဏီနှင့် စာချုပ်ချုပ်ရာတွင်လည်း အလားတူနည်းလမ်းကိုပင် အသုံးပြုမည်ဖြစ်သည်။ 


သို့သည့်တိုင် ကျိမြန်ကိုလည်း အပြစ်ပြုမိ၍ မရချေ။ ရှောင်ကျားရှုက ‌ကျားတစ်ကောင်သဖွယ် မာန်ဖီနေသည့်အတွက် ယာယီအကာအကွယ်ပြုပေးနိုင်မည့် ကျောထောက်နောက်ခံတစ်ခုကို ရှာရဦးမည် ဖြစ်သည်။ ထိုသို့ အတွေးပေါက်သွားသည်နှင့်တစ်ပြိုင်နက် လီကျား၏ မျက်ဝန်းတို့မှာ ရုတ်ချည်း နီရဲလာကာ နှေးကွေးလေးလံစွာဖြင့် မေးလိုက်သည်။ 


"ကျိကော အစ်မရှောင်ထောင်ပြောတာတော့ ကျွန်မကို ပိတ်ဆို့ဖို့ ကြိုးစားနေတဲ့သူက ရှောင်ကျားရှုတဲ့ သူနဲ့ တစ်ကြိမ်ပဲ တွေ့ဖူးတာကို ဘာလို့များ ဒီလိုလုပ်တာလဲဆိုတာ သိနိုင်မလားဟင် ..." 


"ဘာလို့လဲ ..." 


ကျိမြန်၏ မျက်နှာထားမှာ ပြောင်းလဲမသွားသည့်တိုင် သူ့မျက်ဝန်းအကြည့်တို့မှာမူ အေးစက်သွားချေပြီ။ 


"သူက ဟဲရီရဲ့ သူငယ်ချင်းတဲ့ ဒီလောက် နှစ်တွေအများကြီး ကြာသွားတာတောင် ဟဲရီက ကျွန်မကို အလွတ်မပေးချင်သေးဘူးနဲ့ တူပါတယ် ..." 


သူမ၏စကား ဆုံးသည်နှင့်တစ်ပြိုင်နက် ဖန်ခွင်းက ဒေါသတကြီး ပြောလိုက်သည်။ 


"ဘာပြောတာလဲ ရှောင်ကျားရှုက အဲဒီ့ကိစ္စကြောင့် မင်းကို ဒုက္ခပေးတာပေါ့ ဟုတ်လား ဒီ လူချမ်းသာ ဒုတိယမျိုးဆက်တွေကတော့ တော်တော်ကို စည်းပျက်ကမ်းပျက်နဲ့ အထိန်းအကွပ် မဲ့နေပြီပဲ လူတစ်ယောက်ကို ဒုက္ခပေးပြီးတာတောင် မကျေနပ်နိုင်သေးဘူး သေလမ်းကလွဲလို့ ဘာတစ်ခုမှ မကျန်တော့တဲ့အထိ တိုက်ခိုက်ချင်နေသေးတာလား ဒီ ခွေးကောင်တွေကတော့ တကယ်ကို လူစိတ်ပျောက်နေကြပြီ ..." 


"မဆဲနဲ့ ..." 


ကျိမြန်က မျက်ခုံးနှစ်ဖက်ကြား ဖိနှိပ်ရင်း စိတ်ပင်ပန်းစွာဖြင့် ပြောလိုက်သည်။ 


"ဒီကိစ္စတွေက ပြီးသွားပြီဆိုတော့ ထပ်ပြီး ပူပန်မနေနဲ့တော့ ..." 


"တကယ်ကြီး အပြီးသတ်နိုင်သွားပြီလား ..." 


လီကျားက ကြောက်ရွံ့နေဟန် လှစ်ဟပြလိုက်သည့်တိုင် သူမ၏ နှလုံးသားထဲတွင်မူ ခါးသီးမှုတို့ကသာ အပြည့်အဝ နေရာယူထားသည်။ 


Xxxxxxxx