အပိုင်း ၁၆
Viewers 56k

Chapter 16


ဒီပုံစံအတိုင်းဆို ကျိမြန်ပေးတဲ့ အကူအညီတွေက အထောက်အပံ့မဖြစ်ရုံတင် မကဘူး ထောင်ချောက်တောင် ဖြစ်နိုင်သေးတယ် ပြောတော့ကျ လူတိုင်း လေးစားရတဲ့ ရုပ်ရှင်ဧကရာဇ်တဲ့ သူသာ တကယ် ကူညီချင်စိတ်ရှိရင် ဘာလို့ ဒီလောက်စုတ်ပြတ်နေတဲ့ ဇာတ်ကောင်မျိုးကို ပေးမှာလဲ တစ်ခုက ပြည့်တန်ဆာ နောက်တစ်ခုက စိတ်ဝေဒနာသည်


ဒီနေရာတွေမှာသာ သရုပ်ဆောင်လိုက်ရင် အနာဂတ်ကတော့ သေချာပေါက်ကို ပျက်စီးသွားမှာ ကျိန်းသေတယ် ရှောင်ထောင်ပြောတော့ သူမရဲ့ လက်ထဲမှာ << ကြည်လင်သောကောင်းကင်>> နဲ့ << တမန်တော်>> ရဲ့ ဇာတ်ညွှန်းတွေ ရှိတယ်တဲ့ နှစ်ခုလုံးက နာမည်ကြီးဒါရိုက်တာ၊ နာမည်ကြီး ထုတ်လုပ်ရေးအသင်းတွေလေ သူသာ တကယ် ကူညီချင်စိတ်ရှိရင် အဲဒီ့နှစ်ခုမှာ သရုပ်‌ဆောင်ခိုင်းပါ့လား ... 


လီကျား၏ လောဘတို့မှာ မည်သို့မျှ အဆုံးသတ်နိုင်တော့မည် မဟုတ်ချေ။ လူတစ်ယောက်ကသာ သူမကို တစ်လက်မခန့် ကောင်းပေးပါလျှင် သူမသည် ဆယ်လက်မ၊ လက်မတစ်ရာခန့် ပိုလိုချင်သူဖြစ်သည်။ 


ကျိမြန်က ပူဆွေးမှုတို့ကို တနင့်တပိုး ထမ်းဆောင်ထားရသည့်တိုင် လင်းလက်လှပသည့် အပြုံးတစ်ပွင့်ကို ဆင်မြန်းကာ သူ့အိပ်ယာဘေးတွင် ထိုင်နေသည့် လီကျားကို စိုက်ကြည့်နေရင်း အတိုင်းအဆ မသိနိုင်လောက်အောင် မည်းမှောင်နေသည့် ထူးဆန်းသော အမူအယာတို့ကို မဖုံးနိုင်မဖိနိုင်လောက်အောင် ထုတ်လွှတ်နေပေ၏။ သူက သူမကို စိုက်ကြည့်ကာ တည့်တိုး ပြောလိုက်သည်။ 


"ဒီကိစ္စတွေက အကုန်ဖြစ်ပြီးသားတွေ အရမ်းလွန်ကျုးမလာခင် ရပ်လိုက်တော့ ..." 


မလွန်ခင် ရပ်ရမယ် ဟုတ်လား ဒါက အပြုသဘောဆောင်တဲ့စကားတော့ မဟုတ်ဘူးထင်တယ်နော် ... 


လီကျားက အနည်းငယ် ထိတ်လန့်သွားသည့်တိုင် ဟဲရီမှာ‌ သေဆုံးနှင့်ပြီဖြစ်ကာ သူ့အဖေမှာ ပိုင်ဆိုင်သမျှကို ရောင်းချကာ နိုင်ငံခြားသို့ပြောင်းသွားပြီး သူ့အမေအကြောင်းကိုမူ တစ်စွန်းတစ်မျှပင် မကြားရတော့ကြောင်း ပြန်တွေးမိသည့်အတွက် စိတ်သက်သာရာ ရသွားတော့သည်။ 


နောက်ထပ် ဘာတွေများ ပူနေဖို့ လိုဦးမှာလဲ ... 


ရှောင်ကျားရှုကို မကျေနပ်သည့်တိုင် ကျိမြန်၏ အကာအကွယ်ကို လိုအပ်နေဆဲ ဖြစ်သည့်အတွက် ခေါင်းကိုငုံ့ကာသာ ဖုန်းကြည့်နေလိုက်တော့သည်။ 


ထိုအချိန်မှာပင် သူမ ကြိုတင်ပေးထားသည့် alarm သံ ထွက်ပေါ်လာတော့သည်။ သူမက ရုတ်ချည်း မတ်တပ်ထရပ်ကာ ပူပြင်းတကြီး ပြောလိုက်သည်။ 


"ဒါ ဆေးရုံက ဖုန်းလှမ်းဆက်တာပဲ အမေ တစ်ခုခုဖြစ်နေပြီ ထင်တယ် ကျိကော ကျွန်မ ဖုန်းသွားကိုင်လိုက်ပါဦးမယ် ..." 


"သွားလေ ..." 


ကျိမြန်က ခေါင်းအသာငြိမ့်ပြရင်း ပြန်အိပ်နေလိုက်သည်။ 


ဖန်ခွင်းက သက်ပြင်းချကာ 


"လီကျားရဲ့ ဘဝကလည်း မလွယ်လိုက်တာ ..." 


"စကားမပြောနဲ့ ..." 


ကျိမြန်က သူ့ကို ဟန့်တားရန် လက်မြှောက်ပြလိုက်သည်။ 


... 


ကော်ရစ်ဒါမှာ အလွန်တိတ်ဆိတ်နေကာ ဖုန်းပြောနေသည့်အသံ တစ်ခုတစ်လေကိုမှ မကြားရချေ။ ဖုန်းကိုကိုင်လျက် လီကျားက လှေကားရင်းတွင် ပုန်းအောင်းနေလိုက်သည်။ မျက်လုံးတို့ကို နီမြန်းလာသည်အထိ အကြမ်းပတမ်း ပွတ်သပ်ကာ မျက်စဉ်းခတ်လျက် ‌မျက်တောင်တို့ကို စိုစွတ်စေလိုက်၏။ ထို့နောက် အချိန်အနည်းငယ် စောင့်ဆိုင်းပြီးကာမှ ဆေးရုံအခန်းထဲသို့ ပြန်ဝင်လာလိုက်တော့သည်။ 


ဖန်ခွင်းသည် သူမအမေအကြောင်း ကြားလိုက်ရကတည်းက ပူပင်နေသည့်အတွက် ငိုထားဟန်ပေါ်နေသူကို မြင်လိုက်ရသည့်အခါ အမောတကော မေးမည်ပြင်လိုက်သော်ငြား ကျိမြန်က အေးစက်နေသော လေသံနှင့်အတူ စကားစကို ဖြတ်တောက်လိုက်သည်။ 


"ကျားအာ ငါနည်းနည်း ပင်ပန်းပြီး အိပ်ချင်နေလို့ အိမ်ပဲ ပြန်လိုက်တော့နော် ..." 


ကိုယ်စိတ်နှစ်ပါးလုံး ပင်ပန်း‌ဆင်းရဲနေဟန်ဆောင်မည့် လီကျား "..." 


ဒါကြီးက မဟုတ်သေးဘူးလေ ကျိမြန်က ဘာလို့ ငိုနေတာလဲဆိုပြီး မေးလာမှာ မဟုတ်ဘူးလား အဲဒီ့အခါကျ အမေက ရောဂါပြင်းထန်နေလို့ ခွဲစိတ်ဖို့ ငွေအမြောက်အများ‌ လိုနေတယ်လို့ ပြောရမှာလေ တကယ်လို့ သူက ချေးပေးပါ့မယ်လို့ ပြောလာရင် အသည်းအသန်ငြင်းရမှာပေါ့ အဲဒါမှ နောက်ပိုင်း "အရုဏ်ဦး" ကုမ္ပဏီနဲ့ စာချုပ်ချုပ်တဲ့အခါ ဒီ ငွေကြေးလိုအပ်တာကို အကြောင်းပြလို့ ရမှာလေ ကျိမြန်က မိစုံဖစုံ မရှိလို့ သူ့အမေအပေါ် အရမ်းသိတတ်လိမ္မာတယ်ဆိုတာ တစ်နိုင်ငံလုံးအသိပဲလေ ... 


လီကျားက အကွက်ကျကျ စီမံထားပေသည်။ ထိုအကြံသာ အောင်မြင်ပါလျှင် ကျိမြန်ကို စိတ်အနှောင့်အယှက် မဖြစ်စေနိုင်ဘဲ ထျန်းထျန်းကုမ္ပဏီ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်နိုင်မည်ဖြစ်ရာ နှစ်ဦးနှစ်ဖက် အကျိုးရှိလှပေသည်။ ထို "အခြေအနေ ပိုမိုဆိုးဝါးလှသည့် ရောဂါသည်အမေ" မှာမူ လူနာကုတင်ပေါ်ထိုင်ကာ ပိုက်ဆံများ ရေတွက်နေပြီး သူမကို ‌ငွေအလုံအလောက် ပေးနေသရွေ့ သမီးဖြစ်သူ ကြံစည်သမျှတိုင်းကို ကောင်းစွာ ပူးပေါင်းဆောင်ရွက်ပေးနေမည်ဖြစ်သည်။ ဟဲရီကို အကွက်ချကြံစည်ခဲ့စဉ်ကလည်း အလားတူပင်ဖြစ်သည်။ 


ဒါပေမယ့် ထူးဆန်းလိုက်တာ ကျိမြန်က ဘာလို့ အကွက်ထဲ ဝင်မလာတဲ့အပြင် ချက်ခြင်းကြီး နှင်ထုတ်နေရတာလဲ ဒီကြားထဲမှာ ဘာများ မှားသွားလို့ပါလိမ့် ... 


လီကျားမှာ စိတ်နှင့်လူနှင့် မကပ်သည့်အတွက် ဆေးရုံမှ မည်ကဲ့သို့ ထွက်လာခဲ့သည်ကိုပင် မမှတ်မိတော့ချေ။ 


ဖန်ခွင်းက ကျိမြန်ကို တစူးတစမ်း စိုက်ကြည့်လိုက်သည်။ 


"လီကျား ငိုချတော့မလိုဖြစ်နေတာကို သတိမထားမိဘူးလား သူ့အမေက တစ်ခုခုဖြစ်နေတာထင်တယ်..." 


"သူ့အမေ ဖြစ်တဲ့ကိစ္စက မင်းနဲ့ရော ငါနဲ့ရော ဘာဆိုင်လို့လဲ ငါက သူ့အဖေလား ဒါမှမဟုတ် မင်းက သူ့အဖေလား ..." 


ကျိမြန်က အေးစက်စွာဖြင့် မေးလိုက်သည်။ 


"ဒီစကားပြောပုံတွေက မင်းနဲ့ မတူလိုက်တာ ..." 


ဖန်ခွင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ 


"ငါက အရည်အချင်းရှိတဲ့သူတွေကို သဘောကျတယ်ဆိုတာတော့ ဟုတ်တယ် ဒါပေမယ့် အဲဒါကြောင့်နဲ့တော့ လူတိုင်းကို လိုက်ကူညီနေမှာ မဟုတ်ဘူး ငါက တကယ်ကို အသက်ကြီးလာပြီထင်တယ် အမြင်တွေက ဟိုးအရင်ကလို မကောင်းတော့ဘူး ..." 


ကျိမြန်က နောင်တရလေဟန်ဖြင့် ပြောလိုက်သည်။ 


"ပြောပြန်ပြီလား မင်းအမြင်က တကယ်ကို ကောင်းတာလို့ လီကျားပဲ ကြည့်ပါ့လား အဆိုကောင်းရုံတင် မကဘူး သရုပ်ဆောင်တဲ့ အရည်အချင်းကလည်း ပြောင်မြောက်ချက်ပဲ သူမမှာ နာမည်ကြီးလာနိုင်မယ့် အလားအလာ ရှိနေတယ် ..."


"သူမရဲ့ဘဝကို ပြဇာတ်လို သဘောထားပြီး နေ့ရှိသရွေ့ တစ်ခြားသူတွေ မြင်အောင် သရုပ်ဆောင်ပြနေတဲ့ လူစားမျိုးကမှ သရုပ်‌ဆောင်တဲ့အရည်အချင်း မရှိရင်လည်း ... ရှောင်ထောင်ကိုပြောလိုက် လီကျားနဲ့ ပတ်သက်တဲ့ အဆက်အသွယ်တွေအကုန်လုံး ဖြတ်ချလိုက်တော့လို့ တကယ်လို့ အဲဒီလို မလုပ်ချင်ရင် သူမကိုပါ အလုပ်ထွက်ခိုင်းလိုက် ..." 


"လီကျားနဲ့ အကွာအဝေး ခြားထားချင်တာလား ရှောင်ကျားရှုကို ကြောက်နေလို့တော့ မဟုတ်ပါဘူးနော် ..." 


ဖန်ခွင်းမှာ အလွန်အမင်း အံ့ဩနေလေတော့သည်။ 


ကျိမြန်က သူ့ကို လျစ်လျူရှုကာ ဖုန်းနံပါတ်တစ်ခုကို ဆက်သွယ်လိုက်သည်။ 


"ကျိုးနန် လီကျားနဲ့ စာချုပ်ချုပ်ဖို့ စီစဉ်ပြီးသွားပြီလား ဒါဆိုလည်း ဘေးချထားလိုက်ဦး အလောတကြီး မလုပ်နဲ့တော့ သူမက ပိုကောင်းတဲ့ အေဂျင်စီတစ်ခု ရှာတွေ့သွားပြီ "အရုဏ်ဦး" တဲ့ ဟုတ်တယ် အဲဒီ့တစ်ခုပဲ အပြီးသတ်ဆွေးနွေးမှုတောင် ပြီးသွားပြီထင်တယ် မဟုတ်ဘူး ငါလည်း မသိထားဘူး မဟုတ်ရင် မင်းနဲ့ မိတ်ဆက်ပေးပါ့မလားကွာ ငါလည်း သူမ ဘာတွေတွေးနေလဲ မသိတော့ဘူး ..." 


ကျိမြန်က စကားစဖြတ်လိုက်ကာ အနည်းငယ်ကြာကာမှ ဆက်ပြောလိုက်သည်။ 


"မင်းရဲ့ အချိန်တွေကို အလကားဖြစ်စေမိတဲ့အတွက် တကယ်ကို အားနာမိပါတယ် နောက်မှ မင်းကို ထမင်းဖိတ်ကျွေးမယ်လေ ဒါပေါ့ နောက်မှ တွေ့ကြမယ်နော် ..." 


ဖုန်းချပြီးနောက်တွင်တော့ အလွန်ပင်ပန်းနေသည့် အမူအယာတစ်ခု ထွက်ပေါ်လာကာ သက်ပြင်းအရှည်ကြီး ချလိုက်တော့သည်။ 


ဖန်ခွင်းက အလန့်တကြား မေးလိုက်သည်။ 


"လီကျားက ထျန်းထျန်း entertainment နဲ့ စာချုပ်မချုပ်ဘဲ "အရုဏ်ဦး" နဲ့ ချုပ်မှာ ဟုတ်လား ဘယ်ကနေ ကြားလာခဲ့တာလဲ ငါ့ကိုလည်း တစ်ခါမှ မပြောခဲ့ဖူးပါဘူး ..." 


"ငါ့မှာလည်း အဆက်အသွယ်တွေ ရှိတယ်လေ ..." 


ကျိမြန်က လက်ကိုသာ ယမ်းပြလိုက်တော့သည်။ 


"ငါ့ကို စာအုပ်နဲ့ ဘောပင်တစ်ချောင်းလောက် ယူလာပေးပါဦး ..." 


ဖန်ခွင်းက သူ့အိတ်ထဲရှိ စာအုပ်နှင့် ဘောပင်ကို ထုတ်ပေးရင်း ပါးစပ်ကလည်း အဆက်မပြတ် မြည်တွန်တောက်တီးနေလိုက်သည်။ 


"လီကျားက ဘာလို့များ အရုဏ်ဦးနဲ့မှ သွားချုပ်ရတာလဲ သတိလက်လွတ်ဖြစ်လိုက်တာနော် ..." 


အရုဏ်ဦးသည် အနုပညာရှင်များကို ခေါင်းပုံဖြတ် အမြတ်ထုတ်ရုံမက အရည်အချင်းပိုင်းဆိုင်ရာ ထူးချွန်အောင် လေ့ကျင့်ပေးခြင်း မရှိဘဲ မသင့်လျော်သည့် နည်းလမ်းများဖြင့် နာမည်ကြီးလာအောင် လုပ်ပေးသည်ဟု သတင်းမွှေးနေသော ကုမ္ပဏီပင်ဖြစ်သည်။ ထိုကုမ္ပဏီရှိ မန်နေဂျာများကလည်း အနုပညာရှင်များကို အငယ်အနှောင်းအဖြစ် လုပ်ဆောင်ရန် သွေးဆောင်ရုံသာမက သူတို့ကို အပြည့်အဝ ထိန်းချုပ်နိုင်စေရန်အလို့ငှာ မူးယစ်ဆေးဝါးများ သုံးစွဲခိုင်းသေးသည်ဟုပင် ကောလဟာလများ ပိုင်ဆိုင်ထားသေးသည်။ အရုဏ်ဦးရှိ အနုပညာရှင်အားလုံး၏ တူညီသော အချက်တစ်ချက်မှာ ငယ်ရွယ်နုပျိုကာ ရုပ်ရည်ချောမောခြင်းပင်ဖြစ်သည်။ သို့သော် အသက်အရွယ်ကြီးရင့်လာကာ ရုပ်ရည်သွင်ပြင် ယိုယွင်းလာလျှင်မူ ရုတ်ချည်း စွန့်ပစ်ခံလိုက်ရပေသည်။ 


သို့သော် အရုဏ်ဦးနှင့် စာချုပ်ချုပ်ရာတွင် ကောင်းကျိုးများစွာလည်း ရှိပေသေးသည်။ နောက်ကွယ်ရှိ ပိုင်ရှင်မှာ အင်မတန် နောက်ခံတောင့်တင်းသည့်အပြင် ထိပ်သီးအရင်းအမြစ်များစွာကိုလည်း ပိုင်ဆိုင်ထားသည့်အတွက် အနုပညာရှင်တစ်ယောက်ကို မိနစ်ပိုင်းအတွင်းမှာပင် ကျော်ကြားလာစေရန် စွမ်းဆောင်နိုင်ပေသည်။ အကယ်၍ လီကျားအနေဖြင့် မိခင်ဖြစ်သူကို ကုသပေးရန် ငွေကြေးလိုအပ်နေ၍ အရုဏ်ဦးနှင့် စာချုပ်ချုပ်ခြင်း ဖြစ်ပါလျှင်မူ လက်သင့်ခံနိုင်လောက်ပေသည်။ 


ဒါပေမယ့် ဒီမိန်းမငယ်လေးကတော့ ... တကယ်ကို နှမြောစရာပဲ ... 


ဖန်ခွင်းက တိတ်တခိုး သက်ပြင်းချလိုက်ချိန်တွင် ကျိမြန်၏ ခါးသီးသော ရယ်မောသံကို ကြားလိုက်ရသည့်အတွက် ထုတ်မမေးဘဲ မနေနိုင်တော့ချေ။ 


"ဘာတွေ ရယ်နေတာလဲ ..." 


"မဟုတ်ပါဘူး ငါ့အမြင်ကိုမှ ဆိုးလှပြီ မှတ်နေတာ မထင်ထားမိဘူး မင်းအမြင်က ပိုဆိုးနေတာပဲ ..." 


ကျိမြန်က ခေါင်းကိုယမ်းကာ တစ်ခုခုကို ချရေးလိုက်သည်။ သူ့အကြည့်တို့မှာမူ ရေခဲတောင်သဖွယ် အေးစက်နေပေသည်။ 


ဖန်ခွင်းက ကန့်ကွက်လိုက်သည်။ 


"မင်းကို ရုပ်ရှင်ဧကရာဇ်ဖြစ်အောင် လုပ်ပေးနိုင်ကတည်းက ငါ့အမြင်ကောင်းတယ် မကောင်းတယ် သက်သေပြနိုင်ပြီးသားလေ ဘာတွေ ချရေးနေတာလဲ ငါက တစ်ခုကိုမှ မဖန်တီးနိုင်ဘူး ..." 


စာအုပ်ထဲတွင် နာမည်စာရင်းနှစ်မျိုးကို တွေ့လိုက်ရသည်။ ပထမတစ်မျိုးတွင် သူနာပြုများ၊ လန်ကျဲ၊ ချန်းကော အစရှိသဖြင့် ရေးသားထားပြီး နာမည်အဆုံးတွင် ကြက်ခြေခတ်များ ရေးထားသည်။ ဒုတိယစာရင်းတွင်မူ ဖန်ခွင်း၊ ဥက္ကဌရှို့၊ ရှောင်ကျားရှု၊ လီကျား စသည်ဖြင့် ရေးထားကာ နာမည်အဆုံးတွင် အမှတ်အသားများ ထည့်ထားသည်။ အမှန်ခြစ်၊ ကြက်ခြေခတ်တို့နှင့်အတူ မကြိုက်၊ သင့်လျော် အစရှိသည့် စကားလုံးတို့ကိုပါ မှတ်သားထားပြီး အဆုံးတွင်မူ "အကောင်းမြင်နှုန်း၊ အဆိုးမြင်နှုန်း" ဟုပါ ရေးထားလိုက်သည်။ 


အကျိုးနည်း ဒါက ဘာတွေလဲ တစ်ခုစီဖတ်ရင်တော့ နားလည်ပေမယ့် အကုန်စုဖတ်လိုက်တော့ကျ နားမလည်တော့ဘူး ... 


ဖန်ခွင်းမှာ အမြီးလားခေါင်းလားပင် မခွဲခြားတတ်တော့။ သူက မေးမည်ပြုစဉ်မှာပင် ကျိမြန်၏ စကားသံကို ကြားလိုက်ရသည်။


"အပြင်ဘက်ကို ဖြည်းဖြည်းလေး လျှောက်သွား ဖုန်းကို မချပစ်နဲ့ ငါ ရပ်တော့လို့ပြောရင် ရပ်ပြီးတော့ မင်းရောက်နေတဲ့ နေရာနဲ့ ငါနဲ့ ဘယ်လောက်ဝေးလဲ တွက်ပေး ..." 


သူက ဖန်ခွင်း၏ ဖုန်းနံပါတ်ကို ခေါ်ရင်း ပြောလိုက်သည်။ 


ဖန်ခွင်းလည်း ဖုန်းကိုယူကာ ထွက်လာရုံမှအပ ရွေးစရာ မရှိတော့ချေ။ စိတ်ထဲတွင်လည်း မနားတမ်း ရေရွတ်နေလိုက်တော့သည်။ 


ဒီ မတော်တဆမှုကနေ တကယ်ကြီး ဦးနှောက်ထိခိုက်သွားတာလား ဘယ့်နှယ့်လုပ်ကြမလဲ ဦးနှောက်အထူးကုဆရာဝန် တစ်ယောက်လောက်ကို ပင့်ပြီး စစ်ဆေးကြည့်ရမလား ... 


အတွေးတို့ကို ဖြန့်ကျက်ရင်း ကော်ရစ်ဒါတစ်လျှောက် ခပ်ဖြည်းဖြည်း လျှောက်နေစဉ် တစ်နေရာအရောက်တွင် ကျိမြန်၏ စကားသံကို ကြားလိုက်ရတော့သည်။ 


"ရပ်တော့ ငါတို့နှစ်ယောက်ကြား ခန့်မှန်းခြေ ဘယ်လောက်လောက် ဝေးမလဲ ..." 


"၁၅ ဒါမှမဟုတ်ရင် ၂၀ မီတာ နီးပါးလောက်ပေါ့ ..." 


"ရပြီ ပြန်လာခဲ့လိုက်တော့ ..." 


ကျိမြန်က ဖုန်းကို ချကာ ဂရုတစိုက် နားထောင်ပြီးနောက် စာအုပ်ထဲ ချမှတ်လိုက်သည်။ ---- ၁၅ မီတာကနေ ၂၀ မီတာအတွင်းပဲ အကျိုးသက်ရောက်နိုင်တယ် ---- ထို့နောက် နားထင်ကို ခပ်သာသာ ဖိနှိပ်ထားလိုက်တော့သည်။ ဖန်ခွင်း ပြန်‌ရောက်လာချိန်တွင်မူ ကုတင်ကိုမီကာ ထိုင်နေသူကို တွေ့လိုက်ရတော့၏။ 


"ဘာဖြစ်လို့လဲ တစ်ခုခုဖြစ်လို့လား ..." 


ဖန်ခွင်းမှာ ပျာယာခတ်သွားတော့သည်။ 


"မင်းသိလား ..." 


ကျိမြန်က ခပ်လေးလေး ပြောလိုက်သည်။ 


"မနေ့ည ဒဏ်ရာရတုန်းက သတ္ထုအပိုင်းအစတစ်ခုက ငါ့နှလုံးကို ထိုးစိုက်ပြီးတော့ သွေးတွေလည်း ဒလဟော စီးကျလာတာ နောက်ငါးမိနစ်နေရင်ကို သေတော့မလိုပဲ ဒါပေမယ့် အခုကျတော့ မသေတဲ့အပြင် ဒဏ်ရာတစ်ခုတောင် မရှိတော့ဘူး ..." 


"မင်း အမှတ်မှားနေတာ ထင်တယ် ..." 


ဖန်ခွင်းက သူ့စကားကို ဖြတ်ပြောလိုက်သည်။ 


"ဒီအကြောင်းတွေ ထပ်တွေးမနေနဲ့တော့ ဒါတွေက လန့်သွားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပဲ နေမှာ အရေးအကြီးဆုံးအချက်က အခုထိ အသက်ရှင်နေသေးတယ်လေ ပျော်ပျော်ပဲနေ သံသယတွေ ဝင်မနေနဲ့တော့ ..." 


"မင်းပြောတာဟုတ်တယ် အသက်ရှင်ဖို့က အရေးအကြီးဆုံးပဲ ..." 


ထိုစကားများမှာ ကျိမြန်အတွက်မူ အားပေးစကားတစ်ခုပင် ဖြစ်သည်။ သူက သက်ပြင်းကိုသာ အသာချလိုက်တော့သည်။ 


.... 


Xxxxxxx