အပိုင်း ၁၇
Viewers 43k

Chapter 17


သုံးရက်ကြာပြီးနောက် နှစ်ဦးသား ဆေးရုံမှ ဆင်းလာလိုက်ကြတော့သည်။ အိမ်သို့ ပြန်ရောက်လျှင်ရောက်ချင်း ကျိုးနန်ထံမှ ဖုန်းဝင်လာသည်။ သူ့အသံမှာ အလွန်တစ်ရာကို ကူကယ်ရာမဲ့နေဟန်ပင်။ 


"လီကျားက တကယ်ကြီး ငါ့စာချုပ်ကို ငြင်းလိုက်တဲ့အပြင် ဇာတ်လမ်းထဲမှာလည်း မပါချင်ဘူးတဲ့ အခုခေတ်လူငယ်တွေက တကယ်ကို လက်တွေ့ဆန်ကြတာ‌ပဲနော် သူတို့ခေါင်းထဲမှာ ငွေကလွဲလို့ ဘာမှမရှိဘူး ..." 


"ငါတောင်းပန်ပါတယ် ..." 


ကျိမြန်၏ လေသံမှာ အလွန်အမင်း အရှက်ရနေဟန်ပင်။ 


"မင်းက ဘာလို့ တောင်းပန်ရမှာလဲ အဲဒါ သူမရွေးတဲ့လမ်းလေ ဟုတ်ပြီဟုတ်ပြီ ငါလည်း လူရှာနေတုန်းဆိုတော့ ဖုန်းချလိုက်တော့မယ် ..." 


"နေပါဦး ငါကြားတာတော့ မင်းရဲ့ဇာတ်လမ်းမှာ ရင်းနှီးမြှုပ်နှံမယ့်သူ မရှိသေးဘူးဆို ..." 


"မလုပ်နဲ့ မလုပ်နဲ့ မင်း ရင်းနှီးမြှုပ်နှံမှု လာမလုပ်တာ ပိုကောင်းမယ် အမှန်အတိုင်းပြောရရင်ကွာ ဒီရုပ်ရှင်ကို ချွမ်ချွမ်က ရိုက်မှာလေ သူက လုံးဝကို အပျော်တမ်းရိုက်တာ ပြီးတော့ ဂျက်စ်ကိုတောင် ငှားလိုက်သေးတယ် သရုပ်ဆောင်တွေအတွက် ဝတ်စုံဒီဇိုင်းတွေက တကယ်ကို အလန့်တကြားဖြစ်စရာနော် အရောင်တွေဆိုလည်း မူးနောက်နေတာပဲ ငါဆို အဲဒါတွေကို ကြည့်တိုင်း ခေါင်းမူးလွန်းလို့ ပြီးတော့ သရုပ်ဆောင်တွေကလည်း ရုပ်လေးပဲကြည့်ပြီး ငှားတာကွာ သရုပ်ဆောင်တတ်လားတွေဘာတွေ တစ်ခုမှ မကြည့်ဘူး ရုပ်လှရင် အကုန်ရွေးလိုက်တာပဲ ငါကတော့ ဆုံးရှုံးမှုတွေကို ခံနိုင်ရည်ရှိအောင် အခုကတည်းက ပြင်ဆင်နေပြီ မင်းကိုတော့ အတူတူ ဆွဲမချနိုင်ဘူး ..." 


သူ့ချစ်သူကောင်လေး ကျောက်ချွမ်အကြောင်း တွေးလိုက်မိချိန်တွင် ကျိုးနန်မှာ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ချေ။ 


ချူးကျောက်ချွမ်း၏ အားကိုး၍ မရနိုင်မှုနှင့် ဂျက်စ်၏ ရန်စနိုင်လောက်စရာ အနုပညာအမြင်တို့အကြောင်း နားလည်ထားသည့် ကျိမြန်လည်း ရင်းနှီးမြှုပ်နှံမည့်အတွေးကို ရုတ်ချည်း လက်လျော့လိုက်တော့သည်။ သူက ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ပြောလိုက်သည်။ 


"ဒါဆိုလည်း မင်းအတွက်ပဲ ဆုတောင်းနေပေးပါ့မယ် ဆုံးရှုံးတာတွေ နည်းနိုင်သလောက် နည်းပါစေကွာ ..." 


ကျိုးနန်က လမ်းပျောက်နေဟန်ဖြင့် ပြောလိုက်သည်။ 


"ချွမ်ချွမ်သာ ပျော်မယ်ဆိုရင် ဘာမဆို အဆင်ပြေပါတယ်ကွာ ရှုံးတာမြတ်တာက ဘာမှ အရေးမပါပါဘူး လီကျားကိစ္စကလည်း ဘာမှ သိပ်ကိစ္စမရှိဘူးနော် မင်းမှာ လူကောင်းသူကောင်းလေးများ ရှိရင်လည်း ငါ့ဆီ ပို့ပေးဦးနော် ငါ့မှာ လူမရှိဘူးဖြစ်နေလို့ ..." 


ကျိမြန်ကလည်း သဘောတူ‌လိုက်သည်။ ဖုန်းချပြီးနောက်တွင်တော့ ခေါင်းကို အသာယမ်းကာ ခပ်ဟဟ ရယ်မောလိုက်၏။ သူ့မျက်နှာပေါ်ရှ်ိ အပြုံးတို့ မပျောက်ကွယ်သေးခင်မှာပင် ဖုန်းတစ်ခု ထပ်ဝင်လာပြန်သည်။


 "လီကျား" 


"ဟယ်လို ကျိကော ကျွန်မ တကယ်ကို တောင်းပန်ပါတယ် အရုဏ်ဦးနဲ့ပဲ စာချုပ်ချုပ်လိုက်ပြီ ..." 


သူမ၏ အသံမှာ ဝန်ထုပ်ကြီးတစ်ခုကို ထမ်းပိုးထားသည့်နှယ် လေးလံနေပေသည်။


"ဟုတ်လား ဂုဏ်ပြုပါတယ် ရေတွေက စုန်ဆင်းပေမယ့် လူတွေကတော့ အပေါ်ကို ရုန်းကန်တက်ရမှာပဲလေ နားလည်ပါတယ် ပြောစရာမရှိတော့ရင် ဖုန်းချလိုက်တော့မယ် အစစအရာရာ အဆင်ပြေဖို့ ဆုတောင်းပေးပါတယ် ..." 


ဖုန်းချပြီးသည်နှင့်တစ်ပြိုင်နက် သူမ၏ ဖုန်းနံပါတ်ကို blacklist ထဲ ထည့်လိုက်သည်။ 


ကျွန်မမှာ ရွေးစရာ မရှိတော့လို့ပါ ဟူ၍ တစ်ကိုယ်တော် သရုပ်ပြတော့မည့် လီကျား "..." 


ဖုန်းပြန်ခေါ်လိုက်သော်ငြား လုံးဝ ဆက်သွယ်၍ မရတော့။ WeChat message မှာလည်း ပင်လယ်ထဲ အပ်ပျောက်သွားသည့်နှယ် နစ်မြုပ်သွားပြီး ကျိမြန်က သူမကို Weibo တွင် unfollow လုပ်သွားရုံသာမက သူမကို ချီးကျူးထားသည့် ပို့စ်များကိုပါ ဖျက်သွားတော့၏။ 


သိပ်မကြာခင်မှာပင် အင်တာနက်သုံးစွဲသူများက သတိပြုမိသွားကြကာ လီကျားက နတ်ဘုရားကျိကို အပြစ်ပြုမိ၍ အမုန်းခံလိုက်ရပြီဟု တစ်ယောက်စကား တစ်ယောက်နားဖြင့် သတင်းဖြန့်လိုက်ကြတော့သည်။ ကျိမြန်၏ ဂုဏ်သတင်းမှာ ကောင်းမွန်လှသည့်အပြင် ပရိသတ်အမြောက်အများကိုပါ ပိုင်ဆိုင်ထားသည့်အတွက် အလုံးစုံသော ဝေဖန်တိုက်ခိုက်မှုများက သူမထံသို့သာ ဦးတည်လာတော့သည်။ 


လီကျားမှာ ချွေးစေးများ စီးကျလာသည်အထိကို ပူပန်နေလေတော့သည်။ ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း ကျိမြန်မှာ ပို၍ပင် ပုန်းလျှိုးကွယ်လျှိုးနေလာကာ Weibo တွင် ပို့စ်တင်ရန်ပင် ခဲယဉ်းလွန်းလှသည့်အတွက် သူနဲ့ သက်ဆိုင်သည့် သတင်းတစ်ခု ထွက်လာပါလျှင် trending ဝင်သွားသည်အထိပင် ဂယက်ထတတ်ပေသည်။ သူမသာ ထိုကိစ္စကို ကောင်းကောင်း မကိုင်တွယ်နိုင်ပါလျှင် " လီကျားကို unfollow လုပ်သွားသည့် ကျိမြန်" ဟူသည့် သတင်းကြောင့် သူမ၏ နာမည်ဂုဏ်သတင်း ထိခိုက်ရတော့မည်ဖြစ်သည်။ သူမ၏ ပရိသတ်အများစုမှာ ကျိမြန်က သူမကို ထပ်ကာထပ်ကာ ချီးကျုး၍သာ ပရိသတ်ဖြစ်လာကြခြင်း ဖြစ်ပေသည်။ ဆိုရိုးစကားတစ်ခုပင် ရှိသေးသည်။ 


"ကိစ္စတစ်ခုရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတွေက အကုန် လူတစ်ယောက်တည်းကြောင့်ပဲ"


လီကျားမှာ ကျိမြန်ကို ဆက်သွယ်၍ မရတော့သည့်အတွက် ရှောင်ထောင်ကိုသာ ဖုန်းဆက်လိုက်ရတော့သည်။ သူ့ကောင်မလေးနှင့် အချိန်ဖြုန်းနေသော ရှောင်ထောင်ကလည်း ဖုန်းကို ချလိုက်ကာ ကျိကောက သူမကို ဂရုမစိုက်တော့သည့်အတွက် ဆက်သွယ်ရန် မလိုတော့ကြောင်းသာ စာပို့လိုက်တော့သည်။ 


လီကျား၏ အေးဂျင့်က မျက်မှောင်ကိုကြုတ်လျက် ဆိုဖာပေါ်ထိုင်ကာ ပြောလိုက်သည်။ 


"မင်းပဲ ကျိမြန်နဲ့ ဆက်ဆံရေးကောင်းပါတယ်ဆိုပြီး အာမခံခဲ့တာ မဟုတ်လား အခုကျ ဘာတွေ ဖြစ်ကုန်တာလဲ ပြီးတော့ မင်းအတွက် ပရိုမိုးရှင်းဆင်းပေးမယ့် အစီအစဉ်ကရော ..." 


‌သူမက အေးစက်စွာ ပြောလိုက်သည်။ 


"ဘာလို့လဲ ..." 


လီကျားမှာလည်း ရူးသွပ်လုနီးပါးပင်၊၊ သူမက အသံမြည်လာသည်အထိ အံကို တင်းတင်းကြိတ်ကာ စာပို့်လိုက်သည်။ 


"ငါလည်း မသိဘူး ဒါပေမယ့် င့ါကို ထပ်ပြီး မဆက်သွယ်နဲ့တော့ ကျိကောသာသိသွားရင် အလုပ်ဖြုတ်လိမ့်မယ် ..." 


ရှောင်ထောင်က ထိုသို့ပြောကာ တစ်ဖက်သူ၏ စကားကိုပင် မစောင့်တော့ဘဲ ဖုန်းချပြီး blacklist ထဲ ထည့်လိုက်တော့သည်။ 


လီကျားမှာ ကူကယ်ရာမဲ့စွာဖြင့် ဖုန်းကိုသာ အတင်းအကြပ် ဆုပ်ကိုင်ထားလိုက်တော့သည်။ 


"ကျဲ ခဏလောက် စောင့်ပေးပါဦး ဖုန်းဆက်ပြီး မေးကြည့်လိုက်ဦးမယ် အရင်က ကျိမြန်နဲ့ တကယ်ကို ဆက်ဆံရေးကောင်းခဲ့တာပါ သူက ကျွန်မအမေဆီကို လာပြီးတောင် လူနာသတင်းမေးခဲ့သေးတယ် ပြီးတော့ အဲဒီ့အကြောင်းလည်း သတင်းထွက်လာသေးတယ်လေ ..." 


သူမက ရှင်းပြရင်း အပေါင်းအသင်းများကို တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ် ဆက်သွယ်နေသည့်တိုင် ထိုသူများကမူ ကြိုတင်တိုင်ပင်ထားသကဲ့သို့ပင် သူမကို လျစ်လျူရှုလိုက်ကြတော့သည်။ 


သူမနှင့် သူမ၏ အေးဂျင့်သည် မူလက ဤသို့ဤပုံ စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ လီကျားနှင့် အရုဏ်ဦးကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုပြီးပါလျှင် ကျိမြန်ကို ဂုဏ်ပြုသည့် ပို့စ်တစ်ခု တင်ပေးရန် တောင်းဆိုမည်။ သူ၏ ကျော်ကြားမှုကြောင့် အခြားသော နာမည်ကြီးများကလည်း သံယောင်လိုက်ကာ ဂုဏ်ပြုပေးမည် ဖြစ်သည့်အပြင် ကျိမြန်၏ ပရိသတ်များသည်လည်း ငှားရမ်းထားသော ရေတပ်များထက်ပင် အောင်မြင်အောင် ဆောင်ရွက်နိုင်သူများ ဖြစ်နေသေးသည်။ အရာအားလုံးကို ကျိမြန် သတိမထားမိစေရန် အကွက်ကျကျ စီမံထားသော်ငြား ကျိမြန်က သူမကို ရုတ်ချည်း unfollow လုပ်ကာ အာရုံစိုက်မှုတို့ကို လက်ယပ်ခေါ်လိုက်လိမ့်မည်ဟုတော့ မျှော်လင့်မထားချေ။ ထို့ကြောင့် လီကျားအတွက် အစီအစဉ်ဆွဲပေးထားသည့် လူထုဆက်ဆံရေးကိစ္စအဝဝမှာ ပျက်စီးသွားရရှာတော့သည်။ 


ပျက်စီးသွားပြီဖြစ်သော အစီအစဉ်ကို စိုက်ကြည့်နေသည့် အောမိန်မှာမူ ခါးသီးမှုမှအပ မည်သည်ကိုမှ မခံစားနိုင်တော့ချေ။ သူမက ဒေါသတကြီးဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။ 


"သူက နင့်ကို ကောင်းတဲ့ကုမ္ပဏီနဲ့ မိတ်ဆက်ပေးပေမယ့် ငြင်းခဲ့တယ်လေ အဲဒါကြောင့်များ အဆိုးမြင်သွားတာလား ဘယ်ကုမ္ပဏီရွေးရွေး အဲဒါ နင့်ရဲ့ လွတ်လပ်ခွင့်လေ သူနဲ့ ဘာဆိုင်တာမှတ်လို့ ကျိမြန်က ‌လူတွေ ပြောသလိုလည်း သိပ်မကောင်းပါဘူး စိတ်သဘောထား ကျဉ်းမြောင်းလိုက်တာများ နင်ပြောတော့ကျ သူ့ရဲ့ နားလည်ပေးမှုကို ရအောင် လုပ်နိုင်ပါတယ်ဆို အခုကျ ဘာတွေ ဖြစ်ကုန်ပြီလဲ နင့်ကို နည်းနည်းလေးမှကို အားမကိုးရဘူး ကုမ္ပဏီက နင်နဲ့ စာချုပ်ချုပ်ပြီးရင် ပရိုမိုးရှင်းတွေ အများကြီး လုပ်ပေးဖို့ ပြင်ထားတာ ကြည့်ရတာ အဲဒါတွေ မလိုအပ်တော့တဲ့ပုံပဲ အသုံးစရိတ်တွေအကုန် ‌လျော့ပစ်လိုက်တော့မယ် လူထုပရိုမိုးရှင်းတွေ၊ အင်တာဗျူးတွေအားလုံးကိုလည်း ဖျက်လိုက်ပြီ ကုမ္ပဏီဝဘ်ဆိုဒ်မှာပဲ မင်းရဲ့ အချက်အလက်တွေကို တိတ်တိတ်လေး တင်ထားပေးတော့မယ် ..." 


"အောကျဲ ခဏလောက် စောင့်ပေးလို့ရမလားဟင် ကျိကောကို ဖုန်းခေါ်ပေးဖို့ အမေ့ကို ပြောလိုက်ပါ့မယ် ..." 


သူမအနေဖြင့် ကျိမြန်၏ စာနာပေးမှုကို ရနိုင်ရန် မဖြစ်နိုင်တော့သည့်အတွက် အခြားနည်းလမ်းတစ်ခုကို စဉ်းစားရချေတော့မည်။ ကျိမြန်၏ အမေမှာလည်း ကျန်းမာရေး မကောင်းဘဲ တစ်နှစ်ပတ်လုံး ဆေးရုံတွင်သာ နေထိုင်နေရသည့်အတွက် သူ့မိခင်ကို စောင့်ရှောက်နိုင်ရန်အလို့ငှာ ကျိမြန်၏ အနုပညာလမ်း‌ခရီး အစပိုင်းတွင် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရပေသည်။ ထို့ကြောင့် သူမ၏ အခြေအနေကို အကောင်းဆုံး နားလည်ပေးနိုင်မည်ဖြစ်သည်။ 


"သူက နင့်အမေ ခေါ်တော့ရော ဖုန်းကိုင်မှာတဲ့လား ..." 


အောမိန်မှာ အလွန်အမင်း ဒေါသထွက်လာတော့၏။ 


ကျိမြန်က ဘယ်လိုလူလဲရော သိလား ဖုန်းခေါ်ချင်တိုင်း ခေါ်လို့ရတဲ့ လူစားမျိုးများ မှတ်နေလား ... 


သို့သော် သူမသည် ကျိမြန်၏ အကျင့်စရိုက်ကို ကောင်းကောင်းသိထားပေသည်။ သူသည် လီကျားတို့ သားအမိကို အမှန်တကယ် ဂရုစိုက်ပေးခဲ့ပြီး ဆေးရုံသို့ပင် အခေါက်ပေါင်း မရေမတွက်နိုင်အောင် လာရောက်လည်ပတ်ကာ လက်ဆောင်များစွာလည်း ယူလာပေးဖူးရာ အကယ်၍ လီကျား၏ အမေသာ ဖုန်းခေါ်ပါလျှင် သေချာပေါက် ကိုင်မည်ဖြစ်သည်။ ဆေးရုံတက်နေသူ အမျိုးသမီးမှာ တစ်ခုခုဖြစ်နေကာ လီကျားကလည်း ဂရုမစိုက်နိုင်၍လားဟု စိုးရိမ်သွားမည်ဖြစ်သည်။


သိူ့သော် လက်ရှိအခြေအနေမှာမူ ကွဲပြားသွားချေပြီ။ လီကျား၏ အမေက အကြိမ်များစွာ ဖုန်းဆက်နေသည့်တိုင် ခေါ်ဆိုမှုအားလုံးမှာ ကျရှုံးသွားရသည်။ သူမလည်း blacklist ထဲ ရောက်သွားဟန်ပင်။ ကြည့်ရှုမည့်သူသာ မရှိပါလျှင် ထိုသားအမိက မည်မျှပင် အတွဲညီညီ သရုပ်ဆောင်နေပါစေ ချီး‌ကျူးမည့်သူ မရှိသည့်အတွက် အရှုံးပေးရုံသာ ရှိပေတော့သည်။ 


အောမိန်က အစီအစဉ်စာအုပ်ကို လွှင့်ပစ်ကာ သရော်လိုက်သည်။ 


"မင်း သရဖူ‌ခေတ်နဲ့ စာချုပ်ချုပ်မယ်ဆိုတဲ့ သတင်းတွေက အင်တာနက်မှာ ပျံ့နေပြီ သူ့ပရိသတ်တွေကလည်း မင်းကို မိသားစုလို သဘောထားကြပြီး နေ့တိုင်း မင်းအကြောင်းတွေ တင်ပေးနေတာ အခု စိတ်ပြောင်းပြီး အရုဏ်ဦးနဲ့ စာချုပ်ချုပ်လိုက်တော့ ကျိမြန်သာ မင်းအတွက် ကူပြောမပေးရန် သူ့ပရိသတ်တွေက မင်းကို သစ္စာဖောက်၊ အောင်မြင်မှုကို ငမ်းငမ်းတက် လိုချင်နေတဲ့ မျက်ကန်းဖြူဝံပုလွေလို့ ထင်ကုန်ကြတော့မှာ သေချာတယ် လူမုန်းမခံချင်ရင် ဒီကိစ္စကြီး ငြိမ်သွားတဲ့အထိ ခပ်လျှိုလျှိုပဲ နေလိုက် မင်းရဲ့ လတ်တလော ကြေငြာချက်တွေ အကုန်လုံးကို ဖျက်လိုက်တော့မယ် ပွဲဦးမထွက်ခင် နေ့တိုင်း ကုမ္ပဏီကိုလာပြီး လေ့ကျင့်ရေးဆင်းနေ ..." 


လီကျားမှာ မတရားခံလိုက်ရသည့်နှယ် ခံစားမိလိုက်တော့၏။ နောက်ခံတောင့်တင်းသည့် ကုမ္ပဏီနှင့် လက်မှတ်ထိုးကာ ‌ပွဲဦးထွက်ရန် လက်တစ်ကမ်းသာ လိုတော့သည့် အခြေအနေမျိုးတွင် မည်သည့်စိတ်နှင့်မှ အလျော့မပေးနိုင်တော့ချေ။ သူမက ‌အလောတကြီး ပြန်ဖြေလိုက်သည်။ 


"သူ့ကို သစ္စာမဖောက်ခဲ့ပါဘူး သူက ကျွန်မနဲ့ စာချုပ်မချုပ်တော့ရုံလေးတင်ပါ ဒါမှမဟုတ် သူက ကျွန်မကို ပိတ်ဆို့ချင်နေတာပါလို့ သတင်းဖြန့်လိုက်ရင်ရော ပြောရရင် ဒါကလည်း အမှန်တရားပဲလေ အင်တာနက်သုံးစွဲသူတွေ လိုက်ပြီး စုံစမ်းကြမလားဆိုတာကို မကြောက်ပါဘူး ..." 


အောမိန်က လီကျား၏ ကျင့်ဝတ်မရှိ၊ သိက္ခာမရှိ၊ အရှက်မရှိသည့် အပြုအမူကိုသာ အံ့ဩတကြီး ငေးကြည့်နေလိုက်တော့သည်။ သို့သော် စကားတစ်ခွန်းမှတော့ ပြောမလာ။ တစ်ဖက်သူကို သူမလက်ထဲသို့ လွှဲအပ်ထားသည့်အတွက် သူမတွင် နာခံမှု ရှိလာရန် ဆောင်ရွက်နိုင်သည့် နည်းလမ်းများစွာ ရှိနေသည့်အပြင် ကုမ္ပဏီကလည်း သူမ၏ ဆိုးဝါးသော နောက်ကြောင်းများကို ကူညီဖယ်ရှားပေးထားသည်။ 


"မင်းက ကွမ်ရှစ်၊ ကွမ်ရှီနဲ့ လွေ့ရွှေ့တို့ကို ဆန့်ကျင်ချင်နေတာလား ရူးများရူးနေပြီလား နင့်တစ်ကိုယ်လုံးမှာ ဘယ်နေရာကများ အဖိုးတန်နေလို့လဲ စိတ်ကူးထဲ‌မှာတောင် လုပ်ဖို့ မစဉ်းစားနဲ့ မင်းက အောင်မြင်မှု မရသေးတဲ့ လူသစ်လေးတစ်ယောက်ပဲ ရှိသေးတယ် တကယ်လို့ အောင်မြင်နေပြီပဲထားဦး ငါက‌တော့ ကျိမြန်ကို စိန်မခေါ်ရဲဘူး သူ့ရဲ့ အနုပညာလောကကို လွှမ်းမိုးထားနိုင်စွမ်းက မင်း တွေးကြည့်လို့တောင် မရတဲ့ ကိစ္စပဲ..." 


အောမိန်က မတ်တပ်ထရပ်ကာ သတိပေးလိုက်သည်။ 


" ပြဿနာမရှာဘဲ အိမ်မှာ ငြိမ်ငြိမ်လေး ထိုင်နေ ဒါတွေပြီးမှ မင်းအတွက် အလုပ်စီစဉ်ပေးမယ် ပြောထားလိုက်မယ်နော် မင်းသာ ငါ့စကားကို မနာခံရင် စွန့်ပစ်လိုက်ရုံပဲ ရှိတယ် ငါ့မှာ အနုပညာရှင်တွေ ပြတ်လပ်မနေဘူးဆိုတာကိုတော့ ခေါင်းထဲထည့်ထား ..." 


အောမိန်သည် အရုဏ်ဦး၏ ရွှေအဆင့် မန်နေဂျာတစ်ဦးဖြစ်ရာ သူမလက်ထဲရှိ အရင်းအမြစ်များမှာလည်း အလွန်ကောင်းမွန်သည့်အတွက် လီကျားမှာ သူမကို မနာခံဘဲ မနေရဲချေ။ သူမက ခပ်သွက်သွက် ခေါင်းငြိမ့်ပြကာ ကားပါကင်အထိ လိုက်ပို့ပေးလိုက်ပြီး အိန်ပြန်ရောက်သည့်အခါ ဂရုမစိုက်လေဟန် အမူအယာကို လှစ်ဟလိုက်သည်။ 


"တစ်လျှောက်လုံး ခက်ခက်ခဲခဲ ကြိုးစားပြီး နာမည်ကြီးတော့မယ်ဆိုကာမှ သုညဘဝကို ပြန်ရောက်သွားရပြီ ‌ကျိမြန် ရှောင်ကျားရှု ရှင်တို့နှစ်ယောက်လုံး စောင့်နေလိုက် ..." 


ရှောင်ကျားရှုကမူ အိပ်ယာထက်တွင် လှဲနေရင်း Weibo ကို ကြည့်ကာ ဝမ်းသာအားရ ရယ်မောလိုက်သည်။ သူ့ပုံစံမှာ သွေးနားထင် ရောက်နေဟန်ပင်။ ရွှယ်မြောင်က အခန်းထဲအထိ ရောက်လာကာ သူ့ဗိုက်ပေါ် လိပ်တက်နေသော ရှပ်အင်္ကျီကို ဆွဲချပေးရင်း ခပ်ပြုံးပြုံး မေးလိုက်သ ်။ 


"ရှောင်ရှု ဘာတွေ ကြည့်နေတာလဲ ..." 


"ကျိမြန်က လီကျားကို unfollow လုပ်လိုက်ပြီလေ အမေ ကြည့်လိုက်ပါဦး ..." 


‌သူက ဖုန်းကို ထိုးပြလိုက်သည်။ 


Xxxxxx