အပိုင်း ၁၈
Viewers 44k

Chapter 18


သူက ဖုန်းကို ထိုးပြလိုက်သည်။ 


"အရုဏ်ဦးကလည်း သူတို့ရဲ့ အနုပညာရှင်စာရင်းကို ပြန်ပြင်ပြီး လီကျားရဲ့ပုံကိုပါ ထည့်လိုက်တယ် ဒါကို အင်တာနက်သုံးစွဲသူတွေ ရှာတွေ့သွားတော့ သူမကို သစ္စာဖောက်မဆိုပြီး အုပ်လိုက်ကြီး ပြောဆိုနေကြပြီ အခု သူမက နံပါတ်တစ် အမုန်းခံရတဲ့သူ ဖြစ်နေပြီ follower တွေ အများကြီး တိုးလာပေမယ့် အကုန်လုံးက သူမကို မုန်းတဲ့သူတွေချည်းပဲ follow လုပ်ပြီး သူမကို မကြိုက်ကြောင်းတွေပြော ပြီးရင် ချက်ခြင်း unfollow ပြန်လုပ်နဲ့ ဟိုးအရင်က လူတွေ သန်းနဲ့ချီပြီး သူမကို ကြိုက်ခဲ့ရာကနေ အခု တစ်သန်းပဲ ကျန်တော့တယ် ဆက်တိုက်ကို ထိုးကျနေတာပဲ ..." 


"တကယ်လား ကြည့်ပါရစေဦး ..." 


‌ရွှယ်မြောင်က ဖုန်းကိုယူကာ ပို့စ်များကို ဂရုတစိုက် ကြည့်နေလိုက်သည်။ ထို့နောက် စကားဝိုင်းအသစ်တစ်ခုကို မစမီ သားဖြစ်သူကို စိုက်ကြည့်နေလိုက်သည်။ 


"ရှောင်ရှု သားရော သရုပ်ဆောင်ဖြစ်ချင်လား အမေ့မှာ ဇာတ်ညွှန်းတစ်ခု ရထားတယ် ကြည့်ကြည့်ချင်လား ..." 


"သရုပ်မဆောင်ချင်ဘူး ..." 


ရှောင်ကျားရှုက ခပ်သာသာပြုံးကာ ပြောလိုက်သည်။


"ဘာလို့လဲ အဘိုးနဲ့ အဖေ ပြောလာမှာကို ကြောက်လို့လား အိမ်ကနေ မောင်းထုတ်ခံရပြီး အမွေတွေ မရတော့မှာကို ကြောက်နေတာလား ..." 


သူမက လက်တွေ့အကျဆုံး မေးခွန်းများကို မေးလိုက်သည်။ 


ရှောင်ကျားရှုက အတော်ကြာ စဉ်းစားနေပြီးနောက် တည့်တိုး ငြင်းလိုက်သည်။ 


"မကြောက်ပါဘူး ကျွန်တော်က Wharton တက္ကသိုလ်ကနေတောင် ဘွဲ့ရလာတာပါနော် မိသားစုကို မမှီခိုရင်တောင် ထမင်းမငတ်အောင်တော့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပါတယ် ..." 


"ဒါဆို သရုပ်ဆောင်လုပ်လေ သရုပ်ဆောင်တဲ့ အလုပ်ကလည်း သမ္မာအာဇီဝကျတဲ့ အလုပ်ပါပဲ အထင်မသေးနဲ့ ..." 


သူမက ဖြောင်းဖျလိုက်သည်။ 


"ဒီတစ်ခေါက် သားက လီကျားကို ပိတ်ဆို့ချင်ပေမယ့် သူမက နေရာတကာမှာ ရှိနေတယ်လေ ဒါပေမယ့် ကျိမြန် ဘယ်လို ကိုင်တွယ်သွားသလဲ ကြည့်ကြည့်လိုက် သူက စကားတစ်ခွန်းတောင် မပြောဘူး unfollow လေး လုပ်လိုက်ရုံနဲ့တင် သူမမှာ ပြေးပေါက်ပိတ်သွားပြီ ပြောရရင် ဒါက big shot ကြီးတွေရဲ့ လွှမ်းမိုးနိုင်စွမ်းပဲလေ အမေက ကျိမြန်ထက်‌ အများကြီး ပိုလှတယ် မင်းအဖေကြောင့်သာ မဟုတ်ရင် အမေလည်း နာမည်ကြီးတစ်ယောက် ဖြစ်နေလောက်ပြီ အဲဒီ့ဆုတွေကလည်း ..." 


အတိတ်အကြောင်း ပြန်ပြောင်းပြောသည့်အခါ သူမ၏ မျက်ဝန်းတို့မှာ တလက်လက် တောက်ပလာပေတော့သည်။ 


ရှောင်ကျားရှုမှာ သူမကို စိုက်ကြည့်ရင်း အနည်းငယ် ဝမ်းနည်းလာတော့၏။ 


အမေက သူ့ကို အနုပညာလောကထဲ ဝင်ခိုင်းတာ သူမရဲ့ မပြီးပြတ်သေးတဲ့ အိပ်မက်တွေကို ဆက်လုပ်စေချင်လို့လား ရှောင်ချီကျဲနဲ့ လက်ထပ်ခဲ့တာ တကယ်ကို မှားတာပဲ အိပ်မက်တွင် မကဘူး လွတ်လပ်မှုတွေပါ ပျောက်ဆုံးခဲ့ရတာ သူတစ်ယောက်ပဲ သူမကို နှစ်သိမ့်ပေးနိုင်မယ်ထင်တယ် ... 


ထိုသို့ တွေးမိသည့်အခါ ရှောင်ကျားရှုက သူ့အမေကို ပွေ့ဖက်ပြီး အကြိမ်ပေါင်းများစွာ နမ်းရှုံ့လိုက်မိတော့သည်။ 


"အမေ ထပ်မပြောပါနဲ့တော့ ကျွန်တော် ရုပ်ရှင်ရိုက်ပါ့မယ် ..." 


သူ့အမေကို ဘယ်တော့မှ ပုန်ကန်မည်မဟုတ်။ သူမ၏ အိပ်မက်များ အမှန်တကယ် ဖြစ်လာစေရန် လိုလိုလားလား ကူညီပေးမည်ဖြစ်သည်။ 


ရွှယ်မြောင်လည်း ဝမ်းသာလုံးဆို့သွားကာ ပြင်ဆင်ထားသော ဇာတ်ညွှန်းကို ထုတ်ပြလိုက်သည်။ 


"ဒါက "တမန်တော်" အတွက် ဇာတ်ညွှန်း ဒါအတွက် ကွမ်ရှစ်နဲ့ ကွမ်ရှီတို့ ပူးပေါင်းထားတာ ဒါရိုက်တာက လောကျန်းဝေ့ ဇာတ်ညွှန်းရေးဆရာက ကျိုးတန်းတန်း ဒီထဲမှာ သားနဲ့ အရမ်းကို သင့်တော်တဲ့ ဇာတ်ကောင်တစ်ခု ရှိတယ် ဗီလိန်ရဲ့အစ်ကို ဖုန်းတဲ့ ဖုန်းကလည်း နိုင်ငံခြားက နာမည်ကြီးတက္ကသိုလ်တစ်ခုကနေ ဘွဲ့ရပြီး မိသားစုစီးပွားရေးကို ဆက်ခံဖို့ တရုတ်ကို ပြန်လာတာလေ ဇာတ်ညွှန်းကို အရင်ဖတ်ကြည့်လိုက် ပြီးမှ စာသားတွေကို ဘယ်လိုဖတ်ရမလဲဆိုတာ အမေသင်ပေးမယ် ဒီဇာတ်ကောင်က သားနဲ့ ဆင်တူတော့ သရုပ်ဆောင်ရတာ သိပ်ခက်ခဲမယ် မထင်ဘူး တကယ်လို့ နားမလည်ရင်လည်း အနုပညာလောကသားဟောင်း မင်းအမေက သင်ပေးမယ် အရင်ဆုံး စမ်းကြည့်လိုက်ရအောင် တကယ်လို့ သားက သရုပ်ဆောင်ရတာကို မကြိုက်ဘူး တစ်ခြားတစ်ခု လုပ်ချင်တာဆိုလည်း အမေ တွန်းအားမပေးပါဘူး ..." 


ရှောင်ကျားရှုက ဇာတ်ညွှန်းကို စိုက်ကြည့်ကာ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကောက်ဖတ်လိုက်သည်။ 


ရွှယ်မြောင်က အခန်းထဲမှ ထွက်မသွားခင် ဇာတ်ကောင်စရိုက်ကို သရုပ်ဖော်ထားရန် မှာကြားလိုက်သည်။ သူမ၏ အခန်းထဲသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ရှို့ချန်ယုကို ဖုန်းဆက်လိုက်သည်။ 


"ချန်ယု လင်းဖုန်းနေရာကို ရှောင်ရှုအတွက် စီစဉ်ပေးထားပြီးသား မဟုတ်လား ကျွန်မ ဇာတ်ညွှန်းကို ဖတ်ကြည့်ရ‌သလောက်ဆို ရှောင်ရှု ကိုင်တွယ်နိုင်လောက်တယ် ခံစားချက်လေးပင်တဲ့ အခန်းနှစ်ခန်းအတွက်ကိုတော့ သီးသန့် သင်ပေးဖို့ လိုလိမ့်မယ် အဲဒါမှ ရိုက်ကူးရေးကို နောက်ပြန်ဆွဲထားသလို မဖြစ်မှာ ..." 


ရှို့ချန်ယုက သူမ၏ တောင်းဆိုချက်ကို မငြင်းဆန်။ ဘာတစ်ခွန်းမှ စောဒကမတက်ဘဲ သဘောတူလိုက်သည်။ သူမ၏ အကဲဖြတ်မှုကို ယုံကြည်ထားသည့်အတွက် လူရွေးပွဲ ကျင်းပရန်ပင် မလိုအပ်တော့ချေ။ 


ထိုအချိန်တွင် ဇာတ်ညွှန်းဖတ်နေသော ရှောင်ကျားရှုမှာလည်း အနည်းငယ် အပြစ်မကင်း ဖြစ်လာတော့သည်။ သူက မည်ကဲ့သို့ သရုပ်ဆောင်ရမည်ကို မသိသေး။ ဤကဲ့သို့ အလုပ်မျိုးကို ရုတ်ချည်း လက်ခံလိုက်ရသည်မှာ သူ့အတွက် ခဲယဉ်းသော်ငြား မျှော်လင့်ချက်အပြည့်ဖြစ်နေသည့် သူ့အမေ၏ အကြည့်တို့ဖြင့် ရင်ဆိုင်လိုက်ချိန်တိုင်း ပြောစရာစကားတို့ ပျောက်ရှသွားရတော့သည်။ 


အား ... တကယ်ကို အာရုံနောက်စရာ ကောင်းတာပဲ ... 


အိပ်ယာပေါ် လူးလှိမ့်ကာ ညည်းတွားလိုက်သည်။ ထို့နောက် ငုတ်တုတ်ထထိုင်ကာ အချက်အလက်များကို စစ်ဆေးပြီးနောက်တွင်မူ သူ့အဖေနှင့် အဘိုးတို့သာ သူ့ကို တီဗီပေါ်တွင် တွေ့လိုက်ရပါလျှင် အံ့ဩသွားလေမလားဟု စဉ်းစားမိလိုက်တော့သည်။ 


ဘယ်လောက်တောင် ဒေါသတွေကြီးပြီး အော်ဟစ်ကြမလဲ မသိဘူး ... 


ထိုသို့ တွေးမိပြီးနောက် ဝမ်းသာအားရ အော်ဟစ်ရယ်မောလိုက်တော့သည်။ 


သူ့အမေကို ရင်နာအောင် လုပ်ဖို့ တွန့်ဆုတ်နေပေမယ့် အဘိုးနဲ့ အဖေကို ဒေါသထွက်အောင် လုပ်ရမယ်ဆိုရင်တော့ စိတ်ဝင်စားစရာပဲ ... 


နှစ်နှစ်ဆယ်ကျော် နေထိုင်ပြီးနောက် ပုန်ကန်ထကြွသည့်စိတ်များ စတင်ပေါ်ပေါက်လာကာ ထိုပုန်ကန်လိုစိတ်မှာလည်း အဘိုးနှင့် အဖေကိုသာ သီးသန့် ဦးတည်နေပေသည်။


ကျိမြန်က ရက်ပေါင်းများစွာ အနားယူနေပြီး သူ့လက်ထဲတွင် ဇာတ်ညွှန်းနှစ်ခုကိုသာ ယူထားသည်။ တစ်ခုမှာ <<ကြည်လင်သောကောင်းကင်>> ကျန်တစ်ခုမှာ <<တမန်တော်>> ဖြစ်သည်။ သို့သော် နှစ်ခုလုံးတွင် သူသည် ဇာတ်လိုက်မဟုတ်။ ဤလောကသို့ စတင်ဝင်ရောက်စဉ်ကတည်းက သူ နာမည်ကြီးလာသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ အသက် ၃၅ နှစ် ကျော်ပါလျှင် အနုပညာလောကထဲမှ ပျောက်ကွယ်သွားတော့မည်ဟု ပရိသတ်များကို ပြောထားဖူးကာ ထိုစကားမှာ စနောက်နေခြင်းမဟုတ်၊ အတည်ပေါက် ပြောထားခြင်း ဖြစ်သည်။ မင်ခုန်းသည် "တမန်တော်" ဇာတ်လမ်းတွင် ဖြတ်လျှောက်သဘောမျိုးသာ ပါဝင်သည့် နံပါတ်နှစ်ဇာတ်ဆောင်၊ အကြီး‌မားဆုံးဗီလိန်ဖြစ်သည်။ ထိုဇာတ်ကောင်မှာ အလွန်နက်ရှိုင်းကာ ဇာတ်ကောင်၏ စိတ်ပိုင်းဆိုင်ရာအပေါ် ဂရုတစိုက် စဉ်းစားရန်လည်း လိုအပ်ပေသည်။ 


ဇာတ်ညွှန်းကိုဖတ်ကာ ဇာတ်လမ်းထဲ စီးမျောရန် ပြင်နေစဉ်မှာပင် တောက်ပသည့် စိတ်နေစိတ်ထားနှင့် ချောမောသည့် မျက်နှာပိုင်ရှင် လူငယ်လေးတစ်ဦးက အိမ်ရှေ့တံခါး၏ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ကာ လေးလံသည့် ခရီးဆောင်အိတ်တစ်လုံးနှင့်အတူ ဝင်လာပြီး ကျယ်ကျယ်လောင်လောင် အော်မေးလိုက်သည်။ 


"ကျိကော ဘာလို့ ကျွန်တော့်ကို ယာဉ်မတော်တဆမှု ဖြစ်ခဲ့တယ်ဆိုတာ မပြောတာလဲ ..."


(Note- ကွမ်ရှစ် = သရဖူခေတ်


ကွမ်ရှီ = တော်ဝင်သရဖူ 


လွေ့ရွှေ = ကံကောင်းခြင်းရေစင် )


ထိုသူ၏ အမည်မှာ လင်းလဲ့ယန်ဖြစ်သည်။ သူသည် ကျိမြန်၏ ကိုယ်ရေးကိုယ်တာလက်ထောက် ဖြစ်ခဲ့ဖူးကာ အလုပ်ဝင်ပြီး နှစ်လအကြာတွင်မူ ကျိမြန်၏ ချစ်သူကောင်လေး ဖြစ်သွားတော့သည်။ ယခု သူသည် ရုပ်သံနှင့် သတင်းအချက်အလက် ပြန်ကြားရေးဆိုင်ရာ တက္ကသိုလ်၏ စီနီယာကျောင်းသားတစ်ဦးဖြစ်ကာ တက်ကြွပြီး အကောင်းမြင်တတ်သည့် စိတ်နေစိတ်ထားကိုလည်း ပိုင်ဆိုင်ထားပေသည်။ သို့သော် ယခုမူ မီး‌ဟုန်းဟုန်းတောက်နေသည့် နဂါးတစ်ကောင်သဖွယ် ‌ကျိမြန်အပေါ် အမျက်ဒေါသတို့ကို စုပုံဖွင့်ဟလိုက်တော့၏။ ရက်အနည်းငယ် ခရီးထွက်သွားပြီးနောက် အိမ်ပြန်လာတော့မည့်အချိန်တွင် သူ့ချစ်သူသည် ‌ကားမတော်တဆမှုကြောင့် သေလုနီးပါး ဖြစ်ခဲ့သည့်သတင်းကို ကြားလိုက်ရမည်ဟု လုံးဝ မျှော်လင့်မထားမိချေ။ ထိုအကြောင်းကို ယာဉ်မောင်းရှောင်လျှို့ပါးစပ်ဖျားမှ ရုတ်တရက် ကြားလိုက်ရ၍သာ မဟုတ်ပါလျှင် ယခုအချိန်အထိ အဖြစ်မှန်ကို သိရလိမ့်မည် မဟုတ်ပေ။ 


ငယ်ရွယ်စဉ်ကတည်းက သူ့ကိုယ်သူသာ ဂရုစိုက်ခဲ့ရကာ ကောင်းမွန်သည့် နေ့ရက်များမှာလည်း အလွန်နည်းပါးလှသည့်အတွက် လင်းလဲ့ယန်သည် "ဘဝမှာ ရာသီဥတုကဲ့သို့ပင် ခန့်မှန်းရန် ခဲယဉ်းလှသည်" ဆိုသည့်အချက်ကို အခြားသူများထက် ကောင်းစွာ သဘောပေါက်ထားပေသည်။ ကျိမြန်က မတော်တဆမှု ဖြစ်ခဲ့သော်ငြား သူကတော့ ထိုအကြောင်းကို လုံးဝ မသိခဲ့။ နောက်တစ်ချိန်တွင် အလားတူဖြစ်ရပ်မျိုး ထပ်ဖြစ်လာပါလျှင်လည်း မသိလိုက်မည်ကို စိုးရိမ်သည့်အတွက် အိမ်သို့ ရေးကြီးသုတ်ပျာ ပြန်လာ‌လိုက်တော့သည်။ အိမ်အပြန်လမ်းတွင်လည်း ဖြစ်လာနိုင်ချေရှိသည်များကို အမျိုးမျိုး တွက်ဆရင်း တွေးလေတွေးလေ ပိုပြီး ပူပန်သောကပွေလာရပေတော့သည်။ ပူပန်လွန်းအားကြီး၍ သူ့ချစ်သူ၏ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ အမြန်ဆုံး ကြည့်ရှုနိုင်စေရန်အလို့ငှာ တောင်ပံတစ်စုံကို ပိုင်ဆိုင်လိုစိတ်များပင် ဖြစ်ပေါ်လာတော့၏။ ကျိမြန်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့လိုက်ရချိန်တွင်မူ လင်းလဲ့ယန်၏ ဒေါသတို့မှာ မီးတောင်ပေါက်သည့်နှယ် ရုတ်တရက် ပွင့်ထွက်လာကာ ထိုသူကို ညဉ့်နက်သန်းခေါင်ရောက်ကာမှ အလောတကြီး ပြန်မလာနိုင်စေရန် ရိုက်ပုတ်၍သာ ဆုံးမလိုက်ချင်တော့သည်။ 


သူက လက်ဆွဲအိတ်ကို ဘေးသို့ တွန်းပို့ကာ အဆက်မပြတ် မြည်တွန်တောက်တီးတော့မည် ပြင်နေစဉ်မှာပင် ကျိမြန်၏ အတင်းအကြပ် တားဆီးခြင်းကို ခံလိုက်ရတော့သည်။ ကျိမြန်က ရှေ့တစ်လှမ်းတိုးကာ သူ့ခါးကို လှမ်းဖက်ရင်း လင်းလဲ့ယန်၏ နှုတ်ခမ်းများကို သူ့နှုတ်ခမ်းဖြင့် ဖိကပ်ရင်း အသံတိတ်စေလိုက်သည်။ လင်းလဲ့ယန်မှာ နားဝေတိမ်တောင် ဖြစ်သွားကာ တစ်ဖက်သူ၏ အနမ်းများကိုသာ တုန့်ပြန်လိုက်၏။ သူခံစားခဲ့ရသည့် ပူပန်ကြောက်ရွံ့မှုအားလုံးတို့မှာ ဤငြိမ်သက်အေးဆေးသော လေထုအကြားတွင် တစ်ဖြည်းဖြည်း လွင့်စင်ပပျောက်သွားတော့သည်။ 


"ခင်ဗျားဆီမှာ မကောင်းတာတစ်ခုခု ဖြစ်နေတဲ့ဟာကို ဘာလို့ ကျွန်တော့်ကို မပြောရတာလဲ ..." 


နမ်းရှိုက်ပြီးနောက် လင်းလဲ့ယန်၏ လေသံမှာ အလွန်နူးညံ့သွားပြန်တော့သည်။ 


"မင်း စိတ်ပူသွားမှာကို ကြောက်လို့ပါ ..." 


ကျိမြန်က လင်းလဲ့ယန်၏ နှုတ်ခမ်းထောင့်စွန်းရှိ ငွေရောင်အမျှင်တန်းများကို အသာအယာ သုတ်ပေးရင်း ပြောလိုက်သည်။ 


"ဒါပေမယ့် မင်းကို မပြောမိတာက ပိုပြီး စိတ်ပူစေနိုင်တယ်ဆိုတာ ကိုယ်သိသွားပါပြီ တောင်းပန်ပါတယ် ကိုယ်ကတိပေးတယ်နော် နောက်ဆို ဒါမျိုး လုံးဝ ထပ်မလုပ်တော့ဘူး မင်းလည်း သိပါတယ် ကိုယ်က ကတိတည်တတ်တယ်ဆိုတာ ဒါနဲ့ ဒီလောက်အစောကြီး ပြန်လာတာ ခရီးက ကောင်းကောင်းရော ပြီးခဲ့လို့လား ..." 


ကျိမြန်၏ အလေးအနက်ထားမှုနှင့် ရင်ဆိုင်လိုက်ရသည့်အတွက် ဒေါသမထွက်နိုင်တော့သော လင်းလဲ့ယန်က တီးတိုးပြန်ဖြေလိုက်သည်။ 


"ဟုတ်တယ် ခင်ဗျားကို တတ်နိုင်သလောက် အမြန်ဆုံး တွေ့ချင်လို့ အစောကြီး ပြန်လာတာလေ နောက်တစ်ခါ တစ်ခုခုဖြစ်ရင် ကျွန်တော့်ကို သေချာပေါက်ပြောနော် နောက်ဆုံးမှ သိရတဲ့သူ မဖြစ်ချင်ဘူး အဲဒါက အရမ်းဝမ်းနည်းဖို့ကောင်းတယ် ပြီးတော့ ကျွန်တော်က ညပိုင်းတွေမှာဆို အချိန်မီ လိုက်မလာနိုင်ဘူးလေ အထူးသဖြင့် သီးသန့်နေရာတွေမှာ ရိုက်ကူးရေးလုပ်နေရတဲ့ အချိန်မျိုးတွေပေါ့ ..." 


"ဟုတ်ပါပြီ ကိုယ်လည်း သင်ခန်းစာ ရနေပါပြီ ..." 


ကျိမြန်က သူ့ချစ်သူကောင်လေးကို ဖက်ထားရာမှ လွှတ်လိုက်ရင်း ပြုံးကာ ပြောလိုက်သည်။ 


"ရေသွားချိုးတော့လေ မင်းကို စားကောင်းတာတွေ စားဖို့ ခေါ်သွားပေးမယ် ..." 


လင်းလဲ့ယန်က အပေါ်ယံတွင် ပျော်ရွှင်နေသည့်ဟန် ထုတ်ပြလိုက်သော်ငြား သူ့နှလုံးသားထဲတွင်မူ တုန့်ဆိုင်းနေပေသည်။ ကျိမြန်သည် နိုင်ငံခြားတွင် ကြီးပြင်းလာသူ ဖြစ်သည့်အတွက် အနောက်တိုင်းအစားအစာများနှင့်သာ ‌အသားကျနေသည့်အပြင် သူ့အနေအထားကြောင့် သာမန်သူတို့ မဝင်ရောက်နိုင်သည့် အဆင့်မြင့် စားသောက်ဆိုင်များသို့သာ သွားရောက်လေ့ရှိသည်။ ဝတ်စုံသတ်မှတ်ချက်မှာလည်း အလွန် တခမ်းတနား ဖြစ်လှသည့်အပြင် စားသောက်စဉ်တစ်လျောက်လုံး အပြုအမူ၊ အပြောအဆို၊ ဓလေ့ထုံးစံများကို တင်းတင်းကြပ်ကြပ် လိုက်နာရန် လိုအပ်ရုံသာမက စားပွဲထိုးများကလည်း စဉ်ဆက်မပြတ် စောင့်ကြည့်နေသည့်အတွက် လင်းလဲ့ယန်မှာ ထိုနေရာသို့ သွားကာ စားသောက်ရလေတိုင်း ထုတ်မပြောတတ်သည့် ခံစားမှုများကိုသာ တစ်ပွေ့တစ်ပိုက် ရရှိလိုက်ရတော့သည်။


ကျိမြန်နှင့် အနောက်တိုင်းအစားအစာ သွားစားလေတိုင်း ဝဝလင်လင် စားသောက်ရသည်ဟူ၍ပင် မခံစားရ။ သူလှုပ်ရှားသမျှတိုင်းမှာလည်း အခြားသူ၏ အကြည့်အောက်မှ မလွတ်ကင်းနိုင်သည့်အတွက် ပို၍ပင် စိတ်ကျဉ်းကြပ်စရာ ကောင်းလာတော့သည်။ သူသာ ပြောခွင့်ရှိပါလျှင် တစ်ဖက်သူကို အကျယ်တဝင့်ပင် ထုတ်ပြောလိုက်ချင်ပါသည်။ "ဘာလို့ အနောက်တိုင်းစာလဲ ဟော့ပေါ့ဆိုင်ကောင်းကောင်း တစ်ဆိုင်ပဲ ရှာလိုက်ပါလား အဲဒီ့မှာဆို Michelin စားသောက်ဆိုင်တွေက full course ထက်တောင် ပိုပြီး ဝအောင် စားလို့ ရသေးတယ်" 


သို့သော် သူတို့နှစ်ဦးအကြား ဆက်ဆံရေးတစ်ခု ရှိလာသည်မှာ တစ်နှစ်မျှသာ ရှိသေးသည့်အတွက် အနောက်တိုင်းအစားအစာကို မနှစ်သက်ကြောင်း ထုတ်ပြရန် ရှက်ရွံ့နေမိသည့်အပြင် ကျိမြန်၏ ချစ်ခင်မှုတို့ကိုလည်း သိမ်းကျုံးကာ ယူငင်ချင်သေးသည့်အတွက် နှစ်သက်သယောင် ‌ဟန်ဆောင်နေခဲ့ရသည်။ နှစ်ဦးသား ပိုပြီး နီးကပ်လာလေ ဝန်ခံရန် ကြောက်ရွံ့မိလာလေ ဖြစ်သည့်အတွက် အချိန်ကောင်းကို စောင့်ကာ ဖွင့်ပြောရန် ဆုံးဖြတ်လိုက်သော်ငြား ယခုအချိန်အထိ အချိန်ကျမလာခဲ့‌တော့ချေ။ 


သူက ကျိမြန်ကို ပြုံးပြကာ နမ်းလိုက်ပြီးနောက် ရေချိုးခန်းထဲဝင်ကာ မျက်နှာကို ပွတ်သပ်လိုက်သည်။ ရုရှားစာရေးဆရာ Antin Pavlovich Chekhov ၏ "The Man in the Case" အမည်ရ စာအုပ်ကိုပင် အမှတ်ရမိလိုက်တော့သည်။ အပြစ်ဆိုစရာ မရှိလောက်အောင် ပြီးပြည့်စုံလှသည့် ကျင့်ဝတ်ထုံးတမ်းတို့နှင့်အတူ အနောက်တိုင်းအစားအစာကို စားရခြင်းမှာ ဟန်ဆောင်ပန်ဆောင်နိုင်လှသည်ဟု ခံစားမိကာ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်အားလုံး၏ စူးစူးရဲရဲ အော်ဟစ်သံများကိုပင် ကြားနေရပေသည်။


Xxxxxx