အပိုင်း ၁၉
Viewers 45k

Chapter 19


 


ကျိမြန်က ရေချိုးခန်းအပြင်တွင် ရပ်ကာ ရေနွေးငွေ့တို့ အခိုးရိုက်နေသည့် လျောတံခါးကို စိုက်ကြည့်နေလိုက်သည်။ သူ့မျက်ဝန်းထဲရှိ အပြုံးတို့ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားကာ ချင့်ချိန်စဉ်းစားနေဟန်တို့ အစားထိုး ဝင်ရောက်လာသည်။ ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ပြီးနောက်တွင်တော့ ကူကယ်ရာမဲ့နေသည့်တိုင် အလိုလိုက်ပေးလိုသော အမူအယာတို့သာ ကျန်ရစ်ခဲ့တော့၏။ 


တစ်နာရီကြာပြီးနောက် ... ခရီးမှ ပြန်လာပြီးနောက် ရေချိုးထားသည့် လင်းလဲ့ယန်နှင့် အကျအန ရုပ်ဖျက်ထားသော ကျိမြန်တို့နှစ်ဦး ဟော့ပေါ့ဆိုင်ရှိ သီးသန့်ခန်းထဲသို့ ရောက်လာကြတော့၏။ သူတို့၏ အရှေ့တွင် အမဲအူကြမ်း၊ ဘဲကလီစာ၊ တောင်ပံ၊ အာလူး အစရှိသည့် အရန်ဟင်းအမြောက်အများသာမက နှမ်းဆော့စ်နှင့် ဆော့စ်ပူများပါ ရှိနေပေသည်။ ထိုသည်သာမက မှိုဆော့စ်လည်း ရှိနေသေး၏။ နီရဲတောက်ပနေသည့် ဟင်းရည်မှာ အိုးထဲတွင် ဝဲဂယက်သဖွယ် လှည့်ပတ်နေကာ အလွန်စွဲလမ်းဖွယ် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပေသည်။ 


လင်းလဲ့ယန်က သက်ပြင်းချကာ ဟင်းရည်အနံ့ကို အားရပါးရ ရှုရှိုက်လိုက်သည်။ သူ့ချစ်သူကို လှည့်ကြည့်လိုက်သည့် အမူအယာတို့မှာမူ အနည်းငယ် မသက်မသာ ဖြစ်နေပေသည်။ 


"ကျိကော ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ဟော့ပေါ့စားချင်သွားရတာလဲ အစပ်စားနိုင်လို့လား ..." 


"အစပ်နည်းနည်းလေးပဲ ထည့်ပေးဖို့ မှာထားတော့ ကိစ္စမရှိပါဘူး ..." 


ကျိမြန်က သူ့ကောင်လေး၏ဆံပင်ကို ခပ်ဖွဖွထိုးဆွရင်း ပြုံးကာ ပြောလိုက်သည်။ 


"နောက်ကျ စားချင်တာရှိရင် ကိုယ့်ကို ပွင့်ပွင့်လင်းလင်းပြောနော် ကိုယ်ပြောတာကိုပဲ ငြိမ်ပြီး လက်ခံမနေနဲ့ လူနှစ်ယောက်က အတူတူနေကြပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် မှီခိုနေရုံနဲ့တင် မလုံလောက်ဘူး အပြန်အလှန် ဆက်သွယ်တာတွေ၊ နားလည်တာတွေ၊ ပြီးတော့ သည်းခံပေးတာတွေလည်း ရှိရမယ်လေ ..." 


လင်းလဲ့ယန်၏ ပါးနှစ်ဖက်မှာ တစ်ဖြည်းဖြည်း နီမြန်းလာကာ ခပ်နှေးနှေး ပြောလိုက်သည်။ 


"ကျိကော ကျွန်တော် အနောက်တိုင်းအစားအစာကို မကြိုက်ဘူးဆိုတာ သိသွားတာလား ..." 


သူက ရှက်ရွံ့နေသည့်တိုင် ရင်ထဲတွင်လည်း ထိရှသွားပေသည်။ 


ကျိကောက အရမ်းကို ညင်သာတာပဲ စတွဲတုန်းကအတိုင်း လုံးဝကို ပြောင်းလဲမသွားဘူး ပြောရရင် သူက ပြောင်းလဲသွားတာ မဟုတ်ဘဲ ငါကပဲ သတ္တိကြောင်နေတာပါလေ ... 


လင်းလဲ့ယန်က တွေးလိုက်သည်။ 


ကျိမြန်က ခေါင်းကိုယမ်းကာ ပြောလိုက်သည်။ 


"မင်းရဲ့ သရုပ်ဆောင်တာက အရမ်းကို ကောင်းတာလေ ကိုယ်တောင် လုံးဝကို ယုံမိသွားတော့မလို့ နောက်ကျ မင်း ဘာတွေကြိုက်တတ်လဲဆိုတာ ကိုယ့်ကို မဖြစ်မနေ ပြောပြ ဟုတ်ပြီလား မကြိုက်တာရှိရင်လည်း ချက်ခြင်းပြော ကိုယ်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောမယ် ..." 


လင်းလဲ့ယန်က ထပ်ကာထပ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ 


"စိတ်ချပါ နောက်ကျ ဒီလိုမျိုး ဖုံးကွယ်မထားတော့ပါဘူး ကျိကောက ကျွန်တော့်အပေါ် အရမ်းကောင်းတာပဲ ရှေးဘဝက ကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်ခဲ့မိလို့ ဒီလိုချစ်သူမျိုး ရလာတာထင်တယ် ..." 


ဒါက သန်းတစ်ရာတန် ထီလက်မှတ်တွေ ရတာထက်တောင် ပိုကောင်းသေးတယ် ... 


"အရူးလေး မင်းကလည်း ကောင်းလို့ပါ ..." 


ကျိမြန်က သူ့ဆံပင်ကို နောက်တစ်ကြိမ် ဆွဲဖွကာ ပြောလိုက်သည်။ 


"လာပါ မင်း ဗိုက်ထဲက အသံတွေကိုတောင် ကြားနေရပြီ ..."


လင်းလဲ့ယန်က မျက်နှာကို အုပ်လိုက်ပြီးကာမှ တူကို ကောက်ကိုင်လိုက်တော့သည်။ သူစားလိုသည်များကိုသာ ဆက်တိုက် ပြုတ်နေပြီး စကားတစ်ခွန်းမှ မပြောတော့။ တစ်ခဏအကြာတွင်မူ သူ့နှုတ်ခမ်းများမှာ အစပ်ဒဏ်ကြောင့် နီရဲပူပြင်းလာတော့သည်။ ကျိမြန်ကမူ များများစားစား မစားဘဲ သူ့ချစ်သူကောင်လေးကို ဂရုစိုက်ရင်းသာ အချိန်ကို ကုန်ဆုံးနေလိုက်သည်။ အချိန်တိုင်း တစ်သျှူးစဖြင့် လိုက်သုတ်ပေးသည့်အပြင် သူစားလိုသည်များကိုပါ ကူပြုတ်ပေးနေပြီး သူ့အကြည့်တို့မှာလည်း နူးညံ့မှုတို့ ခညောင်းနေလေသည်။ 


ဗိုက်ဝသည်အထိ စားသောက်ပြီးနောက် လင်းလဲ့ယန်က ကျေနပ်မှုအပြည့်ဖြင့် သက်ပြင်းချလိုက်သည်။ 


ဒီနေ့ဒိတ်က ဟိုးအရင်ကဟာတွေကထက် အများကြီး ပိုကောင်းတယ် ... 


နှုတ်ခမ်းပေါ်ရှိ ဆီများကို သုတ်ပြီးနောက်တွင်တော့ ကျိမြန်အနားသို့တိုးကာ နမ်းရှိုက်လိုက်တော့သည်။ 


"သိပ်မကြာခင် ဘွဲ့ရတော့မှာနော် ဘာဆက်လုပ်မယ်လို့ စဉ်းစားထားလဲ ပေကျင်းမှာ ကိုယ့်သူငယ်ချင်းတစ်ယောက် ရှိတယ် မင်းကို ကူညီနိုင်အောင် မိတ်ဆက်ပေးထားမယ်လေ ..." 


ကျိမြန်က သူ့ကောင်လေးအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးရင်း ပြောလိုက်သည်။ 


"အချိန်ကျလာမှပဲ စဉ်းစားပါ့မယ် အခုတော့ ဘွဲယူဖို့ စာတမ်းကိုပဲ အရင်ရေးလိုက်ဦးမယ် ..." 


လင်းလဲ့ယန်က ခေါင်းကိုငုံ့ကာ သူ့အမူအယာတို့ကို ဖုံးကွယ်လိုက်သည်။ သူက အစီအစဉ်တင်ဆက်သူ မဖြစ်လို၊ သရုပ်ဆောင်ခြင်းကိုသာ ပိုပြီး နှစ်သက်သော်ငြား ကျိမြန်က သူ့ကို နားလည်မှု လွဲသွားကာ အလုပ်ရှာပေးမည်ကို စိုးရိမ်သည့်အတွက် ထိုအကြောင်းကို ထုတ်မပြောရဲချေ။ 


ကျိမြန်က ‌လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း တစ်ခဏမျှ ရပ်တန့်သွားပြီးကာမှ တစ်ငုံသောက်ကာ သက်ပြင်းချလိုက်တော့သည်။ တစ်ခုခုကို အတွေးလွန်နေဟန် ရှ်ိသော်ငြား မည်သည်ကိုမှ ထုတ်ပြောမလာခဲ့။ လင်းလဲ့ယန်ကလည်း သူ့ကို တင်ဆက်သူအဖြစ် အလုပ်ရှာပေးမည်ကို စိုးရိမ်နေသည့်အတွက် ထိုအကြောင်းကို ဆက်မပြောတော့ရာ နှစ်ဦးသား တိတ်တဆိတ်သာ အိမ်ပြန်လာလိုက်ကြတော့သည်။ 


"လဲ့ယန် ကိုယ်ပြောထားတာ မှတ်မိတယ် မဟုတ်လား ကိုယ့်ကို ပြောချင်တာရှိရင် ရင်ထဲ သိမ်းထားမနေဘဲ ထုတ်ပြော အလုပ်အကြောင်း တွေးထားမှ ရမယ်လေ ကိုယ် ကူညီပေးနိုင်ပါတယ် ..." 


ဟော့ပေ့ါနံ့များကို ဆေးကြောပြီးနောက် ကျိမြန်သည် တဘက်တစ်ထည်တည်းပက်ကာ ရေချိုးခန်းထဲမှ ထွက်လာလိုက်သည်။ သူ့ပုံစံမှာ ညှို့ဓာတ်အပြည့်ဖြင့်ပင်။ 


နောက်ထပ် ဘာဆက်ဖြစ်မည်ကို သဘောပေါက်သွားသည့် လင်းလဲ့ယန်၏ မျက်နှာမှာလည်း နီမြန်းသွားတော့သည်။ သူက ကျိမြန်ကို ရှောင်ရှားကာ ရေချိုးခန်းထဲဝင်ပြီး ရေချိုးလိုက်တော့၏။ 


ထို့နောက်တွင်တော့ နှစ်ဦးသား ပွေ့ဖက်လိုက်ကြကာ ကျိမြန်က သူ့ချစ်သူလေးကို နမ်းရှိုက်ရင်း အိပ်ယာဘေးရှိ ကွန်ဒုံးထုပ်ကို လှမ်းယူလိုက်သည်။ လင်းလဲ့ယန်မှာ ကျွမ်းကျင်လှသည့် အနမ်းစကေးတို့ကြောင့် ရီဝေဝေ ဖြစ်နေသော်ငြား ကျိမြန်က သူ့ကို ပွတ်သပ်ထိတွေ့လာချိန်တွင်မူ တောင့်တင်းသွားတော့သည်။ ကျိမြန်မှာ နေ့ဘက်တွင် ညင်သာကာ ထိန်းချုပ်မှုအပြည့်ရှိသော်ငြား အိပ်ယာပေါ်တွင်မူ သားရဲတစ်ကောင်ကဲ့သို့ အရိုင်းဆန်လှသည့်အတွက် လင်းလဲ့ယန်အဖို့ သည်းခံနိုင်ရန် မလွယ်ကူလှချေ။ 


ကျိမြန်၏ ရင်အုပ်ပေါ်ရှိ သူ့လက်နှစ်ဖက်မှာ ထိတွေ့ပွတ်သပ်နေဟန် ရှိသော်ငြား အမှန်မှာမူ အနည်းငယ် တွန်းလှန်လိုဟန် ရောစွက်နေပေသည်။ ထိုအပြုအမူမှာ သူကိုယ်တိုင်ပင် သတိမထားမိနိုင်လောက်သည်အထိ သေးငယ်လှသော်ငြား ကျိမြန်ကမူ ရုတ်ချည်း ရပ်တန့်ကာ သူ့ကိုယ်ကို စောင်ဖြင့်အုပ်၍ ပြောလိုက်သည်။ 


"မနက်ဖြန် ကျောင်းကို ပြန်သွားပြီး စာတမ်းတင်ရဦးမှာလား ..." 


လင်းလဲ့ယန်ကလည်း အခွင့်အရေးကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ 


"ဟုတ်တယ် မနက်ဖြန် ခုနစ်နာရီ အိပ်ယာထမှရမှာ ပါမောက္ခဟန်က ကျွန်တော့်ကို ရှစ်နာရီ လာတွေ့ဖို့ ပြောထားလို့ ..." 


"ဒါဆို ကိုယ်တို့ ဒီည မလုပ်တော့ဘူးလေ မနက်ဖြန်ကျ စာတမ်းကို ကောင်းကောင်း ကျော်လွှားနိုင်အောင် သေချာလေး အနားယူလိုက်တော့ ..." 


ကျိမြန်က မတ်တပ်ထရပ်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။ 


"အရင်အိပ်နှင့်နော် ကိုယ် ရေချိုးလိုက်ဦးမယ် ..." 


လင်းလဲ့ယန်က ဘာကြောင့် ရေနှစ်ကြိမ် ပြန်ချိုးသလဲ မမေးဘဲ ခေါင်းငြိမ့်ပြကာ စောင် ခေါင်းမြီးခြုံပြီး စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ 


ကျိမြန်က ရေပန်းအောက်တွင် ရပ်ကာ အေးစက်နေသော‌ ရေ၏ အကူအညီဖြင့် ရုန်းကြွနေသော လိုအင်ဆန္ဒတို့ကို ချိုးနှ်ိမ်ရန် ကြိုးပမ်းလိုက်သည်။ သူ့အမူအယာကို ဖတ်နိုင်ရန်မှာမူ ခဲယဉ်းလှပေသည်။ 


နာရီဝက်ခန့်အကြာတွင်မူ လင်းလဲ့ယန်မှာ အိပ်မောကျနေပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို ကလေးတစ်ယောက်နှယ် ကွေးညွတ်ထားပြီး ထိုအနေအထားမှာ အလွန်အမင်း မလုံမခြုံဖြစ်နေသည့် ကိုယ်နေဟန်ထားပင် ဖြစ်ပေသည်။ ကျိမြန်က အိပ်ယာအစွန်းတွင်ရပ်ကာ သူ့ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် အခန်းအပူချိန်ကို အနည်းငယ်မြှင့်ကာ ဘေးခန်းသို့သွားပြီး ဖုန်းဆက်လိုက်တော့သည်။


"ဆရာရှု "တမန်တော်" ရိုက်ကွင်းအတွက် လူတစ်ယောက်လောက်နဲ့ မိတ်ဆက်ပေးချင်လို့ပါ ... သူက ဝါရင့်တော့ မဟုတ်ပေမယ့် သရုပ်ဆောင်တဲ့နေရာမှာတော့ ကောင်းပါတယ် သူ့ကို လူရွေးပွဲ ဖြေခိုင်းဖို့ အခွင့်အရေးလေးတစ်ခုလောက်များ ပေးပေးလို့ ရမလား ဟုတ်ကဲ့ ဟုတ်ကဲ့ သူ့ကို အချိန်မီ ခေါ်လာပေးပါ့မယ် ကျေးဇူးတင်ပါတယ် ဆရာရှု နောက်ကျနေပြီ စောစောအိပ်ယာဝင်ပါနော် ဝိုင်ကို လျော့သောက်ပြီး ကျန်းမာရေးကို ဂရုစိုက်ပါဦး ..." 


ထို့နောက် ကျိမြန်က စားပွဲပေါ်ရှိ ဇာတ်ညွှန်းကို စိုက်ကြည့်ကာ သက်ပြင်းမောတစ်ခု ချလိုက်သည်။ 


နောက်တစ်နေ့မနက်တွင် ကျိမြန်က တမန်တော်အတွက် လင်းလဲ့ယန်ကို ထောက်ခံပေးလိုက်ကြောင်း ကြားလိုက်ရသည့်အခါ ဖန်ခွင်းမှာ ရူးသွပ်လုမတတ်ပင် ဖြစ်သွားတော့သည်။ 


"ကျိမြန် သူငယ်ချင်း နောက်နေတာတော့ မဟုတ်ပါဘူးနော် ဒါက ရုပ်ရှင်အကြီးစားလေ မင်းနဲ့ လင်းလဲ့ယန်ရဲ့ ဆက်ဆံရေးကို မေ့သွားပြီလား သေချာရဲ့လား သူ့ကို အနုပညာလောကထဲ မဝင်စေချင်တာတောင် ရုပ်ရှင်ရိုက်ခိုင်းဦးမယ်ပေါ့ ဘယ်လို စွမ်းအား‌ တွေနဲ့ ပါပါရာဇီတွေရဲ့ လက်ကနေ လွတ်အောင် ပြေးနိုင်မယ် ထင်လို့လဲ ..." 


"အနုပညာလောကထဲကနေ အပြီးထွက်သွားပြီးရင် ငါ့ရဲ့ လိင်စိတ်တိမ်းညွတ်မှုကို ဖုံးကွယ်ထားမှာ မဟုတ်ဘူး ..." 


ကျိမြန်က အလေးအနက် ပြောလိုက်သည်။ 


"ငါ့ဘဝ တစ်ဝက်လောက်ကို ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရပြီးပြီ နောက်ပိုင်းဘဝတွေကိုတော့ သက်တောင့်သက်သာလေးပဲ နေချင်တယ် ..." 


"အိုကေ မင်းက ဒါနဲ့ ပတ်သက်ပြီး မပူဘူး ဂရုမစိုက်ဘူးပဲထား လင်းလဲ့ယန်ရဲ့အသက်က ဘယ်လောက်ပဲ ရှိသေးလို့လဲ သူသာ နာမည်ကြီးလာရင် ဘယ်လို တွေးမလဲ ဂေးတစ်ယောက်က ဒီအသိုင်းအဝိုင်းထဲ ဝင်ဆန့်ဖို့ ခက်တယ်ဆိုတာ မင်းအသိပဲ မဟုတ်လား ..." 


ဖန်ခွင်းက ခါးသီးစွာ ပြောလိုက်သည်။ 


"ပြီးတော့ အခု လင်းလဲ့ယန်က မင်းတစ်ယောက်တည်းအပေါ်မှာပဲ စိတ်ရှိနေသေးတာ သူ အနုပညာလောကအကြောင်း ပိုသိသွားပြီး အောင်မြင်မှုတွေ ရလာရင် မင်းနဲ့ ဆက်နေပါ့မယ်ဆိုတာရော သေချာလို့လား သူ့ကို ချစ်ရင် အနုပညာလောကနဲ့ ဝေးဝေးသာ နေခိုင်းစမ်းပါ ဒီနေရာက ငရဲလိုပဲ..." 


"ပြီးတော့ နောက်ထပ်တစ်ခွန်း ရှိသေးတယ်လေ မင်းသာ သူ့ကိုချစ်ရင် အနုပညာလောကထဲ ခေါ်လာခဲ့ ဒီနေရာမှာ ကောင်းကင်ဘုံရှိနေတယ်တဲ့လေ ..." 


ကျိမြန်က ပြောလိုက်သည်။ 


"ငရဲတို့ ကောင်းကင်တို့ဆိုတာ ကိုယ့်ရွေးချယ်မှုနဲ့ပဲ ဆိုင်တာပါ ငါက လင်းလဲ့ယန်ကို ယုံတယ် သူ အောင်မြင်လာနိုင်မယ့် အခွင့်အရေးရှိရင် လိုလိုလားလားနဲ့ကို ပေးမှာ သူသာ ပျော်မယ်ဆို ငါ့အနေနဲ့ ဘာမဆို လက်ခံနိုင်တယ် ငါ့ခံယူချက်ကတော့ ဒီလိုပဲ ..." 


ဖန်ခွင်းမှာ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံးပင် တစ်ဆတ်ဆတ်တုန်လာတော့သည်။ 


"အိုး ဒါဆိုလည်း မင်းတို့နှစ်ယောက် ဘယ်လောက်အထိ ခံနိုင်မလဲ စောင့်ကြည့်ရတာပေါ့ ...


လူရွေးပွဲကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ပြီးနောက် လင်းလဲ့ယန်သည် တစ်ခုခုကို တွက်‌ဆနေဟန်ဖြင့် ကျိမြန်၏ ရုံးခန်းထဲတွင် ထိုင်နေလိုက်သည်။ 


"ကျိကော လူရွေးပွဲက နာမည်ကြီးပြီးသားသူတွေရော လူသစ်လေးတွေပါ လာတာလေ ဒါရိုက်တာက ဘယ်လိုလုပ်ပြီး ကျွန်တော့်ကို ရွေးလိုက်ရတာလဲ ကျွန်တော့်အတွက် နောက်ဖေးတံခါး လှပ်ပေးထားတာတော့ မဟုတ်ပါဘူးနော် ..." 


ဖြစ်နိုင်ချေရှိသည်များကို တွေးမိသည်နှင့် တစ်ပြိုင်နက် လူရွေးပွဲအောင်မြင်မှုကြောင့် ပျော်ရွှင်နေမှုအားလုံး ပျောက်ကွယ်သွားရတော့သည်။ သူ့အနေဖြင့် အနုပညာလောကထဲသို့ ဝင်လိုခြင်းမှာ သရုပ်ဆောင်ရသည်ကို နှစ်သက်သောကြောင့်သာမက အလွယ်တကူ ဝင်ငွေကောင်းလာနိုင်သောကြောင့်လည်း ဖြစ်သည်။ ကျိမြန်နှင့် ဆက်ဆံရေးတစ်ခု ရှိနေစေကာမူ သူ့ကိုသာ မှီခိုမနေချင်။ ကျိမြန်၏ ဘေးတွင် ယှဉ်တွဲကာ ရပ်နိုင်သည်အထိ ထိုက်တန်သူတစ်ဦးသာ ဖြစ်လိုပေသည်။ 


အထူးသဖြင့် အနုပညာလောကထဲ၌ ခြေကုပ်ယူရာတွင် သူ့ခွန်သူ့အားဖြင့်သာ ကြိုးစားလိုပြီး ကျိမြန်၏ ထောက်ပံ့မှုကို မမှီခိုလိုပေ။ 


ကျိမြန်က အလေးအနက် ရှင်းပြလိုက်သည်။ 


"မင်းကို အခွင့်အရေးပဲ ပေးခဲ့တာပါ ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေကို မင်းကိုပဲ ရွေးချယ်ရမယ်လို့ မတောင်းဆိုခဲ့ဘူး သူတို့က မင်းအရည်အချင်းကို ကြည့်ပြီးပဲ ရွေးကြတာ ရှစ်ယွီရဲ့ ဇာတ်ကောင်က အကောင်းမြင်တတ်တယ်၊ တက်ကြွပြီး အမှန်တရားကို မြတ်နိုးတယ် မင်းရဲ့ အကျင့်စရိုက်တွေနဲ့ တစ်ထပ်တည်းကျလုနီးပါးပဲလေ သူက အသက်ငယ်ငယ်လေးပဲ ရှိသေးပေမယ့် အလုပ်တွေ အများကြီး လုပ်ခဲ့ရပြီးပြီ မင်း ဒီဇာတ်ကောင်ကို သရုပ်‌ဆောင်တဲ့အချိန်မှာ လုပ်သွားတာက ကောင်းပေမယ့် နည်းနည်းလေး ဝါနုနေသေးတယ် အဲဒါကြောင့်လည်း ဒါရိုက်တာက နာမည်ကြီးတွေကို ကျော်ပြီး မင်းကို ရွေးလိုက်တာပေါ့ လဲ့ယန် မင်းကိုယ်မင်း ယုံကြည်ရမယ်လေ မင်းက သရုပ်ဆောင်တဲ့အပိုင်းမှာ တကယ်ကို ပါရမီပါတာ နည်းနည်းလောက်သာ စိတ်ရှည်ရှည်ထားပြီး ကြိုးစားလိုက်ရင် နောက်တစ်ဆင့်ကို တက်လာနိုင်မှာပဲ ကိုယ်က မင်းကို အများကြီး မျှော်လင့်ထားတာနော် ..." 


လင်းလဲ့ယန်မှာ မျက်နှာတို့ ရဲရဲနီလာသည်အထိ ချီးကျူးခံလိုက်ရသည့်အတွက် မကောင်းသည့် အတွေးစအားလုံး လွင့်စင်ပပျောက်သွားတော့သည်။ သူက ခွန်အားအပြည့်ဖြင့် ခေါင်းငြိမ့်ပြကာ တွေးဆဆ ပြောလိုက်သည်။ 


"ကျိကော ကျွန်တော် တကယ်ကို ကြိုးကြိုးစားစား လုပ်ပါ့မယ် ကောကို မျက်နှာမပျက်စေရပါဘူး ..." 


"ဟုတ်ပါပြီ ဒါပေမယ့် အရမ်းကြီးလည်း ဖိအားမများစေနဲ့ ..." 


ကျိမြန်က ခပ်ပြုံးပြုံးဖြင့် သူ့ခေါင်းကို ပွတ်သပ်ပေးရင်း စာချုပ်တစ်စောင်ကို ထုတ်ပေးလိုက်သည်။  


"ကိုယ်နဲ့ စာချုပ်ချုပ်လိုက်ရအောင် ပြောင်းချင်တဲ့ အချက်တွေရော ရှိသေးလား ..." 


"လက်မှတ်ထိုးစရာ ရှိတာကို ချက်ခြင်း ထိုးလိုက်ပါ့မယ် ကြည့်စရာ၊ ပြင်စရာရယ်လို့ မရှိလောက်ပါဘူး ..." 


လင်းလဲ့ယန်က ဘောပင်ကို ကောက်ကိုင်ကာ စာချုပ်၏ နောက်ဆုံးစာမျက်နှာကို လှန်လိုက်သော်ငြား ကျိမြန်၏ တားဆီးခြင်းကို ခံလိုက်ရတော့သည်။ 


Xxxxxxx