အပိုင်း ၂၀
Viewers 44k

Chapter 20


နှစ်ဦးသား စကားပြောနေစဉ်မှာပင် ဖန်ခွင်းက စီးကရက်တစ်လိပ်ကို လက်ကကိုင်ရင်း အခန်းထဲသို့ ရောက်လာသည်။ 


"ကျိကော ကျွန်တော့်ကို ရှာနေတယ်ဆို ..." 


စီးကရက်ပြာမှုန့်များကို ဆေးလိပ်ပြာခွက်ထဲသို့ ထိုးထည့်ရင်း သူက ခပ်ရွဲ့ရွဲ့ ပြုံးလိုက်သည်။ 


"ဟေး လင်းလဲ့ယန်ရော ရှိနေတာပါ့လား ငါကြားတာတော့ မင်းလည်း "တမန်တော်" အတွက် လူရွေးပွဲ သွားပြိုင်တယ်ဆို အခြေအနေရော ဘယ်လိုရှိလဲ ..." 


ဘာပဲဖြစ်ဖြစ် ဒါက မေးဖို့တောင် မလိုပါဘူး ကျိမြန်တစ်ယောက်လုံး ရှိနေမှတော့ သူသရုပ်ဆောင်တာ ဘယ်လောက်ဆိုးဆိုး ‌ဇာတ်ကောင်တစ်နေရာစာတော့ သေချာပေါက် ရလာမှာပဲကို ... 


လင်းလဲ့ယန်က စိတ်ကသိကအောက်ဖြစ်စွာဖြင့် ပြုံးပြလိုက်သည်။ 


"အခြေအနေကတော့ ကောင်းပါတယ် ခွင်းကော ကျွန်တော်က တတိယမြောက်ဇာတ်ကောင်ကို ရခဲ့တယ်လေ ..." 


အမှန်တကယ်တွင်မူ သူသည် နံပါတ်လေးဇာတ်ကောင်နေရာကို ပိုပြီး လိုချင်ပေသည်။ ထိုဇာတ်ကောင်မှာ စောစောစီးစီး ရိုက်ကူးပြီးစီးမည် ဖြစ်သည့်တိုင် ကျိမြန်၏ ညီလေးအဖြစ် သရုပ်ဆောင်ရမည် ဖြစ်ရာ နှစ်ယောက်အတူတူ ပါနိုင်မည့် ဇာတ်ကွက်များစွာ ရှိနေပေသည်။ 


"ဂုဏ်ပြုပါတယ် နံပါတ်သုံးဇာတ်ကောင်ရဲ့ ကာရိုက်တာက မင်းနဲ့ တော်တော်လေး သင့်တော်တယ် ..." 


ဖန်ခွင်းက မျက်နှာချင်းဆိုင်ရှိ ဆိုဖာပေါ် ထိုင်ကာ အကြည့်တို့ကို ကစားလိုက်လျှင် စားပွဲပေါ်ရှိ A အဆင့် စာချုပ်ကို တွေ့လိုက်သည့်အတွက် သဘောပေါက်သွားလေဟန် အမူအယာတစ်ခုမှာ ဖုံးဖိ၍ မရနိုင်စွာ ထွက်ပေါ်လာတော့သည်။ 


ထင်သားပဲ ... 


ကျိမြန်က သူတို့နှစ်ဦးကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ 


"အိုက်ခွင်း ရှေ့လျှောက် မင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ ..." 


"ဘာကို ဆိုလိုတာလဲ သူ့ရဲ့အေးဂျင့် လုပ်စေချင်နေတာလား ..." 


ဖန်ခွင်းက ခါးကို မတ်မတ်ထားကာ ပြောလိုက်သည်။ သူ့တွင် ရွေးချယ်ခွင့် ရှိပါလျှင် လင်းလဲ့ယန်နှင့် လုံးဝ အလုပ်တွဲလုပ်မည် မဟုတ်ချေ။ ထိုသူမှာ အခြေခံလည်း မရှိ၊ တာဝန်သိတတ်စိတ်လည်း မရှိ၊ အခြေအနေကို နားလည်နိုင်စွမ်း ကင်းမဲ့သည့်အပြင် သူ့ကိုယ်သူလည်း များစွာ သနားတတ်သေးသည်။ လူတိုင်းက သူ့ကို အထင်သေးနေသည်ဟုသာ အမြဲလိုလို အတွေးပေါက်ကာ ထိတ်လန့်ပြီး


အထိခိုက်မခံနိုင်ဟန်လည်း ဆောင်တတ်သေးသည်။ လင်းလဲ့ယန်ကို တာဝန်ယူရခြင်းမှာ သင်တန်းသားအုပ်စုတစ်စုကို တာဝန်ယူရခြင်းထက်ပင် ပိုပြီး ပင်ပန်းလှသော်ငြား ကျိကောက တောင်းဆိုလာပါလျှင်မူ ငြင်းဆန်ခွင့်ရှိမည် မဟုတ်ချေ။ 


လင်းလဲ့ယန်မှာလည်း သူနှင့် အတွေးအတူတူပင် ဖြစ်သည်။ ဖန်ခွင်းက သူ့ကို ထိန်းချုပ်စောင့်ကြည့်ကာ လှောင်ပြောင်ရယ်မောမည်ကို လက်မခံလို။ ထိုသူက သူ့ကို အထင်သေးသည့်အပြင် ကျိမြန်နှင့် မထိုက်တန်ဟုပါ ထင်နေသေးသည်။ ရှေ့လျှောက် ဖန်ခွင်းနှင့်အတူတူ အလုပ်တွဲလုပ်ရမည်ဆိုပါလျှင် မွန်းကြပ်လွန်း၍ သေလုမတတ်ပင် ဖြစ်နေပေလိမ့်မည်။ 


သူ့အနေဖြင့် ဤပြဿနာများကို ကျော်လွှားနိုင်ပါသည်။ လူရွေးပွဲ ပြီးကတည်းက ချိန်ဖမ်းရှင်းကို နှုတ်ဆက်ခဲ့ရရာ သူသာ အနုပညာရှင်တစ်ယောက် ဖြစ်လာပါလျှင် ချိန်ဖမ်းရှင်းကို သူ့လက်ထောက်အဖြစ် ဆောင်ရွက်ပေးရန် သေချာပေါက် တောင်းဆိုမည်ဖြစ်သည်။ ချိန်ဖမ်းရှင်းသည် သူ၏ အထက်‌တန်းကျောင်းက အတန်းဖော် ဖြစ်ခဲ့ဖူးကာ ကျောင်းပြီးပြီးနောက် နှစ်ဦးစလုံး ဒုက္ခမျိုးစုံဖြင့် ရင်ဆိုင်ခဲ့ရသည်။ အစောပိုင်းတွင် သူတို့နှစ်ဦးသည် ယခု နေနေသည့်နေရာမျိုး၌ပင် မနေနိုင်ခဲ့။ တံတားအောက်တွင်သာ နှစ်ယောက်အတူတူ တစ်ယောက်တစ်လှည့်‌ နွေးထွေးစေရင်း၊ အားပေးရင်း နေထိုင်ခဲ့ရသည်။ အဆုံးတွင်တော့ သူ့တွင် အရာအားလုံး ပိုင်ဆိုင်လာခဲ့တော့သည်။ ချိန်ဖမ်းရှင်း၏ ဆက်သွယ်နိုင်စွမ်းမှာ အလွန်ကောင်းမွန်ကာ လင်းလဲ့ယန်ထက်ပင် ဝင်ငွေကောင်းသည့်အတွက် သူ့ကို မကြာခဏ ကူညီလေ့ရှိသည်။ အခြားသူများထံမှ နှောင့်ယှက်မှုများသာ မရှိပါလျှင် ကောလိပ်သို့ သွားနိုင်လေမည်လားဟုပင် အတွေး‌ဝင်မိတော့သည်။ 


ဤလောကတွင် လင်းလဲ့ယန်ကို အများဆုံး ကူညီခဲ့သူမှာ ချိန်ဖမ်းရှင်းဟု ပြောလျှင်ပင် မလွန်ချေ။ ကျိမြန်နှင့် တွေ့ဆုံပြီးသည့်တိုင် သူတို့နှစ်ဦးမှာ အပြန်အလှန် မှီခိုနေကြဆဲဖြစ်သည်။ အကြောင်းမှာ အတူတူ ကြီးပြင်းလာကြသည့် သူငယ်ချင်းကောင်းများ ဖြစ်နေ၍ပင်ဖြစ်သည်။ ယခုလက်ရှိတွင် ချိန်ဖမ်းရှင်းသည် ကွမ်ရှစ်၌ အလုပ်လုပ်နေသော်ငြား အလုပ်ဝင်သည့်ကာလ နည်းပါးသေးသည့်အပြင် လိုအပ်သည့် အရည်အချင်းများလည်း ချို့တဲ့သည့်အတွက် အစားအစာပို့ဆောင်ပေးခြင်းကဲ့သို့သော တာဝန်သေးသေးလေးများကိုသာ ဆောင်ရွက်နေရကာ မည်သည့်အချိန်တွင်မှ ရာထူးတိုးမည်ကိုလည်း မသိနိုင်ချေ။ 


ကျိကောက သူ့ကို အခွင့်အရေးပေးသည့်အတွက် လင်းလဲ့ယန်ကလည်း သူ့သူငယ်ချင်းကို အခွင့်အရေး ပေးလိုပေသည်။ သူက တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် အခိုင်အမာ ပြောလိုက်သည်။ 


"ကျိကော မန်နေဂျာကို ကျွန်တော်ကိုယ်တိုင် ရွေးချယ်လို့ ရမလား ..." 


ဖန်ခွင်း၏ တင်းနေသော စိတ်များလည်း‌ ပြေလျော့သွားတော့သည်။ ကျိမြန်က ထိုကလေးကို အလွန်သဘောကျနေသည့်အတွက် သူတောင်းဆိုသမျှကို လိုက်လျောပေးမည်ဖြစ်ကြောင်း သိနေပေသည်။ 


ကျိမြန်ကလည်း စဉ်းပင် စဉ်းစားမနေ။ 


"ဘယ်သူ့ကို ရွေးချင်လဲ သူတို့ကို ကိုယ်နဲ့ လာတွေ့ခိုင်းလိုက်လေ ..." 


"ခဏလေး စောင့်ပေးပါဦး သူ့ကို အခုပဲ ခေါ်လိုက်မယ် သူ့နာမည်က ချိန်ဖမ်းရှင်းတဲ့ ကျွန်တော်တို့က ဟိုးငယ်ငယ်လေးကတည်းက သူငယ်ချင်းဖြစ်လာတာလေ ..." 


လင်းလဲ့ယန်မှာ အပျော်လုံး ဆို့သွားသည့်အတွက် ဖုန်းကို အလျင်အမြန်ထုတ်ကာ တစ်ဖက်သူကို ချက်ခြင်း လှမ်းခေါ်လိုက်သည်။ ထိုသူက လုပ်ဖော်ကိုင်ဖက်များအတွက် ကော်ဖီဝယ်ပေးနေကြောင်း သိလိုက်ရသည့်အခါ အမြန်ဆုံး ပြန်လာရန် အကြောင်းကြားလိုက်သည်။ 


"ကျိကော ကျွန်တော့်ကို ကတိပေးလို့ ရမလား ..." 


ဖုန်းချပြီးနောက် လင်းလဲ့ယန်က နောက်တစ်ကြိမ် အတည်ပြုလိုက်သည်။ 


"မင်းရဲ့ သူငယ်ချင်းမှာ အရည်အချင်းကောင်းတွေ၊ အပြုအမူကောင်းတွေ ရှိတယ်ဆိုရင် ကိုယ် ကတိပေးနိုင်ပါတယ် ..." 


ကျိမြန်က ကွန်ပျူတာကို ပိတ်ကာ စီမံခန့်ခွဲရေးနှင့် သက်ဆိုင်သည့် စာချုပ်တစ်စောင်ကို ထုတ်လိုက်သည်။ 


"ဒါပေမယ့် သူငယ်ချင်းက သူငယ်ချင်း စီးပွားရေးက စီးပွားရေးပဲနော် မင်းနဲ့ သူနဲ့အကြားက တာဝန်ယူမှု တာဝန်ခံမှုတွေအတွက် စာချုပ်ချုပ်ဖို့တော့ လိုလိမ့်မယ် ..." 


သူက အလေးအနက် ပြောလိုက်သည်။ 


"ဒါပေါ့ ဒါပေါ့ ..." 


လင်းလဲ့ယန်က အားရဝမ်းသာ ထောက်ခံလိုက်သည်။ 


"ကျိကော ချိန်ဖမ်းရှင်းက အရမ်းကို အရည်အချင်းရှိတဲ့အပြင် မှန်မှန်ကန်ကန်လည်း စီမံခန့်ခွဲနိုင်ပါတယ် ကျွန်တော်ကလေးဘဝကတည်းက သူနဲ့အတူတူ ကြီးပြင်းလာတာ‌ဆိုတော့ သူ့အကြောင်း ကောင်းကောင်းသိတယ် ကျွန်‌တော် ကွမ်ရှစ်မှာ အလုပ်သင်ဖြစ်လာတာကလည်း သူမိတ်ဆက်ပေးလို့ပဲလေ သူက အရမ်းကို အရည်အချင်း ရှိပေမယ့် ထုတ်ပြနိုင်မယ့် အခွင့်အရေး မရှိဘူး ဖြစ်နေတာ ရှေ့လျှောက် ကျွန်တော်တို့နှစ်ယောက်လုံး အကောင်းဆုံး ကြိုးစားသွားပါ့မယ် ..." 


သူက တောင်စဉ်ရေမရ ပြောနေလိုက်သည်။ 


ဖန်ခွင်းက သူ၏ ကရားရေလွတ်တတွတ်တွတ် ပြောနေသည်များကို ဖြတ်တောက်လိုက်၏။ 


"သူ့ကို ပြောထားသေးလား မင်းနဲ့ ကျိကောရဲ့ ဆက်ဆံရေးကို ..." 


"မပြောပါဘူး လုံးဝကို မပြောထားဘူး ကျွန်တော့်ကြောင့် ကျိကော ထိခိုက်သွားမှာမျိုး မဖြစ်စေချင်ဘူးလေ ..." 


သူက အလောတကြီး ငြင်းဆန်လိုက်သည်။ 


ဖန်ခွင်းက မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။


"မင်းလည်း ကျိကောရဲ့ လက်ထောက် ဖြစ်ခဲ့ဖူးတော့ အနုပညာလောကက ထင်သလောက် မရိုးရှင်းမှန်း သိထားပြီးသား နေမှာပါ ဒီလောကထဲမှာ နေရာတိုင်းမှာ မျက်စိတွေ၊နားတွေ ရှိနေတယ် မင်းနဲ့ ကျိကောရဲ့ အကြောင်းကို လျှို့ဝှက်ထားမှ ဖြစ်မယ် ဘယ်သူမှ သိမသွားစေနဲ့ ..." 


"ဒါပေါ့ ကျွန်တော် သစ္စာဆိုပေးဖို့ရော လိုသေးလား ..." 


လင်းလဲ့ယန်က လက်ကို မြှောက်လိုက်သော်ငြား ကျိမြန်က ညင်ညင်သာသာ ပြန်ချပေးလိုက်သည်။ 


"မလုပ်နဲ့ ကိုယ် မင်းကို ယုံကြည်တယ် လဲ့ယန် ကိုယ်က သိပ်မကြာခင် အနုပညာလောကကနေ အနားယူတော့မှာဆိုတော့ come out လုပ်လိုက်လို့လည်း သိပ် ပြဿနာ မရှိဘူး ဒါပေမယ့် မင်းမှာ ဆက်လျှောက်ရမယ့်လမ်း အရှည်ကြီး ရှိနေသေးတယ် ကိုယ့်အနေနဲ့ မင်းရဲ့ အနာဂတ်ကို မဖျက်ဆီးနိုင်ဘူး မင်းရဲ့ တည်ရှိမှုကို ဖုံးကွယ်ထားတာက တစ်ကိုယ်ကောင်းဆန်လို့ မဟုတ်ဘဲ မင်းကို ချစ်လို့ဆိုတာ ယုံကြည်ပေးနိုင်မလား ..." 


လင်းလဲ့ယန်က သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ပြောလိုက်သည်။ 


"ကျွန်တော် ခင်ဗျားကို ယုံပါတယ် ..." 


ဘယ်လိုလုပ် ကျိမြန်ကို မယုံကြည်နိုင်ရမှာလဲ သူက ကျိမြန်အကြောင်းကို ကောင်းကောင်းကြီး သိထားပြီးသားလေ ဒီလူက အရမ်းကို စိတ်သဘောထား ပြည့်ဝပြီး အကူအညီလိုအပ်တဲ့ လူတိုင်းကိုလည်း လိုလိုလားလား ကူညီပေးတယ်လေ တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ သူနဲ့ လားလားမှ မသက်ဆိုင်တဲ့ စကားလုံးတစ်ခုပဲ ... 


ကျိမြန်မှာလည်း အလွန်ဝမ်းသာသွားသည့်အတွက် သူ့ကောင်လေးကို ပွေ့ဖက်ကာ ပါးကိုနမ်းရှိုက်ရင်း သက်ပြင်းချလိုက်သည်။ 


"လဲ့ယန် မင်းနဲ့ တွေ့ခဲ့မိတာ ကိုယ် တကယ် ကံကောင်းတာပဲ ..." 


ရှက်သွေးဖြာသွားသော လင်းလဲ့ယန်က ရူးသွပ်စွာ ပြုံးကာ သူ့နှလုံးသားထဲမှ အသံတိတ် ပြန်ဖြေလိုက်သည်။ 


"ခင်ဗျားနဲ့ တွေ့ခဲ့တဲ့ ကျွန်တော်ကမှ တကယ် ကံကောင်းတာပါ ..." 


နှစ်ဦးသား တက်ညီလက်ညီဖြင့် ခွေးစာများ ကြဲချလိုက်ပြီးနောက် ကျိမြန်က ရုတ်ချည်း စနောက်လိုက်သည်။ 


"တကယ်လို့ ကိုယ် come out လုပ်မယ်ဆိုရင်ရော မင်း ကြောက်သွားမှာလား ..." 


လင်းလဲ့ယန်က ခေါင်းကိုသာ ယမ်းပြလိုက်သည်။ 


"မကြောက်ပါဘူး ခင်ဗျားသာ ဖုံးကွယ်ထားချင်သေးရင် ကျွန်တော်က ဘေးမှာပဲ တိတ်တိတ်လေး နေပေးပါ့မယ် တကယ်လို့ ထုတ်ပြောချင်တယ်ဆိုရင်လည်း ကျွန်တော်တို့နှစ်ယောက်သာ အေးအေးဆေးဆေး နေလို့ရမယ်ဆိုရင် သတ္တိမွေးပြီး ခင်ဗျားရဲ့ အရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးပါ့မယ် ..." 


ကျိမြန်၏ အပြုံးတို့မှာ ပို၍ပင် တောက်ပလာကာ သူ့ကောင်လေးကို ရင်ခွင်ထဲ ဆွဲသွင်းပြီး တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်တော့သည်။ 


ဖန်ခွင်းမှာမူ ခွေးစာများ အဝအလင် စားလိုက်ရ၍ သေချင်စိတ်ပင် ပေါက်သွားတော့သည်။ 


"ပြောထားမယ်နော် မင်းတို့တွေ လူရှေ့သူရှေ့မှာ တအားကြီး နီးနီးကပ်ကပ် မနေကြနဲ့ မီဒီယာကသာ သတိထားမိသွားရင် ကျိကောအတွက်က သိပ်ပြီး ဆိုဆိုးဝါးဝါး မဖြစ်ပေမယ့် လင်းလဲ့ယန် မင်းကတော့ မတူဘူးနော် အနုပညာလောကထဲကနေ ထွက်ရတဲ့အထိ အပုပ်ချခံရနိုင်တယ် ..." 


သူက ပြောလိုက်သည်။ 


"ဟေး ငါပြောနေတယ်လေ နားရော ‌နားထောင်နေရဲ့လား ..." 


ကျိမြန်၏ ရင်ခွင်ထဲမှ ရုန်းထွက်လာသော လင်းလဲ့ယန်က ဖန်ခွင်း၏ စကားများကို ကြားလိုက်ရသည့်အခါ တစ်ဖန် ရှက်သွေးဖြာသွားပြန်တော့သည်။ 


"လူရှေ့ကျ အကွာအဝေးတစ်ခု ခြားထားပါ့မယ် ..." 


သူက ကတိပေးလိုက်သည်။ 


သုံးရက်အကြာတွင် "တမန်တော်" ရိုက်ကူးရေးကို စတင်လိုက်တော့သည်။ ရှောင်ကျားရှုက သူ့အေးဂျင့်နှင့် လက်ထောက်ကိုခေါ်ကာ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာ၏။ ပွဲပြီးသည့်နောက်တွင်မူ ဒါရိုက်တာက အချင်းချင်း ရင်းနှီးစေရန် ထမင်းတစ်နပ် ဖိတ်ကျွေးလိုက်သည်။ 


ရှောင်ကျားရှု၏ အေးဂျင့်နှင့် လက်ထောက်ကို တွေ့လိုက်သည့်အခါ ဖန်ခွင်း၏ မျက်လုံးတို့ ပြူးကျယ်သွားတော့၏။ သူက ကျိမြန်ကို တီးတိုးပြောလိုက်သည်။ 


"ရှောင်ကျားရှုရဲ့ အဆင့်အတန်းက ဘာလဲမသိဘူးနော် ဟွမ်ဓားသမားနှစ်ယောက်ကိုတောင် ခေါ်လာနိုင်တယ် ..." 


ဟွမ်ဓားသမားနှစ်ယောက်မှာ ဟွမ်မိန်ရွှမ်နှင့် ဟွမ်ကျိကျင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ ထိုမောင်နှမနှစ်ယောက်မှာ ကွမ်ရှစ် entertainment ၏ ရွှေအဆင့် အေးဂျင့်များ ဖြစ်သည်။ တစ်ဦးမှာ ကြယ်ပွင့်ဖြစ်အောင် ဖန်တီးခြင်းတွင် ဆရာအဖြစ် ကျော်ကြားကာ အနုပညာရှင်ဖြစ်လာနည်း သင်တန်း၊ သရုပ်ဆောင်အတန်း၊ အကအတန်း အစရှိသည်တို့ကို အထူးပြုထားပေသည်။ သူတို့အတွက် ငှားရမ်းခမှာ အလွန်မြင့်မားလှသည့်တိုင် ရလဒ်မှာလည်း အံ့ဩလောက်စရာပင် ဖြစ်သည်။ အနုပညာလောကအတွင်းတွင် သူတို့နှစ်ဦးမှာ အကောင်းဆုံးဟုပင် သတ်မှတ်၍ ရပေသည်။ သူတို့လက်ထဲတွင် နာမည်ကြီး တစ်ဒါဇင်နီးပါးခန့် ရှိနေပြီး အရည်အချင်းမှာလည်း ပြိုင်ဘက်ကင်းလှပေသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ဖန်ခွင်းသည် ထိုမောင်နှမနှစ်ယောက် စုလွေ့၏လမ်းစဉ်ကို လိုက်သွားကြပြီဟုလည်း သတင်းကြားမိလိုက်သေးသည်။ 


ဒီနေ့ကျ ဘယ်လိုဖြစ်ပြီး လူသစ်လေးတစ်ယောက်နဲ့အတူ ပေါ်လာရတာလဲ ရှောင်ကျားရှုရဲ့ နောက်ခံက ကြောက်စရာကောင်းလိုက်တာ ... 


ကျိမြန်ကမူ ထိုအတင်းအဖျင်းများကို စိတ်မဝင်စားလှသည့်အတွက် ဖန်ခွင်းကို ဆက်မပြောတော့ရန် လက်ကိုသာ ယမ်းပြလိုက်တော့သည်။


အလွန်ကြောက်မယ်ဖွယ် နောက်ခံကို ပိုင်ဆိုင်ထားသူဟု သတ်မှတ်ခံလိုက်ရသည့် ရှောင်ကျားရှုမှာမူ သူ့နေရာတွင်သာ အေးအေးဆေးဆေး ထိုင်နေသော်ငြား စားပွဲပေါ်တင်ထားသည့် လက်များမှာမူ စိတ်လှုပ်ရှားလွန်း၍ တဆတ်ဆတ် တုန်ရီနေပေသည်။ 


ပါးစပ်ထဲက အပူဖုတွေ ပျောက်ဖို့အတွက် တစ်လလုံးလုံး ဆန်ပြုတ်ပဲ သောက်ခဲ့ရတာလေ အခု အမေ့ကွယ်ရာမှာ ရောက်နေမှတော့ ဘယ်လိုလုပ် မစားဘဲ နေနိုင်တော့မှာလဲ ... 


ကင်းမွန်အစပ်သုပ်က အရမ်းကို လှတာပဲ စားချင်လိုက်တာ နာနတ်သီးဘဲပေါင်းကလည်း အရသာရှိမယ့်ပုံပဲ ငန်တာနဲ့ ချိုတဲ့အရသာလေးကို ရောထားတာ ... မြည်းကြည့်ချင်လိုက်တာ ... သုံးရောင်ခြယ်ကြက်ဥကလည်း ရှယ်ပဲ Michelin စားသောက်ဆိုင်တွေမှာ ရောင်းတာထက်တောင် ပိုပြီး ကြည့်လို့ကောင်းနေသေးတယ် ပြီးတော့ devil egg ရောပဲ လုပ်ထားတာလေးက အရသာရှိမယ့်ပုံပဲ ဗိုက်တောင်ဆာလာပြီ ...


(devil egg- ကြက်ဥကို ကျက်တဲ့အထိ ပြုတ်ထားပြီးတော့ အနှစ်ကို mayonnaise၊ မှို၊ ရှာလကာရည်၊ ဆား၊ ငရုတ်ကောင်းတို့နဲ့ နယ်၊ ပြီးတော့မှ နယ်ထားတဲ့အနှစ်ကို ကြက်ဥအကာထဲ ပြန်ထည့်ထားတာပါ မြန်မာလို့တော့ ဘယ်လိုခေါ်လဲ မသိဘူး ) 


ရှောင်ကျားရှုမှာလည်း ထိုင်နေရင်း အခက်ကြုံနေရတော့သည်။ သူ့အမူအယာမှာ တည်ငြိမ်နေသည့်တိုင် တံတွေးတို့ကိုတော့ တိတ်တခိုး မျိုချနေရဆဲဖြစ်သည်။ ဒါရိုက်တာက မတ်တပ်ထရပ်ကာ ဖွင့်ပွဲအတွက် အမှာစကား ပြောကြားတော့မည်ကို မြင်လိုက်သည့်အခါ စိတ်ထဲမှ တိတ်တခိုး ရေရွတ်လိုက်၏။ 


ဒါရိုက်တာ လူကောင်းလေးရေ အရှည်ကြီး သိုင်းဝိုင်း‌ပြောမနေဘဲ အတိုချုံးလေးပဲ ပြောကြရအောင်နော် အိုကေလား မိန့်ခွန်းကို အရှည်ကြီး မပြောနဲ့နော် ah ...


Xxxxxxxxx