အပိုင်း ၂၁
Viewers 43k

Chapter 21


"တမန်တော်"၏ ခေါင်းဆောင်ဒါရိုက်တာ လောကျန်းဝေ့သည် အနုပညာလောကတွင် စကားပြောကောင်းသူဟု ကျော်ကြားပေသည်။ 


ခွက်ချင်းတိုက်ကာ ဂုဏ်ပြုပေးရမည့် အောင်ပွဲခံမိန့်ခွန်းသည် ရုပ်ရှင်ရိုက်ရခြင်း၏ ရည်ရွယ်ချက်မှအစ ထုတ်လွှင့်ခြင်း၊ မျှော်မှန်းထားသည့် ရုံဝင်နှုန်းသာမက အခြားအကြောင်းအရာများကိုပါ ပါဝင်လာသည့်အခါ မိနစ်နှစ်ဆယ်ကျော် ကြာမြင့်သွားတော့သည်။ သူသည် အကောင်းဆုံးဒါရိုက်တာအဖြစ် နိုင်ငံတကာ ရုပ်ရှင်ဆုပေါင်းများစွာကို ပိုင်ဆိုင်ထားကာ အနုပညာလောကတွင် လွှမ်းမိုးနိုင်စွမ်း ကြီးမားလှသည့်အတွက် ရိုက်ကူးရေးတစ်ဖွဲ့သားလုံးမှာ သူ့စကားများကို နားထောင်ကာ ဩဘာပေးရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။ 


လေးစားအားကျကာ အပြုံးပန်းတို့ ဝေဆာနေသည့် မျက်နှာတို့အလယ်တွင် လူသစ်လေး ရှောင်ကျားရှု၏ မျက်နှာမှာ တစ်စထက်တစ်စ မည်းမှောင်လာတော့သည်။ 


မင်္ဂလာအချိန်နှင့် ကွက်တိကျနိုင်ရန် အလို့ငှာ ဖွင့်ပွဲအခမ်းအနားကို ၁၂ နာရီခွဲမှ ကျင်းပသည့်အတွက် ၄ နာရီမှသာလျှင် ပွဲကို အပြီးသတ်နိုင်တော့သည်။ ပွဲပြီးသည့်နောက်တွင်လည်း လူတိုင်းက တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးဆက်သွယ်နိုင်စေရန် စကားစမြည် ပြောဆိုနေကြသည့်အတွက် စားသောက်ဆိုင်သို့ ရောက်သွားချိန်တွင် ည ၇ နာရီခွဲနေပြီဖြစ်သည်။ 


ရှောင်ကျားရှုက စားရန်သောက်ရန် ခပ်ပြုံးပြုံး စောင့်နေချင်သော်ငြား အရသာရှိသော အစားအသောက်များကို မြင်သာမြင်၊ မကြင်ရသည့်အတွက် သူ့မျက်နှာထားကို ထိန်းသိမ်းထားရန် မဖြစ်နိုင်တော့ချေ။ မနီးမဝေးရှိ ကြက်ကင်ပန်းကန်ကို စိုက်ကြည့်ကာ စကားများနေသော ဒါရိုက်တာကို ရပ်တန့်နိုင်ရန် အလို့ငှာ သူ့ပါးစပ်ထဲသို့ ကြက်ပေါင်တစ်ချောင်း ထိုးထည့်လိုက်ချင်စိတ်များပင် ဖြစ်ပေါ်လာတော့၏။ 


"အခုတော့ နည်းနည်းလေး ပိုသက်သာလာသလိုပဲ ဟုတ်ပြီ နောက်ထပ် ငါးမိနစ်လောက် ဆက်သည်းခံနိုင်သွားပြီ ..." 


ခေါင်းကိုငုံ့ကာ သူ့ဗိုက်ကို အုပ်ထားသည့် ရှောင်ကျားရှု၏ လုပ်ရပ်များမှာ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရုပ်ရှင်ဧကရာဇ် ကျိမြန်၏ အကြည့်အောက်မှ လွတ်မသွားချေ။ ကျိမြန်၏ အမူအယာမှာ ရယ်ချင်စိတ်ကို ဇွတ်အတင်း ထိန်းချုပ်နေရသည့်အတွက် ထူးဆန်းလာတော့သည်။ 


"... ဒီရုပ်ရှင်အတွက် ရုံဝင်နှုန်း အများကြီး ပိုင်ဆိုင်နိုင်မယ်လို့ မျှော်လင့်မိပါတယ် ..." 


နောက်ဆုံးတွင်တော့ ဒါရိုက်တာလည်း မိန့်ခွန်းကို အပြီးသတ်လိုက်ပြီဖြစ်၍ အားလုံး မတ်တပ်ရပ်ကာ လက်ခုပ်တီးလိုက်ကြတော့သည်။ ‌ 


ရှောင်ကျားရှုက ဟွမ်မိန်ရွှမ်နှင့် ဟွမ်ကျိကျင်းတို့နှင့်အတူ ခွက်ချင်းတိုက်လိုက်ပြီးနောက် ပန်းကန်ပြားပေါ်ရှိ ဘဲသားတစ်တုံးကို လှမ်းယူလိုက်သည်။ ဟွမ်မိန်ရွှမ်းက သူ့အင်္ကျီလက်ကို လှမ်းဆွဲနေသော်ငြား သူမကို လျစ်လျူရှုထားကာ ထမင်း အလုပ်အနည်းငယ်ခန့် စားသောက်ပြီးကာမှ တီးတိုးပြောလိုက်သည်။ 


"ဟွမ်ကျဲ ဒါရိုက်တာက ပြောလို့ပြီးပြီ မဟုတ်ဘူးလား ဘာလို့ မစားသေးတာလဲ ..." 


"ဒါရိုက်တာ၊ ကျိကောနဲ့ ဟန်ကောတို့နားသွားပြီး တစ်ခွက်လောက် သောက်ဖို့လုပ် မြန်မြန်လေး ..." 


ဟွမ်မိန်ရွှမ်က သူ့ကို ဝိုင်တစ်ခွက် ကမ်းပေးကာ ပြောလိုက်သည်။ 


ရှစ်ထင်းဟန်နှင့် ကျိမြန်တို့သည် ဇာတ်လမ်း၏ ပထမဇာတ်လိုက်နှင့် ဒုတိယဇာတ်လိုက်များ ဖြစ်ကြသည့်အပြင် အနုပညာလောက၏ big shot ကြီးများ ဖြစ်ကြသည့်အတွက် လူငယ်မျိုးဆက်များက သူတို့ကို လေးစားစွာဖြင့် တစ်ခွက်ငှဲ့ပေးရမည် ဖြစ်ပေသည်။ သောက်ခြင်းမသောက်ခြင်းမှာမူ သူတို့နှစ်ဦး စိတ်ကြိုက် ဆုံးဖြတ်ရမည့်ကိစ္စ ဖြစ်သည်။  


ရှောင်ကျားရှုက နိုင်ငံခြားတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့်တိုင် တရုတ်ယဉ်ကျေးမှုများနှင့် မစိမ်းသက်ချေ။ သူက လေးစားမှုကို ပြသရန်အလို့ငှာ ဝိုင်တစ်ခွက်ကို ကိုင်လျက် ဒါရိုက်တာ၊ ရှစ်ထင်းဟန်နှင့် ကျိမြန်တို့အနား သွားကာ သူ့ကို ကြည့်ရှုစောင့်ရှောက်ပေးပါရန် ပြောကြားလိုက်သည်။ 


သို့သော် အခြားလူသစ်များမှာမူ ထိုသုံးဦးအနားသို့ တိုးကပ်ကာ မျက်နှာသာ ရစေရန်အလို့ငှာ သူ့ထက်ငါ မြှောက်ပင့်ပြောဆိုနေကြသည့်အတွက် ရှောင်ကျားရှု၏ လုပ်ရပ်များမှာ ကိန်းကြီးခမ်းကြီးနိုင်ကာ ရိုင်းပျသည့်သဘော သက်ရောက်သွားတော့သည်။ 


ထိုသည်ကို မျက်မြင်တွေ့လိုက်ရသည့် ဟွမ်မိန်ရွှမ်မှာမူ ခေါင်းများပင် တစ်ဆစ်ဆစ် ထိုးကိုက်လာတော့သည်။ သူမက စားသောက်ခြင်းဖြင့်သာ အလုပ်ရှုပ်နေသည့် သခင်လေးရှောင်ကို စိုက်ကြည့်ကာ မေးလိုက်သည်။ 


"ဘာတွေ စားနေတာလဲ ..." 


"ကြက်အစပ် ..." 


‌ရှောင်ကျားရှုက ခေါင်းကိုမော့ကာ ပြောလိုက်သည်။ သူ့နှုတ်ခမ်းတို့မှာ နီဆွေးနေပြီ မျက်လုံးတစ်ဝိုက်တွင်လည်း ငွေ့ရည်တို့ ရစ်သိုင်းနေလေသည်။ 


"အစပ်တွေ စားလို့ မရဘူးလေ ရွှယ်ကျဲပြောတော့ မင်းပါးစပ်က အဖုတွေ မသက်သာသေးဘူးဆို အသီးအရွက်တွေပဲစား ..." 


ဟွမ်မိန်ရွှမ်က သူ့ပန်းကန်ထဲသို့ အသီးအရွက်အချို့ ထည့်ပေးရင်း ပြောလိုက်သည်။ 


ရှောင်ကျားရှုက အသီးအရွက်များကို ‌ဘေးသို့ ပုံထားကာ ကြက်အစပ်ကိုသာ ဆက်စားနေလိုက်သည်။ ထို့နောက်တွင်မူ သူ့တူများ၏ ဦးတည်ရာသည် ဝက်သားပြုတ်ပန်းကန်ထံ ပြောင်းရွေ့သွားတော့သည်။


လဝက်ခန့်နီးပါး ဆန်ပြုတ်ကိုသာ ‌သောက်ခဲ့ရသည့်အတွက် သူ့ပါးစပ်သည် အရသာရှိသော စားစရာများကိုသာ တောင့်‌တနေပေသည်။ အသီးအရွက်များကို လျစ်လျုရှုထားကြောင်း သိလိုက်ရသည့်အခါ ဟွမ်မိန်ရွှမ်က သူ့ကို ဇွန်းအသန့်တစ်ချောင်းဖြင့် ခေါင်းခေါက်လိုက်သော်ငြား ရှောင်ကျားရှုကမူ ငိုသံတစ်ခုသာ ထုတ်လိုက်ရင်း ဝက်သားပြုတ်ကို ဆက်စားနေလိုက်သည်။ 


"ဒီကလေးကတော့ ... စကားနားမထောင်ရင် ရွှယ်ကျဲကို တိုင်လိုက်မှာနော် ..." 


သူမက ခြိမ်းခြောက်လိုက်သည်။ 


ရှောင်ကျားရှုက အယုံအကြည် မရှိလေဟန်ဖြင့် ပြုံးကာ မနီးမဝေးရှိ ပုစွန်အစပ်ပန်းကန်ကို လှမ်းယူလိုက်သည်။ ဟွမ်မိန်ရွှမ်မှာ ဒေါသဖြစ်လွန်အားကြီး၍ သူ့လက်ဖမိုးကိုသာ ဇွန်းဖြင့် အဆက်မပြတ် ခေါက်လိုက်တော့သည်။ 


ဤကဲ့သို့ ရင်းနှီးလှသည့် ဆက်ဆံရေးမျိုးမှာ အေးဂျင့်နှင့် သရုပ်ဆောင်အကြား ရင်းနှီးပုံမျိုးနှင့် မတူ၊ မိသားစုတစ်စု၏ လူကြီးနှင့် လူငယ်မျိုးဆက်အကြား ရင်းရင်းနှီးနှီး ရှ်ိနေကြပုံနှင့်သာ ပို၍ တူနေပေသည်။ မည်သူကမှ ရှောင်ကျားရှု၏ အပြုအမူကို မဟန့်တားရဲတော့။ 


အရမ်းကို သန်မာ‌တဲ့ နောက်ခံသာ မရှိရင် ဟွမ်မိန်ရွှမ်လို မကောင်းဆိုးဝါးက ရှောင်ကျားရှုကို သူမရဲ့ ဘိုးဘေးလေးလို ဆက်ဆံမှာတဲ့လား မဖြစ်နိုင်ဘူးလေ ဒီလိုနောက်ခံပိုင်ရှင်မျိုးကို သူတို့လည်း ပြဿနာ သွားမရှာရဲဘူး ... 


ထိုသို့ တွေးမိသည့်အတွက် ရိုက်ကူးရေးအဖွဲ့သားအားလုံး ရှောင်ကျားရှုအနား စုရုံးကာ စကားစမြည် ပြော‌လာကြသော်ငြား "အမ်" "အာ" အစရှိသည့် အာမေဋိတ်များကိုသာ ကြားလိုက်ရတော့သည်။ သို့သည့်တိုင် ရှောင်ကျားရှုကို သတ်ပစ်ချင်လောက်အောင်ပင် မုန်းတီးသည့် စိတ်များကိုလည်း ထုတ်မပြရဲချေ။ 


ရှောင်ကျားရှု၏ တူများမှာ အစပ်ဟင်းလျာများထံတွင်သာ ဝေ့ဝဲနေသည့်အတွက် ဟွမ်မိန်ရွှမ်ကလည်း သူ့ကို မျက်စောင်းထိုးနေလေပြီ။ သူမ၏ မောင်ငယ်လေး ဟွမ်ကျီကျင်းက မာပိုတို့ဖူးတစ်ခွန်းကို ခပ်ကာ သူ့နားထဲသို့ တီးတိုးပြောလိုက်သည်။ 


"စားလေ လွှတ်ချလိုက် မနက်ခင်းကျ နံပါတ်နှစ်လုပ်တဲ့အခါ သက်တောင့်သက်သာ ရှိလိမ့်မယ် ..."


(ဒီနားကလေ သူရေးတာ သိပ်မရှင်းဘူး ဖြစ်နေတာ နံပါတ် ၂ ဆိုတာက အလေးသွားတာကို ပြောချင်တာပါ) 


"အာ ..." 


ရှောင်ကျားရှုက သူ့ကို ဗလာမျက်ဝန်းတို့ဖြင့် ငေးကြည့်နေလိုက်သည်။ 


"မနက်ဖြန် မနက်ခင်း ၊ နံပါတ်နှစ် ..." 


ဟွမ်ကျိကျင်းက ထပ်ကာထပ်ကာ ပြောလိုက်သည်။ သူ့စကားသံကို ရှောင်ကျားရှုနှင့် ဘေးနားရှိ ဟွမ်မိန်ရွှမ်မှအပ မည်သူမှ မကြားလိုက်ချေ။ 


ရှောင်ကျားရှုမှာ သာမန်သူတို့နှင့်မတူ၊ အင်မတန် စိတ်ကူးဉာဏ် ကြွယ်ဝသူဖြစ်သည်။ သာမန်သူတို့၏ စကားတစ်ခွန်းကိုပင် သူက ရောင်စုံပန်းချီကားတစ်ချပ်အဖြစ် သက်ဝင်လှုပ်ရှားစွာ စိတ်ကူးယဉ်မှန်းဆနိုင်ပေသည်။ ယခု သူ့စိတ်ထဲတွင်လည်း အိမ်သာပေါ်တွင်ထိုင်ကာ မျက်နှာနီရဲနေသည်အထိ ညှစ်ထုတ်သည့်တိုင် ထွက်မလာသေးပုံကို မြင်ယောင်နေမိတော့သည်။ ခက်ခဲကြမ်းတမ်းလှသည့် နာကျင်မှုကို ဆယ်မိနစ်ကျော်မျှ ခါးစည်းခံပြီးမှသာ ထွက်လာနိုင်တော့သည်။ 


သို့သော် အိမ်သာထဲတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်သွားကာ သူ့ဆံပင်များပင် ညှိုးနွမ်းခြောက်ကပ်သွားပြီး မြေပြင်တစ်ခွင်မှာလည်း သံသယဖြစ်ဖွယ် အဝါရောင် စေးကပ်ကပ် အရာဝတ္ထုတို့ဖြင့် ဖုံးလွှမ်းသွားတော့သည်။ 


နောက်ခံတေးဂီတက သူ့စိတ်ထဲတွင် ပဲ့တင်ထွက်လာတော့သည်။ 


သူ့ဂန္ဓမာပန်းလေးက ဒဏ်ရာဒဏ်ချက်အပြည့်ဖြင့် ပျက်စီးသွားကာ အောက်ခံဘောင်းဘီမှာလည်း အဝါရောင်တို့ စွန်းထင်းသွားတော့သည်။ အညစ်အကြေး စွန့်ထုတ်သည့် အူမှာလည်း ကျွံကျသွားကာ အစာအိမ်ကိုသာ မှီခိုရတော့မည် ...


Ew ... ရွံစရာကောင်းလိုက်တာ ... 


ရှောင်ကျားရှုက တူကိုချကာ ပါးစပ်ကိုအုပ်လျက် ဟွမ်ကျိကျင်းကို မကျေမနပ် စိုက်ကြည့်လိုက်သည်။ 


ဟွမ်ကျိကျင်းက သူ၏ ခပ်မိုက်မိုက် ခဲရောင်ဆံပင်ကို ပွတ်ပေးရင်း ပြောလိုက်သည်။ 


"လိမ္မာ‌တဲ့ကောင်လေး ဆက်စားလေ ကောကောက မင်းကို ကူညီပေးပါ့မယ် ..." 


"ကော ...ကော ကျွန်တော် မှားသွားပါတယ် အရသာပေါ့တာလေးတွေပဲ စားပါတော့မယ် ..." 


ရှောင်ကျားရှုက ပြန်ဖြေရင်း အသီးအရွက်များကိုသာ ခေါင်းငိုက်စိုက်ချလျက် စားနေလိုက်တော့သည်။ 


ဟွမ်ကျိကျင်းက မေးစေ့ကို ပွတ်ကာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်သည်။ သူ့ရုပ်ရည်မှာ ညှို့ယူဖမ်းစားတတ်သည့် နတ်ဆိုးဟု တင်စားရလောက်အောင်ပင် အလွန်အမင်း ချောမောလွန်းနေပြီး ယောကျာ်းပီသမှုအနည်းငယ်သာ ယုတ်လျော့နေပေသည်။ 


သူငယ်စဉ်အချိန်က အလွန်ကျော်ကြားခဲ့ပြီး ထိုကျော်ကြားမှုကြောင့်ပင်လျှင် မသင့်လျော်သည့် ရုပ်ရှင်များ ရိုက်ကူးရန် ဂိုဏ်းတစ်ခု၏ ဖိအားပေး ထိန်းချုပ်ခြင်းကို ခံခဲ့ရသည်။ ရွှယ်ကျဲသာ အချိန်ကိုက် ရောက်မလာခဲ့ပါလျှင် သူသည် သေလျှင်သေ၊ မသေလျှင်ရူးသည့် အဖြစ်ဆိုးမျိုးနှင့် ကြုံတွေ့ရမည်ဖြစ်သည်။ 


ကုမ္ပဏီကော်ရစ်ဒါတွင် ပုန်းကာ ငိုကြွေးနေသည့် သူ့ညီမကို တွေ့ခဲ့သော ရွှယ်ကျဲသည် အရဲစွန့်ကာ ထိုဂိုဏ်းနှင့် ရင်ဆိုင်ပြီး သူတို့ကို ကူညီပေးခဲ့သည်။ ထိုစဉ်က သူမသည် သူတို့မောင်နှမမှာ မည်သူမည်ဝါ ဖြစ်မှန်းပင် မ‌သိသေးချေ။ 


နှစ်ပေါင်းများစွာ ကုန်လွန်ပြီးနောက် သူသည် အများ၏ မျက်စိရှေ့မှ ပုန်းကွယ်ကာ နောက်ကွယ်တွင်သာ ဆက်လက်အလုပ်လုပ်နေခဲ့ပြီး သူ့ညီမသည်လည်း အရည်အချင်း မပြည့်ဝသည့် ဝန်ထမ်းအဖြစ်မှ ရွှေအဆင့် အေးဂျင့်အဖြစ်သို့ ပြောင်းလဲလာနိုင်ခဲ့သည်။ သို့သော် သူတို့ကို ငရဲမှ ကယ်တင်ကာ တောက်ပသည့် အနာဂတ်တစ်ခုအား ပေးအပ်ခဲ့သူကိုတော့ လုံးဝ မေ့မထားခဲ့ချေ။ 


ရွှယ်ကျဲက သူတို့အား ရှောင်ကျားရှုကို ယာယီ ကြည့်ရှုစောင့်ရှောက်ပေးရန်သာ တောင်းဆိုထားသော်လည်း သူတို့တစ်ဘဝလုံးကို ကလေးထိန်းရင်း ကုန်ဆုံးရမည်ဆိုလျှင်ပင် လိုလိုလားလား လက်ခံဦးမည်ဖြစ်သည်။ 


ဟွမ်ကျိကျင်းတစ်ယောက် အတိတ်နွံထဲသို့ တစ်ဖန် ကျရောက်သွားချိန်တွင် ကျိမြန်၏ အမူအယာမှာလည်း အနည်းငယ် ထူးဆန်းလာတော့သည်။ သူက ပါးစပ်ကို လက်သုတ်ပဝါဖြင့် အုပ်ကာ ဝိုင်တစ်ငုံကို သောက်ပြီး ခေါင်းကိုယမ်းလျက် ခပ်ဖွဖွ ရယ်မောလိုက်သည်။ 


"အရူး ..." 


သူ၏ မူမမှန်မှုကို သတိပြုမိသည့် ဖန်ခွင်းက မေးလိုက်သည်။ 


"ဘာလို့လဲ ခေါင်းကိုက်လို့လား ..." 


"မဟုတ်ဘူး အဆင်ပြေပါတယ် ..." 


ကျိမြန်က ဖန်ခွက်ကို ချကာ အခြားစားပွဲတွင် ထိုင်နေသော လင်းလဲ့ယန်ကို လှမ်းကြည့်လိုက်သည်။ ဘေးနားရှိသူများနှင့် ကောင်းကောင်းမွန်မွန် စကားလက်ဆုံကျနေသည့်အတွက် ကျိမြန်လည်း သူ့ကို စိတ်ချလက်ချဖြင့် လွှတ်ထားလိုက်တော့သည်။ 


ဗိုက်ပြည့်သည်အထိ စားသောက်ပြီးနောက် ဆေးကြောရန် ထွက်လာသော ရှောင်ကျားရှုသည် ခန်းမ၏ အစွန်းရှိ ပြတင်းပေါက်နားတွင် ဆေးလိပ်သောက်နေသော ကျိမြန်ကို တွေ့လိုက်သည်။ သူက အနားသို့ လျှောက်လာကာ ... 


"ကျိကော ကျွန်တော်လည်း တစ်လိပ်လောက် သောက်လို့ ရမလား ..." 


"မင်းလည်း ဆေးလိပ်သောက်တတ်တယ်လား ..." 


ကျိမြန်မှာ အနည်းငယ် အံ့ဩသွားတော့သည်။ ရှောင်ကျားရှု၏ မြင့်မားသော အရပ်နှင့် ချောမောသော ရုပ်ရည်ကို ထည့်မတွက်ပါလျှင် သူသည် ကြင်နာတတ်သည့် လူငယ်လေးတစ်ဦးသာ ဖြစ်ပေသည်။ 


"ဒီရက်ပိုင်းတွေမှာတော့ သောက်တာ တစ်ဖြည်းဖြည်း နည်းသွားပါပြီ ..." 


သူ့အမေရှေ့တွင်တော့ လုံးဝ ဆေးလိပ်မသောက်ရဲ။ သူမသာ သိသွားပါလျှင် တစ်သက်လုံး သောက်ခွင့်ရတော့မည် မဟုတ်ချေ။ သူက ဆေးလိပ်သောက်ရခြင်းအပေါ် ရူးရူးမူးမူး စွဲလမ်းမနေသောကြောင့်သာ အိမ်ပြန်ရောက်လာချိန်တွင် မည်သူမှ မသိကြခြင်းဖြစ်သည်။ 


ကျိမြန်က သူ့ကို ကမ်းပေးရင်း ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


"တရုတ်တွေက ညစာစားပွဲကို အဝစား‌ဖို့ လုပ်ကြတာ မဟုတ်ဘူး ဆက်ဆံရေးနယ်ပယ် ချဲ့ထွင်ဖို့အတွက် ရည်ရွယ်တာ တစ်ခြားသူတွေက လူအုပ်ကြား ရောနှောပြီးတော့ စကားပြောနေတဲ့အချိန်မှာ မင်းက ဟင်းပန်းကန်ထဲ ခေါင်းစိုက်နေတာ သတိမထားမိဖို့ ခက်တယ်လေ နောက်ခံက အရမ်းကို အားကောင်းတယ် ဆိုဦးတောင် အဆက်အသွယ်ကတော့ လိုသေးတာပဲ အထူးသဖြင့် အနုပညာလောကမှာပေါ့ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ပြီး ဆက်ဆံရေးကောင်းတွေ ရှိထားမှ အဆင်ပြေမှာလေ ဒီလိုလုပ်လို့လည်း မင်းအတွက် ဘာမှ မထိခိုက်သွားပါဘူး ..." 


"ကျွန်တော် သိပါပြီ ကျေးဇူးတင်ပါတယ် ကျိကော ..." 


ရှောင်ကျားရှုအနေဖြင့်လည်း ကျိမြန်မှာ စပ်စုလွန်းသည်ဟု မထင်။ ကျိမြန်မှာ ရိုးသားပွင့်လင်းကာ စိတ်ရင်းကောင်းသူတစ်ဦး ဖြစ်ကြောင်း သဘောပေါက်ထားပြီးဖြစ်သည်။ သို့မဟုတ်ပါလျှင် ဤကဲ့သို့ သတိပေးလိမ့်မည် မဟုတ်ချေ။ ဤလောကတွင် အဆင့်အတန်းကသာ အရာရာဖြစ်ရာ သက်တူရွယ်တူချင်းပင် ဖြစ်လင့်ကစား အထက်သို့ရောက်ရန် အချင်းချင်း ချ‌နင်းနေသူများဖြင့်သာ ပြည့်နှက်နေပေသည်။ 


အချင်းချင်း ချမနင်းသည့်အပြင် ဂျူနီယာများကိုပင် ဂရုစိုက်ပေးတတ်သည့် ကျိမြန်လို လူမျိုးမှာမူ ရှားမှရှားသည့် ရတနာပင်ဖြစ်သည်။ 


ကျိမြန်က Baidu မှာ ပြောထားတဲ့အတိုင်း တကယ်ကို ကောင်းတာပဲ ... 


ရှောင်ကျားရှု၏ ကျိမြန်အပေါ် အကောင်းမြင်မှုတို့မှာ မြင့်သည်ထက် မြင့်မားလာတော့သည်။ 


သူက လီကျားအာကို ကာကွယ်ပေးဖူးတယ် ဆိုပေမယ့် ဒါတွေအားလုံးကလည်း စေတနာကောင်းနဲ့ လုပ်ပေးခဲ့တာတွေပါပဲ ဒီရက်ပိုင်းတွေက ခက်ခဲလိုက်တာ ... 


သူနှင့် ကြုံလိုက်ရချိန်တွင် ရှောင်ကျားရှုမှာ သူ၏ပူပန်နေမှုများကို ဖွင့်ဟလိုစိတ်တို့ ဖြစ်ပေါ်လာတော့သည်။


"ကျိကော တကယ်တော့လေ ကျွန်တော် ဘယ်လို သရုပ်ဆောင်ရမလဲ မသိဘူး ပြီးတော့ လင်ဖုန်းရဲ့ ဇာတ်ကောင်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ပါ့မလားရောပဲ အဲဒါကြောင့်လည်း ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ ရင်းရင်းနှီးနှီးနေဖို့ကို ကြောက်နေတာပါ ကောပြောသလို အဖွဲ့သားတွေနဲ့ ရောရောနှောနှော နေပြီး လူတိုင်းက ကျွန်တော့်ကို သိသွားကာမှ သရုပ်ဆောင်တာ မကောင်းလို့ အဖွဲ့ထဲက ထွက်ရမယ်ဆိုရင် ရှက်စရာကြီးလေ အစကတည်းက မသိချင်ယောင် ‌ဆောင်နေလိုက်တာ ပိုကောင်းမယ်ထင်ပါတယ် သွက်သွက်လာ သွက်သွက်ပြန်တာက နည်းနည်းလေး ပိုပြီး မျက်နှာပျက်စရာ နည်းမလားလို့ပဲ ..." 


Xxxxxxx