အပိုင်း ၂၄
Viewers 44k

Chapter 24


ဟွမ်ကျိကျင်းက ခေါင်းကို အသာယမ်းကာ ဤရုပ်ရှင် ရိုက်ကူးပြီးပါလျှင် ရွှယ်ကျဲ‌၏ စီစဉ်ပေးမှုကို မဖြုန်းတီးမိစေရန် အလို့ငှာ ရှောင်ကျားရှု၏ သရုပ်ဆောင်မှုအပေါ် ချစ်မြတ်နိုးစိတ်များ နိုးထလာစေရန် လှုံ့ဆော်ပေးရမည် ဆုံးဖြတ်ချက်ချလိုက်သည်။ 


ယနေ့ရိုက်ကွင်းမှာ ချောချောမွေ့မွေ့ဖြင့်ပင် ပြီးစီးသွားတော့သည်။ ရှေ့တစ်ပတ်အထိ ရှောင်ကျားရှု ရိုက်ကူးရမည့်ရက် မရှိသေးသော်ငြား ဟွမ်မိန်ရွှမ်က သူ့ကို အပျင်းထူနေခွင့်‌ မပေးဘဲ အခြားသရုပ်ဆောင်များ မည်ကဲ့သို့ သရုပ်ဆောင်သည်ကို လေ့လာနိုင်ရန် စတူဒီယိုသို့ အစောကြီး လိုက်ပို့လိုက်တော့သည်။ 


"နိုးနိုးကြားကြား နေစမ်းပါ ..." 


ဟွမ်မိန်ရွှမ်က စိတ်ပျက်လက်ပျက်ဖြစ်နေသည့် ရှောင်ကျားရှုကို အသာအယာခေါက်ကာ ပြောလိုက်သည်။ 


"ကြည့်ကြည့်လိုက် အနုပညာလောကမှာ ဘယ်လူသစ်ကမှ မင်းလို မလုပ်ဘူး ပြည်တွင်းက ရုပ်ရှင်ဧကရာဇ်နှစ်ယောက်နဲ့ အတူတူ ပွဲဦးထွက်ရတာတောင် တစ်ခြားသူတွေ မရနိုင်တဲ့ အခွင့်အရေးမျိုး ဘယ်လို ယူရမလဲဆိုတာ မသိသေးဘူးလား ယုံချင်ယုံ မယုံချင်နေ မင်းကတော့ မိုးကြိုးကို အပစ်ခံရဦးမှာ ကော်ဖီကို ပြီးအောင်သောက်ပြီး ကားထဲကထွက်တော့ ..." 


ကော်ဖီကို ခပ်သွက်သွက်သောက်ရန် အတင်းအကြပ် ဖိအားပေးခံနေရသည့် ရှောင်ကျားရှုက အသနားခံလိုက်သည်။ 


"မိန်ရွှမ်ကျဲ ကျွန်တော်က မနက် ၄ နာရီအထိ အိပ်မပျော်လို့ ၄ နာရီနီးပါးပဲ အိပ်ခဲ့ရတယ်လေ ဘယ်လိုလုပ် အိပ်ရေးဝမှာလဲ ပြီးတော့ ရုပ်ရှင်ဧကရာဇ်တွေနဲ့ တွဲရိုက်ခွင့်ရတဲ့ လူသစ်က ကျွန်တော် တစ်ယောက်တည်းမှ မဟုတ်တာ လင်းလဲ့ယန်လည်း ပါသားပဲကို ..." 


"တစ်ခြားသူတွေက မင်းနဲ့ ဘာဆိုင်လို့လဲ ဒီနေ့ ရိုက်ကူးရေးရှိမှန်း သိတာတောင် ညလုံးပေါက် ဂိမ်းဆော့ရဲသေးတယ်ပေါ့ သေချင်နေတာလား ..." 


ဟွမ်မိန်ရွှမ်မှာ ပို၍ပင် ဒေါသထွက်လာတော့သည်။ ဒေါသပုန်ထတော့မည့်အချိန်တွင် ဟွမ်ကျိကျင်းက ရောက်လာကာ ရှောင်ကျားရှုကို ကားထဲမှ ဆွဲထုတ်ရင်း ပြောလိုက်သည်။ 


"သူ့ကို မငေါက်နဲ့တော့ ငေါက်လေလေ ပိုပြီး အားအင်ဆုတ်ယုတ်လေပဲ ဒီနေ့ရိုက်ရမှာက ခက်မှ မခက်တာ သူ့ကို သေချာစောင့်ကြည့်နေလိုက်ပါ့မယ် စိတ်မပူနဲ့ ..." 


"သူ့ကို တစ်ချိန်လုံး သင်ပေးနေရမှာလား သူ့အစား နင်ပဲ သရုပ်ဆောင်လိုက်ပါတော့လား အလိုလိုက်ခံရတာတွေနဲ့ အသားကျသွားအောင် လုပ်မနေနဲ့ ..." 


သူမက ကားပြတင်းပေါက်မှ ခေါင်းထွက်ကာ ဆူပူလိုက်သော်ငြား ထိုသူနှစ်ယောက်က သူမကို လက်ယမ်းပြရင်း ထွက်သွားကြသည့်အတွက် သူမလည်း မှုန်ကုပ်ကုပ်ဖြင့် ပြန်သွားလိုက်တော့သည်။ 


ရိုက်ကွင်းသို့ ရောက်လာသော ကျိမြန်မှာ ထိုကဲ့သို့ ဆူညံပွက်လောရိုက်နေသည်များကို မျက်မြင်ကြုံလိုက်ရသည့်အတွက် မျက်မှောင်ကြုတ်လိုက်မိတော့သည်။ ဖန်ခွင်းကလည်း ခေါင်းကိုယမ်းကာ ပြောလိုက်သည်။ 


"ဒီလိုစိတ်ထားမျိုးနဲ့တော့ နှစ်တစ်ရာကြာလို့တောင် ဘယ်လို သရုပ်ဆောင်ရမလဲ သိမှာ မဟုတ်ဘူး အခုခေတ်လူငယ်တွေက ပိုပိုပြီးကို စိတ်လိုက်မာန်ပါတွေ ဖြစ်ကုန်ကြတာပဲ ကျင့်ဝတ်တွေလည်း မသိကြတော့ဘူး ..." 


"လဲ့ယန်ရော ..." 


လူငယ်များအကြောင်း ပြောနေရင်း ကျိမြန်မှာ သူ့ချစ်သူလေးကို အမှတ်ရသွားတော့သည်။ 


"အိုး ... သူလား သူက မနက် ၇ နာရီကတည်းက ရောက်နှင့်နေပြီလေ ..." 


လင်းလဲ့ယန်အပေါ် ဖန်ခွင်း၏ အကောင်းမြင်မှုတို့မှာ တစ်စထက်တစ်စ တိုးမြင့်လာသည့်အတွက် သူက ချီးကျူးလိုက်သည်။ 


"ဒါရိုက်တာလောဆီကနေ ကြားမိတာတော့ သူက မနက်‌အစောကြီးကတည်းက ရောက်ချလာပြီး ရိုက်ကွင်းနေရာချတာတွေ၊ ဝတ်စုံတွေ ပြန်စစ်တာတွေကို ကူပေးတယ်တဲ့ တစ်ခြားသူတွေ ရိုက်နေတဲ့အချိန်မှာဆိုလည်း ဘေးနားကနေ ရပ်ကြည့်ပြီး သင်ယူနေတာ အားသွားပြီဆိုမှ ထောင့်လေးမှာထိုင်ပြီး သူ့စာသားတွေကို မှတ်မိအောင် ဖတ်နေတယ်တဲ့ သူက တကယ်ကို ဝီရိယရှိတာပဲ ..." 


"လဲ့ယန်က တကယ်ကို ကြိုးစားတာ ..." 


ကျိမြန်က ဂုဏ်ယူစွာဖြင့် မသိမသာ ပြုံးလိုက်သည်။ 


နှစ်ဦးသား စကားတပြောပြောဖြင့် ရိုက်ကွင်းနေရာသို့ ရောက်လာသည့်အခါ ရှစ်ထင်းဟန်ကို ယှဉ်ပြိုင်တိုက်ခိုက်ရမည့် အခန်းအား သရုပ်ဆောင်နေသည့် လင်းလဲ့ယန်ကို တွေ့လိုက်ရသည်။ ရှစ်ထင်းဟန် သရုပ်ဆောင်ရမည့် ဇာတ်ကောင်မှာ မူး‌ယစ်ဆေးရောင်းချသည့် အဖွဲ့ငယ်တစ်ခု၏ ခေါင်းဆောင် ဟဲကျင်းဖြစ်သည်။ အမှန်တွင် သူသည် လင်အုပ်စုကို စုံစမ်းရန် ရဲဘက်က စေလွှတ်လိုက်သည့် သူလျှိုဖြစ်သည်။ လင်ထောင်မှာလည်း ရဲစခန်းတွင် သူလျှိုထားထားသည့်အတွက် ထိုအကြောင်းကို သိနှင့်နေပြီးဖြစ်ရာ ဟဲကျင်ကို သတင်းအမှားများသာ သိစေသည့်အတွက် ရဲတပ်ဖွဲ့မှာ ချုံခိုတိုက်ခိုက်ခံရပြီး အကျအဆုံး များပြားသွားတော့သည်။ 


ထို့ကြောင့် ဟဲကျင်းကို ရဲတပ်ဖွဲ့မှ သစ္စာဖောက်အဖြစ် သတ်မှတ်ကာ အလုပ်ဖြုတ်လိုက်ရုံသာမက ဝရမ်းပြေးစာရင်းထဲကိုပါ ထည့်သွင်းလိုက်တော့သည်။ ဆေးရောင်းသည့် ဂိုဏ်းကလည်း သူ့ကို အသေသတ်ရန် လိုက်ရှာနေသည့်အတွက် အလင်းနှင့်‌အမှောင် နှစ်ဖွဲ့လုံး၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသော ဟဲကျင်းမှာ ပြေးရင်းလွှားရင်းပင် သူ့နာမည်ကို ရှင်းလင်းရန် အသည်းအသန် ကြိုးပမ်းလိုက်ရပြန်သည်။ ရဲစခန်းထဲသို့ စွန့်စွန့်စားစား ခိုးဝင်ပြီးနောက်တွင်တော့ သစ္စာဖောက်အစစ်ကို ရှာတွေ့သွားတော့၏။ 


လင်းလဲ့ယန်၏ ဇာတ်ကောင်မှာ ဟဲကျင်း၏ ငယ်ဘဝ သူငယ်ချင်း၊ အလုပ်ဝင်ကာစ ရဲတပ်သား ရှစ်ယွီဖြစ်သည်။ ထိုသူနှစ်ဦးမှာ တစ်‌ဦးအပေါ်တစ်ဦး နက်နက်ရှိုင်းရှိုင်း ငြိတွယ်နေကြသည့်အပြင် ရှစ်ယွီအနေဖြင့် ဟဲကျင်းသည် သူ့လုပ်ဖော်ကိုင်ဖက်များကို သစ္စာဖောက်လိမ့်မည် မဟုတ်ဟု ယုံကြည်ထားသည့်အတွက် လိုက်လံဖမ်းဆီးချိန်တွင် ရှစ်ယွီကို တမင်သပ်သပ် လွတ်မြောက်စေခဲ့သည်။ ဤသည်မှာ လက်ရှိရိုက်ကူးမည့် ဇာတ်ကွက်ဖြစ်သည်။


ရှစ်ထင်းဟန်၏ မျက်နှာမှာ အညစ်အကြေးတို့ဖြင့် ပေကျံနေကာ အလွန်ညှင်းသိုးသိုးနိုင်လှသည်။ သူက သန့်ရှင်းရေးသမားဝတ်စုံကို ဝတ်ဆင်ကာ ဘေးနားတွင် ရပ်လျက် ရိုက်ကူးရေးစတင်မည်ကို စောင့်နေပေသည်။ ရဲဝတ်စုံကို ဝတ်ဆင်ထားသော လင်းလဲ့ယန်မှာမူ ‌ဇာတ်ညွှန်းကိုသာ စဉ်ဆက်မပြတ် ငုံ့ဖတ်နေပြီး အလွန် စိတ်လှုပ်ရှားပူပန်နေဟန် ပေါ်ပေသည်။ 


ကျိမြန်က သူ့အနားသို့သွားကာ နှစ်သိမ့်ပေးရန် ပြင်လိုက်စဉ်မှာပင် ဒါရိုက်တာ၏အသံကို ကြားလိုက်ရတော့သည်။ 


"အက်ရှင် ..." 


နှစ်ဦးသား အလျင်အမြန်ပင် သရုပ်ဆောင်ခြင်းကို စတင်လိုက်တော့သည်။ သို့သော် များမကြာမီမှာပင် ဒါရိုက်တာ၏ အော်ဟစ်သံ ထွက်ပေါ်လာတော့၏။ 


"Cut! လင်းလဲ့ယန် မင်းက ဘေးရောက်သွားပြန်ပြီ နံပါတ်နှစ်ကင်မရာက မင်းမျက်နှာကို မရိုက်မိတော့ဘူး နောက်တစ်ခေါက် ပြန်လုပ်မယ် ..." 


"တောင်းပန်ပါတယ် ဒါရိုက်တာကြီး ..." 


လင်းလဲ့ယန်က လက်ချင်းယှက်ကာ အလွန်အားတုံ့အားနာဖြစ်ဟန်ဖြင့် တောင်းပန်လိုက်သည်။ 


"ရပါတယ် အဆင်ပြေသွားမှာပါ ..." 


ရှစ်ထင်းဟန်မှာ ကျိမြန်နှင့် ဆက်ဆံရေးကောင်းသည့်အတွက် လင်းလဲ့ယန်ကို အနည်းငယ် မျက်နှာသာ ပေးလိုက်သည်။ 


"တောင်းပန်ပါတယ် ဟန်ကော ကောကို ဒုက္ခပေးသလို ဖြစ်နေမှာကို စိတ်ပူနေလို့ပါ ..." 


လင်းလဲ့ယန်က ထပ်ကာထပ်ကာ တောင်းပန်လိုက်သည်။ ထို့နောက် ဘေးနားတွင် ရပ်နေသော ကျိမြန်ကို တွေ့လိုက်ရသည့်အခါ သူ့မျက်နှာတစ်ခုလုံး‌ သွေးဆုတ်သွားတော့၏။ ထိုအခါမှသာ ကျိမြန်နှင့် သရုပ်ဆောင်ခွင့်ရခြင်းမှာ အလွန်ကျေနပ်ဖွယ် ကောင်းလှသော်ငြား NG များကို မြင်စေခြင်းမှာမူ ထိတ်လန့်ဖွယ်ကောင်းလှခြင်း သဘောပေါက်သွားတော့သည်။ သူက ကျိမြန်၏ အကြည့်တို့ကို ရှောင်တိမ်းကာ နေရာပြန်ယူလိုက်တော့သည်။ 


(NG= not good ရိုက်ထားတာ အဆင်မပြေလို့ ပြန်ရိုက်ရမယ်လို့ ပြောတာပါ) 


"အက်ရှင် ..." 


ဒါရိုက်တာ၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် နှစ်ဦးသား တစ်ယောက်ကော်လံ တစ်ယောက်ဆွဲကာ လူမရှိသည့် လှေကားအနားတွင် ပုန်းနေလိုက်သည်။ လင်းလဲ့ယန်က ရှစ်ထင်းဟန်၏ မျက်နှာဖုံးကို ဆွဲချွတ်ကာ တီးတိုးပြောလိုက်သည်။ 


"တကယ်ပဲ မင်းဖြစ်နေတာကိုး ..." 


ရှစ်ထင်းဟန်က သူ့စာသားများကို ပြောမည်ပြုစဉ်မှာပင် ဒါရိုက်တာ၏ စကားသံကို ထပ်ကြားလိုက်ရပြန်သည်။ 


"Cut ! ..." 


လင်းလဲ့ယန်မှာ ရုတ်ချည်း အေးခဲသွားတော့၏။ 


လောကျန်းဝေ့က အသံချဲ့စက်ကို ကောက်ကိုင်ကာ လင်းလဲ့ယန်ကို အော်ပြောလိုက်သည်။ 


"ဘယ်လိုဖြစ်လို့ ကင်မရာထဲကနေ ပျောက်သွားရပြန်တာလဲ ရှစ်ထင်းဟန်က မင်းကို သင်မပေးဘူးလား ဒီနားလာပြီး ကိုယ့်ဘာသာကိုယ် ကြည့်ကြည့် ..." 


လင်းလဲ့ယန်မှာ ကျွင်းတူး၍ ပုန်းချင်လောက်အောင်ပင် ရှက်ရွံ့သွားရှာတော့သည်။ ခပ်သွက်သွက် လာကြည့်လိုက်လျှင် အစောပိုင်း၌ သူရပ်နေသည့် နေရာမှာ မှန်ကန်သော်ငြား ရှစ်ထင်းဟန်၏ အင်္ကျီစကို ဆောင့်ဆွဲကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ချိန်တွင်မူ ကင်မရာတွင် သူ့လက်မောင်းတစ်ဖက်သာ ပေါ်နေတော့သည်။ ရိုက်ခဲ့သမျှအားလုံး သဲထဲရေသွန် ဖြစ်သွားချေပြီ။ 


"တောင်းပန်ပါတယ် ဒါရိုက်တာကြီး နောက်တစ်ခါ သေချာ ‌အာရုံစိုက်လိုက်ပါ့မယ် ..." 


လှိုက်လှိုက်လှဲလှဲ တောင်းပန်ပြီးနောက် ကျိမြန်က သူ့အနားသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။ သူ့ကို တစ်ခုခု ပြောလိုဟန် ပေါ်နေသည့်အတွက် ရှစ်ထင်းဟန်အနီးသို့ အမြန် ပြန်သွားကာ ရိုက်ကူးရေးကို ပြန်စရန် ပြင်ဆင်လိုက်တော့သည်။ 


ဘာမှ မတတ်တဲ့ ရှောင်ကျားရှုတောင် တစ်ခေါက်တည်းနဲ့ ပြီးသွားတာကို သူကကျ ဘာလို့ ခဏခဏ NG တွေ ပါနေရတာလဲ ကျိကောတော့ မျက်နှာပျက်ရတော့မှာပဲ ရိုက်ကူးရေးပြီးမှ သူနဲ့စကားပြောတာ ပိုကောင်းမယ်ထင်တယ် အဲဒါမှ ဖိအားနည်းမှာ ... 


အချို့သူများသည် အခက်အခဲ ကြုံချိန်တွင် သူတို့ကို အားပေးမည့် ဆွေမျိုးမိတ်ဆွေ အပေါင်းအသင်းများကို လိုအပ်ပေသည်။ သို့သော် လင်းလဲ့ယန်မှာမူ ထိုသူများနှင့်မတူ။ အရှက်ရစရာ အခြေအနေမျိုးနှင့် ကြုံရလေ သူကိုယ်တိုင် ရင်ဆိုင်ချင်လေ ဖြစ်ကာ ဤသို့မှသာ အရှက်တကွဲအကျိုးနည်းဖြစ်မှု လျော့နည်းသွားမည်ဟု ခံယူထားပေသည်။ 


သူက ရှစ်ထင်းဟန်ကို တောင်းပန်ကာ ကျိမြန်တစ်ယောက် သူ့ကို လာနှစ်သိမ့်ပေးမည်ကို ကြောက်ရွံ့နေစိတ်အား မေ့ဖျောက်ထားလိုက်သည်။ မူလက သူ့အနားသို့သွားရန် ပြင်နေသော ကျိမြန်ကလည်း ကူကယ်ရာမဲ့နေဟန်ဖြင့် သူ့နေရာတွင်သာ ပြန်ထိုင်နေလိုက်တော့သည်။ ထိုအချိန်တွင် ရှောင်ကျားရှုက သူ့အနားသို့ ရောက်လာကာ ခြေဖျားထောက်ပြီး တီးတိုး စပ်စုလိုက်သည်။ 


"ဘာဖြစ်နေတာလဲ ဘယ်သူတွေများ NG စားလိုက်မိပြန်တာလဲ ..." 


ရိုက်ကွင်း၌ တစ်ပတ်ခန့် အချိန်ဖြုန်းပြီးနောက် ရှောင်ကျားရှုမှာ သူသည် သရုပ်ဆောင်ရခြင်းကို စိတ်မဝင်စားသေးသည့်တိုင် သရုပ်ဆောင်များ NG စားနေရသည်ကို ကြည့်ရခြင်းအား အလွန်နှစ်မြို့ကြောင်း သိရှိသွားတော့သည်။ NG ဖြစ်ရခြင်းတွင် တစ်ယောက်နှင့်တစ်ယောက် အကြောင်းအရင်းအမျိုးမျိုး ကွဲပြားနေသည့်အပြင် နောက်ပိုင်းတုန့်ပြန်ပုံများမှာလည်း မတူညီကြပေ။ ဒါရိုက်တာ၏ ဆူပူမှုမှာလည်း သည်းမခံနိုင်လောက်အောင်ပင် ပြင်းထန်လှရာ အမျိုးမျိုးအဖုံဖုံ စိတ်ဝင်စားစရာ ကောင်းလှသည့်အတွက် သူ့အတွက် ပျင်းရိငြီးငွေ့ချိန်ပင် မရှိတော့ချေ။ ထိုဖြစ်ရပ်များကို ဗီဒီယိုရိုက်ထားကာ အပျင်းပြေ ပြန်ကြည့်၍ ရလေမလားဟူ၍ပင် တွေးမိတော့သည်။ 


ကျိမြန်က သူ့ကို လျစ်လျူရှုထားကြောင်း သိလိုက်ရသည့်အခါ တစ်ကိုယ်တည်း ရေရွတ်နေလိုက်တော့သည်။ 


"လင်းလဲ့ယန်ပဲ ဖြစ်ရမယ် သူနဲ့ကျွန်တော်က အခြေခံမရှိတာချင်း အတူတူပဲဟာကို ..." 


ကျိမြန်က စကားပြန်မပြောသော်ငြား စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် မျက်မှောင်ကြုတ်ပြလိုက်သည်။ 


ရိုက်ကူးရေးကို တတိယအကြိမ် ပြန်လည်စတင်လိုက်တော့သည်။ လင်းလဲ့ယန်နှင့် ရှစ်ထင်းဟန်တို့နှစ်ဦးလုံး အဆင်သင့်ပြင်ကာ ကော်လံကိုဆွဲလျက် လှေကားနောက်တွင် ပုန်းလိုက်ကြသည်။ ဤတစ်ကြိမ်တွင်တော့ နေရာတကျ အောင်မြင်စွာဖြင့် အပြီးသတ်နိုင်သွားတော့သည်။ နှစ်ဦးလုံး၏ ပုံရိပ်များမှာ ကင်မရာထဲတွင် ပေါ်လွင်နေကာ စိတ်ခံစားချက်တို့မှာလည်း ဇာတ်ရုပ်နှင့် အံဝင်ခွင်ကျ ဖြစ်နေသည်။ လင်းလဲ့ယန်က ရှစ်ထင်းဟန်၏ မျက်နှာဖုံးကို ဆွဲချွတ်ကာ ပြောလိုက်သည်။ 


"တော်လောက်ပြီ အဲဒါက မင်းပဲ ..." 


ရှစ်ထင်းဟန်က တစ်ခုခုကို ပြောလိုဟန်ဖြင့် ပါးစပ်ကို ဟလိုက်သော်ငြား ရုတ်ချည်း ရပ်တန့်ကာ လင်းလဲ့‌ယန်ကို မှောင်ရိပ်ကျနေသည့်နားသို့ တွန်းပို့လိုက်သည်။ အကြောင်းမှာ အပြင်ဘက်တွင် သူတို့ကို လိုက်လံရှာဖွေနေသည့် ရဲများ၏ ခြေသံများ ဆူညံလာ၍ဖြစ်သည်။ 


ထို ကျယ်လောင်လှသည့် ခြေသံများမှာ အမှန်တကယ် ထည့်သွင်းရိုက်ကူးထားခြင်း မဟုတ်ချေ။ တည်းဖြတ်ချိန်မှသာ ထည့်သွင်းမည် ဖြစ်သည့်အတွက် အာရုံတစူးတစိုက်ဖြင့် နားထောင်ကာ စိတ်တင်းကြပ်နေဟန်ကို ကိုယ်တိုင် မှန်းဆကာသာ သရုပ်ဆောင်ရမည်ဖြစ်သည်။ 


ရှစ်ထင်းဟန်က ချိန်သားတကျ သရုပ်ဆောင်လိုက်သော်ငြား လင်းလဲ့ယန်ကမူ စည်းချက်နှင့် လွဲချော်သွားချေသည်။ ရှစ်ထင်းဟန်က သူ့ကို ထောင့်စွန်းသို့ တွန်းမပို့ခင်အထိ ထိတ်လန့်နေသည့် အမူအယာမျိုး ပေါ်ထွက်မလာသေးချေ။ သူ့ပုံစံမှာ လိုက်လံဖမ်းဆီးမှုကို ပုန်းရှောင်နေသူနှင့် မတူဘဲ ကိုယ်ထိလက်ရောက် စော်ကားခံရ၍ ကြောက်ရွံ့နေသော မိန်းမငယ်လေးအသွင် ဖြစ်နေပေသည်။ ဇာတ်ညွှန်းထဲတွင် ခြေသံများကို တစ်ပြိုင်တည်း ကြားလိုက်ကြပြီး အမှောင်ထဲသို့ နှစ်ယောက်အတူတူ ပုန်းအောင်းလိုက်ကြသည်ဟု ဖော်ပြထားသည်။ ဤသည်မှာ ဟဲကျင်းနှင့် ရှစ်ယွီတို့ ကလေးဘဝကတည်းက ပိုင်ဆိုင်ထားခဲ့သည့် ထုတ်ပြောရန် မလိုအပ်သော နားလည်မှုပင်ဖြစ်သည်။


ရိုက်ကူးရေးကာလ ကြာရှည်လာလေလေ လောကျန်းဝေ့မှာ ပိုပြီး စည်းကမ်းတင်းကြပ်ကာ အပြစ်ရှာတတ်လာလေလေပင်ဖြစ်သည်။ ထိုသည်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် သူက "cut" ဟု အော်ကာ အသံချဲ့စက်ကို ကောက်ကိုင်လိုက်သည်။ 


"လင်းလဲ့ယန် မင်းပဲ ဖြစ်ပြန်ပြီလား မင်းကို ငါ ဘာပြောထားလဲ ဒီနေရာက ရဲစခန်းလို့ ရဲတွေက သူ့ကို ဖမ်းဖို့ စောင့်နေကြတာ သူ့ကို လှေကားနားလေး ဆွဲခေါ်သွားလိုက်ရုံနဲ့ အားလုံးပြီးသွားပြီလို့ ထင်နေတာလား မင်းက အာရုံတွေ ထွေပြားနေရမယ် ၊ နေရာတိုင်းကို ကျီးကန်းတောင်းမှောက် ကြည့်နေရမယ် အချိန်ပြည့် စိတ်အေးလက်အေး နေနေလို့ မရဘူးကွ ဒီအဆောက်အဦးကြီးတစ်ခုလုံးမှာ မင်းကို ဖမ်းဖို့ ကြိုးစားနေတဲ့သူတွေနဲ့ ပြည့်နေတယ်လို့ တွေးထားရမယ် နားလည်လား ..." 


"တောင်းပန်ပါတယ် ဒါရိုက်တာကြီး ..." 


လင်းလဲ့ယန်မှာ မျက်နှာတစ်ခုလုံး နီစွေးနေသည်အထိ ရှက်ရွံ့သွားရတော့သည်။ ပထမတစ်ပိုင်းကို ချောချောမွေ့မွေ့ ရိုက်ကူးနိုင်သွားသည့်အတွက် စိတ်သက်သာရာရမည်ပင် မကြံရသေး၊ စည်းချက် လွဲသွားပြန်ချေပြီ။ 


အခုထိ ကျိကောကို ဆွဲချမိနေတုန်းပဲ ... 


"‌ထပ်ရိုက်တဲ့အခါ မင်းကိုယ်မင်း ဒီရိုက်ချက်ထဲမှာ အာရုံစူးစိုက်ထား ခဏနားပြီး စိတ်ကို ပြင်ဆင်လိုက် ..." 


သူသည် အတွေ့အကြုံမရှိသေးသည့် လူသစ်လေးသာ ဖြစ်သည့်အတွက် လောကျန်းဝေ့လည်း ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းမနေတော့ချေ။ 


Xxxxxxxx