အပိုင်း ၂၅
Viewers 44k

Chapter 25


လင်းလဲ့ယန်က ရိုက်ကူးနေသည့် နေရာမှ ထွက်လာသော်ငြား ကျိမြန်အနားသို့ မသွားဘဲ သူ့လက်ထောက် ချိန်ဖမ်းရှင်းနှင့်သာ စကားပြောနေလိုက်သည်။ 


"အရမ်းကြီး စိတ်ဖိစီးမနေနဲ့ မင်းက ကောင်းကောင်းကြီး သရုပ်ဆောင်နိုင်တယ် ဈာန်မဝင်စားသေးတာလေး တစ်ခုပဲ နွေးတာလေး သောက်ပြီး စိတ်ကို လျော့ထားလိုက် ..." 


ချိန်ဖမ်းရှင်းက သူ့ကို ကော်ဖီတစ်ခွက်ပေးကာ တီးတိုး ပြောလိုက်သည်။ 


"ကျိမြန်က ဟိုဘက်မှာ ရှိနေတယ် သူ့ကို သွားနှုတ်ဆက်ရအောင် ..." 


"ဟင့်အင်း ငါ့မှာ သူ့ကို နှုတ်ဆက်ဖို့ မျက်နှာမပြရဲဘူး ဒီဟာ ရိုက်ပြီးတဲ့အထိ စောင့်လိုက်ဦး ..." 


လင်းလဲ့ယန်က ရုတ်ချည်း ငြင်းပယ်လိုက်သည်။ 


"ဒီလိုအချိန်မျိုးမှာဆို ပိုပြီးတောင် သူ့ကို နှုတ်ဆက်သင့်တာလေ သူ့ကို ရိုက်ကူးရေးအကြောင်း မေးလို့ရသားပဲ ဒီအကြောင်းနဲ့ ပတ်သက်ရင် မင်းကို အနည်းနဲ့အများ ဂရုစိုက်ပေးမှာပဲလေ မင်းက သူ့လက်အောက်က အနုပညာရှင် မဟုတ်လား ..." 


ချိန်ဖမ်းရှင်းက ပြောလိုက်သည်။ သူက ကျိမြန်နှင့် ဆက်ဆံရေးတစ်ခု ထိန်းညှိထားနိုင်ရန် အလွန် စိတ်ဇောသန်နေသည့်အတွက် လင်းလဲ့ယန်ကို အတင်းအကြပ် တိုက်တွန်းလိုက်သည်။ 


လင်းလဲ့ယန်က သဘောမတူ။ သူတို့နှစ်ဦး အငြင်းပွားနေစဉ်မှာပင် လောကျန်းဝေ့၏ စကားသံကို အသံချဲ့စက်မှတစ်ဆင့် ကြားလိုက်ရတော့သည်။ 


"ရယ်ဒီ ..." 


သူသည် နာမည်ကြီးဒါရိုက်တာတစ်ဦး ဖြစ်သည့်အတွက် လူသစ်တစ်ဦးကို စိတ်ပြင်ဆင်နိုင်ရန် သုံးမိနစ်သာ အချိန်ပေးနိုင်ပေသည်။ 


လင်းလဲ့ယန်ကလည်း ချိန်ဖမ်းရှင်းကို ချန်ထားခဲ့ကာ ရှစ်ထင်းဟန်အနီးသို့ အမြန်ထွက်လာခဲ့လိုက်တော့သည်။ ကျိမြန်၏ အကြည့်တို့က သူ့ထံသို့ ကပ်ငြိနေသည့်တိုင် နေရာတွင်သာ ဆက်လက် ထိုင်နေလိုက်သည်။ သူ့ဘေးနားရှိ ရှောင်ကျားရှုမှာမူ နောက်ထပ် ရိုက်ချက်ကို မှတ်တမ်းတင်ထားရန် ဖုန်းကို အလောတကြီး ထုတ်လိုက်သည်။ 


သူပြောရဲတယ် ဒီတစ်ခေါက်လည်း လင်းလဲ့ယန် NG တွေ အများကြီး စားရဦးမှာ ... 


.... 


သူ့မှန်းဆချက်မှာ ကွက်တိပင်ဖြစ်သည်။ လင်းလဲ့ယန်၏ အမူအယာတို့မှာ စည်းချက်တကျ ဖြစ်သွားသည့်တိုင် နောက်ထပ် ပြဿနာအသစ်တစ်ခု ရှိလာပြန်တော့သည်။ မျက်နှာဖုံးကို ဆွဲချွတ်လိုက်ချိန်တွင် အနည်းငယ် ကြမ်းတမ်းသွားသည့်အတွက် ရှစ်ထင်းဟန်၏ မျက်နှာမှာ သူ့မျက်နှာနားအထိ နိမ့်ဆင်းသွားတော့သည်။ ထို့ကြောင့် ကင်မရာတွင် ရှစ်ထင်းဟန်၏ ဆံပင်ထိပ်ပိုင်းသာ ပေါ်လာတော့သည်။ 


လင်းလဲ့ယန်မှာ ရိုက်ကူးရေးအတွေ့အကြုံ တစ်ခုတစ်လေမှပင် မရှိဖူးသေးသည့် လူသစ်လေး ဖြစ်နေ၍သာ မဟုတ်ပါလျှင် ဒါရိုက်တာသည် သူ့ကို ရိုက်ကူးရေးအား တမင်တကာ ဖျက်ဆီးနေသူဟုပင် သံသယဝင်မိမည်ဖြစ်သည်။ 


"Cut cut cut ပြန်ရိုက်မယ် ..." 


လောကျန်းဝေ့၏ စူးရှကျယ်လောင်သည့်အသံမှာ အသံချဲ့စက်မှတစ်ဆင့် ထပ်မံထွက်ပေါ်လာပြန်သည်။ 


"လင်းလဲ့ယန် မင်း ဦးနှောက်ရော ရှိသေးလား ရှစ်ထင်းဟန်ရဲ့ ခေါင်းကိုပါ ဆွဲဖြုတ်မိတော့မယ်ကွ သူ့လည်ပင်းကိုလည်း ကြည့်လိုက်ဦး ..."


ယခင်ရိုက်ချက်များတွင် ဇာတ်ကောင်အပေါ် ဈာန်ဝင်စားနိုင်ခဲ့ခြင်း မရှိသော်ငြား လင်းလဲ့ယန်သည် ဤတစ်ကြိမ်တွင်မူ ကြိုးစားမှု လွန်ကဲသွားချေတော့သည်။ ရှစ်ထင်းဟန်၏ လည်ပင်းတွင် နီရဲ‌နေသော အမှတ်အသားတစ်ခုကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသည့်အတွက် ရှက်ရွံ့မှုနှင့် ကြောက်ရွံ့မှုတို့ တစ်ပြိုင်တည်း ထွက်ပေါ်လာတော့သည်။ သူက အလျင်အမြန် တောင်းပန်လိုက်ကာ ရှစ်ထင်းဟန်ကလည်း သည်းခံနိုင်စွမ်း မြင့်မားသူ ဖြစ်သည့်အတွက် ထိုကိစ္စကို ‌ဗွေမယူလိုက်ချေ။ 


ထောင့်နားတွင် ပုန်းနေကာ နောင်တရနေဟန်ဖြင့် မျက်နှာကို ဖုံးအုပ်ထားသော လင်းလဲ့ယန်ကို တွေ့လိုက်ရသည့်အတွက် ကျိမြန်၏ နဖူးပေါ်ရှိ အရေးအကြောင်းတို့မှာ ပို၍ပင် များပြားလာတော့သည်။ 


"သူ့ကို တစ်ချက်လောက် သွားကြည့်ချင်လား ..." 


ဖန်ခွင်းက တီးတိုးပြောလိုက်သည်။ လင်းလဲ့ယန်မှာ ကျိမြန်၏ လက်အောက်တွင် ရှိနေသူဖြစ်ရာ သူ့အနားသို့သွားကာ နှစ်သိမ့်သည့် စကားလုံးအချို့ ပြောပေးသင့်ပေသည်။ 


"ဟင့်အင်း ငါလည်း ဟိုအရင်တုန်းက ဒီ့ထက်ဆိုးတဲ့ အဖြစ်မျိုး ကြုံဖူးတယ် သူ့ဘာသာသူပဲ ပြင်ဆင်ပါစေ ..." 


ကျိမြန်က ခေါင်းကို ယမ်းပြလိုက်သည်။ 


သူတို့နှစ်ဦး ဘေးနားတွင် ရပ်နေသော ရှောင်ကျားရှုကမူ ဖုန်းကိုသာ အာရုံစူးစိုက်မှုအပြည့်ဖြင့် စိုက်ကြည့်နေသည်။ 


အိုး ...NG ဖြစ်တဲ့အခါ လင်းလဲ့ယန်ရဲ့ အမူအယာတွေက တကယ်ကို အံ့ဩလောက်စရာပဲ တစ်ခြား သရုပ်ဆောင်တွေ အကုန်လုံးက သူ့ရဲ့ တောင်းပန်တဲ့ အပြုံးလေးကို ကျင့်သားရကုန်ကြပြီ ဒါပေမယ့် သူ့ရဲ့ ပါးတွေ၊ လည်ပင်းနဲ့ နားရွက်တွေကတော့ နီရဲနေတာပဲ ရှက်လည်းရှက် ကြောက်လည်း ကြောက်သွားတာ ထင်တယ် ... 


ရှောင်ကျားရှုက ထိုပုံစံမျိုးကို အကြိုက်ဆုံးဖြစ်သည်။ ဝမ်းသာအားရမှု အပြည့်ဖြင့် ဖုန်းကို ထပ်ကာထပ်ကာ ကြည့်နေစဉ်မှာပင် ဒါရိုက်တာ၏ "နေရာယူထားပါ" ဟူသော စကားသံကို ကြားလိုက်ရသည့်အတွက် အလွန်စွဲမက်ဖွယ်ကောင်းလှသည့် မြင်ကွင်းကို ရိုက်ကူးရန် ဖုန်းကို မြင့်မြင့်မြှောက်ထားလိုက်တော့သည်။ ကျိမြန်၏ အေးစက်နက်ရှိုင်းသော အကြည့်များကိုမူ လုံးဝ သတိမပြုမိချေ။ 


ဒီတစ်ခေါက်လည်း NG ပဲ ... 


အနုတ်ဘက်သို့ တစ်ဖြည်းဖြည်း ရောက်လာသည့် လင်းလဲ့ယန်၏ အကြည့်နှင့် လှုပ်ရှားမှုတို့ကို အကဲဖြတ်ရင်း သူက တိတ်တဆိတ် ရေရွတ်လိုက်သည်။ 


သုံးလေးကြိမ်ခန့် ပြန်လည်ရိုက်ကူးပြီးနောက်တွင်မူ လင်းလဲ့ယန်၏ ကိုယ့်ကိုယ်ကို ယုံကြည်မှုတို့မှာ ရေငွေ့သဖွယ် လွင့်စင်သွားတော့သည်။ သရုပ်ဆောင်ရာတွင်လည်း အထိတ်ထိတ်အလန့်လန့်ဖြင့် သရုပ်ဆောင်ရသည့် အဆင့်သို့ ကူးပြောင်းသွားရာ ထိုခံစားချက်မှာ ဇာတ်ကွက်၏ လိုအပ်ချက်နှင့် ကိုက်ညီနေသဖြင့် အောင်အောင်မြင်မြင်ပင် ရိုက်ကူးနိုင်သွားတော့သည်။ ထောင့်စွန်းနားတွင် ပုန်းအောင်း‌နေရင်း ဖမ်းဆီးခံရလုဆဲ‌ဆဲ အချိန်တွင် ရှစ်ထင်းဟန်က တတွတ်တွတ် ရေရွတ်လိုက်သည်။ 


"ယုံချင်ယုံ မယုံချင်နေ ငါက ရဲတပ်ဖွဲ့ကို ဘယ်တုန်းကမှ သစ္စာမဖောက်ဖူးဘူး ..." 


ထို့နောက် သူက လင်းလဲ့ယန်၏ လက်ထဲမှ ရုန်းထွက်ကာ လှေကားအတိုင်း ပြေးဆင်းသွားလိုက်သည်။ 


ထိုအချိန်တွင် လင်းလဲ့ယန်က သူ့နောက်သို့ အပြေးလိုက်ကာ ကော်လံကိုဆွဲ၍ လက်ဖြင့် အမိဖမ်းထားကမည်ဖြစ်သည်။ ကျဉ်းမြောင်းလှသည့် ကော်ရစ်ဒါတွင် နှစ်ဦးသား တိုက်ခိုက်ကြပြီးနောက် ရဲများက ထိုအထပ်သို့ ရောက်လာသည့်အခါ လင်းလဲ့ယန်မှာ သူ့သူငယ်ချင်းကို ယုံကြည်ပေးရန်မှအပ ရွေးစရာ မရှိတော့ချေ။ ယူနီဖောင်းကို ချွတ်ကာ သူ့သူငယ်ချင်းကို ဝတ်စေလိုက်ပြီး သူ့ကိုယ်သူ ရိုက်နှက်ကာ အမှိုက်အိတ်များအကြား သတိလစ်မေ့မျောနေဟန် ဆောင်လိုက်သည်။ 


ထိုတိုက်ခိုက်သည့် ရိုက်ချက်များမှာ မခဲယဉ်းလှသည့်အပြင် သူတို့နှစ်ဦး အတူတူတွဲကာ ရိုက်ကူးခဲ့သည်မှာလည်း ကြာမြင့်နေပြီဖြစ်သည်။ သို့သော် ရှစ်ထင်းဟန် ရရှိခဲ့သည့် ဒဏ်ရာကြောင့် လင်းလဲ့ယန်မှာ သူ့လက်ကိုပင် အသုံးမပြုရဲတော့။ တိုက်ခိုက်သည့်အချိန်တွင် အသက်ကြီးကြီး အဘွားအိုကြီးနှယ် နောက်သို့သာ ဆုတ်သွားသည့်အတွက် လောကျန်းဝေ့က လက်တစ်ဖက်ဖြင့် နဖူးကို ဖိနှိပ်ရင်း ကျန်လက်တစ်ဖက်ဖြင့် ‌အသံချဲ့စက်ကို ကောက်ကိုင်လိုက်သည်။ 


"cut! လင်းလဲ့ယန် ဒီနေ့ ထမင်းဝအောင် စားထားရဲ့လား မင်းအတွက် ထမင်းဘူးတွေ ထပ်မှာပေးဖို့ လိုသေးလား ..." 


လင်းလဲ့ယန်မှာ နေရာတွင်ပင် ကြောင်အသွားတော့သည်။ သူ့ပုံစံမှာ လမ်းပျောက်သွားသည့် ကလေးတစ်ယောက်နှယ် သွေးဆုတ်ဖြူလျော်သွားသည်အထိ ထိတ်လန့်နေပေသည်။ ဘေးနားရှိ ကျိမြနကို လှမ်းကြည့်ကာ ကျလုဆဲဆဲ မျက်ရည်တို့ကို ခေါင်းမာစွာဖြင့် ထိန်းချုပ်ထားလိုက်တော့သည်။ 


မငိုနဲ့ မငိုလိုက်နဲ့ ကျိကောက ကြည့်နေတယ် သူက မင်းကို အများကြီး ယုံကြည်ပေးထားတာ သူ့ကို စိတ်မပျက်စေနဲ့ ... 


ထိုသို့ဖြင့် လင်းလဲ့ယန်၏ ခံစားချက်တို့ တစ်ဖြည်းဖြည်း တည်ငြိမ်လာတော့သည်။ သူက ရ်ုကူးရေးအဖွဲ့သားများကို တောင်းပန်ကာ လူမရှိသည့် ထောင့်နားသို့ သွား၍ သူ့ခံစားချက်များကို ထိန်းချုပ်လိုက်သည်။ 


ကျိမြန်၏ ခြေလှမ်းများ အနည်းငယ် ရွေ့လျားသွားသော်ငြား ချက်ခြင်း နောက်ပြန်ဆုတ်လိုက်သည်။


သူရိုက်ထားသော ဗီဒီယိုကို အားရပါးရ ပြန်ကြည့်ရင်း ရှောင်ကျားရှု၏ အာရုံကြောတို့ ထုံထိုင်းလာတော့သည်။ သူသည်လည်း သူ့အဖေနှင့် အဘိုးတို့၏ ဆူပူကြိမ်းမောင်းသံများအကြား ကြီးပြင်းလာခဲ့ရသူဖြစ်သည်။ မည်မျှပင် အရေထူသည့် မျက်နှာကို ပိုင်ဆိုင်ထားပါစေ ထိုကိစ္စမျိုးမှာ ကျင့်သားရရန် ခဲယဉ်းလှပြီး ကာလရှည်ကြာလာကာမှသာ ထိုအရာကို နေသားကျသွားတတ်ပေသည်။ လင်းလဲ့ယန် ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် နောက်ထပ် NG ဖြစ်မည်ကို ရိုက်ကူးရန် ဖုန်းကို တိတ်တဆိတ် မြှောက်ထားလိုက်တော့သည်။ 


သို့သော် ဤတစ်ကြိမ်တွင်မူ အံ့ဩဖွယ်ကောင်းလောက်အောင်ပင် လင်းလဲ့ယန်၏ ရိုက်ကူးရေးမှာ ချောချောမွေ့မွေ့ဖြင့် ပြီးစီးသွားသည်။ ရိုက်ကူးရေး စတင်သည်နှင့်တစ်ပြိုင်နက် သူက ရှစ်ထင်းဟန်ကို ဆောင့်ဆွဲကာ လှေကားနံရံသို့ ဆွဲခေါ်လာလိုက်သည်။ ထို့နောက် နှစ်ဦးသား အငြင်းပွားကာ ‌တိုက်ခိုက်ကြပြီးနောက်တွင်မူ လင်းလဲ့ယန်သည် သူ့သူငယ်ချင်းအား ထွက်ပြေးခွင့်ပြုရန် ရွေးချယ်လိုက်ပြီး သတိလစ် မေ့မြောသွားတော့သည်။ ကတိုက်ကရိုက် ထွက်ပြေးလွတ်မြောက်သွားသော သူငယ်ချင်းဖြစ်သူ၏ နောက်ကျောကို ငေးကြည့်ရင်း မှိတ်တစ်ဝက် ဖွင့်တစ်ဝက်ဖြစ်နေသော မျက်ဝန်းထဲရှိ အလင်းရောင်တို့ ချုပ်ငြိမ်းသွားတော့၏။ သံသယဖြစ်မှုနှင့် ယုံကြည်ပေးလိုမှုတို့ အပြိုင်အဆိုင် လွန်ဆွဲနေပြီးနောက်တွင်မူ တစ်ဖြည်းဖြည်း သက်သာရာ ရသွားတော့သည်။ မည်သည့်အခြေအနေတွင်ဖြစ်စေ သူ့သူငယ်ချင်း သေလမ်းသို့ လျှောက်သွားမည်ကို ကြည့်မနေနိုင်ပေ။ 


အလင်းအမှောင် အင်ဂျင်နီယာက တစ်ဖြည်းဖြည်း ရွေ့လျားကာ သူ့အပေါ်ကို အရိပ်တစ်ခု ဖုံးလွှမ်းလိုက်စေသည်။ ထောင့်စွန်းနားတွင် ရဲများ ရှာတွေ့မည့်အချိန်ကို စောင့်ဆိုင်းနေသည့် အမှိုက်ပုံးတစ်ခုသာ ကျန်ခဲ့တော့သည်။ 


ထိုအပိုင်းကို ရိုက်ကူးခြင်း ပြီးဆုံးသွားလေပြီ ...


စခရင်ပေါ်တွင် အမှောင်ကျနေသော လှေကားတစ်လျှောက်၌ အမျိုးသားနှစ်ယောက် တိုက်ခိုက်နေသည်။ အနည်းငယ် ပိန်ပါးသည့် အမျိုးသားက အရပ်ပိုရှည်သူကို မြေပြင်ပေါ်သို့ ဖိလှဲချထားရင်း အံကို တင်းတင်းကြိတ်ကာ ‌မေးလိုက်သည်။ 


"အဲဒါက မင်းလား ..." 


သို့သော် သူ့အသံမှာ တစ်ဖြည်းဖြည်း တိုးဝင်သွားတော့၏။ အရပ်ပိုရှည်သူက ပြောလိုက်သည်။ 


"မဟုတ်ဘူး အဲဒါ ငါမဟုတ်ဘူး ယုံချင်ယုံ မယုံချင်နေ ..." 


နှစ်ဦးသား ပူပန်ခြင်းကြီးစွာဖြင့် အပြန်အလှန် စိုက်ကြည့်လိုက်ကြသည်။ 


"မင်း အဝတ်တွေ ချွတ်လိုက် ..." 


ပိန်သွယ်သည့် အမျိုးသားက ထိုသို့ပြောကာ သူ၏ ရဲယူနီဖောင်းကိုပါ ချွတ်လိုက်တော့သည်။ အရပ်ပိုရှည်သူကလည်း အလျင်အမြန်ပင် သန့်ရှင်းရေးဝတ်စုံကို ချွတ်ကာ ရဲဝတ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ သူထွက်သွားပြီးနောက် ပိန်ပါးသည့် အမျိုးသားက သန့်ရှင်းရေးဝတ်စုံကို မြေပေါ်သို့ လွှင့်ပစ်ကာ သူ့ဆံပင်ကို ညာလက်ဖြင့် ဆွဲလျက် နံရံကို ခေါင်းဖြင့် ဝင်တိုက်လိုက်တော့သည်။ 


အသံတစ်ချက် ခပ်အုပ်အုပ် ထွက်လာပြီးနောက် သူ့တစ်ကိုယ်လုံး ယိမ်းယိုင်သွားသော်ငြား အံကို တင်းတင်းကြိတ်ကာ မြေပေါ်သို့ လဲမကျမိစေရန် တင်းခံထားလိုက်သည်။ ဖွင့်တစ်ဝက် မှိတ်တစ်ဝက်ဖြစ်နေသော မျက်ဝန်းတစ်စုံနှင့်အတူ ကော်ရစ်ဒါကိုသာ မျက်‌ခြည်မပြတ် စိုက်ကြည့်ရင်း သူ့မျက်လုံးထဲရှိ အလင်းရောင်တို့ တစ်ဖြည်းဖြည်း ချုပ်ငြိမ်းသွားတော့သည်။ အသိစိတ် ကင်းလွတ်သွားကာ ဦးခေါင်းမှာလည်း အမှိုက်ပုံးထဲသို့ ငိုက်စိုက်ကျသွားပြီး နံရံတစ်ခွင်လုံး အမှောင်ထုတို့ လွှမ်းခြုံလိုက်တော့၏။ 


လောကျန်းဝေ့က ဗီဒီယိုကိုကြည့်ကာ လက်ခုပ်လက်ဝါး တီးလိုက်သည်။ 


"ဟုတ်တယ် ပြီးသွားပြီ နောက်‌ဆုံးပိုင်းက ရုန်းက‌န်နေတဲ့ မျက်ဝန်းတွေ အဲဒါ အရမ်းကို ကောင်းတာပဲ အမှိုက်ပုံးထဲကို ကျသွားတာကလည်း လုံးဝကို အတုအယောင်လို့ မခံစားရဘူး အရမ်းကို ယုတ္တိကျတာပဲ ဒါက သရုပ်ဆောင်တစ်ယောက်မှာ ရှိသင့်တဲ့ စူးစိုက်နစ်ဝင်မှုပဲ ..." 


ထိုအခါမှသာ လင်းလဲ့ယန်လည်း စိတ်သက်သာရာ ရဟန်ဖြင့် ပြုံးနိုင်တော့သည်။ ရှစ်ထင်းဟန်က သူ့ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။ 


"မင်းသာ NG တွေ ထပ်ရဦးမယ်ဆိုရင် စိတ်ဓာတ်ကျသွားတော့မယ်ဆိုပြီး ထင်နေတာ ခံစားချက်ကို ဒီလောက်မြန်မြန်ကြီး ပြင်ဆင်နိုင်လိမ့်မယ်လို့ ထင်ကို ထင်မထားဘူး မင်းရဲ့ သရုပ်ဆောင်မှုထဲကနေ အရှိန်အဝါတွေကို ဟိန်းထွက်နေတာပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ထားထား ငါ ပထမဆုံးအကြိမ် သရုပ်ဆောင်တုန်းကဆို မင်းထက် အများကြီးဆိုးတယ် NG အခါ ၂၀ တောင် ရခဲ့တာလေ ..." 


"ပူးပေါင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဟန်ကော ကောသာ စိတ်ရှည်ရှည်နဲ့ စောင့်မပေးခဲ့ရင် ကျွန်တော်လည်း အစောကြီးကတည်းက စိတ်ဓာတ်ကျသွားတော့မှာ ..." 


လင်းလဲ့ယန်က လက်နှစ်ဖက်ကို ပူးကပ်ကာ စိတ်အားထက်သန်စွာဖြင့် ထုတ်ဖော်ပြောကြားလိုက်သည်။ သို့သော် ဤအကြပ်အတည်းမှ သူ့ကို ရုန်းထွက်လာ‌နိုင်စေခဲ့သူမှာ ရှစ်ထင်းဟန်မဟုတ်၊ ကျိမြန်သာ ဖြစ်ကြောင်းကိုမူ မည်သူမှ သိမည်မထင်။ ကျိမြန်ကို မျက်နှာမပျက်မိစေရန် ကြိုးစားရမည်ဟု သူ့ကိုယ်သူ ကြိမ်ဖန်များစွာ ရေရွတ်ခဲ့၍သာ ပြိုလဲလုဆဲဆဲ စိတ်အခြေအနေကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ကျိမြန်မှာ သူ၏ စိတ်ခွန်အားဖြည့် ဆေးဝါးပင် ဖြစ်သည်။ 


ထိုလူအကြောင်း တွေးလိုက်မိသည့်အတွက် လင်းလဲ့ယန်မှာ သူ့ကို အလောတကြီး ရှာဖွေလိုက်သော်ငြား ထိုသူမှာ သူ့အနီးသို့ လှမ်းလာနှင့်နေပြီဖြစ်သည်။ ကြင်နာမှုတို့ ယိုဖိတ်နေသော မျက်ဝန်းနှင့်အတူ 


"လုပ်သွားတာ‌ ကောင်းတယ် ငါ့လက်အောက်က သရုပ်ဆောင် ဖြစ်ထိုက်ပါတယ် ဒါရိုက်တာလောကိုလည်း ရှေ့လျောက် မင်းကို များများစားစား သင်ပြပေးဖို့ တောင်းဆိုထားရမယ် ..." 


ထို့နောက် သူက လက်ကိုမြှောက်ကာ လင်းလဲ့ယန်၏ နဖူးကို တောက်လိုက်သည်။ 


"ကိစ္စမရှိပါဘူး ရှောင်လင်းက အရမ်းကို ဉာဏ်ကောင်းတဲ့အပြင် သင်ယူလိုစိတ်လည်း အပြည့်ပဲ သူ့ကို သင်ပေးဖို့ ပြဿနာ မရှိပါဘူး ..." 


လောကျန်းဝေ့၏ စကားများမှာ လောကဝတ်သပ်သပ်သာ မဟုတ်ချေ။ လင်းလဲ့ယန်ကဲ့သို့ သရုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ အတွေ့အကြုံ လုံးဝမရှိသော လူသစ်လေးအဖို့ NG များ အများအပြား ကြုံတွေ့ရသည်မှာ ထုံးစံပင်ဖြစ်သည်။ တစ်ခါက တစ်နာရီနီးပါးခန့် မပြီးနိုင်မစီးနိုင် ငိုကြွေးနေသော လူသစ်ကလေးကိုပင် တွေ့ခဲ့ဖူးသေးသည်။ မျက်ရည်ပင် မကျန်တော့အောင် ငိုကြွေးခဲ့သည့်အတွက် အမှန်တကယ် သရုပ်ဆောင်ရချိန်တွင် မျက်ရည်အတုကို သုံးကာ အိုးနင်းခွက်နင်း ဖြစ်စေခဲ့သည့်အတွက် ကိုင်ထားသော အသံချဲ့စက်ဖြင့် ထုရိုက်လိုစိတ်များပင် ဖြစ်ပေါ်ခဲ့ဖူးသေးသည်။ 


ကျိမြန်က ချောင်းဟန့်ကာ လင်းလဲ့ယန်၏ ပုခုံးကို ပုတ်ပေးလိုက်သည်။ ထိုအခါမှသာ သူ၏ တွန့်ကျုတ်နေသော မျက်ခုံးများလည်း ပြေလျော့သွားတော့၏။ 


ရှောင်ကျားရှုက လောကျန်းဝေ့၏ ဘေးနားတွင်ရပ်ကာ စခရင်ကို စိုက်ကြည့်ရင်း တွေးနေလိုက်သည်။ 


ဘယ်လိုဖြစ်သွားတာလဲ ဒီတစ်ခါသာ ထပ်ပြီး NG ရရင် လင်းလဲ့ယန်တော့ ငိုချတော့မယ့်ဟာကို ဒီဇာတ်ကွက်က သိပ်ပြီးလည်း မခက်ခဲပါဘူး တွန်းလားဆွဲလားနဲ့ ရိုက်နှက်ပြီး အမှိုက်ပုံးထဲ ခေါင်းထိုးထည့်လိုက်ရုံပဲလေ ဒီလိုပြောကြကြေးဆို ငါက တစ်ခါမှ NG ရဖူးသေးတာ မဟုတ်ဘူး တယ်တော်တဲ့ ငါပါ့လား ...


Xxxxxxxx