အပိုင်း ၂၆
Viewers 43k

Chapter 26


ရှောင်ကျားရှုက လောကျန်းဝေ့၏ ဘေးနားတွင်ရပ်ကာ စခရင်ကို စိုက်ကြည့်ရင်း တွေးနေလိုက်သည်။ 


ဘယ်လိုဖြစ်သွားတာလဲ ဒီတစ်ခါသာ ထပ်ပြီး NG ရရင် လင်းလဲ့ယန်တော့ ငိုချတော့မယ့်ဟာကို ဒီဇာတ်ကွက်က သိပ်ပြီးလည်း မခက်ခဲပါဘူး တွန်းလားဆွဲလားနဲ့ ရိုက်နှက်ပြီး အမှိုက်ပုံးထဲ ခေါင်းထိုးထည့်လိုက်ရုံပဲလေ ဒီလိုပြောကြကြေးဆို ငါက တစ်ခါမှ NG ရဖူးသေးတာ မဟုတ်ဘူး တယ်တော်တဲ့ ငါပါ့လား ...လခြမ်းသဏ္ဍာန် ကွေးညွတ်သွားသော မျက်ဝန်းတို့နှင့်အတူ သူ့မျက်နှာကို ထိကိုင်လိုက်စဉ် ရုတ်ချည်း အေးစိမ့်လာသည့်အတွက် ဘေးနားကို လှည့်ပတ်ကြည့်ရှုရာ သူ့ကို စိုက်ကြည့်နေသည့် ကျိမြန်ကို တွေ့လိုက်ရတော့သည်။ 


"ကျိကော ဘာဖြစ်လို့လဲ ..." 


သူက တုန့်ဆိုင်းစွာဖြင့် မေးလိုက်သည်။ 


"ဒီနားလာခဲ့ ..." 


ကျိမြန်က သူ့ကို ဘေးနားသို့ ဆွဲခေါ်လိုက်သည်။ 


"ဖုန်းကို ထုတ်ပြီး မင်းရိုက်ထားတဲ့ ဗီဒီယိုတွေကို ဖျက်လိုက် ..." 


"ဘာလို့လဲ ..." 


ရှောင်ကျားရှုက ဖုန်းကို အမြန် ဖွက်လိုက်သည်။ 


"ရိုက်ကူးရေးအဖွဲ့ထဲ မရောက်ခင် သဘောတူစာချုပ်မှာ လက်မှတ်ထိုးခဲ့ရတယ် မဟုတ်လား သရုပ်ဆောင်တွေကို ကိုယ်ပိုင်ဖုန်းနဲ့ ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုတွေ ရိုက်တာ၊ ပြီးတော့ အပြင်ဘက်ကို ဖြန့်ဖြူးတာတွေကို တားမြစ်ထားတယ်လေ ..." 


"ကျွန်တော်က ... အပြင်ကို ပြန်မဖြန့်ပါဘူး ..." 


ရှောင်ကျားရှုက ငြင်းဆန်လိုသေးသော်ငြား သူ့ကို စိုက်ကြည့်နေသည့် ကျိမြန်၏ ရေခဲရိုက်အကြည့်များကြောင့် ဖုန်းကို ပေးလိုက်ရုံမှအပ ရွေးစရာ မရှိတော့ချေ။ 


ကျိမြန်က ဗီဒီယိုကို ဖျက်ကာ သက်ပြင်းချလိုက်သည်။ 


"မင်းကို အာရုံစိုက်မနေသင့်ဘူးဆိုပေမယ့် ဖွင့်ပွဲတုန်းက မင်းပြောခဲ့တဲ့စကားကို မှတ်မိသေးလား ကုမ္ပဏီရဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးမပစ်ဘဲ ရုပ်ရှင်ကို ကောင်းကောင်းရိုက်ပါ့မယ် ဆိုတာလေ အခု မင်းလုပ်ရပ်တွေက ဘာတွေလဲ နေ့တိုင်း အချိန်ပဲဖြုန်းနေပြီးတော့ ရိုက်ကွင်းလည်း မလာချင်၊ ဘာမှလည်း မလုပ်ချင်၊ ဂိမ်းဆော့ဖို့လောက်ပဲ သိနေတယ် ဒီတိုင်းသာဆို စောစောစီးစီး ထွက်သွားလိုက်ဖို့ပဲ အကြံပေးချင်တယ် တစ်ယောက်ရဲ့အချိန်ကို တစ်ယောက် မဖြုန်းမိအောင်ပေါ့ ..." 


ရှောင်ကျားရှုက စောဒကတက်လိုက်သည်။ 


"ကျွန်တော်လည်း ကောင်းကောင်းလုပ်တာပဲလေ NG တောင် တစ်ခါမှ မရသေးတာကို ဘယ်လိုဖြစ်ပြီး ကုမ္ပဏီရဲ့ အရင်းအမြစ်တွေ ဖြုန်းတီးရာ ရောက်မှာလဲ ..." 


ကျိမြန်က သူ့ကို စကားတစ်ခွန်းမှ မဆိုဘဲ စူးစူးစိုက်စိုက် ကြည့်နေလိုက်သည်။ ဖုန်းကို ပြန်ပေးကာ ထွက်သွားချိန်တွင် ရှောင်ကျားရှုက သူ့နောက်ကျောသို့ လက်သီးအချို့ ချိန်ရွယ်ရင်း သံယောင်လိုက်ကာ ပြောလိုက်သည်။ 


"ဘာလို့ ငါ့ကိစ္စတွေမှာ ဝင်ရှုပ်နေတာလဲ ပျင်းတော့ရော ဘာဖြစ်တုန်း မင်းထမင်း စားနေတာ မဟုတ်ဘူးကွ ..." 


သို့သော် ကျိမြန်က ရုတ်တရက် ပြန်လှည့်ကြည့်လာသည့်အတွက် ကြောက်အားလန့်အားဖြင့် လဲကျသွားတော့သည်။ 


ကျိမြန်က လဲကျသွားသော လူငယ်လေးကို စိုက်ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်သည်။ 


လင်းလဲ့ယန်၏ အပိုင်းအပြီးတွင် လောကျန်းဝေ့က ရဲစခန်းအတွင်း ရိုက်ကူးရမည့် အပိုင်းများစွာကို ဆက်လက်ရိုက်ကူးနေလိုက်သည်။ ထို့နောက် အသံချဲ့စက်ကို ‌ကိုင်ကာ အော်ပြောလိုက်၏။ 


"ကျိမြန် ရှောင်ကျားရှု ကျိုးဖု ... "တမန်တော်" ရဲ့ ပထမပိုင်းကို ရိုက်ကူးဖို့ ဧည့်ကြိုကောင်တာကို သွားပေးပါ ..." 


နာမည်အခေါ်ခံလိုက်ရသည့် သရုပ်ဆောင်များက နေရာသို့ အလျင်အမြန် ရောက်လာကြတော့သည်။ 


ဧည့်ကြိုခန်းမမှာလည်း အဆောက်အဦးတစ်ခုတည်းတွင်ပင် ဖြစ်သည်။ ငွေကြေး ချွေတာရန် အလို့ငှာ ရိုက်ကူးရေးအဖွဲ့က ရုံးအဆောက်အဦးတစ်ခုကို ငှားရမ်းကာ ထိုအဆောက်အဦးထဲတွင်ပင် ရဲစခန်း၊ လင်အုပ်စုနှင့် နိုင်ငံတကာ ရဲဌာနဟူ၍ နေရာအမျိုးမျိုးကို ပြန်လည်ပိုင်းခြားလိုက်သည်။ လိုအပ်သည့် အတွင်းပိုင်းရိုက်ချက်အားလုံးကို ထိုအဆောက်အဦးအတွင်းတွင်သာ ရိုက်ကူးရန် လိုအပ်ပေသည်။ 


ရိုက်ကူးရေး အဖွဲ့သားများက လူသူကင်းမဲ့နေသော ဧည့်ကြိုခန်းမကို ‌အကျအန ပြင်ဆင်ထားပြီးဖြစ်သည်။ သားရေဆိုဖာ၊ သားမွေးအခင်း၊ နှင်းဆီသစ်သားဖြင့် ပြုလုပ်ထားသော လက်ဖက်ရည်စားပွဲ၊ တစ်ခုချင်းစီတိုင်းက "စည်းစိမ်ရှိသော ဇိမ်ခံခြင်း " ဟူသည့် စကားလုံးကို အပြည့်အဝ ဖော်ကျူးနေသည်။ ထိုနေရာမှာ လင်အုပ်စု ဥက္ကဌ၏ ရုံးခန်း တစ်ဖြစ်လဲ အုပ်စုအကြီးအကဲများ လျှို့ဝှက်အစည်းအဝေး ကျင်းပရာ နေရာပင်ဖြစ်သည်။ 


(Google မှာ ပြထားတဲ့ပုံအရဆိုရင်တော့ နှင်းဆီသစ်သားဆိုတာက ပင်စည်အတွင်းသား နီရဲနေ‌တဲ့ အပင်မျိုးကို ပြောချင်တာပါ) 


ယနေ့ရိုက်ကူးရမည့် အပိုင်းမှာ လင်ဖုန်းတစ်ယောက် ကုမ္ပဏီသို့ တရားဝင် ဝင်ရောက်ကာ လင်ထောင် အကြံပြုထားသည့် အကြီးစားပရောဂျက်တစ်ခုကို တာဝန်ယူမည့်အပိုင်း ဖြစ်သည်။ အပေါ်ယံတွင်မူ ထိုပရောဂျက်သည် ကုမ္ပဏီ၏ သွင်းကုန်ထုတ်ကုန်ဈေးကွက်ကို ဖြန့်ကျက်ရန် အလို့ငှာ ဥရောပရှိ နိုင်ငံပေါင်းများစွာနှင့် ချိတ်ဆက်ထားသော်ငြား အမှန်စင်စစ်တွင်မူ ၎င်းသည် မူးယစ်ဆေးဝါး ဖြန့်ချီမည့် အထူးလမ်းကြောင်းတစ်ခုသာ ဖြစ်ပေသည်။ 


ဥရောပရှိ ဖြန့်ဖြူးသူများက တစ်ကြိမ်သုံးကြည့်လိုက်ရုံဖြင့် တန်းတန်းစွဲ ဖြစ်သွားကာ ဖြတ်‌တောက်ရန် ခဲယဉ်းလွန်းလှသည့် ဆေးဝါးတစ်မျိုးကို တီထွင်ခဲ့ပြီး ၎င်းမှာ လူသားများအတွက် အလွန် အန္တရာယ် ကြီးမားလှပေသည်။ ဥရောပနှင့် အမေရိကတိုက်တွင် ပျံ့နှံ့နှင့်ပြီးဖြစ်ကာ ယခု အရှေ့တောင်အာရှကိုပါ ဈေးကွက်ချဲ့ထွင်ရန် ကြိုးစားလာကြသည့်အတွက် သူတို့၏ ကိုယ်စားလှယ်အဖြစ် ခန့်ထားရန် လင်ဂရုကို ရွေးချယ်မည်ဖြစ်ကြောင်း အငြင်းပွားနေရန်ပင် မလိုအပ်ချေ။ 


လင်အုပ်စု၏ အကြီးအကဲများသည် မြေအောက်လောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ကြသူများ ဖြစ်သည့်အတွက် သွေးစွန်းထားသော ငွေကြေးကို လက်ခံရန် တွန့်ဆုတ်မနေချေ။ သိူ့သော် လင်ထောင်တွင်မူ ဂရုစိုက်ပေးရမည့် ညီငယ်တစ်ဦး ရှိနေသေးသည့်အတွက် လူသားဆန်မှုအနည်းငယ် ကျန်ရစ်နေဆဲဖြစ်သည်။ 


ထိုကိစ္စကို ဆုံးဖြတ်ရန်မှာ လွန်စွာ ခဲယဉ်းလှပေသည်။ လင်ဖုန်းက ထိုအကြံအစည်ကို အပေါ်ယံသဘောမျှသာ နားလည်ကာ နောက်ကွယ်ရှိ အပေးအယူအကြောင်း လုံးဝ သိမထားချေ။ ဤအစည်းအဝေးတွင် သူတစ်ယောက်တည်းကသာ အမှောင်ထဲတွင် ပုန်းအောင်းနေရပြီး အခြားအကြီးအကဲများက သူ့ဘဝကို သုံး၍ လင်ထောင်ကို ခြိမ်းခြောက်နေကြသည်။ တိုက်ခိုက်မှုအားလုံးမှာမူ အမှောင်ထဲတွင်သာ ဖုံးကွယ်ထားကြသည်။ 


ရှောင်ကျားရှုသည် တမြန်မနေ့ကတည်းက သူ့စာသားများကို မှတ်သားထားပြီးဖြစ်၍ များစွာ စိတ်ဖိစီးမနေချေ။ 


မင်းတို့အားလုံးက ရက်စက်ပြီး လင်ဖုန်းတစ်ယောက်ပဲ ရူးနှမ်းချိုမြိန်တယ် ကောင်းလိုက်တာ ... 


သရုပ်ဆောင်အားလုံး အဆင်သင့် နေရာယူလိုက်ကြသည်။ ဒါရိုက်တာက ရိုက်ကူးမည့် ဇာတ်ကွက်အစဉ်ကို ညွှန်ကြားနေကာ ရှောင်ကျားရှုက အစီအစဉ်စာအုပ်ကို ဂရုတစိုက် ဖတ်နေလိုက်သည်။ သူ့ကို လှည့်ကြည့်လာသော ကျိမြန်၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ပွင့် ယောင်ယောင်လေး ထွက်ပေါ်နေပေသည်။ 


မူလက ရိုက်ကူးရေးအဖွဲ့သည် ရှောင်ကျားရှုကို အစီအစဉ်စာအုပ် ပေးရန် စီစဉ်မထား။ ဇာတ်ကြောင်း ပြည့်စုံစေရန် အလို့ငှာ နောက်ပိုင်းတွင်မှ အင်တာနက်ပေါ်မှ ‌download ဆွဲထားခြင်း ဖြစ်သည့်အတွက် ရေးထားသည့် စာများမှာလည်း အဓိပ္ပါယ်မရှိလှချေ။ သို့သော် ရှောင်ကျားရှုမှာ သဏ္ဍာန်လုပ် အဟုတ်တူနိုင်စေရန်အတွက် ရယ်စရာတွေ့သည့်တိုင် အောင့်အည်းသည်းခံ၍ ဖတ်ချင်ဟန်ဆောင်နေရုံသာ ရှိတော့သည်။ ထိုစာအုပ်ထဲတွင် ရေးထားသည်မှာ _


ABCDEFG ကိုသုံးပြီး ဝါကျတစ်ကြောင်း ဖွဲ့ပြပါ 


အရှေ့မြောက်ဒေသမှာ ကြီးပြင်းလာတဲ့ ဝက်ဝံလေးတစ်ကောင်က သူ့လက်ကို မြှောက်လိုက်တယ် Aအာ C မိသားစုက B ကလေးကတော့ D ပေါ်မှာ ခြေဗလာ(barefoot) နဲ့ ရပ်နေပြန်ပြီ EF ကိုလည်း ဝတ်မထားဘူး GG က ထွက်နေတုန်းပဲ ... 


ဖွီး ... 


ရှောင်ကျားရှုမှာ အူလှိုက်သည်းလှိုက် ရယ်မောလိုက်ချင်သော်ငြား မရယ်ရဲသည့်အတွက် ကြိတ်မှိတ်သည်းခံရုံသာ ရှိတော့သည်။ ထို့ကြောင့် သူ့အမူအယာမှာ တစ်စထက်တစ်စ လေးနက်လာကာ စာအုပ်ကို မျက်မှောင်ကြုတ်၍ပင် စိုက်ကြည့်လိုက်သေးသည်။ ထို့နောက် လက်ညှိုးကိုမြှောက်ကာ နှုတ်ခမ်းနှစ်လွှာကို ဖိပွတ်ဟန် ပြုလိုက်သည်။ 


သူ့လုပ်ရပ်မှာ လိုအပ်ချက်နှင့် ထပ်တူကျသွားပေသည်။ အစီအစဉ်ကို ဖတ်ရှုပြီးသွားသော လင်ဖုန်းမှာ လင်အုပ်စု၏ မစူးမစမ်းဘဲ စီးပွားရေးချဲ့ထွင်မှုအပေါ် သံသယဝင်နေရာ ရှောင်ကျားရှု၏ ရယ်လိုစိတ်ကို ထိန်းချုပ်ထားဟန်က လင်ဖုန်း၏ စိတ်ပိုင်းဆိုင်ရာ ပူပန်နေမှုနှင့် အံဝင်ခွင်ကျ ဖြစ်သွားသည့်အတွက် လောကျန်းဝေ့က မတားမြစ်သည့်အပြင် ဝမ်းသာအားရပင် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သေးသည်။ 


ရှောင်ကျားရှုက ရယ်လိုစိတ်ကို အတင်းချိုးနှိမ်ရင်း ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ 


"ကော ... ကော ဒီ ပရောဂျက်က အရမ်း စွန့်စားရာ ကျလွန်းတယ် တစ်ခေါက်လောက် ပြန်စဉ်းစားဖို့ပဲ အကြံပေးချင်တယ် ကျွန်တော် သိသလောက်‌ဆို ဥရောပက ..." 


ကျိမြန်က နားထောင်ဟန် ပြုနေစဉ်မှာပင် အကြီးအကဲနေရာတွင် သရုပ်ဆောင်ရမည့် ဇာတ်ဆောင်တစ်ဦးက ထူးထူးခြားခြား ဖြတ်ပြောလိုက်သည်။


"ရှောင်ဖုန်း မင်းက အခုမှ ဘွဲ့ရထားတာ အလုပ်အတွေ့အကြုံလည်း မရှိသေးဘူးလေ ဒီလို အရေးကြီးတဲ့ ပရောဂျက်မျိုးကို ကြားဖြတ်နှောင့်ယှက်တာက အရမ်း အလောတကြီးနိုင်ရာ မကျလွန်းဘူးလား ..." 


နောက်တစ်ဦးကလည်း အေးစက်စွာဖြင့် ဝင်ပြောလိုက်သည်။ 


"လင်ထောင် မင်းအတွက်လည်း မင်းညီလေးကို ဘေးကင်းကင်းနဲ့ ပျိုးထောင်ရတာ မလွယ်ကူပါဘူး ဒါပေမယ့် သူ အမှားလုပ်တာကို ခွင့်ပြုပေးလို့တော့ မရဘူး တစ်ချို့အမှားတွေက ပြင်လို့ရပေမယ့် တစ်ချို့ကကျ ဆုံးရှုံးရင် သေသွားနိုင်တယ်လေ ငါတို့အားလုံးရဲ့ ဘဝတွေကို ဒီပရောဂျက်ပေါ်မှာ ရင်းနှီးထားရတာ ရှုံ့ချည်နှပ်ချည် လုပ်နေလို့ မရဘူးလေ ..." 


စကားသံဆုံးသည်နှင့်တစ်ပြိုင်နက် မှုန်တေနေသော အကြည့်များက လင်ဖုန်းထံ ကျရောက်လာကာ အကယ်၍ လင်ထောင်သာ မနာခံပါလျှင် ဥရောပရှိ တာဝန်အတွက် လင်ဖုန်းကို ခေါ်သွားမည်ဟု ခြိမ်းခြောက်နေပေသည်။ 


လင်ထောင်ကလည်း သဘောပေါက်လိုက်သည့်အတွက် ညင်သာသည့်တိုင် အေးစက်နေသော အကြည့်တို့ဖြင့် တုန့်ပြန်လိုက်သည်။ 


"ပရောဂျက်က အရမ်းကြီးတော့ ပြန်စဉ်းစားဖို့ လိုနေသေးတယ် အန်ကယ်တို့အားလုံး စိတ်ချလက်ချနေပါ ကျွန်တော် ပြတ်ပြတ်သားသား တွေးထားပြီးသားပါ ..." 


ထို့နောက်တွင်တော့ အားလုံးက လင်ဖုန်း၏ ဘဝအကြောင်းနှင့် စပ်လျဉ်း၍ အနည်းငယ် ဆက်ပြောနေလိုက်ကြသော်လည်း ပဋိပက္ခတို့၏ အရင်းအမြစ်ဖြစ်သော လင်ဖုန်းကိုမူ လျစ်လျူရှုထားလိုက်ကြသည်။ ပရောဂျက်နှင့် ပတ်သက်၍ အငြင်းပွားစဉ်တစ်လျှောက်လုံး သူက ရွှေပြည်အေးတရားသာ ဟောခဲ့ပြီး ထိုဇာတ်ညွှန်းမှာ ရှောင်မိသားစု၏ မလိုအပ်သည့် သားဖြစ်သူ ရှောင်ကျားရှုအနေဖြင့် သူ့အဖေနှင့် အစ်ကို၏ ရှေ့မှောက်တွင် ကြိမ်ဖန်များစွာ သရုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ 


ရူးနှမ်းသည့်နှယ် ဟန်ဆောင်ကာ ရံဖန်ရံခါ စကားအနည်းငယ် ဝင်ပြောရုံမှအပ မိသားစုနှင့် ကုမ္ပဏီ၏ အရေးကိစ္စဟူသမျှကို ဝင်ရောက်စွက်ဖက်ခွင့် မရှိသည့်အတွက် ဤဇာတ်ကောင်မှာ သူ့အတွက် မခဲယဉ်းလှချေ။ 


အခြားသရုပ်ဆောင်များမှာလည်း အတွေ့အကြုံ ကြွယ်ဝလှသူများ ဖြစ်ကြသည့်အတွက် အမှားတစ်ခုတစ်လေပင် မလုပ်ကြရာ ရှစ်မိနစ်ကိုးမိနစ်ခန့်အကြာတွင် ဒါရိုက်တာက ပြောလိုက်သည်။ 


"အိုကေ ဒီတစ်ဖြတ်လည်း ပြီးသွားပြန်ပြီ နောက်တစ်ပိုင်းအတွက် အဆင်သင့်ပြင်ထားကြပါ ..." 


ဖာ့ခ် ပြီးသွားပြန်ပြီတဲ့လား အရမ်းကို လွယ်လွယ်ကူကူ သရုပ်ဆောင်နိုင်လိုက်ပြီပဲ ဒီတစ်ခေါက်တော့ ကျိမြန်လည်း မျက်မြင်ကိုယ်တွေ့ မြင်လိုက်ပြီထင်တယ် ငါက ဘာလို့ ကုမ္ပဏီရဲ့ အရင်းအမြစ်ကို ဖြုန်းတီးတဲ့သူ ဖြစ်ရမှာလဲ ဒီလောက်တောင် သရုပ်ဆောင်ကောင်းနေတာကို ... 


ရှောင်ကျားရှု၏ နှလုံးသားထဲတွင် မော်ကြွားလိုမှုတို့ ပြည့်နှက်လာသော်ငြား အပေါ်ယံတွင်မူ တည်ငြိမ်ဟန်ဆောင်ကာ ကျိမြန်ကိုသာ မသိမသာ လှမ်းကြည့်နေလိုက်သည်။ 


သူက နေရာသို့ပြန်ကာ ဂိမ်းဆော့ရန် ပြင်လိုက်ပြီးကာမှ အနည်းငယ် တွေးတောပြီး အစီအစဉ်စာအုပ်ကို အလောတကြီး ပြန်ယူလိုက်သည်။ 


ဒီထဲမှာ ဟာသတွေမှ အများကြီးပဲ စိတ်ဝင်စားစရာ ကောင်းမယ့်ပုံလေး ... 


"ကျိကျင်ကော သိလား ကျွန်တော်လေ ရိုက်ကူးရေးစကတည်းက တစ်ခါမှ NG မရသေးဘူး ..." 


ချုပ်တည်းရန် ကြိုးစားခဲ့သော်ငြား မချုပ်တည်းနိုင်တော့သည့်အတွက် သူ့အောင်မြင်မှုများကို ထုတ်ပြကာ ကြွားဝါလိုက်တော့သည်။ 


ဟွမ်ကျိကျင်းက သူ့ခေါင်းကို ခပ်ဖွဖွပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ 


"ငါတို့တွေရဲ့ သစ်ပင်ပေါက်ကလေးက တကယ်ကို သရုပ်ဆောင်တဲ့နေရာမှာ ပါရမီပါတာပဲ ဆက်ကြိုးစားထား ကောကောက မင်းအပေါ် ယုံကြည်ချက်အပြည့် ထားပေးထားတယ် ..." 


မနီးမဝေးတွင် ရပ်နေသော ကျိမြန်က သူတို့ကို အဓိပ္ပါယ်အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ 


မနက်ပိုင်းရိုက်ကူးရေးပြီးနောက် ကျိမြန်က လောကျန်းဝေ့အနားသွားကာ သာမနကာလျှံကာဖြင့် စကားစမြည်ပြောလိုက်သည်။ 


"ဒါရိုက်တာလော လူတိုင်းလည်း ဒီမှာ ရှိနေမှတော့ လူသတ်တဲ့အခန်းကို ရိုက်လိုက်ရင် မကောင်းဘူးလား ..." 


သူက စီးကရက်တစ်လိပ်ကို ကမ်းပေးကာ မီးညှိရင်း ပြောလိုက်သည်။ 


လောကျန်းဝေ့က မီးညှိထားသော စီးကရက်ကိုယူကာ အကြိမ်အနည်းငယ် ‌ဖွာရှိုက်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဟမ် ဒါက အရေးကြီးတဲ့ အပိုင်းဆိုတော့ စောစောစီးစီး ရိုက်ထားတာလည်း ကောင်းသားပဲ ငါအထင်တော့ ရှောင်ကျားရှုက ဒီရက်ပိုင်းမှာ ကစား‌တာတွေပဲ များနေပြီး ရိုက်ကူးရေးပေါ်မှာ အလေးအနက် မရှိလှဘူး ရောက်လာတာနဲ့ ဂိမ်းဆော့ဖို့ပဲသိတယ် ဇာတ်ညွှန်းဖတ်ရကောင်းမှန်းလည်း မသိ၊ စာသားကျက်ရကောင်းမှန်းလည်း မသိ သူ့ကို စည်းကမ်းတင်းကြပ်ဖို့ လိုအပ်နေပြီ သူသာ ကောင်းကောင်း မရိုက်နိုင်ဘူးဆိုရင်လည်း အချိန်ကုန် လူပင်ပန်း မဖြစ်အောင် စောစောစီးစီး လူလဲသင့်ရင် လဲရတာပေါ့ ငါ့တစ်သက်လုံး ရိုက်ကူးရေး စကာနီးမှ ဘယ်လိုသရုပ်ဆောင်ရမလဲ သင်ပေးတဲ့ ဆရာကို ခေါ်လာတဲ့သူမျိုး တစ်ခါမှကို မကြုံဖူးဘူး ဒါက ငါ့လို အဓိကဒါရိုက်တာကို မလေးမစား လုပ်တာနဲ့ အတူတူပဲ ..." 


ကျိမြန်က တစ်ခွန်းမှ ပြန်မဖြေဘဲ စီးကရက်ငွေ့များကိုသာ ခပ်ဖြည်းဖြည်း မှုတ်ထုတ်လိုက်သည်။ 


ရှောင်ကျားရှုတွင် ယနေ့ရိုက်ကူးရန် တစ်ခန်းသာ ရှိရာ ထိုအခန်းကိုလည်း ရိုက်ကူးပြီးဖြစ်၍ ထွက်သွားမည် ပြင်နေစဉ်မှာပင် ဒါရိုက်တာက သူ့ကို တားမြစ်လိုက်သည်။ 


"ရှောင်ကျားရှု ၊ ကျိုးဖု ၊ လုဟောင် ... ချက်ခြင်းပြန်ဖို့ မစဉ်းစားနဲ့ဦး နေ့လည်စာစားပြီးရင် အခန်း ၁၀၈ ဆွေမျိုးတွေကို သတ်ဖြတ်တဲ့အခန်း ရိုက်ဖို့ ပြန်လာခဲ့ကြဦီး ..." 


"ဟုတ်ကဲ့ပါ ဒါရိုက်တာ လော ..." 


Xxxxxxx