အပိုင်း ၂၇
Viewers 44k

Chapter 27


ရှောင်ကျားရှုတွင် ယနေ့ရိုက်ကူးရန် တစ်ခန်းသာ ရှိရာ ထိုအခန်းကိုလည်း ရိုက်ကူးပြီးဖြစ်၍ ထွက်သွားမည် ပြင်နေစဉ်မှာပင် ဒါရိုက်တာက သူ့ကို တားမြစ်လိုက်သည်။ 


"ရှောင်ကျားရှု ၊ ကျိုးဖု ၊ လုဟောင် ... ချက်ခြင်းပြန်ဖို့ မစဉ်းစားနဲ့ဦး နေ့လည်စာစားပြီးရင် အခန်း ၁၀၈ ဆွေမျိုးတွေကို သတ်ဖြတ်တဲ့အခန်း ရိုက်ဖို့ ပြန်လာခဲ့ကြဦီး ..." 


"ဟုတ်ကဲ့ပါ ဒါရိုက်တာ လော ..." 


သရုပ်ဆောင်ဟောင်းများသည် ဒါရိုက်တာ၏ အလျဉ်းသင့်သလို ရိုက်ကူးမှုများကို အသားကျနေပြီဖြစ်သည့်အတွက် တစ်ယောက်ပြီးတစ်ယောက် သဘောတူလိုက်ကြသည်။ သို့သော် ရှောင်ကျားရှုမှာမူ အနည်းငယ် အံ့ဩသွားသည့်အတွက် ဟွမ်ကျိကျင်းကို ဆွဲခေါ်ကာ မေးလိုက်သည်။ 


"ကျိကော အခန်း ၁၀၈ က ဘာကြီးလဲ ဇာတ်ညွှန်းလေး ကြည့်ပါရစေဦး ..." 


ဟွမ်ကျိကျင်း၏ နှလုံးသားတစ်ခုလုံး အက်ကွဲသွားတော့၏။ 


အခန်း ၁၀၈ မှာ အရေးပါသော အပိုင်းတစ်ခုပင်ဖြစ်သည်။ ဇာတ်လမ်းတစ်ယောက် လင်ဖုန်း၏ ဇာတ်ကောင်မှာ အလွန်လွယ်ကူခဲ့သော်ငြား သူ့တွင် သန်မာသည့် ပဋိပက္ခများကိုလည်း ထမ်းပိုးထားရာ သိမ်မွေ့နက်နဲသော သရုပ်ဆောင်စွမ်းရည် မရှိပါလျှင် ပီပြင်အောင် ဖော်ပြနိုင်မည် မဟုတ်ချေ။ လတ်တလောတွင် ဟွမ်ကျိကျင်းသည် ရှောင်ကျားရှုကို သီးသန့် သင်ပြပေးနိုင်ရန်အတွက် သင်ခန်းစာများ စုစည်းကာ ဇာတ်လမ်း၏ အနှစ်ချုပ်သဘောထားကိုပါ ပြင်ဆင်ထားသော်ငြား ဒါရိုက်တာက ရိုက်ကူးရေးကို ရှေ့တိုးလိုက်မည်ဟု မမျှော်လင့်ထားချေ။ 


"ဒီမှာ ဇာတ်ညွှန်း အဓိကအချက်တွေကို မျဉ်းတားပြီးတော့ မှတ်ချက်တွေ ရေးပေးထားတယ် စားနေရင်း သေချာလေး ဖတ်ကြည့်လိုက် ..." 


ဟွမ်ကျိကျင်းက အလေးအနက် ပြောလိုက်သည်။ 


"ဒီအပိုင်းက ..." 


သူ့စကားများမှာ လမ်းတစ်ဝက်မှာပင် ကျိမြန်၏ ဟန့်တားခြင်းကို ခံလိုက်ရတော့သည်။ 


"ဟွမ်ကျိကျင်း ဒါက သင်ကြားရမယ့် နည်းလမ်း အစစ် မဟုတ်ဘူးလေ သူ့ကို ဒီတိုင်း လွှတ်ထားလိုက်ပြီးတော့ သရုပ်ဆောင်တာက ဘယ်လိုဆိုတာ သူ့ဘာသာသူ သိပါစေ ဒါမှမဟုတ်ရင်လည်း စောစောစီးစီးသာ လုပ်ငန်းပြောင်းခိုင်းလိုက်တော့ ..." 


ဟွမ်ကျိကျင်းက ခွန်းတုန့်ပြန်ရန် ပြင်နေစဉ်မှာပင် လောကျန်းဝေ့ပါ ရောက်လာပြန်သည်။  


"ဟွမ်ကျိကျင်း ဒါက ငါ့စတူဒီယို သရုပ်ဆောင်တွေကို ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာကိုလည်း ငါတစ်ယောက်ပဲ သင်ပေးခွင့်ရှိတယ် မင်းအနေနဲ့ ဝင်စွက်ဖက်လို့ မရဘူး မင်းသာ ဆက်ပြီး သင်နေဦးမယ်ဆိုရင် လုံခြုံရေးခေါ်ပြီး မင်းကို ဆွဲထုတ်ခိုင်းလိုက်တော့မယ် ယုံချင်ယုံ မယုံချင်နေ ..." 


ရုပ်ရှင်တစ်ကားကို ဒါရိုက်တာ၏ အတွေးစများဖြင့် ဖွဲ့စည်းထားပြီး ထိုသူ၏ အနုပညာအပေါ် နားလည်မှုတို့ ထင်ဟပ်နေသည်။ ဤသည်မှာ taboo တွင် တွေ့ရအများဆုံး စကားတစ်ခွန်းပင်ဖြစ်သည်။ ဟွမ်ကျိကျင်းကိုယ်တိုင်လည်း သူ့သရုပ်ဆောင်မှာ မှန်ကန်‌မနေကြောင်း သိထားသည့်အတွက် ရှောင်ကျားရှုကို လှုပ်ရှားနည်း၊ ကင်မရာကို ရှာဖွေနည်း၊ ဇာတ်ညွှန်းဖတ်နည်းတို့ကိုသာ သင်ပေးပြီး ဇာတ်ကြောင်းနှင့် ပတ်သက်၍ များများစားစား မပြောပြခြင်းဖြစ်သည်။ သို့သော် ယခုရိုက်ကူးမည့်အခန်းမှာမူ မတူချေ။ ၎င်းမှာ အလွန်အရေးကြီးသောအခန်း ဖြစ်ရာ သူသာ ကောင်းကောင်းမွန်မွန် လမ်းမညွှန်နိုင်ပါလျှင် ရှောင်ကျားရှုတစ်ယောက် မျက်စိလည်သွားကာ တစ်နေ့လည်လုံး NG များ ပြန်ရိုက်ခြင်းဖြင့်သာ အချိန်ကုန်ရတော့မည်ဖြစ်သည်။ 


လက်ရှိအခြေအနေကို အကဲခတ်ရပါလျှင် ဒါရိုက်တာလော၏ သည်းခံနိုင်စွမ်းမှာ လမ်းဆုံးရောက်နေပြီဖြစ်သည်။ ထို့ကြောင့် ဆွဲထုတ်မခံရစေရန် အလို့ငှာ သူ့ပါးစပ်ကိုသာ အသာအယာ ပိတ်ထားလိုက်ရတော့သည်။ 


ရှောင်ကျားရှုမှာလည်း အရူးမဟုတ်သည့်အတွက် လွဲချော်နေသော အခြေအနေကို အကဲမခတ်မိနိုင်စရာအကြောင်း မရှိချေ။ သူက ဇာတ်ညွှန်းစာအုပ်ကိုယူကာ ခပ်သွက်သွက် လှန်လိုက်သော်ငြား စာရွက်ကို မထိရသေးခင်မှာပင် လောကျန်းဝေ့က သူ့ကို ဧည့်ခန်းသို့ အတင်း‌ဆွဲခေါ်သွားတော့သည်။


"ငါနဲ့ နေ့လည်စာ လာစားလှည့် ကျိမြန်လည်း လာလိမ့်မယ် ငါတို့တွေ မင်းကို ဇာတ်လမ်းအကြောင်း ပြောပြမယ် ဒီတစ်ပိုင်းလုံးက ပဋိပက္ခတွေ၊ လွန်ဆြံတာတွေအကြောင်း ရိုက်ရမှာဆိုတော့ ကောင်းကောင်းမလုပ်နိုင်ရင် စောစောစီးစီး လက်လွှတ်လိုက်တော့ ..." 


ဧည့်ခန်းတစ်ခုလုံး နေ့လည်စာ စားသောက်နေသည့် သရုပ်ဆောင်များဖြင့် ပြည့်နှက်နေသည်။ ဖန်ခွင်းက အားလုံးအတွက် နေ့လည်စာဘူးများ ပြင်ဆင်လာကာ ပီတိတဖွားဖွားဖြင့် စားပွဲပေါ် နေရာချထားပေးနေသည်။ 


"ဇာတ်ညွှန်းကိုထုတ်ပြီး ဖတ်ကြည့် ဟွမ်ကျိကျင်းက ခပ်ဝေးဝေးမှာ သွားနေ မင်းကို မမြင်ချင်ဘူး ..." 


လောကျန်းဝေ့က အော်ဟစ်လိုက်သည်။ 


ဘယ်ဒါရိုက်တာကမှ သူ့သရုပ်ဆောင်ကို ညွှန်ကြားနေတဲ့အချိန်မှာ ကြားဖျက်နှောင့်ယှက်ခံရတာကို သဘောမကျဘူးကွ သိလား ... 


ဟွမ်ကျိကျင်းက လက်မြှောက်အရှုံးပေးဟန်ပြုကာ ရှောင်ကျားရှုကိုလည်း သနားမှုတို့ ပြည့်လျှံနေသည့် အကြည့်တစ်ချက်‌ ပေးပို့လိုက်သည်။ ဘေးနားတွင် ထိုင်နေသည့် ရှစ်ထင်းဟန်က သူ့ကို ဟာသနှောကာ လှမ်းပြောလိုက်သည်။ 


"ကျိကျင် ငါ့အစ်ကိုနဲ့ လာစားလှည့် လာ ဒါရိုက်တာလောအနား သွားရှုပ်မနေနဲ့ ..." 


လောကျန်းဝေ့က သူတို့ကို အာရုံစိုက်မနေ။ သခင်လေးရှောင်ကို စိတ်ပျက်လက်ပျက်ဖြင့်ကြည့်ကာ ပြောလိုက်သည်။ 


"ဒီအပိုင်းကို ဖတ်ကြည့်ပြီးပြီလား ..." 


"ဖတ်ပြီး ... ကောင်းကောင်း ... ဖတ်ပြီးပါပြီ ..." 


ရှောင်ကျားရှုက လည်ပင်းကို ဆန့်တန်းကာ ဇာတ်ညွှန်းကို ချောင်းကြည့်လိုက်သည်။ သူ့အမူအယာမှာ အပြစ်မကင်းဟန်တို့ ဖုံးလွှမ်းနေသည်။ 


လောကျန်းဝေ့မှာ လက်ဖဝါးများ ယားယံလာသလိုပင် ခံစားလိုက်ရတော့သည်။ သူ့အသံချဲ့စက်မှာ အဝေးရှိ ထိုင်ခုံပေါ်တွင် ရှိနေကြောင်း တွေ့လိုက်ရသည့်အတွက် လူရိုက်ချင်စိတ်များကိုသာ အတင်း ချိုးနှိမ်ထားလိုက်ရတော့သည်။ 


"ဒါက လင်ဖုန်းရဲ့ အရေးအကြီးဆုံးအပိုင်းဆိုတာ မင်းသိထားသင့်တယ်လေ ငါသာ မင်းနေရာမှာဆို ဇာတ်ညွှန်းရပြီဆိုကတည်းက ဒီအပိုင်းမှာ ဘယ်လို သရုပ်ဆောင်မလဲဆိုတာကိုပဲ တွေးနေတော့မှာ အိုး ဟုတ်သားပဲ မင်းက တအားကို တော်တာလေ တော်လွန်းလို့ ဘာ‌ ‌ောက်လေ့ကျင့်မှုမှ လုပ်စရာ မလိုဘူး မဟုတ်လား ဇာတ်ညွှန်းကို အခုချက်ခြင်းဖတ် အကုန် ဖတ်မပြီးရင် နေ့လည်စာ မစားရဘူး ..." 


သရုပ်ဆောင်ခြင်းနှင့် ပတ်သက်လာလျှင် လောကျန်းဝေ့သည် အာဏာရှင်အဖြစ်သို့ ကူးပြောင်းသွားသည့်အတွက် သခင်လေးရှောင်မှာ အလွန် ထိတ်လန့်သွားရတော့သည်။ ရှောင်ကျားရှုမှာလည်း မကျေနပ်ချက်တို့ ပြည့်နှက်သွားကာ လွယ်ကူချောမွေ့ခြင်းကို ပိုင်ဆိုင်ရန် သူ့အတွက် အလွန်ခဲယဉ်းနေလေသလားဟုပင် အတွေးပေါက်လာတော့သည်။ ထို့နောက် ဇာတ်ညွှန်းကို ကောက်ကိုင်ကာ စိတ်အေးလက်အေးဖြင့် လှန်‌လှောကြည့်ရှုလိုက်တော့သည်။ 


လောကျန်းဝေ့က တိတ်တခိုး သက်ပြင်းချကာ သူဖတ်ပြီးသွားချိန်တွင် မေးလိုက်သည်။ 


"မင်း ဘယ်လိုထင်လဲ ..." 


"ဘာကို ဘယ်လိုထင်ရမှာလဲ ..." 


ရှောင်ကျားရှုမှာ သရုပ်ဆောင်ခြင်းအနုပညာ‌အကြောင်း တစ်လုံးမှပင် သိမထားရာ သရုပ်ဆောင်သည့် နည်းလမ်းများကို မည်သည့်နည်းဖြင့်မှ မြင်နိုင်မည် မဟုတ်ချေ။ သူက ပြန်ဖြေကာ ‌ဒါရိုက်တာလောကိုသာ တိတ်တဆိတ် အကဲခတ်နေလိုက်သည်။ 


"ဒီအခန်းရဲ့ အခက်ဆုံးအပိုင်းက ဘာလို့ မင်းထင်လဲ ..." 


လောကျန်းဝေ့မှာ ဖျောင်းဖြရာတွင် ထူးချွန်သူတစ်ဦး ဖြစ်သည်။ 


"အဲဒါက ပြောဖို့ခက်တယ် ..." 


ရှောင်ကျားရှုမှာ ဤတစ်ကြိမ်တွင် မဝါကြွားရဲတော့သည့်အတွက် ဂရုတစိုက် ပြန်ဖြေလိုက်သည်။ 


"ဒါရိုက်တာလောကပဲ ကျွန်တော့်ကို ဥပမာလေး ပေးပေးပါလားဟင် ..." 


လောကျန်းဝေ့က လက်တို့ကို မြှောက်လိုက်သော်ငြား ကျိမြန်က သူ့ပုခုံးကို အသာဆုပ်ကိုင်ထားလိုက်သည်။ 


"သူက လူသစ်လေးလေ ဘာတစ်ခုမှ နားမလည်သေးတဲ့သူကို ဖြည်းဖြည်းချင်းပဲ သင်ပေးပါ ခင်ဗျား ဒေါသထွက်လေ သူက ပိုပြီး အူတူတူဖြစ်သွားလေပဲ ဒါရိုက်တာနဲ့ သရုပ်ဆောင် နှစ်ဖက်စလုံး အဆင်မပြေရင် ရိုက်ကူးရေးအတွက် မကောင်းဘူးလေ ..."


လောကျန်းဝေ့မှာလည်း ထိုသို့ပင် တွေးမိသည့်အတွက် စိတ်ကို ထိန်းထားလိုက်တော့သည်။ 


"ရှောင်ကျားရှု မင်းကို ဒီအခန်းအကြောင်း ထပ်ပြောပြမယ် ပြီးရင် မင်းနားလည်သလို သရုပ်ဆောင်ကြည့် လုပ်နိုင်လောက်လား ..." 


"ဒီလောက်ကတော့ အလွယ်လေးပါ ..." 


ရှောင်ကျားရှုက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ 


လောကျန်းဝေ့က မျက်လုံးတို့ကို မှေးကျဉ်းကာ ဆက်ပြောလိုက်သည်။ 


"ရိုက်ကူးရေး စပြီဆိုတာနဲ့ မင်းကို သက်တော်စောင့်တွေက ရုံးခန်းထဲ ခေါ်သွားလိမ့်မယ် နှိပ်စက်ပြီးတာနဲ့ တစ်ပြိုင်နက် မင်းရဲ့ ခန္ဓာကိုယ်ထဲကို မူးယစ်ဆေးအသစ်တစ်မျိုးနဲ့ AIDS ရောဂါရှိတဲ့သွေးကို ရောပြီး ထိုးလိုက်လိမ့်မယ် မင်းခန္ဓာကိုယ်က ဆေး‌စွဲနေတာ ကြာပြီဆိုတော့ ရုံးခန်းထဲ ရောက်တာနဲ့တစ်ပြိုင်နက် ယင်းထလာတော့မှာ အစောပိုင်းမှာတော့ ဒါက အရမ်း မပြင်းထန်ဘူး ဒါပေမယ့် နည်းနည်းလေး အေးတယ်လို့ ခံစားရမှာဖြစ်လို့ မင်းခန္ဓာကိုယ်က တောင့်တင်းနေပြီးမှ တစ်ဖြည်းဖြည်းချင်း တဆတ်ဆတ် တုန်လာရမှာ မင်းရဲ့ စိတ်အခြေအနေက ကြောက်တာနဲ့ စိတ်ပျက်လက်ပျက်ဖြစ်တာတွေ ရောနှောနေပြီးတော့ ‌လင်ထောင်ရဲ့ သရုပ်မှန်ကို တွေ့လိုက်ရတဲ့အခါ ပိုပြီး ဆိုးသွားလိမ့်မယ် ဒါပေမယ့် မင်းတို့က ညီအစ်ကိုတွေ ဖြစ်တဲ့အတွက် သူ့အပေါ်မှာ ‌မျှော်လင့်ချက်သေးသေးလေးတစ်ခုတော့ ကျန်နေသေး‌တုန်းပဲ ဒီခံစားချက်နှစ်ခုက လွန်ဆွဲနေရမယ် နားလည်လား ပထမဆုံး ကြောက်ရွံ့တဲ့ ခံစားချက် ပြီးရင် မျှော်လင့်ချက်တွေ ပြီးတော့ ဆေးစွဲတဲ့အတွက် ဖြစ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှု‌ကို ထိန်းချုပ်ထားရတာတွေရောပဲ မင်းရဲ့ ခံစားချက်တွေကို အစဉ်လိုက် ထွက်လာဖို့ သတိကပ်ထား ..." 


ရှောင်ကျားရှုက ဂရုတစိုက် နားထောင်ကာ သူ သဘောပေါက်သွားသည့်နှယ် ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြလိုက်သည်။ 


လောကျန်းဝေ့က အလွတ်မပေးလိုသေးဟန်ဖြင့် ထပ်မေးလိုက်သည်။ 


"မင်းအကြောက်ဆုံးက ဘာလဲ ..." 


ရှောင်ကျားရှုက စိတ်ပျံ့လွင့်နေသည်များကို မသိသာစေရန် ဖုံးဖိရင်း ပြန်ဖြေလိုက်သည်။ 


"ကျွန်တော်ကြောက်တာ နှစ်ခုပဲရှိတယ် ဒါနဲ့ ဒီဟာ ..." 


ဤသည်မှာ အစီအစဉ်စာအုပ်ထဲတွင် သူဖတ်ခဲ့သည့် စာပိုဒ်ကလေးတစ်ပိုဒ်ဖြစ်သည်။ 


လောကျန်းဝေ့ "..." 


လောကျန်းဝေ့က ဇာတ်ညွှန်းကို လိပ်ကာ ရှောင်ကျားရှု၏ ခေါင်းကို ရိုက်ပြီး ကြိမ်းမောင်းလိုက်သည်။ 


"မင်းကို ရိုက်ရမယ့်အပိုင်းအကြောင်း ပြောနေတာကွ မင်းက င့ါကို ပုံပြင်တွေတောင် လာပြောနေလိုက်သေးတယ် ဒီပြဇာတ်ကြီးက ဆယ်စုနှစ်တွေတောင် ကြာမြင့်နေပြီ မင်းကို မရိုက်ရဲဘူးများ ထင်နေလား ..." 


ရှောင်ကျားရှုက ခေါင်းကိုအုပ်ကာ ရှောင်တိမ်းလိုက်သည်။ ‌ကျိမြန်က ဝင်ဆွဲသည့်အခါ သူက မှားယွင်းစွပ်စွဲခံရဟန်ဖြင့် ပြန်မေးလိုက်သည်။ 


"ဒီပြဇာတ်ကြီးက ခေတ်နောက်ကျနေတာပေါ့ ဟုတ်လား ..." 


လောကျန်းဝေ့မှာ ဒေါသထွက်လွန်း၍ မူးမေ့လဲတော့မတတ်ပင် ခံစားလိုက်ရတော့သည်။ 


ဒါက အဓိကအချက်လား ယုံချင်ယုံ မယုံချင်နေ မင်းနဲ့ အသက်ချင်းပါ လဲပစ်ဦးမယ်... 


အနားရှိ စောင့်ကြည့်နေကြသော သရုပ်ဆောင်များက ရယ်မောနေရင်းတန်းလန်းမှာပင် သခင်လေးရှောင်၏ တာဝန်ယူမှုကင်းမဲ့သော စိတ်ထားကို လက်ဖျားခါကုန်ကြတော့သည်။ 


ဒီဒုတိယမျိုးဆက် လူချမ်းသာကတော့ ... ဘာမှ သရုပ်မဆောင်နိုင်တာတောင် အရင်းအမြစ်ကောင်းတွေ အများကြီး ရနေသေးတယ် တကယ်ကို မနာလိုချင်စရာ ကောင်းလိုက်တာ ... 


ရှစ်ထင်းဟန်မှာ ဟွမ်ကျိကျင်းနှင့် ဆက်ဆံရေးကောင်းမွန်ရာ ထိုဖြစ်ရပ်ကို ကြည့်ရှုရင်း ခေါင်းကိုယမ်းကာ ပြောလိုက်သည်။ 


"ကျိကျင် ငါကတော့ မင်းကို ကြယ်ပွင့်ဖန်တီးသူအလုပ်ပဲ ပြန်လုပ်ဖို့ အကြံပေးချင်တယ် မင်းရဲ့ မျှော်လင့်ချက်တွေအားလုံးကို ရှောင်ကျားရှုအပေါ်မှာပဲ စုပုံမထားနဲ့ သူ့ရဲ့ လုပ်ပုံကိုင်ပုံတွေက စိတ်မပါလက်မပါ ဖြစ်နေတဲ့အပြင် ဘာမှ အံ့ဩလောက်စရာလည်း မရှိဘူး သူ့မျက်နှာလေးကိုပဲ အားကိုးရင်တောင် ဒီလောကထဲမှာ နှစ်နှစ်သုံးနှစ်ထက်ပိုပြီး နေနိုင်မှာ မဟုတ်ဘူး တစ်ကုမ္ပဏီထဲက လူသစ်ချင်းအတူတူကို လင်းလဲ့ယန်ကမှ ပိုပြီး အရည်အချင်းရှိသေးတယ် ဝီရီယကလည်းကောင်း ဘယ်လောက်တောင် ပျိုးထောင်ပေးဖို့ သင့်လျော်လိုက်သလဲ ..." 


လင်းလဲ့ယန်မှာ သူတို့နှင့် မလှမ်းမကမ်းတွင် ထိုင်နေရာ ထိုစကားများကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် မျက်နှာ နီမြန်းလာသည့်အတွက် ခေါင်းကိုသာ ငုံ့ထားလိုက်ရတော့သည်။ ယခု သူ့တွင် ရှောင်ကျားရှုကို အားကျနေစရာအကြောင်း မရှိတော့။ ထိုသူ၏ သရုပ်ဆောင်စွမ်းရည်မှာ နှစ်တစ်ရာကျော် လေ့လာ၍ပင် တိုးတက်လာနိုင်ဖွယ်ရာ မရှိသည့်အတွက် အလှပြပန်းအိုးအဖြစ်နှင့်သာ ပိုပြီး သင့်လျော်ပေသည်။ 


တစ်ဖက်တွင်မူ ဒါရိုက်တာလောက ဆက်ပြောနေသေးသည်။ 


"မင်း အကြောက်ဆုံးအရာကို စိတ်ကူးယဉ်လိုက်ပြီးတော့ ကြောက်ရွံ့တဲ့ ခံစားချက်တွေကို ဆွဲခေါ်လာခဲ့ မင်းက ရုံးခန်းထဲကို သယ်သွားခံရပြီးတော့ ‌လင်ထောင်လက်ထဲကို ပြန်အအပ်ခံရမှာ မင်းရဲ့ ပြစ်မှုတွေကို ဖျောက်ဖျက်ဖို့အတွက် လင်ထောင်က မင်းနေရာမှာ ဓားစာခံတစ်ယောက်ကို အစားထိုးလိမ့်မယ် သူက အဲဒီ့ဓားစာခံကို သတ်တဲ့အချိန်မှာ မင်းကို ရင်ခွင်ထဲ ပွေ့ထားပြီးတော့ မင်းမျက်နှာကို ဂရုတစိုက် သုတ်ပေးလိမ့်မယ် ဒါပေမယ့် အဲဒီ့အချိန်မှာ သူကလည်း မင်းမှာ ဆေးစွဲနေတဲ့အပြင် AIDS ပါ ရှိနေတယ်ဆိုတာ


သိနေပြီးသား ပြီးတော့ အဲဒီ့နှစ်ခုစလုံးကလည်း ကုရာနတ္ထိ ဆေးမရှိလေ သူက မင်းရဲ့ နောက်ဆုံး ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးတဲ့အနေနဲ့ မင်းကို သတ်ဖို့ ဆုံးဖြတ်လိုက်တယ် သူ့ရင်ခွင်ထဲကို မင်း ရောက်သွားတာနဲ့ တစ်ပြိုင်နက် ယင်းထတာက ပိုဆိုးလာပြီး ခန္ဓာကိုယ်ကလည်း အရင်ထက်ကို ပိုပြီး တဆတ်ဆတ် တုန်လာတယ် ဒါပေမယ့် အနွေးဓာတ်ကိုတော့ ခံစား‌မိနေသေးတဲ့အတွက် မင်းက သူ့ကို လက်နက်ချလိုက်ဖို့ ဖျောင်းဖြနေသေးတယ် မင်းစကားပြောပြီးတဲ့အချိန်မှာပဲ သူက မင်းနောက်ကျောကို ဓားနဲ့ ထိုးလိုက်တယ် အဲဒါကို ခံစားမိလိုက်တာနဲ့ တစ်ပြိုင်နက် မင်းရဲ့ ခန္ဓာကိုယ်က လှုပ်ရှားတာတွေအားလုံး ရပ်တန့်သွားပြီးတော့ တစ်ကိုယ်လုံး တောင့်တင်းသွားမယ် ပြီးမှ တစ်ဖြည်းဖြည်း ပြန်ပျော့ပြောင်းသွားပြီး အကြည့်တွေကလည်း ဦးတည်ရာ ကင်းမဲ့သွားမယ် မျက်ဆန်တွေက ပြူးကျယ်သွားမယ်ဆိုပေမယ့် အရမ်းကြီး အလွန်အကျူးဖြစ်လို့လည်း မရဘူး အဲဒီ့အထဲမှာ နောက်ကြောင်းပြန်တာတွေ ထည့်ချင်သေးလို့ မင်းရဲ့ အတွေးတွေက အချိန်တွေ နောက်ပြန်ဆုတ်ပြီး မင်းနဲ့ လင်ထောင်တို့ အိမ်ထဲမှာ ပုန်းနေရင်း မြေအောက်လောကနဲ့ လုံးဝ မပတ်သက်တော့ဖို့ ကျိန်ဆိုနေကြတဲ့အချိန်ကို ရောက်သွားလိမ့်မယ် ပြီးတော့ မျက်လုံးတွေက လှုပ်ရှားမှု ရပ်တန့်သွားပေမယ့် ဝမ်းနည်းမှုတွေကတော့ အများကြီး ကျန်ရစ်နေရမယ် အဲဒီ့အချိန်မှာပဲ မင်းရဲ့ ထွက်သက်လည်း ချုပ်ငြိမ်းသွားပြီ နားလည်ရဲ့လား ..." 


နားမလည်ကြောင်း သတိထားမိသည့်အတွက် လောကျန်းဝေ့က ထပ်ပြောလိုက်သည်။ 


"ဘာလို့ စား‌နေဦးမှာလဲ အခုပဲ ရိုက်ကူးရေးစမယ် ..." 


Xxxxxx