အပိုင်း ၂၈
Viewers 45k

Chapter 28


နားမလည်ကြောင်း သတိထားမိသည့်အတွက် လောကျန်းဝေ့က ထပ်ပြောလိုက်သည်။ 


"ဘာလို့ စား‌နေဦးမှာလဲ အခုပဲ ရိုက်ကူးရေးစမယ် ..." 


ဒီနေ့ သခင်လေးရှောင်ကို သရုပ်ဆောင်တာက ဘယ်လိုလဲဆိုတာ နားလည်အောင် လုပ်ပေးရမယ် မဟုတ်ရင် သူက ရုပ်ရှင်ရိုက်တာကို ဟာသလို သဘောထားနေတာ နားမလည်ရင် လေ့ကျင့်ရင်း သင်ယူလိုက် ...


အဖွဲ့သားများက လိုအပ်သည့် ပစ္စည်းကိရိယာများကို အလျင်အမြန် ပြင်ဆင်လိုက်ကြပြီး သရုပ်ဆောင်ငယ်လေးများကလည်း အုပ်စုဖွဲ့စုရုံးကာ တီးတိုးပြောနေလိုက်ကြသည်။ 


"လာ လာ သ‌ခင်လေးရှောင် ဘယ်နှကြိမ်လောက် NG ရမလဲဆိုတာ လောင်းလိုက်ကြရအောင် ..." 


"ငါက ဆယ်ကြိမ် ..." 


"၁၅ ကြိမ်ကွာ ..." 


"အခါ ၂၀ ..." 


"ငါက တစ်နေ့လည်လုံးလို့ လောင်းမယ် ..." 


နောက်ဆုံးစာကြောင်းမှာ ရှစ်ထင်းဟန်၏ စကားသံပင်ဖြစ်သည်။ ထို့နောက် သူက ဟွမ်ကျိကျင်းကို စိုက်ကြည့်လိုက်သည်။ 


ဟွမ်ကျိကျင်းမှာ မျှော်လင့်ချက်တို့ ကင်းမဲ့နေသည့်တိုင် အပြောကိုတော့ မလျော့သေးချေ။ 


"ရှောင်ကျားရှုက အရမ်းအရည်အချင်းရှိလို့ တစ်ခေါက်သင်ရုံနဲ့ ချက်ခြင်း သဘောပေါက်တယ် မင်းတို့တွေ တွေ့မှာပါ ..." 


ရှစ်ထင်းဟန်က ရယ်ရုံသာ ရယ်ကာ ဘာမှ ဆက်မပြောတော့။ ကျန်သရုပ်ဆောင်များကလည်း ရှစ်ထင်းဟန်ပါ လောင်းကြေးထပ်ကြောင်း တွေ့လိုက်ရသည့်အခါ ပိုပြီး အကြောက်အရွံ့ကင်းလာပြီး ရှောင်ကျားရှု၏ NG များကို စောင့်ကြည့်ရန် ဝိုင်းအုံလာကြတော့သည်။ 


တကယ်ကို ကယ်တင်လို့ မရနိုင်တော့ဘူးပဲ သခင်လေးရှောင်က လူတိုင်းကို အကောင်းမြင်စိတ်နဲ့ မကြည့်ခဲ့တော့ ဒီလိုစိတ်ဓာတ်မျိုးဆိုတာ ဟိုးအစကတည်းက ပြုပြင်ပေးခဲ့ရမှာကို ... 


ဖန်ခွင်းက ကျိမြန်ကို တီးတိုးပြောလိုက်သည်။ 


"ဒီအခန်းကို ရိုက်ဖို့ ဒါရိုက်တာလောကို တမင်တကာ သွားပြောခဲ့တာ မဟုတ်လား ..." 


ကျိမြန်က သူ့ကို စိုက်ကြည့်ကာ ချောင်းဟန့်လိုက်သည်။ 


"ရိုင်းစိုင်းတဲ့ကလေးတွေကို ဘယ်လိုမျိုး ပြုမူဆောင်ရွက်ရမလဲဆိုတာ သင်ပေးချင်ရုံပါ ..."


ကျိမြန်အနားသို့ လျှောက်လာသည့် လင်းလဲ့ယန်မှာလည်း ထိုစကားကို ကြားလိုက်ရသည့်အတွက် နှလုံးသားတစ်ခုလုံး ချိုမြသွားတော့သည်။ 


ကျိကောက ဒါရိုက်တာကို အချိန်စောရိုက်ဖို့ပြောတာ သူ့ကြောင့်ပေါ့ ဟုတ်လား ရှောင်ကျားရှုက ဓာတ်ပုံတွေ ခိုးရိုက်နေတာ မသိဘူးများ ထင်နေလား ဒီတစ်ခေါက်ရော မင်း ဘာတတ်နိုင်ဦးမလဲ စောင့်ကြည့်ရသေးတာပေါ့ ... 


ထိုကဲ့သို့အတွေးမျိုး တွေးမိသူများမှာ မနည်းမနောပင်။ ရှောင်ကျားရှုက အဓိကအခန်းကို ရိုက်ကူးတော့မည်ဟု ကြားလိုက်ရသည့်အခါ ရိုက်ကွင်းတစ်ခုလုံးရှိလူများ စုရုံးလာကာ သူ၏ ကိုယ့်ကိုယ်ကို အရူးလုပ်မည့်ပုံကို ‌ကြည့်ရှုရန် စောင့်ဆိုင်းနေကြတော့သည်။ ဤသည်မှာ ရိုက်ကွင်းရှိ သူ၏ ဂုဏ်သတင်း မည်မျှ ဆိုးဝါးသည်ကို ပြသနေပေသည်။ သို့သော် သူ၏ ဝတ်ပုံစားပုံ၊ ပြောဆိုပြုမူပုံတို့မှာ ကျန်အဖွဲ့သားတို့နှင့် ကွဲပြားနေသည်မှာ အံ့ဩစရာတော့ မဟုတ်ချေ။ သူသည် ဤနေရာသို့ သရုပ်ဆောင်ရန် ရောက်လာခြင်းနှင့် မတူဘဲ ပျော်ပါးကစားရန် ရောက်လာခြင်းနှင့်ပင် ပို၍ တူနေသေးသည်။ အခြားသူတို့ အိပ်မက်ပင် မမက်နိုင်သည့် အဆင့်မြင့် အရင်းအမြစ်ကောင်းများကို လွယ်လင့်တကူ ရနေသည့်တိုင် တန်ဖိုးမထားသည်မှာ အလွန်ပင် မုန်းတီးဖွယ် ကောင်းလွန်းလှသည်။ လူတိုင်းက သူ့ကို NG အခေါက်ပေါင်းများစွာ ပြန်ရိုက်ရမည်ဟု ခန့်မှန်းနေစဉ် ဒါရိုက်တာလောကလည်း သူ့ကို တတိယအကြိမ် ပြန်ရှင်းပြနေသည်။ သူက ရှောင်ကျားရှုကို အခွင့်အရေးတစ်ခု ပေးလိုသော်ငြား သူ့အတွက်ကြောင့်နှင့် ရုပ်ရှင်ကိုလည်း အပျက်စီးမခံနိုင်ပေ။ 


"မင်းမှတ်မိအောင် သော့ချက်လေးတွေပဲ ပြောပြတော့မယ် ကြောက်မယ်၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်ရမယ် ၊ ပြီးတော့ မျှော်လင့်ချက်၊ စိတ်ပျက်မှုနဲ့ ဝမ်းနည်းခြင်း ... ကြောက်မယ် ဘာကို ကြောက်မှာလဲ မင်းက လင်အုပ်စုရဲ့ ပြစ်မှုကျူးလွန်ထားတဲ့ သက်သေတွေကို ရဲလက်အပ်လိုက်ပေမယ့် အဲဒီ့သက်သေတွေက ကြားထဲမှာ လက်စဖျောက်ခံလိုက်ရတယ် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကို မင်း မသိတော့ဘူး အဲဒါကြောင့် ကြောက်နေမယ် ပြီးတော့ မင်းက လင်ထောင်လုပ်ခဲ့တဲ့ အကုသိုလ်တွေကြောင့် ဝဋ်ကြွေးပြန်ဆပ်နေရပြီး နှိပ်စက်ခံလိုက်ရတယ် AIDS နဲ့ မူးယစ်ဆေးတွေပါ ထိုးသွင်းခံလိုက်ရသေးတယ် မင်းမှာ အနာဂတ်မရှိတော့ဘူးလေ ပြောပါဦး မကြောက်ဘဲ နေမလား ထိန်းချုပ်တာကရော ဘာအတွက်ဖြစ်မလဲ မင်းက ဆေးစွဲနေပြီ ဒါပေမယ့် မင်းအစ်ကိုရဲ့ရှေ့မှာ အဲဒီ့စွဲလမ်းစိတ်ကို ထုတ်ပြလို့ မရဘူး ပြီးတော့ မင်းကြီးပြင်းလာတဲ့ ပုံစံအရလည်း ဒီလို ရှက်စရာကောင်းတဲ့ အခြေအနေမျိုးကို တစ်ခြားသူတွေရဲ့ရှေ့မှာ ထုတ်ပြချင်မှာ မဟုတ်ဘူးလေ အဲဒါကြောင့် မင်းရဲ့ ယင်းထချင်နေတဲ့စိတ်ကို ထိန်းထားလိမ့်မယ် မျှော်လင့်ချက်ဆိုတာကရော? မင်းရဲ့အစ်ကို နည်းနည်းလေး အသိစိတ် ပြန်ဝင်လာပြီး သူ့ရဲ့ လမ်းကြောင်းလွဲနေတဲ့ အပြုအမူတွေကို စွန့်ပယ်လာနိုင်ဖို့ မျှော်လင့်နေတာပေါ့ ပြီးတော့ စိတ်ပျက်တာ မင်းရဲ့ တစ်ဦးတည်းသော မိသားစုဝင်က မင်းကို သတ်ဖို့ ကြိုးစားနေတာလေ မင်းအနေနဲ့ စိတ်မပျက်ဘဲ နေမလား ဝမ်းနည်းမှု မင်းက သေတော့မှာ ပြောရရင် မင်းအစ်ကိုအရင်းရဲ့ လက်ချက်နဲ့ သေတော့မှာဆို‌တော့ ဘယ်သူ့အတွက် ဝမ်းနည်းလိမ့်မလဲ သဘောပေါက်ရဲ့လား ..." 


"သဘောပေါက်ပါတယ် ..." 


ရှောင်ကျားရှုက ဝတ်စားပြင်ဆင်ကာ ခေါင်းကို အထပ်ထပ်အခါခါ ငြိမ့်ပြလိုက်သော်ငြား သူ့မျက်ဝန်းထဲတွင်မူ နားမလည်ဟန်တို့ဖြင့်သာ ပြည့်နှက်နေသည်။ 


သူ့မှာ သရုပ်ဆောင်စွမ်းရည်မှ မရှိတာ ဘယ်လိုလုပ်ပြီး ဒီလောက်ရှုပ်ထွေးတဲ့ ခံစားချက်ကို လုပ်နိုင်မှာလဲ ... 


"နားမလည်ရင် မင်းကိုယ်မင်း လင်ဖုန်းနေရာမှာ ရောက်နေတယ်လို့ ခံစားကြည့်လိုက် ကျိမြန်က မင်းအစ်ကို ပြီးတော့ သူက မင်းကို သတ်ချင်နေတယ်လို့ စဉ်စားကြည့် မင်း ဘယ်လို ခံစားရမလဲ ..." 


"သေချာပေါက်ကို သွေးပျက်တဲ့အထိ တုန်လှုပ်သွားမှာပေါ့ ..." 


ရှောင်ကျားရှုက ခပ်ခြောက်ခြောက် ချောင်းဟန့်ရင်း ပြောလိုက်သည်။ ကျိမြန်နှင့် သူ့အစ်ကိုမှာ လုံးဝ မတူညီရာ သူတို့နှစ်ဦးကို တစ်ဦးတည်းအဖြစ် သဘောထားရန် လုံးဝ မဖြစ်နိုင်ချေ။ သူက ခေတ္တရပ်တန့်ပြီးကာမှ မေးလိုက်သည်။ 


"ဒါရိုက်တာကြီး ကျွန်တော့်မှာ မေးစရာတစ်ခု ရှိနေသေးတယ် ဆေးစွဲတယ်ဆိုတာ ဘယ်လိုမျိုးလဲဟင် ဒါရိုက်တာကြီး ပြောသလိုဆို အရိုးထဲထိအောင် ယားယံနေလို့ အသက်သေတဲ့အထိကို ကုတ်ဖဲ့ပစ်ချင်တာဆို ဒါပေမယ့် ကျွန်တော် တစ်ခါမှ အဲ့ဒီလိုမျိူး မကြုံဖူးဘူး ..." 


လောကျန်းဝေ့က နှလုံးနေရာကိုဖိကာ အော်ဟစ်လိုက်သည်။ 


"ဒါရိုက်တာဝမ် သူကြည့်ရအောင် ဗီဒီယိုတစ်ခုလောက် ရှာလာလိုက် သွက်သွက်လေး ..." 


လက်ထောက်ဒါရိုက်တာဝမ်က သခင်လေးရှောင်ကြည့်ရန် တိုက်ရိုက်ထုတ်လွှင့်သည့် ဗီဒီယိုတစ်ခုကို အမြန် ရှာလာပေးလိုက်သည်။ ရှောင်ကျားရှုက iPad ကို ကြည့်နေရင်း အနည်းငယ် အချိန်ဆွဲထားနိုင်သည့်အတွက် စိတ်သက်သာရာ ရသွားတော့သည်။ ဒါရိုက်တာလော ပြောသွားသည်များမှာ အချိန်တိုအတွင်း သရုပ်ဆောင်နိုင်ရန် မဆိုထားနှင့်၊ နားလည်ရန်ပင် မလွယ်ကူလှချေ။


ဒါနဲ့ ဆေးစွဲတယ်ဆိုတာက ဒီလိုမျိုးကြီးလား လူးလိမ့်ပြီးတော့ တအီအီနဲ့ ဆက်တိုက် ငိုယိုနေတာ ဆံပင်တွေကိုလည်း ဆောင့်ဆွဲပြီးတော့ မျက်ရည်တွေ၊ နှာရည်တွေကလည်း ဆက်တိုက် ကျ‌လို့ လင်ဖုန်းက ဒီလိုအခြေအနေကို တင်းခံထားတာ မထူးဆန်းတော့ပါဘူး ... 


ထိုဗီဒီယိုကို ကြည့်ပြီးသည်နှင့်တစ်ပြိုင်နက် ရှောင်ကျားရှုသည် လောကျန်းဝေ့၏ လက်ချက်ဖြင့် သေတ္တာကြီးတစ်လုံးထဲသို့ တွန်းပို့ခြင်းကို ခံလိုက်ရတော့သည်။ ထို့နောက် သူက သက်တော်စောင့်နေရာတွင် သရုပ်ဆောင်မည့် သရုပ်ဆောင်နှစ်ဦးအား သေတ္တာကို အဖုံးပိတ်ရန် ညွှန်ကြားကာ ရိုက်ကူးရေးကို စတင်ရန် ပြင်ဆင်လိုက်တော့သည်။ 


ဆေးဝါးအသစ် ဖြန့်ချီရေး ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်သည့် လင်ထောင်၏ ပြိုင်ဘက်တစ်ဦးက လင်ဖုန်းကို ဖမ်းဆီးထားသည်ဟု ဇာတ်ညွှန်းထဲတွင် ဖော်ပြထားသည်။ 


ဆေးကို ဖြန့်လိုက်ပြီဆိုတာနဲ့ ဖြန့်ပေးတဲ့သူတွေ လက်ထဲကို ငွေတွေ တရဟော ဝင်လာမှာလေ ဘယ်လိုလူကရော ဒီလို ဆွဲဆောင်မှုမျိုးကို ငြင်းပယ်နိုင်မှာတဲ့လဲ ... 


လင်ဖုန်းမှာ အပေးအယူလုပ်ရာတွင် ညှိနှိုင်းရန်အတွက် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရကာ အစည်းအဝေးအခန်းထဲသို့ သေတ္တာတစ်လုံးထဲထည့်ကာ ဖမ်းခေါ်လာခံရသည်။ တစ်ချိန်တည်းမှာပင် ကုမ္ပဏီ၏ လျှို့ဝှက်ချက်များကို သူ ရောင်းချလိုက်သည့် အချက်များကိုလည်း အကြီးအကဲများက သိထားပြီးဖြစ်သည်။ ထိုသူများက ထိုအချက်ကိုသုံးကာ လင်ထောင်ကို ပူးပေါင်း‌ဆောင်ရွက်မှုအား သဘောတူပေးရန် ဖိအားပေးလိုက်ကြသည်။ လင်ထောင်ကလည်း သူ့ညီအတွက် ကိုယ်စားခံပေးမည့်သူကို ရှာထားနှင့်ပြီးဖြစ်ကာ ထိုသူများအလာကို ရုံခန်းထဲတွင် ထိုင်စောင့်နေသည်။ ဤသည်မှာ ယနေ့ရိုက်ကူးရမည့် အခန်း ဖြစ်သည်။ 


ရှောင်ကျားရှုမှာ သတိလက်လွတ်ဖြင့် သေတ္တာထဲသို့ ထိုးထည့်ခံလိုက်ရသည့်အတွက် သူ့တစ်ကိုယ်လုံး ကွေးညွတ်ကာ ပြင်းပြင်းပျပျ ကြောက်ရွံ့နေတော့သည်။ သူ့ ငယ်ဘဝ အတွေ့အကြုံများကြောင့် နှစိပေါင်းများစွာ ကုသမှု ခံယူထားသည့်တိုင် ပိတ်လှောင်မှုကို ကြောက်ရွံ့သည့်ရောဂါကို ပြင်းပြင်းထန်ထန် ခံစားနေရဆဲဖြစ်သည်။ သို့သော် သူသည် မှောင်မည်း ကျဉ်းမြောင်းသော နေရာထဲတွင် ပိတ်လှောင်ခံထားရခြင်းကို ကြောက်ရွံ့နေဆဲဖြစ်ကြောင်းကိုတော့ မည်သူမှ မသိရှိချေ။ သေတ္တာ၏ အောက်ခြေတွင် မလှုပ်မယှက် လဲလျောင်းနေပြီး သူ့ဦးနှောက်မှအစ လည်ချောင်း၊ နား၊ မျက်လုံးတို့အားလုံး အေးခဲနေတော့၏။ အေးစက်စွာ အသက်ကို ရှုသွင်းနေပြီး သူတစ်ယောက်တည်း ရုန်းကန်နေရသည့်တိုင် အော်ဟစ်အကူအညီတောင်းခံခြင်း မရှိ‌ခဲ့ချေ။ 


သူသည် အလွန် ကြောက်ရွံ့နေချေသည်။ 


သို့သော် လောကျန်းဝေ့ကမူ ထိုအကြောင်းနှင့်ပတ်သက်၍ လုံးဝ မသိ။ သရုပ်ဆောင်အားလုံး နေရာတကျ ဖြစ်သွားသည့်အခါ သူက "action" ဟု လှမ်းအော်လိုက်သည်။ သက်တော်စောင့်များက သေတ္တာကို ရုံးခန်းထဲ သယ်လာပြီး အဖုံးကိုဖွင့်ကာ ရှောင်ကျားရှုကို ဆွဲထုတ်၍ အစားထိုးအဖြစ် သရုပ်ဆောင်မည့်လူနားတွင် အတင်းအကြပ် ဒူးထောက်စေလိုက်သည်။ လင်ထောင်၊ ကမ္ဘာမကြေသည့် ရန်ဘက်နှင့် အကြီးအကဲများက စားပွဲတွင် ထိုင်ကာ စတင် ညှိနှိုင်းဆွေးနွေးလိုက်ကြတော့သည်။ 


ရှောင်ကျားရှုမှာ သရုပ်ဆောင်ရမည်ကိုပင် မေ့လျော့သွားကာ သူ့တစ်ကိုယ်လုံးမှာလည်း စာရွက်အဖြူတစ်ရွက်ကဲ့သို့ ဖြူလျော်တောင့်တင်းသွားတော့သည်။ အချိန်အတော်ကြာကာမှ ခပ်နိမ့်နိမ့်အသံတစ်ခုကို ကြားလိုက်ရတော့သည်။ 


"ရှောင်ဖုန်း ..." 


အသံလာရာဘက်သို့ ကြည့်လိုက်သည့်အခါ ကျိမြန်၏ မျက်နှာမှာ မှုန်ရီနေရာမှ တစ်ဖြည်းဖြည်း ကြည်လင်လာပြီး သူ့မျက်ဝန်းတို့မှာလည်း ပူပန်သောကတို့ဖြင့် ပြည့်နှက်လာကာ ခေါင်းများပင် ထိုးကိုက်လာတော့သည်။ 


ရှောင်ကျားရှုက "ကျိကော" ဟု ပြန်ထူး‌လိုက်ချင်သော်ငြား သူ့လည်ချောင်းထဲရှိ အေးစက်နေသော ရေခဲတုံးမှာ ယခုထိ အရည်မပျော်သေးချေ။ သူက ပါးစပ်ကို အသာဟကာ သူနှင့် ရင်းနှီးသူအနီးသို့ နီးကပ်လိုသည့်အတွက် ဒူးကို အနည်းငယ် ရွေ့လိုက်သော်ငြား ခြေထောက်များမှာ ထုံကျင်နေပေသည်။ သွေးစွန်းနေသည့် အဝတ်များကို ငုံ့ကြည့်‌မိကာမှ သူသည် ရိုက်ကူးရေးလုပ်နေခြင်းဖြစ်ကြောင်း သတိရသွားတော့သည်။ 


ဘေးတွင် ရပ်ကြည့်နေသူများက ရှောင်ကျားရှုသည် ရိုက်ကူးရေး စတင်သည်နှင့်တစ်ပြိုင်နက် NG များ အဆက်မပြတ် ရလာလိမ့်မည်ဟုသာ ထင်ထားခဲ့ကြရာ အနှိပ်စက်ခံထားရ၍ ပြင်းပြင်းထန်ထန် ကြောက်ရွံ့နေသော လူချမ်းသာသခင်လေးဇာတ်ရုပ်ကို ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားချေ။ အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြကာ လောကျန်းဝေ့ပင်လျှင် "အာ" ခနဲ အသံမြည်ကာ မင်သက်သွား‌တော့သည်။ 


သရုပ်ဆောင်နေခြင်းဖြစ်ကြောင်း သတိကပ်မိသွားသည့် ရှောင်ကျားရှုမှာလည်း တုပ်တုပ်မျှပင် မလှုပ်ရဲတော့။ သို့သော် ကြောက်ရွံ့မှုမှာလည်း အလွယ်တကူ မဖယ်ရှားနိုင်အောင် ပြင်းထန်နေသည့်အတွက် သူ့တစ်ကိုယ်လုံး တောင့်တင်းနေတော့သည်။ ဤသည်မှာပင် အနှိပ်စက်ခံရပြီးနောက် လင်ဖုန်း ခံစားနေရသည့် စိတ်အခြေအနေနှင့် ထပ်တူကျနေပေသည်။ 


လင်ထောင်အဖြစ် သရုပ်ဆောင်ထားသော ကျိမြန်မှာ သူ့ညီလေးအပေါ် စိုးရိမ်နေမှုအား သိသိသာသာ ထုတ်မပြရဲချေ။ တိတ်တဆိတ်သာ နေနေကာ ပစ်စတိုတစ်လက်ကို စားပွဲပေါ် ပစ်တင်လျက် ခပ်နှေးနှေး ပြောလိုက်သည်။ 


"ဖန့်မင် စည်းမျဉ်းတွေကို သိတယ် မဟုတ်လား မင်းကိုယ်တိုင် လုပ်လိုက် ..."


ဖန့်မင်မှာလည်း စားထိုးအဖြစ် အတင်းအကြပ် စေခိုင်းခံရခြင်းကို လုံးဝ မကျေနပ်ချေ။ သူက သေနတ်ကို ကောက်ကိုင်ကာ သူ့နားထင်ကို ချိန်လိုက်သော်ငြား မောင်းတင်ပြီးနောက်တွင်မူ ဦးတည်ရာမှာ လင်ဖုန်းထံ ပြောင်းလဲသွားတော့သည်။ မောင်းကို ကြိမ်ဖန်များစွာ တင်လိုက်သည့်တိုင် သေနတ်သံလည်း ထွက်မလာ၊ လင်ဖုန်းတွင်လည်း ဒဏ်ရာဒဏ်ချက် တစ်ခုတစ်လေမှ မရှိ၊ အကြောင်းမှာ သေနတ်ထဲတွင် ကျည်ဆံထည့်မထား၍ဖြစ်သည်။ ဖန့်မင်၏ ရက်စက်ကြမ်းကြုတ်နေသော အမူအယာမှာ မယုံကြည်နိုင်ဟန်မှတစ်ဆင့် နက်နက်ရှိုင်းရှိုင်း ကြောက်ရွံ့နေဟန်သို့ တစ်ဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။ 


ကျိမြန်က မီးညှိထားသော ဆေးလိပ်တိုကို သူ့မျက်နှာပေါ် ဖိချေလိုက်သည်။ ထို့နောက် အင်္ကျီလက်ထဲတွင် ဖွက်ထားသော ဓားမြှောင်ကို ဆွဲထုတ်၍ ဖန့်မင်၏ လည်ပင်းကို လှီးဖြတ်လိုက်သည့်အခါ ဖန့်မင်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုတို့သာ ထင်ဟပ်ကျန်နေခဲ့တော့သည်။ သူ့လည်ပင်းကို ဖြတ်တောက်လိုက်သည့်အတွက် သွေးအမြောက်အများ ပန်းထွက်လာကာ အချို့မှာ ရှောင်ကျားရှုအနီးသို့ လွင့်စင်သွားတော့သည်။ 


ကျိမြန်၏ မျက်မှန်ကိုလည်း သွေးစက်အချို့ ပေကျံသွားသည့်အတွက် မျက်မှန်ကိုချွတ်ကာ ပဝါတစ်ထည်ဖြင့် သုတ်လိုက်သည်။ သေသေသပ်သပ် ဖြီးသင်ထားသော ဆံပင်တို့မှာလည်း ရှုပ်ယှက်ခပ်ကာ ဟိုတစ်စသည်တစ်စ ကျဆင်းနေသည့်အတွက် တင့်တယ်လှသည့် သူ့မျက်နှာမှာ အရိုင်းဆန်သည့်ဟန်သို့ ကူးပြောင်းသွားတော့သည်။ မျက်မှန်၏နောက်ထဲတွင် သိုဝှက်ထားသော သူ၏ မျက်နှာ အစစ်အမှန် ထွက်ပေါ်လာချေပြီ။ မျက်နှာမှာ အေးစက်ကြမ်းတမ်းဟန် ပေါ်နေကာ မျက်လုံးအိမ်တို့မှာလည်း လူသားဆန်မှု တစ်စိုးတစ်စေ့ပင် မရှိတော့ဘဲ မြင်မြင်သမျှကို ဆုတ်ဖြဲဖျက်ဆီးလိုသည့် ဝံပုလွေတစ်ကောင်သဖွယ် မီးဟုန်းဟုန်းတောက်နေတော့သည်။ 


သူက သရုပ်ဆောင်နေခြင်း မဟုတ်၊ လင်ထောင်မှာ စိတ်ကူးယဉ်ဇာတ်ကြောင်းမှ လက်တွေ့ဘဝသို့ ရောက်ရှိလာတော့သည်။ သူသည် အရှေ့တောင်အာရှ၏ အကြီးမားဆုံး ဘိန်းဘုရင်တစ်ဦးဖြစ်ကာ ကြမ်းတမ်းရက်စက်ပြီး အညှာအတာ ကင်းမဲ့လှပေသည်။ သို့သော် မျက်မှန်တပ်ကာ ရှောင်ကျားရှုကို စိုက်ကြည့်လိုက်ချိန်တွင်မူ ထိုရက်စက်မှုအားလုံး ပျောက်ကွယ်သွားပြီး ကြင်နာမှုနှင့် ချစ်ခင်နှစ်သက်မှုတို့သာ ယိုဖိတ်လာတော့သည်။ 


"ရှောင်ဖုန်း ဒီနားကို လာခဲ့..." 


လက်ကို ဆန့်တန်းကာ လှမ်းခေါ်လိုက်သည့် သူ့လေသံမှာ အနည်းငယ် သတိထားနေဟန် ရောစွက်နေသည်။ 


Xxxxxxxxx