အပိုင်း ၂၉
Viewers 43k

Chapter 29


ဖြစ်ပျက်သွားသည်များကို ကြောင်အလျက် ငေးကြည့်နေသော ရှောင်ကျားရှုမှာ လောကျန်းဝေ့ ပြောခဲ့သည့် စကားများ၏ ဆိုလိုရင်းကို ရုတ်ချည်း သဘောပေါက်သွားတော့သည်။ 


ဇာတ်ကောင်ထဲကို နစ်ဝင်ရမယ်ဆိုတာ ဘာကို ဆိုလိုတာလဲ ကျိမြန်ကို ကိုယ့်အစ်ကိုအရင်းလို တွေးကြည့်ရမယ်ဆိုတာကရော ... ဒါက ဒီလို တွေးရမှာမှ မဟုတ်တာ သူနဲ့ ကျိမြန်ရဲ့ ဆက်ဆံရေးက ရှောင်ကျားရှုနဲ့ ရှောင်တင်းပန် မဟုတ်သလို ရှောင်ကျားရှုနဲ့ လင်ထောင်လည်း မဟုတ်ဘူး လင်ဖုန်းနဲ့ လင်ထောင်၊ သွေးရင်းညီအစ်ကိုနှစ်ယောက်ရဲ့ ဆက်ဆံရေးပဲ ... 


"ကော ... ကော ..." 


သူက မရည်ရွယ်ဘဲ ခေါ်လိုက်မိသော်ငြား သူ့မျက်နှာမှာမူ ရှုပ်ထွေးမှုတို့ဖြင့် ပြည့်နှက်နေသည်။ ဝံပုလွေတစ်ကောင်ကဲ့သို့ ရက်စက်လှသည့် အမျိုးသားမှာ သူ့အစ်ကိုဟု ယုံကြည်နိုင်သေးဟန် မတူပေ။ ကျိမြန်၏ အကြည့်ကြောင့် သူလည်း ဇာတ်ကောင်စရိုက်ကို ဝင်စားနိုင်သွားတော့သည်။ 


ကျိမြန်က သူ့ကို ဆိုဖာပေါ် ဆွဲတင်ကာ လက်ကိုင်ပဝါကို ထုတ်၍ မျက်နှာကို ဂရုတစိုက် သုတ်သင်ပေးလိုက်သည်။ ဖြစ်ပျက်သွားသမျှကို မြင်လိုက်ရသူများမှာလည်း သူ၏ ရက်စက်လှသည့် အပြုအမူကြောင့် စကားတစ်ခွန်းမျှပင် မပြောရဲကြတော့ချေ။ သက်တော်စောင့်နှစ်ဦးက အလောင်းကို ဆွဲထုတ်သွားပြီး ကျန်တစ်ယောက်က သူ့နားနားကပ်ကာ တီးတိုး အစီရင်ခံလိုက်သည်။ 


"အစ်ကိုကြီး ... သူတို့တွေက သူ့ခန္ဓာကိုယ်ထဲကို အီဘိုလာပိုးနဲ့ AIDS တွေ ရောပြီး ထိုးထည့်ထားကြပါတယ် ..."


ကျိမြန်၏ မျက်ဝန်းတို့မှာ ရုတ်ချည်း တုန်လှုပ်သွားကာ လက်ကိုင်ပဝါကို တင်းတင်းကြပ်ကြပ် ‌ဆုပ်ကိုင်လိုက်သည့်အတွက် သွေးကြောများပင် ထင်းထွက်လာကာ မေးရိုးများလည်း ထောင်လာတော့သည်။ ယမ်းပုံမီးကျနေသည်အထိ ဒေါသထွက်နေကြောင်း သာမန်မျက်စိဖြင့်ပင် အကဲခတ်နိုင်ကာ မျက်နှာကြွက်သားများပင် တဆတ်ဆတ် တုန်ရီလာတော့သည်။ ထိုကဲ့သို့သော သရုပ်ဆောင်ချက်မျိုးမှာ သာမန်သရုပ်ဆောင်တို့ စိတ်ကူးပင် မယဉ်နိုင်သည့် အဆင့်အတန်းတစ်ခုတွင် ရှိနေသည့်အတွက် ရှောင်ကျားရှုပင်လျှင် မနေသာဘဲ ငေးမောလိုက်ရတော့သည်။ သို့သော် နောက်တစ်စက္ကန့်အတွင်းမှာပင် ရင်ခွင်ထဲသို့ ဆွဲသွင်းခံရပြီး ကြီးမား‌လှသည့် လက်ကြီးတစ်ဖက်က သူ့နောက်စေ့ကို ဖိထားကာ ကျန်တစ်ဖက်က သူ့လက်ကောက်ဝတ်ကို ချုပ်ကိုင်ထားသည့်အတွက် လုံးဝ ရုန်းထွက်၍ မရတော့ချေ။ ကျိမြန်က သူ့ညီ၏ လည်ပင်းပေါ်ရှိ ဆေးထိုးအပ်ရာကို အလွယ်တကူ ရှာတွေ့သွားသည့်အတွက် ထိုသတင်းမှာ အတည်ပြုပြီးသား ဖြစ်သွားတော့သည်။ 


ရှောင်ကျားရှုမှာ မူးယစ်ဆေး စွဲလမ်းခြင်း၏ ခံစားချက်ကို မသိသော်ငြား လင်ဖုန်း၏ ခံစားချက်များကိုမူ အပြည့်အဝ နားလည်ပေသည်။ ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်ချက်များကို ထိန်းချုပ်နေရခြင်းမှာ သိက္ခာကျသွားမည်ကို ကြောက်ရွံ့၍ မဟုတ်၊ သူ့အစ်ကိုကို ထပ်ပြီး မပူပန်စေလိုတော့၍ဖြစ်သည်။ သူ ထိန်းသိမ်းလိုသည်မှာ သူ့ကိုယ်ပိုင်သိက္ခာမဟုတ်၊ သူ့အစ်ကို၏ သိက္ခာဖြစ်သည်။ ထိုသူမှာ လူသတ်ရန်ပင် နောက်မတွန့်လှသော နတ်ဆိုးတစ်ကောင် ဖြစ်သည့်တိုင် သူ့အစ်ကိုအရင်းလည်း ဖြစ်ပေသေးသည်။ 


ဆေးသုံးခြင်းမှာ သူလိုချင်သည့်အရာ မဟုတ်။ အပြန်အလှန်အားဖြင့် သူသည် ထိုဆေးစွဲမှုကို ထိန်းချုပ်နိုင်ရန် မည်သူတစ်ဦးတစ်ယောက်ထက်မဆို လိုလားပေသေးသည်။ သို့သော် ဤမူးယစ်ဆေးမျိုးမှာ ထိန်းချုပ်၍ ရနိုင်သည့်အရာ မဟုတ်မှန်းလည်း နားလည်ထားသည်။ အမှောင်နှင့် အလုံပိတ်ထားသော နေရာများကို ကြောက်ရွံ့စိတ်အား လုံးဝ မထိန်းချုပ်နိုင်သေးသည့် ရှောင်ကျားရှု၏ ခံစားချက်နှင့် အလားတူပင်ဖြစ်သည်။ ရှောင်ကျားရှုက ထိုကြောက်ရွံမှုနှစ်ခုကို လင်ဖုန်း၏ ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲကာ စဉ်းစားလိုက်သည်။ ထို့နောက် ကျိမြန်၏ လက်ကို သူ့အား ကျပ်တည်းစွာ ပိတ်လှောင်ထားမည့် နေရာတစ်ခုအဖြစ် မြင်ယောင်လိုက်ရာ နှလုံးသားအောက်ခြေတွင် နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားသော ကြောက်ရွံ့မှုအားလုံး အရှိန်အဟုန်ဖြင့် ပြန်လည်ထွက်ပေါ်လာတော့သည်။ 


သူ့ခန္ဓာကိုယ်တစ်ခုလုံး ချုပ်တည်း၍ မရနိုင်လောက်အောင်ပင် တုန်ရီလာပြီး မျက်နှာမှာလည်း စာရွက်တစ်ရွက်နှယ် ဆွတ်ဆွတ်ဖြူလာတော့သည်။ မျက်ရည်များ တသွင်သွင် စီးကျနေကာ နှာရည်များပါ အဆက်မပြတ် ကျဆင်းလာသည်။ သူ့ပုံစံမှာ အလွန်အမင်း အရှက်ရနေဟန် ပေါ်ကာ ထာဝစဉ် ခပ်တင်းတင်းဆုပ်ထားတတ်သည့် လက်သီးဆုပ်များကို ဖြန့်လျက် သူ့ခန္ဓာကိုယ်ကို အတင်းအကြပ် ပြန်လည်ပွေ့ဖက်ထားလိုက်သည်။ တဆတ်ဆတ်တုန်ရီနေသော လက်ချောင်းများဖြင့် ထိတွေ့မိပါလျှင် သူ့အခြေအနေအား ရိပ်မိသွားမည်ကို စိုးရိမ်သည့်အတွက် သူ့အစ်ကိုကိုပင် ပြန်လည်၍ မပွေ့ဖက်ရဲချေ။ 


သွားများကို အတင်းအဓမ္မ ဖိကြိတ်ကာ သူ့အသံကို အတတ်နိုင်ဆုံး ထိန်းချုပ်လျက် ဝမ်းနည်းပက်လက်ဖြင့် ခပ်‌ဖြည်းဖြည်း ပြောလိုက်သည်။ 


"ကော ... ကောပဲပြောတော့ ဒီဘဝမှာ မြေအောက်လောကနဲ့ လုံးဝ ... လုံးဝ မပတ်သက်တော့ပါဘူးဆို အမေနဲ့အဖေ ... သူတို့တွေ ဘယ်လို သေသွားရသလဲဆိုတာ ကော မေ့သွားပြီလား ..." 


သူ့စကားများမှာ ပြတ်‌တောင်းပြတ်တောင်းဖြင့် များစွာ မပီသလှချေ။ 


ကျိမြန်က အက်ကွဲနေသော အသံဖြင့် ပြန်ပြောလိုက်သည်။ 


" ကော မမေ့ပါဘူး ဒါပေမယ့် ရှောင်ဖုန်း မင်းနားမလည်တာ တစ်ခုရှိတယ် မဲညစ်သွားတဲ့ လက်တစ်စုံက ဘယ်တော့မှ ဖြူစင်အောင် ပြန်ဆေးလို့ မရတော့ဘူး ..." 


ထိုအသံဆုံးသည်နှင့်တစ်ပြိုင်နက် ရှောင်ကျားရှုသည် သူ့နောက်ကျောသို့ တစ်စုံတစ်ခု စိုက်သွင်းခံလိုက်ကြောင်း သတိပြုမိ‌လိုက်တော့သည်။ ထိုသည်မှာ သူ့နှလုံးထဲအထိ လင်ထောင် စိုက်သွင်းလိုက်သည့် ဓားမြှောင်ပင်ဖြစ်သည်။ ပါးစပ်မှ သွေးတစ်ပွက် အန်ထွက်လာကာ မျက်ရည်၊ နှာရည်တို့ဖြင့် ရောနှောလျက် ကျိမြန်၏ အပေါ်ထပ်အင်္ကျီပေါ်သို့ စီးကျသွားတော့သည်။ သူ့မျက်လုံးများမှာ ရှေ့တည့်တည့်သို့ ကြည့်နေဟန် ပေါ်သော်ငြား ဦးတည်ရာ မရှိတော့ချေ။ ငယ်ဘဝက ကြုံတွေ့ခဲ့ရသည့် မြင်ကွင်းတစ်ခုကို ပြန်လည်မြင်ယောင်နေသည့်နှယ်။ သူနှင့် သူ့အစ်ကိုက ဘေးလွတ်ရာတွင် ပုန်းအောင်းနေကာ မိဘများမှာမူ လူမဆန်လှသည့် ညှင်းပန်းနှိပ်စက်မှုများကို ခါးစည်းခံနေရသည်။ သူ့အစ်ကိုက သူ့မျက်လုံးကို ဖုံးအုပ်ပေးကာ တစ်ချက်မျှပင် မကြည့်စေဘဲ ပြောလိုက်သည်။ 


"မကြောက်နဲ့နော် ကောကော တစ်ယောက်လုံး ရှိသေးတယ် ကောကောက မင်းကို သေချာပေါက် ကာကွယ်ပေးမယ် ..." 


ယခု သူတို့ ကြီးပြင်းလာခဲ့ပြီဖြစ်သော်ငြား ထိုအမှောင်အခန်းထဲတွင် ပိတ်မိနေကာ ထာဝရ မလွတ်မြောက်နိုင်တော့ကြောင်းကိုမူ အစောလေးကမှသာ ‌သဘောပေါက်သွားတော့သည်။ ထိုအကြောင်းကို တွေးမိသည့်အခါ သူ့မျက်လုံးတို့မှာ မျက်ရည်ပင် မကျနိုင်တော့အောင် ခြောက်သွေ့သွားပြီး မျက်ဆံတွင်လည်း အလင်းရောင်တစ်ခုမျှပင် ရှိမနေတော့။ အချိန်အတော်ကြာပြီးနောက် လျော့ရဲနေသော သူငယ်အိမ်ထဲတွင် ဝမ်းနည်းမှုတို့ကိုသာ ချန်ရစ်ထားလျက် ဝင်သက်ထွက်သက်


ချုပ်ငြိမ်းသွားတော့သည်။ 


.... 


ကင်မရာကို သူ့ခေါင်းအနောက်သို့ ရွှေ့ကာ သူ့နှလုံးသားထဲသို့ ထိုးသွင်းခဲ့သည့် ဓားမြှောင်ကို ကိုင်ဆောင်ထားသော ဖြူဆွတ်ဆွတ်လက်တစ်ဖက်ကို အနီးကပ်ပြသလိုက်သည်။ 


ရိုက်ကူးရေး ပြီးဆုံးသွားချေပြီ ... 


ရိုက်ကွင်းတစ်ခုလုံး အပ်ကျသံပင် ကြားရလုမတတ် ငြိမ်သက်သွားတော့သည်။ စခရင်ကို စိုက်ကြည့်နေသည့် လောကျန်းဝေ့မှာ အချိန်ကြာသည့်တိုင် အသိစိတ် ပြန်ကပ်မလာသေးချေ။ 


လင်ဖုန်း၏ သေဆုံးမှုက လင်ထောင်ကို လှုံ့ဆော်ပေးနိုင်လိုက်၏။ သူက လင်အုပ်စုကို စတင်ဖျက်ဆီးခဲ့ရုံသာမက အရှေ့တောင်အာရှနှင့် ဥရောပတိုက် မူးယစ်ဆေး ကူးသန်းရောင်းဝယ်ရေး ကွင်းဆက်တစ်ခုလုံးကိုပါ ခွန်အားများများ မစိုက်ထုတ်ရဘဲ ဖျက်ဆီးနိုင်ခဲ့သည်။ ဘိန်းဘုရင်များနှင့် ပူးပေါင်းဟန်‌ဆောင်ကာ သူ့ခြေသူ့လက်ဖြင့် အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ဤသည်မှာ လင်ထောင်၏ဘဝ တစ်ဆစ်ချိုး ပြောင်းလဲခြင်း၏ အစဖြစ်ကာ ဇာတ်လမ်းတစ်ခုလုံး၏ အရေးအပါဆုံး အခန်းကဏ္ဍလည်း ဖြစ်ပေသည်။ 


ထိုအကြောင်းနှင့် ပတ်သက်၍ လောကျန်းဝေ့သည် ရှောင်ကျားရှုအပေါ် များစွာ မျှော်မှန်းမထားချေ။ 


လောကကြီးရဲ့ ခက်ခဲမှုတွေကို လုံးဝ မကြုံဖူးတဲ့ လူချမ်းသာသခင်လေးက ‌လင်ဖုန်းရဲ့ အနိမ့်အမြင့် အတက်အကျတွေကို ကောင်းကောင်းကြီး ဖော်ပြနိုင်မှာတဲ့လား ...လင်ဖုန်းရဲ့ အစောပိုင်း ခံစားချက်က ရိုးရှင်းပြီး အပြစ်ကင်းတယ် အလယ်ပိုင်းမှာ နာကျင်မှုတွေ၊ ရုန်းကန်ရမှုတွေနဲ့ ပြည့်နှက်နေပြီး နောက်ဆုံးပိုင်း အခြေအနေမှာတော့ ဝမ်းနည်းမှုနဲ့ စိတ်ပျက်ခြင်းတွေပဲ ကျန်ခဲ့တော့တယ် သူ့ရဲ့ စိတ်ခံစားမှုတိုင်းက မဖော်ပြနိုင်လောက်အောင် ရှုပ်ထွေးနက်နဲပြီးတော့ အဆင့်တွေလည်း အများကြီးပဲ ဒါကို ပီပီပြင်ပြင် သရုပ်ဆောင်ပြနိုင်ဖို့ဆိုရင် ဘဝအတွေ့အကြုံတွေ အများကြီး လိုအပ်တဲ့အပြင် သရုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ကိုလည်း ထူးထူးကဲကဲကို ကျေညက်နေမှရမှာ ... 


လောကျန်းဝေ့၏ အမြင်တွင်မူ ရှောင်ကျားရှုအနေဖြင့် အစောပိုင်း အခန်းများကို ပေါ်လွင်အောင် သရုပ်ဆောင်နိုင်သည့်တိုင် အလယ်ပိုင်းနှင့် နောက်ဆုံးပိုင်းများကို သရုပ်ဆောင်ရာတွင် များစွာ ခဲယဉ်းလိမ့်မည်ဟု မှန်းဆထားသည်။ သူက ရှောင်ကျားရှုနှင့် တိုက်ခိုက်ကာ လိုအပ်လျှင် လူစားလဲရန်ပင် အဆင်သင့်ပြင်ထားသည့်အတွက် ယခုကဲ့သို့ အောင်အောင်မြင်မြင် သရုပ်ဆောင်နိုင်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားပေ။ 


မဟုတ်သေးဘူး ဒီဗီဒီယိုကို ထပ်ကြည့်မှ ရတော့မယ် ... 


ထိုသို့တွေးကာ လောကျန်းဝေ့က ဗီဒီယိုကို တတိယအကြိမ် ပြန်ကြည့်လိုက်သည်။ 


ဟွမ်ကျိကျင်းက မယုံနိုင်လောက်အောင် ငြိမ်သက်သွားသည့် လူအုပ်ကို တစ်လှည့်၊ ကျိမြန်၏ ရင်ခွင်ထဲတွင် ငိုရှိုက်နေ‌ဆဲဖြစ်သော ရှောင်ကျားရှုကိုတစ်လှည့် ကြည့်ကာ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။ 


"ပြောသားပဲ ရှောင်ရှုက အရမ်းကို အရည်အချင်းရှိပါတယ်ဆို ..." 


ရှစ်ထင်းဟန်၏ စီးကရက်မှာ အစောပိုင်းကတည်းကပင် မြေပေါ်သို့ ပြုတ်ကျသွားနှင့်ပြီးဖြစ်သည်။ အချိန်အတော်ကြာကာမှ သူက ပြောလိုက်သည်။ 


"ဒီလိုမျိုးကို တွေ့ရလိမ့်မယ်လို့ တစ်ခါမှ တွေးမထားဖူးဘူး သူက သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ဘာမှ မသင်ထားဖူးတာ သေရောသေချာရဲ့လား..." 


ဟွမ်ကျိကျင်းက သူ့ကို ပြုံးရုံသာ ပြုံးပြလိုက်ပြီး ရှောင်ကျားရှု ရောက်လာပါလျှင် မျက်နှာသစ်နိုင်ရန်အလို့ငှာ ရေခပ်နွေးနွေးတစ်ခွက် ပြင်ထားလိုက်သည်။ 


"လူငယ်တွေက တကယ်ကို ကြောက်စရာကောင်းလိုက်ကြတာ ငါတော့ မအိုခင်မှာတင် ကမ်းခြေမှာ သေသွားတော့မယ်လို့ ခံစားနေရပြီ ..." 


ရှစ်ထင်းဟန်က ပြောလိုက်သည်။ 


(ဒီနားက သူဘာပြောချင်တာလဲတော့ နားမလည်ဘူး I'm going to die on beach before I'm old လို့ ရေးထားတာ) 


ဖန်ခွင်းကလည်း တူညီသော အတွေးမျိုး‌ တွေးလိုက်မိသည့်အတွက် ခေါင်းတဆတ်ဆတ် ငြိမ့်ပြလိုက်သည်။ ပွေ့ဖက်ထားဆဲဖြစ်သော သူနှစ်ဦးကို ကြည့်နေသည့် လင်းလဲ့ယန်၏ အကြည့်တို့မှာမူ ရှုပ်ထွေးနေကာ တုန်လှုပ်ခြောက်ခြားဟန်လည်း သက်ရောက်နေသည်။ 


ရှောင်ကျားရှုမှာ ကြောက်ရွံ့မှုမှ ရုန်းထွက်မလာနိုင်‌သေး။ အမှန်စင်စစ်တွင် သူခံစားနေရသည့် ဝေဒနာမှာ ပိတ်လှောင်ကြောက်လွန်စိတ်ရောဂါ မဟုတ်၊ မှောင်မည်းကျဉ်းမြောင်းသည့် နေရာများကိုသာလျှင် ကြောက်ရွံ့ခြင်းဖြစ်သည်။ သို့သော် သူ့မိဘများ စိတ်မပူစေရန်အလို့ငှာ ထိုအကြောင်းကို လျှို့ဝှက်ထားခဲ့ပြီး သရုပ်ဆောင်ရမည့် ဇာတ်ညွှန်းကြောင့်သာ မဟုတ်ပါလျှင် သူ့နှလုံးသားထဲတွင် အနက်ရှိုင်းဆုံး မြှုပ်နှံထားသည့် မှတ်ဉာဏ်များအား ပြန်လည်တူးဆွမည် မဟုတ်ချေ။ ၎င်းမှာ သူ့နှလုံးသားကို အစိမ်းသက်သက် ထိုးဆွနေသည်နှင့် အတူတူပင် ဖြစ်သည့်အတွက် တုန်ရီငိုကြွေးနေမှုကို မရပ်တန့်နိုင်သေးချေ။ 


ကျိမြန်က သူ့ကို ရင်ခွင်ထဲထည့်ကာ ပွေ့ဖက်လိုက်ပြီး ဦးရေပြားကို အသာအယာ ပွတ်သပ်ပေးရင်း နှစ်သိမ့်လိုက်သည်။ 


"ရှူး ... မကြောက်နဲ့တော့နော် မျက်လုံးကို ဖွင့်ကြည့်လိုက်ပါ အခုက ရုပ်ရှင်ရိုက်နေတာလေ ဘယ်သူကမှ မင်းကို နာကျင်စေမှာ မဟုတ်ပါဘူး ..." 


ကျန်လက်တစ်ဖက်ကမူ ရှောင်ကျားရှု၏ မျက်နှာပေါ်ရှိ မျက်ရည်၊ နှာရည်နှင့် သွေးစအတုများကို ခပ်ဖွဖွ သုတ်ပေးနေလိုက်သည်။ 


မျက်ရည်တို့ ရစ်သိုင်းနေသည့် ရှောင်ကျားရှုမှာလည်း နောက်ဆုံးတွင်တော့ ပတ်ဝန်းကျင်ကို ပြတ်ပြတ်သားသား မြင်နိုင်သွားချေပြီ။ နေရာတိုင်းတွင် မီးစလိုက်များဖြင့် ပြည့်နှက်နေကာ မျက်စိကျိန်းလောက်အောင်ပင် လင်းထိန်နေကြောင်း တွေ့လိုက်ရသည့်အတွက် တုန်လှုပ်ခြောက်ခြားမှုတို့ ရပ်တန့်သွားတော့သည်။ 


"နည်းနည်းလေး ပိုအဆင်ပြေလာပြီ မဟုတ်လား ..."


သူ့ရင်ခွင်ထဲရှိ ခန္ဓာကိုယ် တစ်ဖြည်းဖြည်း တည်ငြိမ်သွားကြောင်း ခံစားလိုက်ရသည့်အတွက် ကျိမြန်လည်း သူ့ကို ရင်ခွင်ထဲမှထုတ်ကာ နူးနူးညံ့ညံ့ မေးလိုက်သည်။ 


ကျိမြန်၏ အပေါ်ဝတ်အင်္ကျီပေါ်တွင် ထူးဆန်းလှသည့် အရည်တို့ ရွှဲနစ်နေသည့်အပြင် ရိုက်ကူးရေးအဖွဲ့သားများကလည်း သူ့ကို စိတ်ဝင်တစား စိုက်ကြည့်နေကြကြောင်း သိလိုက်ရသည့်အခါ ရှောင်ကျားရှု၏ မျက်နှာမှာ ရုတ်ချည်း နီမြန်းသွားတော့သည်။ 


ဖာ့ခ် ငါ ဘာတွေ လုပ်ခဲ့မိတာလဲ လူတွေအများကြီး ရှိနေတဲ့ရှေ့မှာ ဘယ်လိုဖြစ်လို့ ကျိမြန်ရင်ခွင်ထဲ ငိုခဲ့မိတာလဲ ... 


သူက ချက်ခြင်း ကျိမြန်ရင်ခွင်ထဲမှ ရုန်းထွက်ကာ ထွက်ပြေးသွားလိုက်သည်။ မျက်နှာသစ်ပြီးသည်နှင့်တစ်ပြိုင်နက် လောကျန်းဝေ့၏ အသံကို အသံချဲ့စက်မှတစ်ဆင့် ကြားလိုက်ရတော့သည်။ 


"ရှောင်ကျားရှု ဘယ်ရောက်နေလဲ ဒီနားလာပြီး မင်းသရုပ်ဆောင်ထားတဲ့အပိုင်းကို လာကြည့်လှည့်ပါဦး ..." 


"လာပါပြီ ..." 


ရှောင်ကျားရှုက အလျင်အမြန် ရောက်ချလာသည့်တိုင် သူ့အပေါ် အခြားသူများ၏ အမြင်မှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း သတိမထားမိသေးချေ။ စခရင်တွင် ရိုက်ကူးပြီးကာစအပိုင်းကို ပြသထားသည်။ လူငယ်လေးက အလွန်ကြောက်ရွံ့နေဟန်ဖြင့် ဒူးထောက်ထိုင်နေပြီး သူ့ခန္ဓာကိုယ်မှာ ရေခဲတစ်လွှာ ဖုံးအုပ်ခံထားရသည့်နှယ် တဆတ်ဆတ် တုန်ရီနေသည်။ တုပ်တုပ်မျှပင် မလှုပ်နိုင်။ ထိုင်ခုံတွင် ထိုင်နေသူကို တွေ့လိုက်သည့်အခါ ပါးစပ်ကို အနည်းငယ် ဖွင့်ဟလိုက်သော်ငြား အသံကတော့ ထွက်မလာ။ ဒူးများကို လက်မဝက်ခန့် ရွှေ့လိုက်ပြီးနောက် အေးခဲသွားကာ မယုံနိုင်ဟန်သို့ ကူးပြောင်းသွားတော့သည်။ 


ထိုသရုပ်ဆောင်ချက်မှာ လောကျန်းဝေ့ လိုချင်သည်နှင့် ကွက်တိပင်ဖြစ်သည်။ ထိုအတိုင်း ကွက်တိထွက်လာနိုင်သည်မှာ သာ၍ပင် အံ့ဩဖွယ်ကောင်းပေသေးသည်။ မူးယစ်ဆေး ထိုးသွင်းခံရပြီးနောက် ဆေး၏ ကြိုးကိုင်မှုကို ခံနေရသည့် လူငယ်လေး၏ ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုနှင့် မှိန်ဖျော့သွားသော နောက်ဆုံးအကြည့်မှာ ဂန္တဝင်မြောက်လှသည်ဟု တင်စားလျှင်ပင် လွန်မည်မထင်။ ရုပ်ရှင်တစ်ခုလုံး၏ အမှောင်ဖုံးလွှမ်းမှု၊ စိတ်ဓာတ်ကျဆင်းမှု၊ နာကျင်မှု၊ ဝမ်းနည်းမှုတို့ကို ရင်ဝယ်ပိုက်ကာ တစ်ဖြည်းဖြည်း သေဆုံးသွားပုံကို ပြတ်ပြတ်ထင်ထင် သရုပ်ဖော်ပြသွားသည်။ 


Stanislavsky က ဆိုစမှတ်ပြုခဲ့ဖူးသည်။ 


"စိတ်ပညာကိုသာ အသုံးမချပါလျှင် စိတ်ကူးဉာဏ်ပေါ် မှီခိုကာ အဆင်သင့် သရုပ်ဆောင်သည့်တိုင် ထိုသရုပ်ဆောင်မှုမှာ အသက်ဝိဉာဉ် ကင်းမဲ့နေလိမ့်မည်။" 


Xxxxxxx