အပိုင်း ၃၁
Viewers 44k

Chapter 31


ထို့နောက်တွင် သရုပ်ဆောင်များ၏ အလှည့်သို့ ရောက်ရှ်ိလာတော့သည်။ လင်ဖုန်း၏ သစ္စာဖောက်မှုကို အကြောင်းပြုကာ လင်ထောင်အား ဆေးဝါးဖြန့်ဖြူးရာတွင် အတင်းအကြပ် ကိုယ်စားလှယ်လုပ်ခိုင်းရန် ကြံစည်ထားခဲ့ကြသော အကြီးအကဲများမှာလည်း စကားတစ်ခွန်းပင် မဟရဲတော့ဘဲ အလျှိုလျှို ထွက်သွားလိုက်ကြတော့သည်။ ထိုသူတို့၏ ကားများ ထွက်သွားပြီးနောက် ဓာတ်လှေကားထဲရှိ တုပျောင်၏ ဆဲရေးသံ ထွက်ပေါ်လာတော့သည်။ 


"စောက်ကျိုးနည်း ဒီ လင်ထောင်ဆိုတဲ့ကောင်က လူကို မဟုတ်ဘူး သူ့ညီအရင်းခေါက်ခေါက်ကြီးကိုတောင် ပြန်ပြီး သတ်ပစ်လိုက်တယ် သွားမယ် သွားမယ် လာ ဒီနေရာကနေ သွက်သွက်လေး ထွက်သွားရမယ် ..." 


သူ့ကိုယ်သူ သေတော့မည်ဟု သတိထားမိလိုက်သော်ငြား အ‌ခါနှောင်းသွားချေပြီ။ ဓာတ်လှေကားထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် အနက်ရောင်ဝတ် လူတစ်စုက သူတို့ကို စက်သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်ရာ သက်တော်စောင့်များအားလုံး သေဆုံးသွားတော့သည်။ သူတစ်ဦးတည်းသာလျှင် အထိအခိုက်မရှိ၊ ကျန်ရစ်ခဲ့သည်။ 


ကျိမြန်က အရိပ်ထဲမှ ထွက်လာကာ လည်စည်းကို ဖြည်းဖြည်းချင်း ဖြေလျော့လိုက်သည်။ သူ့မျက်နှာပေါ်တွင် အမူအယာ ကင်းမဲ့နေသော်ငြား အကြည့်တို့မှာမူ ရူးသွပ်မှုတို့ ပြည့်လျှံနေသည်။ တုပျောင်မှာ ကြောက်အားကြီးလွန်း၍ ဆီးကိုပင် မထိန်းနိုင်တော့။ ဒူးထောက်ချကာ အသက်ချမ်းသာပေးရန် သေလုမြောပါး တိုးလျှိုးတောင်းပန်နေပြီး မျက်နှာတစ်ပြင်လုံး မျက်ရည်၊နှာရည်တို့ဖြင့် စိုရွှဲနစ်နေသည်မှာ ဆေးစွဲနေသည့် လင်ဖုန်းထက်ပင် ပိုပြီး အရှက်ရစရာ ကောင်းလှသည်။ 


ထိုသည်ကို ကြည့်နေသည့် ရှောင်ကျားရှုမှာလည်း ပါးစပ်အဟောင်းသား ဖြစ်သည်အထိ အံ့ဩသွားရတော့သည်။ 


Holy sh*t ဒီရိုက်ကူးရေးအဖွဲ့က တကယ်ကို ဝပ်နေတဲ့ကျား၊ ပုန်းအောင်းနေတဲ့ နဂါးပဲ ဒီလို ဇာတ်ကောင်သေး‌သေးလေးကတောင် ဆရာကျတဲ့ သရုပ်‌ဆောင်စွမ်းရည်တွေ ရှိနေတယ် ... 


သူက ဘေးနားရှိ ဟွမ်ကျိကျင်းကို တိတ်တဆိတ် လက်မ ထောင်ပြလိုက်သည်။ 


ဟွမ်ကျိကျင်းက ဖုန်းကိုထုတ်ကာ စာအချို့ ရေးပြလိုက်သည်။ 


ဒါက ဆရာ ဖုမင်လိန်လေ ဒီနယ်ပယ်မှာ ရွှေအဆင့် ဇာတ်ပို့သရုပ်ဆောင်လို့တောင် ပြောလို့ရတယ် ဗီလိန်နေရာနဲ့ ပတ်သက်လာရင် ဆရာကြီးပဲ သူတင် မကသေးဘူး အကြီးအကဲတွေနေရာမှာ သရုပ်ဆောင်ထားတဲ့ တစ်ချို့ သရုပ်ဆောင်တွေကလည်း ပထမတန်းစား သရုပ်ဆောင်စွမ်းရည်ပိုင်ရှင်တွေပဲလေ နောက်ပိုင်းကျ သူတို့တွေဆီကနေ အများကြီး သင်ယူထား ... 


ရှောင်ကျားရှုကလည်း သူ့ဖုန်းကို ထုတ်ကာ ပြန်ပြောလိုက်သည်။ 


"ကြည့်ရတာ ကျွန်တော်လည်း သရုပ်ဆောင်ခြင်းရဲ့ အဓိပ္ပါယ်ကို နားလည်နေပြီထင်တယ် တကယ်တမ်းတော့ သရုပ်ဆောင်တာကို သရုပ်ဆောင်တယ်လို့ ခေါ်လို့ မရဘူးပဲ ..."


(ဒီနားမှာ သူပြောချင်တာက သရုပ်ဆောင်တာမှန်း သိသာအောင် သရုပ်ဆောင်ရင် သရုပ်ဆောင်တာ မဟုတ်တော့ဘူးလို့ ပြောချင်တာပါ ရှင်းလိုက်မှ ပိုရှုပ်ကုန်မလား မသိဘူး 🥲) 


ဟွမ်ကျိကျင်းက သူ့ခေါင်းကို ပွတ်ပေးရင်း အားရဝမ်းသာ ပြုံးလိုက်သည်။ 


ရှောင်ကျားရှုမှာ သူ ခံစားမိသည်များအကြောင်း ဆက်ပြောချင်သေးသော်ငြား ကျိမြန်ကို တွေ့လိုက်ရသည့်အခါ တုန့်ပြန်မှုတို့အားလုံး ပျောက်ဆုံးသွားတော့သည်။ ကျိမြန်က တုပျောင်၏ ကျောဘက်သို့ ‌သွားကာ သူ့လည်ပင်းကို လည်စည်းဖြင့် ချည်နှောင်လိုက်သည်။ မေးရိုးများ ငေါထွက်နေသည်အထိ အံကို တင်းတင်းကြိတ်ထားသည်မှာ နတ်ဆိုးတစ်ကောင်နှင့်ပင် တူလှသေးသည်။ တုပျောင်ကလည်း အားသွန်ခွန်စိုက် ရုန်းကန်နေပြီး နဖူး၊ လည်ပင်းနှင့် လက်ဖျံတစ်လျှောက် အပြာရောင် သွေးကြောများ ထွက်ပေါ်လာသည်မှာ သန္ဓေပြောင်း သားရဲတစ်ကောင် စိတ်ရူးဖောက်သွားသည့်အလားပင်။ သူ၏ ရုန်းကန်မှုတို့မှာ တစ်ဖြည်းဖြည်း အင်အားဆုတ်ယုတ်သွားပြီး အဆက်မပြတ် ကန်ကျောက်နေသည့် ခြေထောက်တို့မှာလည်း အကြောဆွဲတုန်ရီကာ မြေပေါ်တွင် အစင်းကြောင်းများသာ ချန်ထားနိုင်လိုက်တော့သည်။ 


ကျိမြန်က လည်စည်းကို ဖြေလျော့ကာ မတ်တပ်ထရပ်လိုက်သည်။ 


"Cut..." 


လောကျန်းဝေ့က အော်ပြောလိုက်သည်။ 


"ဒီတစ်ပိုင်းလည်း ပြီးသွားပြန်ပြီ ခံစားချက်ကလည်း နေရာတကျပဲ ဒီအတိုင်းသာ ဆက်လုပ်သွား ပြင်ဆင်ရေး အဖွဲ့သားတွေ ဘယ်ရောက်ကုန်လဲ သွေးအိတ်တွေ လာထည့်ပေးလိုက်ကြပါဦး နေဦး နေဦး အရင်ဆုံး ကျိမြန်ကို ဓာတ်ပုံရိုက်လိုက်ဦးမယ် ..." 


ပြင်ဆင်ရေးအဖွဲ့သားတစ်ဦးက လူရုပ်တစ်ရုပ်ကို ယူလာကာ ‌တုပျောင်၏ အဝတ်အစားများ ဝတမပေးပြီး ရင်ဘက်၊ ဝမ်းဗိုက်နှင့် အခြားနေရာများတွင် သွေးအိတ်များ အများအပြား ထည့်ထားလိုက်သည်။ တုပျောင်အဖြစ် သရုပ်ဆောင်သည့် ဖုမင်လိန်က အလျင်အမြန် ထရပ်ကာ သူ့လက်ချောင်းများကို ငုံ့ကြည့်ရင်း အံ့ဩတကြီး ပြောလိုက်သည်။ 


"ကျိမြန် စောစောက မင်း သရုပ်ဆောင်နေတာရော ဟုတ်ရဲ့လား ကြည့်ပါဦး ငါ့လက်ချောင်းတွေဆို ပြတ်ထွက်တော့မလိုပဲ ..." 


"တောင်းပန်ပါတယ် ဖုကော နောက်မှ ကျွန်တော် တစ်ဝိုင်း လိုက်တိုက်ပါ့မယ် ..." 


ကျိမြန်က နားထင်ကို ဖိနှိပ်လျက် စိတ်ရှုပ်ထွေးနေဟန်ဖြင့် ပြောလိုက်သည်။ 


သရုပ်ဆောင်တဲ့နေရာမှာ အရမ်း စိတ်ကို နှစ်ထားပေမယ့် ခံစားလို့ရော ကောင်းရဲ့လား ... 


"ဒါမျိုးက ဖြစ်တတ်ပါတယ် အများကြီး ပြောမနေနဲ့ မဟုတ်ရင် စိတ်မကောင်းဖြစ်လာလိမ့်မယ် ..." 


ဖုမင်လိန်တွင် ပြောစရာရှိသည့်တိုင် နှိုင်းယှဉ်ပြနိုင်လိမ့်မည် မဟုတ်ချေ။ 


ရှောင်ကျားရှုက ကျိမြန်ကို တောက်ပနေသည့် မျက်ဝန်းအစုံဖြင့် စိုက်ကြည့်နေပြီး သူ့နှလုံးသားမှာလည်း တဒိန်းဒိန်း ခုန်နေတော့သည်။ 


အမေရေ သားတော့ လန့်လွန်းလို့ သေတော့မှာပဲ ... ကျိမြန်က အခုအချိန်အထိကို သရုပ်ဆောင်လောကမှာ အင်အားအကြီးဆုံးကြီး ဖြစ်နေတုန်းပဲ တစ်ခြား ဝါရင့်သရုပ်ဆောင်တွေကိုတောင် အလဲထိုးနိုင်တယ် ဒါတောင် အခုမှ ၃၆ နှစ်ပဲ ရှိသေးတာတဲ့ ဘာလို့ ဒီလောက်တောင် တော်နေရတာလဲ ... 


တစ်ခုခုကို ခံစားမိလိုက်သည့် ကျိမြန်ကလည်း သူ့ကို ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။ 


အရုပ် အဆင်သင့်ဖြစ်သွားသည့်အခါ လောကျန်းဝေ့က "ရယ်ဒီ" ဟု အော်လိုက်သဖြင့် ကျိမြန်လည်း နောက်ဆုံးကျန်နေသည့်အပိုင်းကို ဆက်ရိုက်ရန် ပြင်ဆင်လိုက်သည်။ သူက မတ်တပ်ထရပ်ကာ လည်ပင်းညှစ်သတ်ခံထားရသော တုပျောင်၏ အလောင်းကို ကန်လိုက်သည်။ အမည်းရောင် ဝတ်ထားသော လူတစ်စုက သူ့ကို စီတန်းကာ အလေးပြုလိုက်ပြီး အသံတစ်သံမှပင် မထွက်ရဲကြချေ။ သူ့အမူအယာမှာ အလွန်တည်ငြိမ်နေကာ ဒေါသနှင့် ဝမ်းနည်းမှု တစ်ခုတစ်လေကိုမှ မတွေ့ရချေ။ ခြေတစ်လှမ်းချင်း လှမ်းကာ ထွက်ခွါသွားသော်ငြား အသေအချာ စိုက်ကြည့်မိပါလျှင် သူ့မျက်ဆံအိမ်မှာ အမှောင်ဖုံးကာ လူသားဆန်ခြင်းလည်း မရှိ၊ တောရိုင်းသဘာဝလည်း သက်ရောက်မနေသည်ကို တွေ့ရမည်ဖြစ်သည်။ သူသည် အများသမုတ်ကြသည့် နတ်ဆိုးလည်းမဟုတ်၊ သားရဲကောင်လည်း မဟုတ်၊ သာမန်သူတစ်ဦးသာ ဖြစ်သော်ငြား လူသားဆန်မှုတို့မှာမူ သူ့ညီ၏ အေးခဲနေသော အလောင်းနှင့်အတူ ပျောက်ကွယ်နှင့်နေပြီဖြစ်သည်။ 


အကန်ခံလိုက်ရသည့်အခါ အရုပ်ထဲရှိ သွေးအိတ်တို့ ပေါက်ကွဲထွက်လာပြီး မြေပြင်ပေါ်သို့ ပြန့်ကြဲကုန်ရုံသာမက ကျိမြန်၏ နဖူးနှင့် နှာခေါင်းကိုပါ ပေကျံသွားတော့သည်။ ဤသို့ဖြင့် သူ၏ ရက်ရက်စက်စက် ချောမောလှသော မျက်နှာလေးမှာ အလွန်အမင်း ရက်စက်ကြမ်းကြုတ်ဟန် ပေါက်သွားတော့၏။ 


ဘေးနားတွင် ရပ်ကြည့်နေသော ဝန်ထမ်းများအားလုံး အသံတိတ်သွားကြစဉ် ဖုမင်လိန်ကမူ သူ့လည်ပင်းကို ကိုင်လျက် ချမ်းစိမ့်လာတော့သည်။ 


မင်းမေကြီးပဲ သရုပ်ဆောင်နေလိုက် တကယ်ကြီး အလောင်းဖြစ်တော့မလို့ကွ!!! ကျိမြန်ရဲ့ သရုပ်ဆောင်စကေးကတော့ ပိုပိုပြီးကို အားကောင်းလာတာပဲ အနုပညာလောကမှာ သူနဲ့ ယှဉ်နိုင်မယ့်သူရယ်လို့ မရှိလောက်တော့ဘူး ... 


ရှစ်ထင်းဟန်ကလည်း ထိုအပိုင်းကို ခဏ စိုက်ကြည့်ရင်း ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ 


ကျိမြန်ကတော့ ကျိမြန်ပါပဲ သူ ဖော်ပြသွားတဲ့ ရူးသွပ်မှုနဲ့ ဝမ်းနည်းခြင်းတွေက ပရိသတ်တိုင်းကို မျက်ရည်ဖြိုင်ဖြိုင်ကျစေဦးမှာ သေချာတယ် သူမှမဟုတ်ရင် ပြည်တွင်းက ဘယ် အကောင်းဆုံး သရုပ်ဆောင်ကမှ လင်ထောင်ရဲ့ စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်မှာ မဟုတ်ဘူး လင်ထောင်ရဲ့ မုန်းတီးတဲ့ ခံစားချက်တွေဆို ပီပြင်လိုက်တာများ စခရင်ရဲ့ အပြင်ဘက်ကိုတောင် ထွက်လာလုမတတ်ပဲ ... 


ရှောင်ကျားရှုက ဟွမ်ကျိကျင်းအနားသို့ တိုးကပ်ကာ သူ့လက်မောင်းကို တိတ်တိတ်လေး ဖမ်းဆွဲထားလိုက်သည်။ သို့သော် လော့ကျန်းဝေ့၏ "Cut" ဟု အော်လိုက်သံကို ကြားရသည့်အခါ ထခုန်လုမတတ် လန့်ဖျတ်သွားတော့၏။ 


ဒါရိုက်တာလုရေ ဒီလိုကြီး ထမအော်ခင် နည်းနည်းလောက် ကြိုပြီး သတိလေး ပေးလို့ မရဘူးလား ကျွန်တော့်ကို အကြောက်လွန်ပြီး သေးထွက်ကျစေချင်နေတာလား ... 


လုကျန်းဝေ့ "အိုကေ ဒီတစ်ခုလည်း ပြီးသွားပြန်ပါပြီ ကျိမြန် သိလား မင်း ပြန်ရောက်လာပြီပဲ ..." 


ထိုစကားကို အခြားသူတို့ နားမလည်သော်ငြား ကျိမြန်နှင့် ဖန်ခွင်းကမူ ကောင်းကောင်းကြီး သဘောပေါက်လိုက်ကြသည်။ 


ပြန်လာတယ်ဆိုတာ ဘာလဲ ဒီသရုပ်ဆောင်မှုကို ကျိမြန်ရဲ့ comeback လို့တောင် ပြောလို့ရတယ် သူ့ရဲ့ စကေးတွေက ထိပ်တန်းအဆင့်မှာ ရှိနေတုန်းပဲ ... 


"ဒါက ဒီတိုင်း ဇာတ်ကွက်လေး တစ်ကွက်ပါပဲ ..." 


ကျိမြန်က အပူအပင်မရှိစွာဖြင့် ပြောလိုက်သည်။


"နေပါဦး ဒီတိုင်းပဲ ဆက်ထိန်းထား ရှောင်ကျားရှု မင်းမျက်နှာကို ပေရေနေအောင် လုပ်ပြီး နောက်ထပ်အပိုင်းကို ရိုက်ဖို့ အဆင်သင့်ပြင်ထားတော့ ..." 


လောကျန်းဝေ့က ပြောလိုက်သည်။ 


ဝန်ထမ်းများက ချက်ခြင်း ကင်မရာများကို ပြောင်းလဲနေရာချထားကာ မိတ်ကပ်ပြင်ပေးသူက ရှောင်ကျားရှု၏ မျက်နှာပေါ်သို့ မျက်ရည်အတု၊ နှာရည်အတုနှင့် သွေးအတုတို့ ပြင်ပေးရင်း စနောက်လိုက်သည်။ 


"ကြည့်ပါဦး ငိုနေတာ နှာရည်တွေလည်း ကျလို့ ဒါဆို မင်းရဲ့ နှာရည်‌အစစ်တွေနဲ့ပါ ရောပစ်လိုက်မှာနော် မရွံဘူးလား ..." 


"ကျွန်တော့်ရဲ့ နှာစေးနေတဲ့ နှာခေါင်းက ရွံစရာ မကောင်းပါဘူး ..." 


ရှောင်ကျားရှုက လက်ကို ယမ်းပြလိုက်ကာ အားလုံးပြင်ဆင်ပြီးနောက် ကျိမြန်အနားသို့ လျှောက်သွားပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။ 


"ကျိကော ကျွန်တော်က နည်းနည်းလေး လေးတယ်နော် အဆင်ပြေရဲ့လား ..." 


ယခင်က များများစားစား မတွေ့ခဲ့မိသော်ငြား ယခုမူ ကျိမြန်အနားသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူ့ပါးနှင့် နားရွက်တို့မှာ ရဲရဲနီလာတော့သည်။ 


ကျိမြန်က သူ့ကို ကောင်းကောင်း သရုပ်ဆောင်ဖို့ ပြောတာကို နားမထောင်တဲ့အပြင် သူ့ရဲ့ စကေးတွေက ထိပ်တန်းပဲလို့တောင် ကြွားလိုက်မိသေးတယ် ရှက်စရာ ကောင်းလိုက်တာ ကျိမြန်နဲ့ ယှဉ်လိုက်ရင် သူသရုပ်ဆောင်ခဲ့တာတွေက ခြေဖျားလေးတောင် မမီဘူး ... 


ကျိမြန်၏ ကျေးဇူးဖြင့် ဇာတ်ကောင်စရိုက်ကို ဝင်စားနိုင်ချိန်မှစကာ ခံစားချက်တို့ ရောယှက်လာပြီး မိန်ရွှမ်ကျဲ၏ စကား‌များမှာ မှန်သည်ဟုပင် အနည်းငယ် ယူဆမိလာတော့သည်။ 


ကျိမြန်နဲ့ အတူတူ သရုပ်ဆောင်နိုင်တာက တကယ်ကို အခွင့်ကောင်းပဲ သူက တကယ်ကို အံ့ဩစရာ ကောင်းအောင် ထူးချွန်တာ ... 


"အဆင်ပြေပါတယ် ..." 


ကျိမြန်က ပြန်ပြောလိုက်သည်။ 


ရှောင်ကျားရှုက သူ၏ နားရွက်နီနီလေးများကို ပွတ်သပ်ကာ ထွက်လာလိုက်တော့သည်။ သက်‌တော်စောင့်က သူ့ကို ပွေ့ချီကာ ဘေးနားသို့ ‌တိတ်တဆိတ် လျှောက်သွားလိုက်သည်။ 


အလောင်းကောင်အဖြစ် သရုပ်ဆောင်ရန်မှာ များစွာ မခဲယဉ်းလှ။ မျက်စိကို မှိတ်ထားရန်သာ လိုအပ်ပေသည်။ သို့သော် သရုပ်ဆောင်ရခြင်း၏ အနှစ်သာရကို ယခုမှ ကြုံတွေ့ရရှာသည့် ရှောင်ကျားရှုမှာမူ စိတ်အေးလက်အေး မနေရဲ။ သူက တွေးလိုက်သည်။ 


အလောင်းကောင်အဖြစ် သရုပ်ဆောင်ရရင်တောင် ငါ့ရဲ့ စကေးတွေကိုတော့ ရာနှုန်းပြည့် အသုံးချရမှာပဲ ရင်ဘက်ကြီး ပိန်လိုက်ဖောင်းလိုက် ဖြစ်မလာအောင် အသက်ကို ဖြည်းဖြည်းချင်းပဲ ရှူရမယ် ပြီးတော့ မျက်လုံးကလည်း လှုပ်သွားလို့ မရဘူး ငါသာ ကောင်းကောင်း သရုပ်မဆောင်နိုင်ရင် ကျိမြန်အတွက်ရော အဆင်ပြေပါ့မလား မဖြစ်ဘူး မဖြစ်ဘူး သူ့ကို ဆွဲချလို့ မရဘူး သူက ပလ္လင်ပေါ်က နတ်ဘုရားလေ ... 


အရုပ်အနီးသို့ လျှောက်လာသည့် ကျိမြန်မှာ ခလုတ်တိုက်ကာ လဲကျလုမတတ်ပင်။ သူက မျက်နှာကို အုပ်ကာ သက်ပြင်းချရင်း ထူးထူးခြားခြား ရယ်မောလိုက်တော့သည်။ 


လောကျန်းဝေ့က အော်ပြောလိုက်သည်။ 


"ကျိမြန် ရယ်နေတာကို ရပ်ပြီး ဇာတ်ကောင်ထဲကို ပြန်ဝင်စမ်းပါ ဆွေမျိုးတွေကို သတ်တဲ့အပိုင်းက NG တစ်ခုမှ မပါဘဲ အပြီးသတ်နိုင်တော့မှာလေ အကောင်းဆုံး လုပ်လိုက်စမ်းပါ ..."


ကျိမြန်က သွေးစွန်းနေသော ရုပ်သေးရုပ်အနား ရပ်လိုက်ကာ စိတ်တည်ငြိမ်သည်အထိ စောင့်ပြီးကာမှ လောကျန်းဝေ့ကို အဆင်ပြေကြောင်း လက်ဟန်ခြေဟန် ပြလိုက်သည်။ 


"အက်ရှင် ..." 


လောကျန်းဝေ့၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် မြောက်များစွာသော ကင်မရာတို့က စတင်ရိုက်ကူးလိုက်တော့သည်။ 


သပ်သပ်ရပ်ရပ် ဖီးသင်ထားသော ကျိမြန်၏ ဆံပင်တို့မှာ ဖွာလန်ကြဲကုန်ပြီး မျက်နှာမှာလည်း သွေးစက်တို့ စွန်းထင်းနေသည်။ အကြည့်တို့မှာလည်း ရေခဲတောင်နှယ် အေးစက်နေ၏။ ယခင်က ရွှေကိုင်းမျက်မှန်တစ်လက်ကို အမြဲလိုလို ဝတ်ဆင်ထားတတ်သည့်အတွက် ချောမောခန့်ညားကာ အထက်တန်းကျသည့် ရုပ်ရည်မှာ ယခုမူ စိတ်ရူးဖောက်နေသူ တစ်ဦးနှယ်ပင်။ သက်တော်စောင့်များသည်ပင် ထိုအရှိန်အဝါကို ခံစားမိနေသည့်အတွက် ခေါင်းပင် မော့မလာရဲကြတော့ချေ။ 


သူက လည်စည်းကို အဝေးသို့ လွှင့်ပစ်ကာ ဆံပင်ကို ထိုးဆွလျက် တည်ငြိမ်သော အသံဖြင့် ဖုန်းဆက်လိုက်သည်။ 


"တုပျောင်ရဲ့ အလောင်းကို လာသိမ်းလှည့် မင်းကို အကျိုးအမြတ်ရဲ့ ၃၀ ရာခိုင်နှုန်းပေးမယ် ..." 


တစ်ဖက်မှ ဖုန်းဖြေသူမှာ တုပျောင်၏ လက်အောက်ငယ်သားတစ်ဦးဖြစ်သည်။ ထိုသူမှာ အလွန်ရည်မှန်းချက် ကြီးမားကာ လင်ထောင်၏ ဘက်တော်သားအဖြစ် ချက်ခြင်း ပြောင်းလဲခဲ့သူဖြစ်သည်။ လင်ထောင်၏ အကူအညီကိုသာ ရပါလျှင် တုပျောင်၏ ဂိုဏ်းကို အပိုင်သိမ်းနိုင်ရုံသာမက မြောက်များစွာသော အကျိုးအမြတ်များကိုပါ ပိုင်ဆိုင်ရဦးမည်ဖြစ်ရာ သူ့အနေဖြင့် မပူးပေါင်းနိုင်စရာအကြောင်း မရှိပေ။ 


ဖုန်းချပြီးနောက် ကျိမြန်က လင်ဖုန်း၏ အလောင်းကို သယ်ထားသည့် သက်တော်စောင့်အနားသို့ လျှောက်သွားလိုက်သည်။ လူကို ပွေ့ချီတော့မည်ပြုစဉ် မျက်နှာပေါ်ရှိ သွေးစတို့ကို တွေ့လိုက်ရသည့်အတွက် လက်ကိုင်ပဝါကိုထုတ်ကာ အလွန်ညင်သာသိမ်မွေ့စွာဖြင့် သုတ်ပေးလိုက်သော်လည်း သွေးစနှင့် မျက်ရည်တို့ ရောနှောကာ သွေးခဲအဖြစ်သို့ ပြောင်းလဲသွားသည့်အတွက် လွယ်လင့်တကူညသန့်ရှင်းပေး၍ မရတော့ချေ။ အနည်းငယ် ကြက်သေသေသွားကာ အချိန်အနည်းငယ် ကြာကာမှ လက်ကိုင်ပဝါကို ပြန်ခေါက်သိမ်းပြီး လင်ဖုန်း၏ အလောင်းကို သယ်လျက် ထွက်လာလိုက်တော့သည်။


Xxxxxxx