အပိုင်း ၃၂
Viewers 44k

Chapter 32


ဖုန်းချပြီးနောက် ကျိမြန်က လင်ဖုန်း၏ အလောင်းကို သယ်ထားသည့် သက်တော်စောင့်အနားသို့ လျှောက်သွားလိုက်သည်။ လူကို ပွေ့ချီတော့မည်ပြုစဉ် မျက်နှာပေါ်ရှိ သွေးစတို့ကို တွေ့လိုက်ရသည့်အတွက် လက်ကိုင်ပဝါကိုထုတ်ကာ အလွန်ညင်သာသိမ်မွေ့စွာဖြင့် သုတ်ပေးလိုက်သော်လည်း သွေးစနှင့် မျက်ရည်တို့ ရောနှောကာ သွေးခဲအဖြစ်သို့ ပြောင်းလဲသွားသည့်အတွက် လွယ်လင့်တကူညသန့်ရှင်းပေး၍ မရတော့ချေ။ အနည်းငယ် ကြက်သေသေသွားကာ အချိန်အနည်းငယ် ကြာကာမှ လက်ကိုင်ပဝါကို ပြန်ခေါက်သိမ်းပြီး လင်ဖုန်း၏ အလောင်းကို သယ်လျက် ထွက်လာလိုက်တော့သည်။


မြေအောက်ကားပါကင်မှာ မီးရောင်တို့ မှိန်ဖျော့ကာ အမှောင်ထုက ကြီးစိုးထားပြီး ထွက်ပေါက်တစ်ခုတည်းသာ မီးလင်းနေပေသည်။ ကျိမြန်က ထိုအလင်းရောင် ထွက်နေသည့် နေရာသို့ တစ်လှမ်းချင်း လှမ်းသွားပြီး နှေးကွေးလေးလံသည့် ခြေသံတို့က လူသူကင်းမဲ့နေသော မြေအောက်ကားပါကင်တွင် ပဲ့တင်ထွက်ပေါ်နေတော့သည်။ 


ကင်မရာကို တစ်ဖြည်းဖြည်း မြင်ကွင်းချုံ့ရင်း လင်ဖုန်း၏ ခန္ဓာကိုယ်ကို သယ်ဆောင်ထားသူ တစ်ဖြည်း‌ဖြည်း ပျောက်ကွယ်သွားခြင်းဖြင့် သတ်ဖြတ်ခြင်းအပိုင်းကို အပြီးသတ်လိုက်သည်။ 


"Cut..." 


လောကျန်းဝေ့က စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် မတ်တပ်ရပ်လိုက်သည်။ 


"ဒီတစ်ခုလည်း ပြီးသွားပြန်ပြီ ..." 


သက်တော်စောင့်များအားလုံး စိတ်သက်သာရာ ရသွားသော်ငြား ရှောင်ကျားရှုမှာမူ တုန့်ပြန်မလာသေးချေ။ သူ့မျက်လုံးတို့မှာ အေးငြိမ်းနေဆဲဖြစ်ကာ အမူအယာမှာလည်း တည်ငြိမ်နေပြီး မျက်ခွံများပင် လှုပ်ခတ်မလာခဲ့။ လုံးဝဥဿုံ လူသေတစ်ကောင်ကဲ့သို့ပင်။ ရိုက်ကူးရေး မစခင်က သူ့ကိုယ်သူ ထပ်ကာထပ်ကာ အိပ်မွေ့ချခဲ့သည့် အကျိုးဆက်အနေဖြင့် ယခု နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရှာတော့သည်။ 


နည်းနည်းတော့ ပြဿနာပဲ ... 


နိုးသွားမည်ကို စိုးရိမ်သည့်အတွက် ကျိမြန်က သူ့ကို ဟွမ်ကျိကျင်းအနားသို့ သယ်လာကာ တီးတိုး ပြောလိုက်သည်။ 


"သူ့ကို ကုလားထိုင်ပေါ်‌ ရွှေ့ပေးလိုက် မနိုးစေနဲ့ ..." 


ဟွမ်ကျိကျင်း၏ နှုတ်ခမ်းတို့ အနည်းငယ် ကွေးညွတ်သွားသော်ငြား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် လူငယ်လေးကိုလည်း မနှိုးရက်သည့်အတွက် ခုံပေါ်သို့သာ ရွေ့‌ပေးလိုက်‌တော့သည်။ 


ရိုက်ကူးရေးအဖွဲ့သားအားလုံးကပါ ရယ်မောလိုက်ကြသော်ငြား ရှောင်ကျားရှုအပေါ် သူတို့အားလုံး၏ လေးစားမှုများကိုလည်း အတိုင်းသား မြင်နေရသည်။ 


လူသေအဖြစ် သရုပ်ဆောင်နေတဲ့အချိန်မှာတောင် အိပ်ပျော်သွားနိုင်တယ်ဆိုတော့ သူ့စိတ်က ဘယ်လောက်တောင် တည်ငြိမ်လိုက်သလဲ တကယ်ကို လူသေအတိုင်းပဲ တုပ်တုပ်မှ မလှုပ်ဘူး ... 


လောကျန်းဝေ့က သခင်လေးရှောင်ကို ဆူပူရန် အသံချဲ့စက်ကို ကောက်ကိုင်လိုက်သော်ငြား ရယ်ရခက် ငိုရခက်နေဟန်ဖြင့် အသာ ပြန်ချထားလိုက်တော့သည်။ 


"အိပ်ပါစေ သူ့ကို သွားမနှောင့်ယှက်ကြနဲ့ မင်းက ဗီဒီယို လာကြည့်လှည့် ..." 


သူက အသံကို တမင်တကာ တိုးညှင်းကာ ပြောလိုက်သည်။ သူ့အသံမှာ ထူးချွန်လှသည့် လူငယ်မျိုးဆက်သစ်လေးအပေါ် ချီးကျူးလိုမှုနှင့် သည်းခံလိုစိတ်တို့ ပြည့်နှက်နေပေသည်။ 


ကျိမြန်၏ သရုပ်ဆောင်စွမ်းရည်မှာ ယခင်အတိုင်းပင် ဇာတ်ကောင်စရိုက်နှင့် တစ်သားတည်းကျနေဆဲဖြစ်သည်။ အထူးသဖြင့် လင်ဖုန်း၏ ရုပ်‌အလောင်းကို သယ်ဆောင်ကာ မှိန်ဖျော့ဖျော့မီးရောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည့် အပိုင်းမှာ ပြောမပြတတ်လောက်အောင်ပင် ဝမ်းနည်းဖွယ်ရာ ကောင်းလှသည်။ သာမန်အတိုင်း လမ်းလျှောက်ခြင်းကပင်လျှင် လမ်းဆုံးရောက်နေသည့် ရာဇဝတ်ကောင်၏ စရိုက်ကို အပြည့်အဝ ဖော်ကျူးနေပေသည်။ 


လောကျန်းဝေ့က ယနေ့ ရိုက်ကူးထားသမျှကို အစဉ်အတိုင်း ပြန်ကြည့်ရင်း ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။


"ဟုတ်တယ် ဒါ ငါလိုချင်တဲ့အတိုင်း ကွက်တိပဲ အားလုံးပဲ ပစ္စည်းသိမ်းပြီး အိမ်ပြန်လို့ ရပါပြီ ဟွမ်ကျိကျင်း ဒါက ရှောင်ရှုအတွက် စာအိတ်နီ သူ့ကို မမေ့မလျော့ ပေးလိုက် ဒီ‌နေ့ သူ့ရဲ့ ရိုက်ချက်တွေက တော်တော်ကို ဘဝင်ကျစရာကောင်းတယ် ဒီကလေးက တကယ်ကို ‌မျိုးစေ့ကောင်းလေးပဲ မင်းနဲ့ ဟွမ်မိန်ရွှမ်တို့ သေချာပျိုးထောင်ပေးကြနော် ..." 


"ကျေးဇူးတင်ပါတယ် ဒါရိုက်တာလော အခု ရှောင်ရှုက ဆရာ့ရဲ့ လက်ထဲမှာ ရှိနေတော့ ပျိုးထောင်ပေးဖို့ တာဝန်က ဆရာ့မှာလည်း ရှိနေတယ်နော် ..." 


ဟွမ်ကျိကျင်းက စာအိတ်နီကို လက်ခံကာ စိတ်ရင်းဖြင့် ကျေးဇူးတင်လိုက်သည်။ ရှောင်ကျားရှုအပေါ် ဒါရိုက်တာလော၏ အမြင်မှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း အလွန်သိသာလှပေသည်။ မူလက သူသည် ရှောင်ကျားရှုဟု စိတ်မရှည်လက်မရှည်ဟန်ဖြင့် ခေါ်ခဲ့သော်ငြား ယခုမူ ရှောင်ရှုဟု ပြောင်းလဲ ခေါ်ဆိုလိုက်တော့သည်။ အရည်အချင်းရှိသူကို သဘောကျတတ်သည့် သူ၏ စိတ်ထားကြောင့် ပြောဆိုဆက်ဆံပုံတို့မှာ ယခင်ထက်ပိုပြီး အနည်းငယ် ရင်းနှီးလာပေသည်။ ဤသို့ဖြင့် ရှောင်ကျားရှုမှာ "တမန်တော်" ရိုက်ကူးရေးအဖွဲ့တွင် နေရာတစ်ခု ရသွားကာ ရွှယ်ကျဲ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ထိုက်တန်ကြောင်း သက်သေပြနိုင်သွားတော့သည်။ 


"သူ့ကို သေချာပေါက် ပျိုးထောင်ပေးရမှာပေါ့ သူ့ရဲ့ သရုပ်ဆောင်စကေးက ဒီအဆင့်အထိတောင် ရောက်လာနိုင်မှတော့ အရင်လိုမျိုး ပြီးလွယ်စီးလွယ် သရုပ်ဆောင်ခွင့် မပေးတော့ဘူး ပထမဆုံးအကြိမ် ရုပ်ရှင်ရိုက်တာတောင် ဒီလို လုပ်နိုင်နေပြီဆိုတော့ သူ့လို အရည်အချင်းမျိုးက ရှားမှရှားပဲ ..." 


လောကျန်းဝေ့က နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့် လူငယ်လေးကို စောင်းငဲ့ကြည့်ကာ ပြောလိုက်သည်။ 


"သူသာ ကြိုးစားမှုအရှိန်ကို လျော့ချမပစ်ရင် တရုတ်ပြည်ရဲ့ ထိပ်သီးမင်းသားတစ်လက် ဖြစ်လာမှာ ကျိန်းသေတယ် ..." 


"ကျွန်တော်တော့ ဒါရိုက်တာလောရဲ့ စကားကြောင့် ရင်တွေတောင် တလှပ်လှပ်နဲ့ တုန်ကုန်ပါပြီ ..." 


ဟွမ်ကျိကျင်းမှာ အတွင်းစိတ်ထဲတွင် ပျော်မြူးနေသည့်တိုင် အပြင်ပန်းတွင်မူ တည်ငြိမ်နေ‌ဆဲဖြစ်သည်။ သူတို့ပြောနေစဉ်အတွင်း ကျိမြန်က ရှောင်ကျားရှုအနား ရောက်လာကာ သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေလိုက်သည်။ 


လူသေအဖြစ် သရုပ်ဆောင်နေတဲ့အချိန်မှာ စိတ်လှုပ်ရှားမှုတွေ အကုန်လုံးကို ထိန်းချုပ်ပြီး ချက်ခြင်း အိပ်ပျော်သွားနိုင်တယ်ဆိုတဲ့ အရည်အချင်းမျိုးက ကြောက်စရာတောင်ကောင်းတယ် ... 


ဖန်ခွင်းက သူ့ကိုခေါ်ရန် အနားသို့ ရောက်လာသော်ငြား လက်ပြကာ ဟန့်တားခြင်းကို ခံလိုက်ရသည်။ ကားရှိရာသို့ သွားနေစဉ် လင်းလဲ့ယန်ကို တွေ့လိုက်သည့်အခါ လောကွက်ချော်ကာ မေးလိုက်သည်။ 


"အတူတူ ပြန်ကြမလား ..." 


လင်းလဲ့ယန်၏ ခဲရောင်မျက်ဝန်းတို့ တောက်ပသွားကာ သဘောတူလိုက်ချင်သော်ငြား ဘေးနားတွင် ဝန်ထမ်းများ ရှိနေသည့်အတွက် ခေါင်းကိုသာ အသာ ယမ်းပြလိုက်ရတော့သည်။ လူမြင်ကွင်းတွင် ကျိမြန်နှင့် ရင်းရင်းနှီးနှီး မနေပါဟု ကတိပြုထားသည် မဟုတ်ပါလား ...


ကျိမြန်က သူ့ကို နောက်မှ တွေ့ကြရန် မျက်ရိပ်မျက်ခြေ ပြလိုက်ပြီး ကားထဲဝင်ကာ ထွက်သွားလိုက်သည်။ လက်ထောက်ဒါရိုက်တာများနှင့် စကားစမြည် ပြောနေသော ချိန်ဖမ်းရှင်းက သူ့အနား ရောက်လာကာ ဆူပူလိုက်သည်။ 


"ဘာလို့ သူနဲ့ လိုက်မသွားတာလဲ တစ်နာရီလောက် အတူတူ ကားလိုက်စီးတာက မင်း ပြောစရာရှိတာတွေ အကုန် ပြောလို့ရတာထက်ပိုပြီး လုံလောက်တယ်ကွ သူက မင်းရဲ့ ဘော့စ်လေ သူနဲ့ အဆင်ပြေနေဖို့ လိုအပ်တယ်ဆိုတာ နားမလည်ဘူးလား ..." 


"သိပါတယ် ဒါပေမယ့် အလောတကြီးလုပ်လို့ မကောင်းဘူးလားလို့ ..." 


လင်းလဲ့ယန်က ကားဆီသို့ ထွက်သွားကာ ချိန်ဖမ်းရှင်းကလည်း သူ့နောက်မှ လိုက်လာလိုက်သည်။ ကားတံခါးကို ပိတ်ပြီးနောက် သူက တည့်တိုးပြောလိုက်သည်။ 


"ရှောင်ကျားရှုနဲ့ မင်းက တစ်ချိန်တည်းမှာ အတူတူ ပွဲဦးထွက်ခဲ့တာ ပြီးတော့ ဒီရုပ်ရှင်ကလည်း နာမည်ကြီးမှာ ကျိန်းသေတယ် မင်းတို့ နှစ်ယောက်က ပြိုင်ဖက်သဘောမျိုး ဖြစ်နေတာကွာ ငါပြောရဲတယ် အနာဂတ်မှာ လူတွေက မင်းတို့နှစ်ယောက်ကို သေချာပေါက်ကို ယှဉ်ကြည့်ကြမှာ မင်းအနေနဲ့ သူ့ကို ဖုံးလွှမ်းနိုင်တဲ့နည်းလမ်း ရှာမှရမယ် မဟုတ်ရင် တစ်ဘဝလုံး သူဖိနှိပ်ထားတာကို ခံနေပေတော့ပဲ ..." 


"ဒီလောက်ကြီး ဆိုးလို့လား ငါတို့နှစ်ယောက်က တူမှမတူတာ ဒီတိုင်းပဲ လွှတ်ထားလိုက်ပါ ..." 


လင်းလဲ့ယန်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။ 


ချိန်ဖမ်းရှင်းက လေသံကိုတိုးကာ ပြောလိုက်သည်။ 


"မင်းက အရမ်းကို ရိုးရိုးရှင်းရှင်းတွေ တွေးနေလို့လေ မင်းတို့နှစ်ယောက်လုံးက တစ်ချိန်တည်း ပွဲဦးထွက်လာတာ ပရိသတ်တွေက မင်းတို့ကို မနှိုင်းယှဉ်ပါဘူးလို့ ပြောနိုင်လား ပြီးတော့ အခု ဇာတ်ကားထဲမှာ မင်းရဲ့ဇာတ်ကောင်က ရဲ၊ ရှောင်ကျားရှုရဲ့ ဇာတ်ကောင်နဲ့ အနေအထား အတူတူလောက်ပဲ ရုံတင်ပြီဆိုတာနဲ့ ပရိသတ်တွေက မင်းတို့နှစ်ယောက်လုံးကို သတိထားမိမှာ ကျိန်းသေတယ် မင်းက သူ့ထက် သရုပ်ဆောင်တာကောင်းတယ် ဒါမှမဟုတ် အတူတူပဲဆိုရင်တော့ ကိစ္စမရှိဘူး ဒါပေမယ့် သူ့ရဲ့ သရုပ်ဆောင်တာက ပိုကောင်းနေရင်လည်း မင်းအနေနဲ့ မရှုံးဘူးဆိုတာ သေချာရဲ့လား အနာဂတ်မှာ ဒီ့ထက် ပိုကောင်းမယ်ဆိုတာရော သေချာလား ..." 


လင်းလဲ့ယန်က ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။ 


"ငါ့ရဲ့ သရုပ်ဆောင်စွမ်းရည်က သူလောက် မကောင်းဘူးလို့ ပြောချင်တာလား ..." 


"မဟုတ်ဘူး မဟုတ်ဘူး ..." 


ချိန်ဖမ်းရှင်းက လက်ကိုယမ်းကာ အသည်းအသန် ငြင်းဆန်လိုက်သည်။ 


"မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကို ကောင်းပါတယ် ဒါပေမယ့် စိတ်အေးလက်အေး နေနေလို့ မရဘူး မင်း အေးအေးဆေးဆေး နေလိုက်တာနဲ့ တစ်ပြိုင်နက် အခြေအနေဆိုးပြီလို့သာ မှတ်လိုက်တော့ ငါပြောပြမယ် လောကျန်းဝေ့ ငှားထားတဲ့ သရုပ်ဆောင်တွေ အကုန်လုံးက ဒီလောကမှာ သရုပ်ဆောင်ကောင်းလို့ဆိုပြီး နာမည်ကြီးတဲ့ ဝါရင့်တွေချည်းပဲ သူက ရုံဝင်နှုန်း ကောင်းရုံတင်မကဘူး ဆုရဖို့ပါ အကြီးကြီးတွေးထားတာ မင်း သရုပ်ဆောင်တဲ့နေရာမှာ နည်းနည်းလေး ချွတ်ယွင်းလိုက်ရင်တောင် အခွင့်ကောင်းကို လက်လွှတ်လိုက်ရသလို ဖြစ်သွားတော့မှာ ဟိုးတလောက ရုံတင်လိုက်တဲ့ "Crystal Sea" ကို ကြည့်မိသေးလား အဲဒီ့ထဲက နံပါတ်တစ် အမျိုးသမီးဇာတ်လိုက်က အရမ်းကို နာမည်ကြီးတဲ့တစ်ယောက်လေ ဒါပေမယ့် အဲဒီ့ရုပ်ရှင်ထဲက အရန်သရုပ်ဆောင်တွေ အကုန်လုံးက ဝါရင့်တွေဆိုတော့ သူတို့ထက်သာအောင် သရုပ်မဆောင်နိုင်လို့ ဒီဇာတ်ကောင်ကို ယူပြီးတဲ့အချိန်မှာ ပရိသတ်တွေ ထောင်ဂဏန်းသောင်းဂဏန်းလောက် လျော့သွားတယ် ပြီးတော့ မင်းရဲ့ လက်ရှိအခြေအနေက သူမထက်တောင် ဆိုးနေသေးတယ် မင်းတစ်ယောက်တည်းဆိုရင်တော့ အခုမှ ပွဲဦးထွက်လို့ဆိုတာကို အကြောင်းပြလို့ ရသေးတယ် ဒါပေမယ့် မင်းမှာ နှိုင်းယှဉ်ကြည့်စရာ ရှောင်ကျားရှုတစ်ယောက်လုံး ရှိနေသေးတယ်လေ အချိန်ကျလာတဲ့အခါ မရှက်ပါဘူးလို့ အာမခံနိုင်လား ..." 


ဖုန်းကို ထုတ်လိုက်ပြီးနောက် "ဝါရင့်သရုပ်ဆောင်များ၏ စွမ်းရည်အောက်တွင် လည်စင်းခံလိုက်ရသည့် ဝူချန်ချန်၏ သရုပ်ဆောင်စွမ်းရည်" ဟူသော ဆောင်းပါးမှာ hot search တွင် ရှိနေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည့်အခါ လင်းလဲ့ယန်၏ စိတ်ဖိစီးမှုတို့မှာ နှစ်ဆ တိုးပွားသွားတော့သည်။ ရှောင်ကျားရှု၏ ယနေ့ သရုပ်ဆောင်မှုက သူ့စိတ်ကို လှုပ်နှိုးစေနိုင်ခဲ့သော်ငြား ကျိကော၏ တုန့်ပြန်မှုမှာ ပို၍ပင် လက်သင့်မခံနိုင်ဖွယ်ရာ ကောင်းလှသေးသည်။ သူက ရှောင်ကျားရှုကို ချီးကျူးခဲ့ရုံသာမက သူ၏ ပြင်းထန်သည့် စိတ်ဝိဉာဉ်ကိုပင် တစ်ဖန် လှုပ်နှိုးခဲ့သေးသည်။ 


တစ်ဖန်ပြန်ပြီး စိတ်ပါဝင်စားစွာဖြင့် အာရုံစူးစိုက်နိုင်ရန်မှာ ကျိကောအဖို့ မည်မျှခက်ခဲကြောင်းကို လင်းလဲ့ယန် အသိဆုံးဖြစ်သည်။ 


"ဖမ်းရှင်း မင်းမပြောရင်တောင် ငါက စိတ်အေးလက်အေး နေနေတာ မဟုတ်ပါဘူး ..." 


သူက လေးလံနေသည့် အမူအယာနှင့်အတူ သတင်းစာမျက်နှာကို ပိတ်လိုက်သည်။ 


‌ရှောင်ကျားရှုမှာ အပြန်လမ်းတစ်လျှောက် အိပ်မောကျလာကာ သူပြန်နိုးလာချိန်တွင် သူ့အမေ လက်ဖက်ရည်သောက်သည့် ဆိုဖာပေါ်တွင် လှဲလျက်ရှိနေကြောင်း သတိပြုမိလိုက်တော့သည်။ 


"နိုးလာပြီလား ဒီနေ့ရော ဘယ်လိုနေလဲ ရိုက်ကူးရေးက ခက်လား ..."


ရွှယ်မြောင်က ခွက်ကိုချကာ မေးလိုက်သည်။ သားဖြစ်သူ၏ သရုပ်ဆောင်ခြင်းအကြောင်းကို ဟွမ်ကျိကျင်းထံမှ ကြားသိပြီးဖြစ်သော်ငြား သားဖြစ်သူထံမှ တိုက်ရိုက်ကြားလိုစိတ်ကိုတော့ ချုပ်တည်းခြင်းငှာ မစွမ်းသာပေ။ အခြားသူတို့၏ အမြင်မှာ သူကိုယ်တိုင် ခံစားရသည့် အတွေ့အကြုံလောက် တိကျလိမ့်မည်မဟုတ်ချေ။ 


ရှောင်ကျားရှုက အလူးအလဲ ကုန်းရုန်းထကာ အားတက်သရော ပြောလိုက်သည်။ 


"အမေ သိလား ဒီနေ့ ကျွန်တော် ရိုက်ခဲ့တဲ့အပိုင်းမှာမှ ဇာတ်ကောင်စရိုက်ထဲကို ဈာန်ဝင်စားတာက ဘယ်လိုလဲဆိုတာ သဘောပေါက်သွားတာ သရုပ်ဆောင်တာက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ် ဘဝမှာ ကြုံတွေ့ရတဲ့ ခက်ခဲမှုတွေ၊ ကြောက်စရာဖြစ်ရပ်တွေကို အနုပညာအဖြစ် ပြောင်းလဲပြီးတော့ စိတ်ဝင်စားစရာ ကောင်းအောင် ဖန်တီးလိုက်တာပဲ အမေ ကျွန်တော် သရုပ်ဆောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ သရုပ်ဆောင်ရတာကို တကယ်ကို သဘောကျသွားပြီ ..." 


"အလုံပိတ်ထားတာကို ကြောက်တဲ့ရောဂါရော ရှိနေတုန်းလား ..." 


သူမက စိုးရိမ်တကြီး မေးလိုက်သည်။ 


"သေတ္တာထဲမှာ မပိတ်မိ‌သရွေ့ မကြောက်ပါဘူး ..." 


သူက ပြောလိုက်သည်။ 


"ဒါရိုက်တာလောက ကျွန်တော့်ကို သေတ္တာထဲ ထိုးထည့်ပြီး သော့ပိတ်လိုက်တုန်းကတော့ တကယ် ကြောက်သွားတာ ဒါပေမယ့် လင်ထောင်နေရာမှာ သရုပ်ဆောင်နေတဲ့ ကျိမြန်ကို တွေ့လိုက်တော့ ရုပ်ရှင်ရိုက်နေတယ်ဆိုတာကို အမှတ်ရသွားပြီး အဲဒီ့ကြောက်စိတ်တွေကို လင်ဖုန်းအဖြစ် ပြောင်းပစ်လိုက်တယ် ကိုယ့်ကိုယ်ကို လင်ဖုန်းလို့ တွေးလိုက်တာနဲ့ တစ်ပြိုင်နက် ကြောက်တဲ့စိတ်တွေ ပျောက်သွားရောပဲ ဒါက တကယ်ကို အံ့ဩစရာပဲနော် သရုပ်ဆောင်တာက လူတွေကို ကိုယ့်ကိုယ်ကို မေ့လျော့သွားစေနိုင်တဲ့အထိ စွမ်းနိုင်တာပဲ ..." 


ရွှယ်မြောင်က သားဖြစ်သူ၏ တောက်ပနေသော အကြည့်များကို ကြည့်ရင်း ရယ်ရခက်ငိုရခက် အခြေအနေသို့ ကျရောက်သွားတော့သည်။ 


သားကတော့ သူပြောသွားတဲ့ စကားတွေက ဝါရင့်ဆရာကြီး Stanislavsky ရဲ့ စကားတွေနဲ့ တစ်ထပ်တည်းပဲဆိုတာကို သိမှာ မဟုတ်ဘူး ... 


"မိမိကိုယ်ကိုကနေ အခြေပြုပြီး ကိုယ်ကျိုးမငဲ့တတ်တဲ့ အခြေအနေအထိ တစ်ဖြည်းဖြည်း တိုးတက်သွားပါ..." 


ဒါပေမယ့် ဒါက သူ့ရဲ့ ပထမဆုံးဇာတ်ကားလေ တော်တော်လေး အသက်ငယ်သေးပြီး အခြေမခိုင်သေးတာကို ဒီနယ်ပယ်ထဲကိုသာ နက်နက်ရှိုင်းရှိုင်း နစ်ဝင်သွားရင် တစ်နေ့နေ့တစ်ချိန်ချိန်ကျ ပြန်ထွက်လာနိုင်ပါတော့မလား ... 


ဒီလို ကောင်းချီးအပြည့်နဲ့ သားလေးတစ်ယောက်ရှိနေတာ တကယ်ကို ချိုမြိန်တဲ့ ဒုက္ခလေးပဲ ...


Xxxxxx


Report content on this page