အပိုင်း ၃၅
Viewers 43k

Chapter 35


 ဝမ်းသာလွန်း၍ တိမ်ပေါ် ခုန်တက်နေရသည့်နှယ်ပင်။ 


သူက နှာခေါင်းကို အသာပွတ်ကာ ဇာတ်ညွှန်းစာရွက်တို့ကို လှန်လှောနေရင်း စိတ်လှုပ်တရှား မေးလိုက်သည်။ 


"ကျိကော ကျွန်တော့်မှာ မေးစရာလေး ရှိသေးတယ် လင်ထောင်က ဘာလို့ လင်ဖုန်းကို သတ်လိုက်တာလဲ သူ့ညီကို အရမ်းချစ်တာ မဟုတ်ဘူးလား ..." 


"အဲဒီ့အချစ်ကြောင့်ပဲ သတ်လိုက်တာလေ ဇာတ်ညွှန်းထဲမှာ ဖတ်မိတယ် မဟုတ်လား သူတို့ရဲ့ မိဘတွေက ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်တဲ့အထိ နှိပ်စက်ခံရပြီး သေသွားတာ ဒါပေမယ့် လင်ထောင်က လင်ဖုန်းရဲ့ မျက်စိနဲ့ နားတွေကို တင်းတင်းကြပ်ကြပ် အုပ်ထားပေးလို့ ဒီမြင်ကွင်းတွေကို လုံးဝ မမြင်လိုက်ဘူး အဲဒါကြောင့်ပဲ အသက်ကြီးလာတဲ့အထိ သူ့ရဲ့ နေရောင်ခြည်လို နွေးထွေးတောက်ပ‌ပြီး သန့်စင်တဲ့ အကျင့်စရိုက်ကို ထိန်းသိမ်းထားနိုင်တာလေ ဒါပေမယ့် လင်ဖုန်းကတော့ ဒါကို အစအဆုံး မြင်လိုက်ရတဲ့သူ သွေးတွေ ပြီးတော့ အသက်မရှိတော့တဲ့ အလောင်းတွေက သူ့စိတ်မှာ အရိပ်ဆိုးကြီးတစ်ခုလို ကျန်နေခဲ့မှာပဲ အဲဒီ့အချိန်ကတည်းက သူ့ရဲ့စရိုက်က ပျက်စီးသွားပြီ ဒါကြောင့်လည်း သူက လင်ဖုန်းကို မခံစားစေချင်တာ လင်ဖုန်းကို သတ်လိုက်တယ်ဆိုတာကလည်း သူ့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ပြသတဲ့ နည်းလမ်းတစ်ခုပဲ ပြတ်ပြတ်သားသားကို ရူးသွပ်သွားတဲ့ နည်းလမ်းပေါ့ ..." 


"ကျိကော သရုပ်ဆောင်ဖြစ်ရတာလည်း မလွယ်ဘူးနော် စိတ်ပညာအကြောင်းကိုပါ လေ့လာရသေးတယ် ..." 


ထိုသို့ပြောရင်း သူ့မှတ်စုစာအုပ်လေးထဲတွင် ချရေးလိုက်သည်။ 


"စိတ်ပညာနှင့် သက်ဆိုင်သည့် စာအုပ်များကို ဝယ်ရန် " 


"ဒါပေါ့ ..." 


ကျိမြန်က မှတ်စုကို လှမ်းကြည့်ကာ ပြုံးလိုက်သည်။ 


"ဒီစာအုပ်က ကောင်းသားပဲ ငါ သရုပ်ဆောင် စလုပ်တုန်းကလည်း မင်းလိုပဲ အတွေးတွေ အကုန်လုံးကို ချရေးပြီးတော့ ရိုက်ကူးရေးပြီးတာနဲ့ ပြန်ဖတ်ကြည့်တာလေ အကုန် အစအဆုံး ပြန်တွေးပြီးတာနဲ့ အလွယ်တကူ အိပ်ပျော်သွားရောပဲ ..." 


ယခုလက်ရှိတွင်မူ အလွယ်တကူ နှစ်ခြိုက်စွာ အိပ်မောကျနိုင်ရန်မှာ မဖြစ်နိုင်တော့ချေ။ 


ကြုံတွေ့ရတာတွေ များလာလေ သန့်စင်‌မှုတွေ နည်းပါးလာလေပါလား ... 


ရှောင်ကျားရှု၏ မျက်ဝန်းတို့ ကွေးညွတ်သွား၏။ သူက ဓာတ်ပုံရိုက်လိုက်ပြန်ကာ စာအုပ်ကို အိတ်ကပ်ထဲ ထည့်လိုက်သည်။ 


"တစ်ချိန်လုံး မှတ်ပြီးတော့ သိမ်းထားဖို့ပါ နောင်တစ်ချိန် ကျွန်တော် အသက်ကြီးလာတဲ့အခါ ဒီအမှတ်တရတွေ အားလုံးကို စုစည်းပြီးတော့ "သရုပ်ဆောင်တစ်ဦး၏ ဘဝကို ထုဆစ်ခြင်း" ဆိုပြီး နာမည်ပေးလိုက်မယ် ..." 


ကျိမြန်မှာ နားဝေတိမ်တောင် ဖြစ်သွားကာ ရှောင်ကျားရှုကို အလွန်ရှုပ်ထွေးနေသည့် အကြည့်တို့ဖြင့်သာ စိုက်ကြည့်လိုက်သည်။ တစ်ချိန်က သူ့တွင်လည်း အလားတူအတွေးမျိုး ရှိခဲ့ဖူးသော်ငြား နောက်ပိုင်းတွင် သရုပ်ဆောင်ခြင်းအပေါ် စိတ်အားထက်သန်မှု လျော့နည်းသွားသည့်အတွက် ထိုစာအုပ်များကို တစ်ဖြည်းဖြည်း မေ့လျော့သွားတော့သည်။ သူက ပါးစပ်ကို ဖွင့်လိုက်သည့်တိုင် ပြောစရာစကား မရှိသည့်အတွက် စကားလမ်းကြောင်းကိုသာ ပြောင်းလိုက်တော့သည်။ 


"ဟိုဟာ မင်းရဲ့လက်ထောက် မဟုတ်လား သူက ယုရှန်ရွှမ် စားသောက်ဆိုင်ကနေ မနက်စာ ဝယ်လာတာလား ..." 


"ဟုတ်တယ် ကောကို ဒီနေ့ မနက်စာ ကျွေးမလို့လေ ..." 


သူက ကျိမြန်ကို မနက်စာ ဖိတ်ကျွေးရန် ကြံရွယ်ထားသော်လည်း သူ့အကြံကို ချိန်ဖမ်းရှင်းက လက်ဉီးမှု ယူသွားခဲ့သည်။ 


"ဒါဆို ကဏန်းဖက်ထုပ်ရော ဝယ်ခိုင်းလိုက်သေးလား ယုရှန်ရွှမ်က ကဏန်းအသားပေါင်းက နာမည်ကြီးလေ ..." 


ရှောင်ကျားရှုက မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ 


"ဒါပေါ့ ကျိကော ခဏလောက် စောင့်ပေးဦးနော် ကျွန်တော် အခုပဲ သွားယူပေးပါ့မယ် ..." 


"နှစ်ခုဆို ရပါ ..."


သူ့စကားပင် မဆုံးသေး။ သခင်လေးရှောင်က လေပွေတစ်ခုနှယ် ပြေးထွက်သွားကာ လောကျန်းဝေ့၏ ပန်းကန်ထဲမှ ကဏန်းပေါင်းနှစ်ခုကို ယူကာ အမောတကော ပြန်ပြေးလာသည်။ အပြုံးကြီးကြီးတစ်ခုဖြင့် ပြန်လာနေပုံမှာ သခင်ထံ အပြေးလာနေသည့် ခွေးတစ်ကောင်နှင့်ပင် တူနေသေးသည်။ 


" ကျိကော ... ပူတုန်းလေး စားလိုက်ပါဦး ..." 


သူက တစ်ခါသုံးတူကို ထုတ်ကာ ကမ်းပေးလိုက်သည်။ ဤမနက်စာမှာ မူလကတည်းက ကျိကောအတွက် ပြင်ဆင်‌ပေးထားခြင်းဖြစ်ရာ သူ့ဗိုက်ထဲသို့ ရောက်သွားမှသာလျှင် အကျိုးရှိသည်ဟု ယူဆနိုင်ပေမည်။ 


ပြောကြတာတော့ လူတစ်ယောက်ရဲ့ အားနည်းချက်ကို အသုံးချတာက အကျိုးအမြတ်ရဖို့ အကောင်းဆုံးနည်းလမ်းပဲတဲ့ ရှေ့လျှောက် ကျိကောနဲ့ သရုပ်ဆောင်တဲ့ကိစ္စတွေ ဆွေးနွေးလို့ ရနိုင်လောက်မှာပါနော် ... 


ကျိကောက တစ်ခဏ ရပ်တန့်ကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


"ရှောင်ကျားရှု ရုပ်ရှင်ရိုက်တဲ့နေရာမှာ အခက်အခဲ တစ်ခုခုရှိနေရင် ကိုယ့်ကို အချိန်မရွေး လာရှာလို့ရတယ် ..." 


ရှောင်ကျားရှု၏ မျက်ဝန်းတို့ ရုတ်ချည်း လင်းလက်လာတော့၏။ သူက ဖုန်းကိုထုတ်ကာ ပြောလိုက်သည်။ 


"ကျိကော ကျွန်တော်တို့တွေ WeChat မှာ add ကြမလား ကျွန်တော်က ကောကို add ရမလား ကောက add ပေးမလား ..." 


"ကိုယ် add လိုက်မယ် ..." 


ကျိမြန်က WeChat ကိုဖွင့်ကာ ပြောလိုက်သည်။ 


အိုင်ဒေါဖြစ်သူကို WeChat တွင် အောင်အောင်မြင်မြင် add နိုင်ပြီးနောက် သူစားသောက်နေသည်ကို မနှောင့်ယှက်မိစေရန် အလို့ငှာ ရှောင်ကျားရှုသည် နားကြပ်ကိုတပ်လျက် "ဒုက္ခနွံထဲ တဝဲလည်လည်" ကိုသာ ပြန်ကြည့်ရင်း ခုန်ရွှမ်ကို အသေးစိတ် လေ့လာနေလိုက်သည်။ ထိုသူသည် ငယ်စဉ်က တင့်တယ် ချောမောလှသည့် စာသင်သားတစ်ဦး ဖြစ်သော်လည်း နောက်ပိုင်းတွင် ရက်စက်ကြမ်းကြုတ်သည့် ရန်သူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော် သူ၏ စရိုက်ပြောင်းလဲမှုမှာ ရုတ်တရက်ဆန်ဆန် ပြောင်းလဲသွားခြင်းမျိုး မဟုတ်။ ထို့အပြင် အင်မတန် အံ့ဩဖွယ်ကောင်းလှသည့် အငိုခန်းတစ်ခန်းလည်း ပါဝင်နေသေးကာ ၎င်းမှာ အသဲနှလုံးတို့ ပျက်သုဉ်းသွားရလောက်‌အောင်ပင် ထိရှနာကျင်ဖွယ် ကောင်းလှသည်။ ၎င်းကို တစ်နှစ်တာ၏ အကောင်းဆုံးအဖြစ် သတ်မှတ်ခဲ့ခြင်းမှာလည်း အြံဩဖွယ်ရာတော့ မရှိချေ။ မူလဇာတ်သိမ်းမှာမူ အဆိုးဆုံးဖြစ်သည်။ မှုန်ရီမှိုင်းပျနေသည့် မျက်ဝန်းတို့နှင့်အတူ စိတ်ဝိဦာဉ်ကင်းမဲ့နေသည့် ဗလာကိုယ်ထည်ကြီးနှယ် ယိုင်တိယိုင်ထိုးဖြင့် လမ်းလျှောက်နေရင်း ကြည်လင်နေသည့် အကြည့်တို့မှာလည်း နောက်ကျိသွားတော့သည်။ ထိုကိစ္စမျိုးမှာ မျက်ကပ်မှန် တပ်လိုက်ရုံမျှဖြင့် လုံလောက်သွားသည်ဟု မဆိုနိုင်၊ သရုပ်ဆောင်စွမ်းရည်ကို အစွမ်းကုန် အသုံးချမှသာ သဘာဝကျကျ ပြောင်းလဲနိုင်မည်ဖြစ်သည်။ ၎င်းတို့မှာ သေလုဆဲဆဲ လူအိုကြီး၏ မျက်ဝန်းတို့နှယ်ပင်။ 


အံ့ဩစရာပဲ တကယ်ကို လက်ဖျားခါစရာ ကောင်းလောက်အောင်ကို အံ့ဩစရာပဲ ဒါမျိုးက်ိုမှ အကောင်းဆုံးသရုပ်ဆောင်လို့ ခေါ်သင့်တာလေ ဝမ်းနည်းမှုကြောင့် ငိုတဲ့အခါ အဆုတ်နဲ့ နှလုံးသားကနေ မျက်ရည်တွေ စီးကျလာတာမျိုး ... 


ကျိမြန်ကို ချီးကျူးနေသည့် ရှောင်ကျားရှု၏ အတွေးတို့မှာ ကျိမြန်ထံသို့ စဉ်ဆက်မပြတ် ရောက်ရှိသွားတော့သည်။ ထိုချီးကျူးစကားများမှာ စာလုံးရေ သောင်းဂဏန်းရှိသည့် ဆောင်းပါးရှည်တစ်ပုဒ် ရေးရန်ထက်ပင် များပြားနေပေသည်။ 


အသားပေါင်းစားနေသည့် ကျိမြန်မှာလည်း တစ်ဖြည်းဖြည်း အနေခက်လာသည့်အတွက် မတတ်သာဘဲ ထုတ်ပြောလိုက်ရတော့သည်။ 


"ရှောင်ကျားရှု ခပ်ဝေးဝေးမှာ သွားထိုင်နေပေးလို့ ရမလား ဒါရိုက်တာလောကို တွေ့လား သူ တစ်ခြားသူတွေကို စကားပြောနေတယ်လေ သွားနားထောင်လိုက် ..."


ရှောင်ကျားရှုလည်း မှတ်စုစာအုပ်လေး ဆွဲထုတ်ကာ လောကျန်းဝေ့ထံ အပြေးလေး ထွက်သွားလိုက်တော့သည်။ ကျိမြန်က သူ့နောက်ကျောကို ငေးကြည့်လျက် ခေါင်းအသာယမ်းလိုက်သည်။ 


ဒီကောင်လေးကတော့ တော်တော်ကို စိတ်ဓာတ်တက်ကြွနေတာပဲ ဘယ်အချိန်အထိ တက်ကြွနေဦးမလဲတော့ မသိဘူး ... 


ဖန်ခွင်းနှင့် ကျန်နှစ်ယောက်က အနားသို့ ရောက်လာကာ စောဒကတက်လိုက်သည်။ 


"ကျိကော တကယ်ကြီးကို ရှောင်ကျားရှုက မှန်ပြီး ကျွန်တော်တို့က မှားတယ်လို့ သွားပြောလိုက်တာပေါ့ ကောက ပြောသလောက် မကြင်နာတတ်ဘူးပဲ သူ မျက်နှာလိုချင်သလို ကျွန်တော်တို့လည်း လိုချင်တာပဲလေ ဇာတ်ဝင်ခန်းလေး တစ်ခန်းပဲကို ကျွန်တော်တို့ အငြင်းပွားနေတဲ့ကိစ္စမှာ ကောက ဝင်နားထောင်ဖို့ မသင့်တော်ဘူးလေ ..." 


"မင်းတို့က ငါ့ရုပ်ရှင်အကြောင်း ပြောနေတာလေ ငါက မှတ်ချက်လေးတောင် ဝင်ပေးလို့ မရဘူးပေါ့ ..." 


ကျိမြန်က တူကိုချကာ ပါးစပ်ကို သုတ်ရင်း ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ 


"ကလေးတစ်ယောက်နဲ့ စကားနိုင်လုနေရတာ မရှက်ဘူးလား ရှောင်ကျားရှုက မင်းကို ရန်စမိလို့ သူ့ကို နေရာတကာ ပစ်မှတ်ထားနေတာလား ..." 


"ဒါဆိုလည်း သူ့ကို ဘာလို့ ကူညီချင်နေတာလဲဆိုတာ ပြောပြလေ ကျွန်တော်မသိတဲ့ ဇာတ်လမ်းတွေ ရှိနေသေးတာလား ..." 


ဖန်ခွင်းက ခေါင်းမော့ ရင်ကော့ကာ ပြောလိုက်သည်။ သူ့ပုံစံမှာ အမှန်တရားကို တူးဆွတော့မည့်လူနှယ်ပင်။ 


"အတွင်းရေးပါဆိုမှတော့ ဘာလို့ မင်းကို ပြောပြရမှာလဲ မင်းမှာ အရည်အချင်းရှိရင် ရှောင်ကျားရှုကို သွားမေးလေ ..." 


ကျိမြန်က အခြားသူ၏ အတွင်းရေးကို ထုတ်ပြောမည် မဟုတ်ချေ။ လက်သုတ်ပြီးနောက် လင်းလဲ့ယန်နှင့် စကားပြောရန် ပြင်လိုက်သော်ငြား ထိုသူမှာမူ ရှောင်ကျားရှုကဲ့သို့ပင် မှတ်စုစာအုပ်တစ်အုပ်ကိုကိုင်ကာ လောကျန်းဝေ့အနီးသို့ ရောက်နှင့်နေပြီဖြစ်သည်။ 


သူက ခေါင်းကိုယမ်းကာ ခပ်ဖွဖွရယ်မောရင်း ချိန်ဖမ်းရှင်းကို ညွှန်ကြားလိုက်သည်။ 


"ငါကြားတာတော့ လဲ့ယန်က မနက်ခုနစ်နာရီကတည်းက စတူဒီယိုကို လာပြီး ကူညီပေးတယ်ဆို ..." 


"ဟုတ်ပါတယ် ကျိကျုံ ရိုက်ကူးရေးအဖွဲ့ရဲ့ အဝတ်အစားနဲ့ အလင်းအမှောင် အပြင်အဆင်တွေကို ကူညီပေးခွင့်ရတာကိုက ကျွန်တော်တို့အတွက် ဝမ်းမြောက်စရာပါ ဒီအလုပ်တွေအကုန်ပြီးသွားမှ ဇာတ်ညွှန်းတွေ ကျင့်ဖို့ ပြန်သွားတာလေ တစ်စက်လေးမှတောင် အနားမယူပါဘူး ကျိကျုံ လဲ့ယန်က သူဌေးရဲ့ လက်အောက်က အနုပညာ‌ရှင်‌ဆိုတော့ ကျေးဇူးပြုပြီး သူ့ကို ဂရုစိုက်ပေးပါဦး တစ်ယောက်တည်း ရုန်းကန်လှုပ်ရှားနေရတာ သူ့အတွက်လည်း မလွယ်ကူရှာဘူး ဟိုး အစောပိုင်းနှစ်တွေတုန်းကဆို မြေအောက်ရထားလှိုဏ်ခေါင်းထဲမှာတောင် နေခဲ့ရတာလေ ..." 


ချိန်ဖမ်းရှင်းက အလွန်နီရဲနေသည့် မျက်ဝန်းတို့ဖြင့် ပြောလိုက်သည်။ သူ၏ မိကျောင်းမျက်ရည် ကျနိုင်စွမ်းမှာ ပထမအဆင့် သရုပ်ဆောင်များထက် မညံ့ပေ။ 


ထိုသည်ကို မြင်နေရသည့် ကျိမြန်မှာ ခေါင်းများပင် ကိုက်လာ‌သည့်အတွက် လက်မြှောက်ပြကာ သူ့ကို ဟန့်တားလိုက်သည်။ 


"အိုကေ အိုကေ ဒီနှစ်တွေမှာ လင်းလဲ့ယန် ခက်ခဲခဲ့မှန်း ငါလည်း သိပါတယ် နောက်ဆို သူ့ကို ရိုက်ကွင်းကို အစောကြီး ခေါ်မလာနဲ့တော့ သူက သရုပ်ဆောင်မင်းသား အလုပ်ကြမ်းလုပ်ဖို့ ငှားထားတဲ့သူ မဟုတ်ဘူး သူ့မှာ ဒီလိုအလုပ်တွေ လုပ်နေစရာအကြောင်းလည်း မရှိဘူး ..." 


ချိန်ဖမ်းရှင်းက အလောတကြီး ခေါင်းငြိမ့်ပြလိုက်သည့်တိုင် အတွေးတို့မှာတော့ စဉ်ဆက်မပြတ် ထွက်ပေါ်နေဆဲဖြစ်သည်။ 


ကျိကျုံက ဘာကို ပြောချင်တာလဲ သူက လဲ့ယန်ကို ကြိုက်တာလား မကြိုက်တာလား ... 


သူ စဉ်းစား၍ မရသေးခင်မှာပင် ကျိမြန်က အဝတ်အစားလဲသည့် အခန်းထဲသို့ ထွက်သွားလိုက်သည်။ ခဏအကြာတွင် ဇာတ်ဝင်ခန်းတစ်ခုကို ရိုက်ကူးရန် ရှိနေသေးသည့်အတွက် ဇာတ်ကောင်စရိုက်ထဲသို့ စိတ်နှစ်ထားရတော့မည်ဖြစ်သည်။ 


... 


အချိန်နှင့် ငွေကို ချွေတာရန် အလို့ငှာ ရုပ်ရှင်ဒါရိုက်တာများသည့် အချိန်ကာလတူညီသည့် ဇာတ်ဝင်ခန်းများကို တစ်ခေါက်တည်း ရိုက်ကူးလေ့ရှိသည်။ ဥပမာပြောရပါလျှင် ယခု ဗီလာကို ယာယီငှားရမ်းထားသကဲ့သို့ပင်ဖြစ်သည်။ အချိန်ကုန် သက်သာစေရန် အလို့ငှာ ထိုဗီလာအတွင်း ဖြစ်ပွားသည့် ဇာတ်ကွက်အားလုံးကို တစ်ပြိုင်တည်း ရိုက်ကူးရပြီး သို့မဟုတ်ပါလျှင် ငွေကုန်ကြေးကျ ပိုမို များပြားလာချေမည်။ ယနေ့ လောကျန်းဝေ့ ရိုက်ကူးလိုသည့် ဇာတ်ဝင်ခန်းအားလုံးမှာ dramatic အခန်းများသာ ဖြစ်သည်။ အကြောင်းမှာ ထိုဇာတ်ဝင်ခန်းများအတွက် အသုံးပြုရမည့် ပစ္စည်းများကို ပြင်ဆင်ရန်မှာ အလွန် ပြဿနာများပြားလှသည့်အပြင် ရိုက်ကူးရေးကို အာရုံစိုက်ထားခြင်းအားဖြင့် လူ့စွမ်းအားအရင်းအမြစ် ပြုန်းတီးခြင်းကို ကာကွယ်နိုင်ရန်လည်းဖြစ်သည်။ 


Drama ဇာတ်ကားများကို ရိုက်ကူးရခြင်းသည် စာပေရုပ်ရှင်များကို ရိုက်ကူးရခြင်းထက် ပိုမိုခက်ခဲသည်ဟု အများက ဆိုစမှတ်ပြုကြသည်။ ၎င်းမှာ သရုပ်ဆောင်မည့်သူ၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲနိုင်စွမ်းသာမက ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားရာတွင်လည်း ချောမွေ့တက်ကြွမှုကို အထင်အရှား ဖော်ပြနိုင်ရန် လိုအပ်ပေသည်။ အကြိမ် ရာပေါင်းများစွာ လေ့ကျင့်ထားခြင်း မရှိပါလျှင် ဇာတ်ဝင်ခန်းတစ်ခန်းကိုမှ ဖြစ်ဖြစ်မြောက်မြောက် ရိုက်ကူးနိုင်မည် မဟုတ်ချေ။ ရှောင်ကျားရှုကဲ့သို့ သရုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ တစ်လုံးတစ်လေမှ


မလေ့လာဖူးသူပင်လျှင် သရုပ်ဆောင်များ၏ အခက်အခဲကို နားလည်နိုင်ပေသည်။ ကျရာဇာတ်ကောင်ကို ကောင်းမွန်စွာ သရုပ်ဆောင်လိုပါလျှင် ကဏ္ဍအရပ်ရပ်ကို နှံ့နှံ့စပ်စပ် သိရှိထားရန် လိုအပ်ရာ သရုပ်‌ဆောင်များမှာ စာပေအနုပညာရပ်တွင် နှံ့စပ်ကျွမ်းကျင်လှပါသည်ဟု ပြောလျှင်ပင် လွန်မည်မထင်ချေ။ 


သူ့ကို အဆိုးမြင်ခဲ့ဖူးသူ မြောင်မူချင်မှာ ခက်ခက်ခဲခဲ ကြိုးစားကာ သရုပ်ဆောင်နေသည့်တိုင် ရှစ်ထင်းဟန်၏ ကန်ထုတ်ခြင်းကိုသာ အကြိမ်ပေါင်းများစွာ ခံခံခဲ့ရသည်။ ဒါရိုက်တာက နောက်တစ်ခေါက်ဟု အော်လိုက်လေတိုင်း ပြန်ထကာ နောက်တစ်ကြိမ် တိုက်ခိုက်ရပြန်ပြီး သူ့တွင် စောဒကတက်ပိုင်ခွင့်လည်း မရှိချေ။ 


ရှောင်ကျားရှုပင်လျှင် ဆွံ့အသွားတော့သည်။ လူတိုင်းအပေါ် သူ၏ အမြင်မှာလည်း ပြောင်းလဲသွားပေသည်။ 


ဇာတ်ဝင်ခန်းနှစ်ခန်း ပြီးနိုင်ရန် နှစ်နာရီနီးပါး ကြာမြင့်ခဲ့သည်။ မြောင်မူချင်က ပြာနှမ်းပုတ်သိုးနေသည့် မျက်နှာထားနှင့် ထွက်ခွါသွားကာ ရှစ်ထင်းဟန်ကမူ နောက်တစ်ပိုင်း ထပ်ရိုက်ရန် ဘေးတွင်ရပ်လျက် စောင့်နေလိုက်သည်။ 


"အာ ဒီနေ့ ကျိကောလည်း အလုပ်ပြီးရင် ထမင်းဘူး စားရတော့မှာပေါ့ ..."


(ဒါက ဇာတ်ကားထဲက ဇာတ်ကောင်တစ်ယောက် သေသွားတဲ့အကြောင်း ပြောတဲ့နေရာမှာ သုံးတာပါတဲ့) 


ရှောင်ကျားရှုက လောကျန်းဝေ့၏ စာအုပ်ကိုကြည့်ကာ ပြောလိုက်သည်။ ထိုထဲတွင် လင်ထောင်မှာ ဟဲကျင်၏ သတ်ဖြတ်ခြင်းကို ခံရမည့်အကြောင်း ရေးထား၏။ 


"ဟုတ်တယ် အရေးအကြီး‌ဆုံးအခန်းကို အရင် ရိုက်လိုက်မလို့ ကျန်တာတွေကို ဖြည်းဖြည်းချင်းပဲ ရိုက်မယ် ဒါမှ စိတ်ဖိစီးတာတွေ နည်းနည်းလောက် လျော့သွားမှာလေ..." 


လောကျန်းဝေ့က ပြောလိုက်သည်။ 


"နောက်ပိုင်း ကျိမြန်ရိုက်မယ့်အချိန်ကျ သေသေချာချာလေး ကြည့်ထား သူနဲ့ အတူတူ သရုပ်ဆောင်ရတာက တစ်နှစ်လောက် သရုပ်ဆောင်သင်တန်း တက်ရတာထက် ပိုပြီး အကျိုးရှိတယ် ..." 


ရှောင်ကျားရှုကလည်း ထောက်ခံမှုအပြည့်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


Xxxxxxx