အပိုင်း ၃၆
Viewers 44k

Chapter 36


ရှောင်ကျားရှုကလည်း ထောက်ခံမှုအပြည့်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


သူတို့ပြောနေစဉ်မှာပင် ကျိမြန်ပါ စကားဝိုင်းထဲသို့ ရောက်ချလာသည်။


 ဇာတ်ဝင်ခန်းခေါင်းစဉ်မှာ "ဇာတ်သိမ်းပိုင်း" ဖြစ်သည်။ ဇာတ်လိုက် ဟဲကျင်း၊ ဇာတ်လိုက်မ အန်နာတို့၏ အကူအညီနှင့်အတူ လင်ထောင်သည် လင်အုပ်စုနှင့် အရှေ့တောင်အာရှ မူးယစ်ဆေးဝါး ကူးသန်းရောင်းချသည့် အသိုင်းအဝိုင်းတစ်ခုလုံးကို ဖျက်ဆီးနိုင်ခဲ့ရုံသာမက ဥရောပရှိ ဘိန်းဘုရင်အကြီးစား တစ်ဦးကိုပါ ဖမ်းဆီးနိုင်ခဲ့သည်။ ထို့နောက် ညီဖြစ်သူ၏ ဈာပနအတွက် ဇာတိမြေသို့ ပြန်ရန် ဟယ်လီကော်ပတာ စီစဉ်နေစဉ်မှာပင် သူ့ကို ဖမ်းဆီးမည့် သတင်းအကြောင်း ကြိုတင်ကာ ကြားသိလိုက်ရသည်။ နှစ်ဦးသား ခေါင်းမိုးထပ်တွင် တိုက်ခိုက်ကြပြီးနောက် ဟဲကျင်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရတော့သည်။ ထို့နောက်တွင်မှ ဟဲကျင်းသည် သူ့ရင်ဘတ်ပေါ်တွင် တပ်ထားသည့် နာမည်ကတ်ပြားကို တွေ့လိုက်ရသည်။ ၎င်းတွင် T;F ဟူ၍ အင်္ဂလိပ်စာလုံး နှစ်လုံး ရေးသားထားပြီး ထိုသည်မှာ သူ့ကို တိတ်တဆိတ် သက်သေများ စုဆောင်းပေးနေသူ၏ လျှို့ဝှက်ကုတ်နံပါတ်ပင်ဖြစ်သည်။ 


ထိုအခါမှ အမှန်တရားအားလုံး ဘူးပေါ်သည့်နှယ် ထွက်ပေါ်လာတော့သည်။ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးကို တိုက်ဖျက်ရာတွင် အကြီးမားဆုံး ထောက်ပံ့ပေးနေသူမှာ ရဲမဟုတ်၊ မူးယစ်ဆေးဝါး‌ ရောင်းချသူသာ ဖြစ်ပေသည်။ 


ထိုအခန်းကို ရိုက်ကူးရန်မှာ အင်မတန် ခက်ခဲလှသည်။ ပထမအချက်အနေဖြင့် တိုက်ခိုက်ရန် ခဲယဉ်းလှပြီး ပြင်းထန်လှသည့် ခံစားချက် ပဋိပက္ခဖြစ်မှုများလည်း ပါဝင်နေသေးသည့်အပြင် drama နှင့် တိုက်ခိုက်ရေး ဇာတ်ဝင်ခန်းများကိုလည်း အတူတကွ ရောနှောထားသေးသည်။ မည်သည့်အပိုင်းကိုမှ လျော့လျော့ပေါ့ပေါ့ သရုပ်‌ဆောင်၍မရ၊ သို့မှသာ တိုးတက်လာမည်ဖြစ်သည်။ ဤအခန်းကိုသာ အောင်အောင်မြင်မြင် ရိုက်ကူးနိုင်ပါလျှင် နောင်နှစ်နှစ်ဆယ်အတွင်း ဤရုပ်ရှင်ထက် သာလွန်နိုင်မည့် စုံထောက်ရုပ်ရှင်ဟူ၍ ရှိလာနိုင်မည် မဟုတ်ချေ။ 


"ကျိမြန် ရှစ်ထင်းဟန် မင်းတို့နှစ်ယောက် အကောင်းဆုံး ကြိုးစားကြ ငါတို့က ရုပ်ရှင်ရိုက်နေရုံလေးတင် မဟုတ်ဘဲ ဂန္တဝင်လက်ရာတွေကိုပါ ဖန်တီးနေတယ်ဆိုတာ အားလုံး သိသွားအောင် ပြလိုက်ကြ ငါ့ကို စိတ်မပျက်ရစေနဲ့ ..." 


လောကျန်းဝေ့က အသံချဲ့စက်ကို ယမ်းကာ အော်ပြောလိုက်သည်။ 


ကျိမြန်နှင့် ရှစ်ထင်းဟန်တို့က လေကုန်ခံ၍ပင် စကားပြန်မပြောတော့။ အားလုံး ပြင်ဆင်ပြီးနောက်တွင်မူ မျက်နှာတွင် စိတ်ဖိစီးသည့် အရိပ်အယောင်တို့ ထင်ဟပ်လာတော့သည်။ 


ရှောင်ကျားရှုက လက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ကာ ခပ်မိုက်မိုက် ကိုယ်နေဟန်ထားဖြင့် ရပ်ကြည့်လိုက်သည်။ သို့သော် သူ့နှလုံးသားမှာမူ ထိန်းချုပ်၍ မရနိုင်လောက်အောင် ခုန်ပေါက်ကာ "ကျိကော ကြိုးစားထား" ဟူ၍ အော်ဟစ်နေပေသည်။ 


လင်းလဲ့ယန်မှာလည်း မတော်တဆ တစ်ခုခု ဖြစ်ပွားသွားမည်ကို စိုးရိမ်စိတ်တို့ ဖိစီးနေပေ၏။ 


လောကျန်းဝေ့က အင်အားကြီးမားသည့်တိုင် တင့်တယ်ကာ စွဲမက်ဖွယ်ကောင်းလှသည့် တိုက်ခိုက်ရေး ဇာတ်ဝင်ခန်းကို ပုံဖော်နိုင်ရန် တရုတ်တွင် အကျော်ကြားဆုံး တိုက်ခိုက်ရေးပညာရှင်များကိုပင် ငှားရမ်းခဲ့သေးသည်။ ကျိမြန်နှင့် ရှစ်ထင်းဟန်တို့မှာလည်း အကြိမ်ပေါင်း မရေမတွက်နိုင်လောက်အောင်ပင် လေ့ကျင့်ထားကြသည့်အတွက် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်ရာတွင် စကားပြောနေရန်ပင် မလိုအပ်တော့ချေ။ သူတို့၏ လှုပ်ရှားမှုများမှာ နဂါးတစ်ကောင် ခုန်ပေါက်ပြေးလွှားနေသည့်နှယ် အားပါလှပေသည်။ အောင်အောင်မြင်မြင် ရိုက်ကူးနိုင်ရန် NG ရှစ်ကြိမ်၊ ကိုးကြိမ်ခန့်သာ ရလိုက်သည့်အတွက် အားလုံး အပျော်လုံးဆို့သွားကြတော့၏။ 


နောက်ရိုက်မည့် ဇာတ်ဝင်ခန်းမှာလည်း ပထမတစ်ခုနှင့် တွဲလျက်ပင်ဖြစ်သည်။ ရှစ်ထင်းဟန်သည် ကျိမြန်၏ တိုက်ခိုက်ခြင်းကို ခံနေရသည့်အတွက် သူ့လက်ထဲတွင် တင်းတင်းကြပ်ကြပ် ကိုင်ထားသည့် အရိုးပြာအိုးကို ဆွဲလုလိုက်သည်။ လက်ဝတ်ရတနာ သို့မဟုတ် ငွေသားများကို ဖွက်ထားလေသလားဟု သိလိုသဖြင့် ဆွဲယူလိုက်ခြင်း ဖြစ်သော်ငြား လင်ဖုန်း၏ အရိုးပြာများကို မတော်တဆ ကန်လိုက်မိသွားသည်။ ခေါင်မိုးထပ်မှာ လေထန်လှသည့်အတွက် ထိုအရိုးပြာအားလုံး လေထဲသို့ လွင့်စင်သွားတော့၏။ ကျိမြန်၏ တည်ငြိမ်နေသော အမူအယာမှာ ရုတ်ချည်း ပြိုကွဲသွားကာ ရှစ်ထင်းဟန်ကို သေလုမတတ် ထိုးနှက်လိုက်တော့သည်။ မျက်လုံးများမှာ သွေးရောင်သဖွယ် နီရဲနေကာ နဖူးနှင့် လည်ပင်းတို့မှာလည်း သွေးဆာနေသည့် သားရိုင်းသဖွယ် သွေးကြောပြာများပင် ထွက်လာတော့သည်။ 


သူ၏ သရုပ်ဆောင်ချက်ကို နဖူးတွေ့ဒူးတွေ့ ကြုံနေရသည့် ရှစ်ထင်းဟန် မဆိုထားနှင့်၊ အနီးနားရှိ ဝန်ထမ်းများပင်လျှင် ကြောက်ဒူးတုန်လာကြတော့သည်။ ရှစ်ထင်းဟန်တစ်ယောက် ဘယ်ပြန်ညာပြန် အရိုက်ခံရကာ ခေါင်မိုးပေါ်မှ ပြုတ်ကျတော့မည့် အချိန်တွင် လေရူးတစ်သုတ် တိုက်ခတ်လာပြီး စိတ်ရူးဖောက်နေသည့် ကျိမြန်၏ လှုပ်ရှားမှုတို့ အနည်းငယ် တုန့်ဆိုင်းသွားသည်။ သူက ရှစ်ထင်းဟန်၏ လည်ပင်းကို တင်းတင်း ညှစ်ထားရာမှ လွှတ်လိုက်ကာ ပျံ့လွင့်နေသည့် ပြာမှုန့်များကိုသာ ငေးကြည့်နေလိုက်သည်။ ထိုသည်ကို အခွင့်ကောင်းယူကာ ရှစ်ထင်းဟန်က သူ့ကို ကန်ထုတ်၍ ကျွမ်းနှစ်ပတ်ထိုးကာ ပစ္စတိုကို ကောက်ကိုင်လျက် သူ့နောက်ကျောကို လှမ်းပစ်လိုက်သည်။ ကျည်ဆံက သူ့နောက်ကျောမှတစ်ဆင့် နှလုံးသားကို ပေါက်ထွက်သွားတော့၏။ 


ကျိမြန်က သွေးတစ်လုတ် အန်ထွက်ကာ နောက်ပြန်လဲကျသွားသော်ငြား အံတင်းတင်းကြိတ်လျက် အရိုးပြာများ ကျနေသည့်နေရာသို့ တစ်လက်မချင်း ရှေ့တိုးသွားကာ ပျံ့ကြဲနေသည့် ပြာမှုန့်များကို သွေးစွန်းနေသည့် လက်ဖြင့် စုစည်းလိုက်သည်။ အားလုံးကို ဖြည်းဖြည်းချင်း စုစည်းလိုက်ပြီးနောက်တွင်တော့ ရဲရဲနီသည့် မျက်ဝန်းတို့ ပွင့်လျက်ရှိနေသည်မှအပ မည်သည့်လှုပ်ရှားမှုကိုမှ မတွေ့ရ၊ သူငယ်အိမ်ထဲရှိ ရူးသွပ်မှုတို့ တစ်ဖြည်းဖြည်း ချုပ်ငြိမ်းသွားတော့သည်။ သူ့ညီနှင့်အတူ သေပွဲဝင်ရခြင်းသည်ပင်လျှင် သူ့ဘဝ၏ အကောင်းမွန်ဆုံးနိဂုံး ဖြစ်ပေသည်။ 


ပင်မကင်မရာက သူ့မျက်လုံးတို့ကို တစ်မိနစ်ခန့် အနီးကပ် ရိုက်ပြလိုက်သည်။ ပြင်ဆင်ခြယ်သထားခြင်း မရှိပါသော မျက်လုံးတို့မှာ စိတ်ရူးဖောက်မှုကြောင့် ရဲရဲနီနေသည်။ မျက်စိထဲရှိ အလင်းရောင်မှာ တစ်ဖြည်းဖြည်း မှိန်ဖျော့လာကာ လုံးဝဥဿုံ အမှောင်ဖုံးသွားတော့သည်။ 


ထိုသရုပ်ဆောင်ချက်မှာ လောကျန်းဝေ့၏ စိတ်နှလုံး၊ ရှောင်ကျားရှု၏ ဝိဉာဉ်သို့တိုင် ရိုက်ခတ်သွားတော့သည်။ သူက စခရင်ကို နှစ်ထောင်းအားရ ကျေနပ်မှုအပြည့်ဖြင့် မျက်တောင်မခတ်စတမ်း ကြည့်နေလိုက်သည်။


ဒါက ဘယ်လို ခံစားချက်ကြီးလဲ သူ့ဘဝမှာ ဂရုအစိုက်ဆုံးလူက သူ့ညီ၊ သေအံ့ဆဲဆဲအချိန်မှာ အာရုံအစိုက်ဆုံးကလည်း သူ့ညီရဲ့ အရိုးပြာတဲ့လား ... 


ထိုအချိန်မတိုင်ခင်အထိ ရှောင်ကျားရှုမှာ ကျိမြန် ပြောခဲ့ဖူးသည်များကို နားမလည်ခဲ့ချေ။ 


လင်ထောင်က လင်ဖုန်းကို မချစ်ခြင်း မဟုတ်၊ သူ့အချစ်မှာ အခြားသူများထက်ပင် နက်ရှိုင်းကာ ရိုးတွင်းခြင်ဆီတိုင်အောင် စိမ့်ဝင်နေသည့် ချစ်ခြင်းမျိုး ဖြစ်ပေသည်။ လင်ဖုန်းကသာ သူ့ဘဝဖြစ်ရာ လင်ဖုန်းသေသွားသည်နှင့်တစ်ပြိုင်နက် သူ့ဘဝလည်း အနှစ်သာရ မရှိတော့ချေ။ ထို့ကြောင့်သာ သူ တည်ထောင်ခဲ့သည့် အုတ်မြစ်များကို ရူးရူးမိုက်မိုက် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ 


(T.N တစ်ယောက်ထဲပဲ တွေးမိ‌တာလားတော့ မသိပေမယ့် လင်ထောင်က တစ်မျိုးလေးနော်🥲) 


ကျိမြန်ရဲ့ အရမ်းကို ပြောင်မြောက်တဲ့ အရည်အချင်းကြောင့် ဒီအရိုးစွဲအောင်ချစ်တဲ့ အချစ်က ပြောင်ပြောင်မြောက်မြောက်ကို ရုပ်လုံးကြွလာတာပဲ မိုက်လိုက်တာ တကယ်ကို အရမ်းမိုက်တာပဲ ... 


ရှောင်ကျားရှု၏ နှလုံးသားတစ်ခုလုံး ကျိမြန်ကြောင့် စိတ်လှုပ်ရှားလာရတော့သည်။ ဖရိုဖရဲဖြစ်နေသူကို တွေ့လိုက်ရသည့်အခါ အားနည်းလာသည်ဟုပင် ခံစားလိုက်ရတော့သည်။ 


အား ... အမေရေ ကျိကောရဲ့ ချွေးတွေစိုလို့ ရှုပ်ပွနေတဲ့ ဆံပင်ကတောင် တအား စတိုင်ကျတာပဲ ပြီးတော့ ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်နေတဲ့ ရှပ်အင်္ကျီအဖြူကိုလည်း ကြည့်လိုက်ပါဦး ကြွက်သားတွေကို ထင်းထွက်နေတာပဲ နည်းနည်းလေးနီနေသေးတဲ့ မျက်လုံးနဲ့ သွေးစတွေ ပေနေတဲ့နှုတ်ခမ်းရော လမ်းလျှောက်နေတဲ့ ‌လူသား ဟော်မုန်းထုတ်စက်ကြီးလား ကျလို့ အရိုင်းဆန်လိုက်တာ ... 


ကျိကောက ရုပ်ချောပြီး တိုက်ရည်ခိုက်ရည် ရှိရုံတင်မကဘူး ထူးထူးကဲကဲကိုလည်း ကြင်နာတတ်သေးတယ် ကျိကောရဲ့ခြေဖျားမှာ ဒူးထောက်ချင်လာပေါ့... 


ရှောင်ကျားရှုက ‌ခြေနှစ်လှမ်းခန့် နောက်ဆုတ်လိုက်သည်။ သူ့နှလုံးခုန်သံမှာ မြန်လွန်းမက မြန်လာ၍ အသက်ပင် ဝအောင် မရှူနိုင်တော့ချေ။ ကျိမြန်က အနားသို့ ရောက်လာကာ သူ့လက်မောင်းကို လှမ်းကိုင်လိုက်သည်။ ကိုယ်စိတ်သုံးပါး နစ်မြောနေသည့် ရှောင်ကျားရှုမှာလည်း ထိုအခါမှ ရုတ်ချည်း သတိပြန်ကပ်လာကာ မျက်နှာတစ်ပြင်လုံး ရဲရဲနီသွားတော့သည်။ 


"ကျိကော ကိစ္စရှိလို့လား ..." 


"မဟုတ်ပါဘူး ..." 


ကျိမြန်က ရယ်ရခက်ငိုရခက်နေဟန်ဖြင့်သာ သူ့ကို သွားခွင့်ပြုလိုက်တော့သည်။ 


လူအုပ်ကြားထဲ ပုန်းနေသော လင်းလဲ့ယန်မှာလည်း ထိုသည်ကို မြင်လိုက်ရ၍ မျက်နှာတစ်ခုလုံး ဖြူရော်သွားတော့သည်။ ဆယ်မိနစ်အကြာ မိတ်ကပ်ဖျက်ရန် နားနေခန်းထဲသို့ ပြန်ရောက်လာသော ကျိမြန်က တစ်ခုခုကို တွေးရင်း ဖန်ခွင်းကို ပြောလိုက်သည်။ 


"လဲ့ယန်ကို သွားခေါ်လိုက်ပါဦး သူ့ကို ပြောစရာရှိလို့ ..." 


"ဘာကြီး ..." 


ဖန်ခွင်းမှာ အနည်းငယ် တုန့်ဆိုင်းသွားတော့သည်။ အပြင်သူတို့၏ အမြင်တွင် သူတို့သည် အလုပ်ရှင်နှင့် အလုပ်သမား ဖြစ်သည့်အတွက် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးနေ၍လည်း ကိစ္စမရှိသော်ငြား တစ်ချိန်လုံး ပူးကပ်နေ၍လည်း အဆင်မပြေလှချေ။ 


"သွားသာ ခေါ်လိုက် ..." 


ကျိမြန်၏ လေသံမှာ အေးစက်နေ၏။ 


ဖန်ခွင်းက မကျေမနပ်ဖြင့် ထွက်လာကာ လင်းလဲ့ယန်ကို လိုက်ရှာလိုက်တော့သည်။ လင်းလဲ့ယန်မှာလည်း ကျိမြန်၏ မျက်စိရှေ့တွင် ပျက်စီးသွားသည့် သူ့ခံယူချက်တို့ကို ပြန်လည်ပြင်ဆင်ပြီးကာစဖြစ်သည်။ ကျိမြန်က ရှောင်ကျားရှုကို ထာဝစဉ် အာရုံစိုက်နေခြင်းအား သူ့အနေဖြင့် လုံးဝ သည်းမခံနိုင်ချေ။ 


ရိုက်ပြီးပြီးချင်း ပထမဆုံး သွားတွေ့တဲ့သူက ရှောင်ကျားရှုတဲ့ ပြီးတော့ လက်ကိုတောင် ကိုင်လိုက်သေးတယ် ဒါ ဘာကို ဆိုလိုတာလဲ ...


ကျိမြန်တွင် ပြောစရာစကား အမြောက်အများ ရှိနေသော်ငြား လင်းလဲ့ယန်ကို မြင်လိုက်ရသည့်အခါ ဘာပြော၍ ပြောရမည်မှန်း မသိတော့ချေ။ သူက နားထင်ကို ဖိနှိပ်ရင်း ပြောလိုက်သည်။ 


"ဒီနားလာထိုင်လေ စကားပြောကြရအောင် ..." 


လင်းလဲ့ယန်က တောက်ပနေသည့် အပြုံးတစ်ပွင့်ကို တမင်တကာ လှစ်ဟလိုက်သည်။ သူ့စိတ်ထဲတွင် မည်မျှပင် ပူပန်နေပါစေ၊ ကျိမြန်၏ အရှေ့တွင်မူ လင်းလက်တောက်ပသည့်ဘက်ခြမ်းကိုသာ ပြသထားသည်။ အကြောင်းမှာ ကျိမြန်သည် ပူလောင်သူများကို သည်းမခံနိုင်၊ သန့်စင်သည့်အရာများကိုသာ သဘောကျတတ်ကြောင်း သိထား၍ဖြစ်သည်။ 


ကျိမြန်၏ လှုပ်ရှားမှုတို့ ရုတ်ချည်း ရပ်တန့်ကာ ကြက်သေသေသွားတော့သည်။ လင်းလဲ့ယန်ကို နားမလည်နိုင်တော့ဟန်ဖြင့် အတော်ကြာ စိုက်ကြည့်လိုက်ပြီးကာမှ သက်ပြင်းချလျက် ပြောလိုက်သည်။ 


"ချိန်ဖမ်းရှင်းပြောတာ ကြားတယ် မင်းက ရိုက်ကွင်းကို အစောကြီးလာပြီး ကူညီပေးနေတာဆို ဒီလိုမျိုးတွေ ထပ်လုပ်ဖို့ မလိုအပ်တော့ဘူး မင်းက ဒီကို သရုပ်ဆောင်လုပ်ဖို့ လာတာ လက်တိုလက်တောင်း ခိုင်းရမယ့် အလုပ်သမားလုပ်ဖို့ လာတာ မဟုတ်ဘူး မင်းတာဝန်က ဇာတ်ကောင်ကို ကောင်းကောင်းမွန်မွန် သရုပ်ဆောင်နိုင်ဖို့ပဲ ..." 


"ဟုတ်ကဲ့ပါ ကျိကော ..." 


လင်းလဲ့ယန်က ကတိပေးလိုက်သော်ငြား အတွင်းစိတ်ထဲတွင်မူ အင်မတန် ဝမ်းနည်းသွားတော့၏။ 


သူက လူသစ်လေ နောက်ခံလည်းမရှိ၊ အရင်းအမြစ်လည်း မရှိ၊ အရည်အချင်းလည်း မရှိ၊ ထုတ်လုပ်ရေးအဖွဲ့ထဲကို ရောက်တဲ့အခါ လူတိုင်းနဲ့ ဆက်ဆံရေးကောင်း ရှိထားမှ ဖြစ်မှာပေါ့ မဟုတ်ရင် အနာဂတ်မှာ ဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ သူကရော ဒီအလုပ်တွေကို လုပ်ရတာ ကြိုက်တယ်များ ထင်နေလား အဆက်အသွယ်တွေ ဖြန့်ကျက်နိုင်ပြီး ရိုက်ကူးရေး အဖွဲ့သားတွေ အကောင်းမြင်တာကို ခံချင်လို့လေ သူ့မှာသာ ရှောင်ကျားရှုလို နောက်ခံကောင်းကောင်းရှိရင်၊ ဒါမှမဟုတ် ကျိကောလို ဟိုးအမြင့်အထိ တက်သွားနိုင်ရင် ဘာမှ ကူမလုပ်ဘဲ လူတိုင်းကို လျစ်လျူရှုထားလိုက်မှာပေါ့ ... 


ဒါပေမယ့် အခုလောလောဆယ်မှာတော့ တစ်လှမ်းချင်း လှမ်းရုံကလွဲလို့ ဘာများ ရွေးစရာ ရှိမှာလဲ ဒီရိုက်ကွင်းထဲမှာ ဘယ်တစ်ယောက်ကိုများ အပြစ်ပြုမိလို့ ရနိုင်လဲ စဉ်းစားကြည့်လိုက်ပါဦး မိတ်ကပ်၊ မီးထိုးမှန်ထိုး၊ တည်းဖြတ်ရေး ... လူတိုင်းက သူ့ကို ဒုက္ခရောက်အောင် လုပ်နိုင်ကြတာပဲလေ ကျိကောက ဒါတွေကို လုံးဝ နားမလည်ပါဘူး ... 


လင်းလဲ့ယန်၏ စိတ်ထဲတွင် မကျေမချမ်းနိုင်မှုများ ပြည့်နှက်နေသော်ငြား ကျိမြန်မြင်သာအောင်တော့ ထုတ်ပြ၍ မရချေ။ သူ့အနေဖြင့် ပြုံးနေရုံသာ ရှိတော့သည်။ 


ကျိမြန်က ခေါင်းကို ယမ်းရင်း နဖူးကို နှိပ်နယ်လိုက်သည်။ သူ့ပုံစံမှာ ပို၍ပင် နွမ်းနယ်လာဟန်ပင်။ အချိန်အတော်ကြာသည်အထိ စဉ်းစားပြီးကာမှ ပြောလိုက်သည်။ 


"လဲ့ယန် အခုအချိန်မှာ မင်းရဲ့ အဆက်အသွယ်တွေ ဖြန့်ကျက်ပြီးတော့ ဒါရိုက်တာလော အကောင်းမြင်တာ ခံရဖို့ကို အားသန်နေမှန်း ကိုယ်နားလည်ပါတယ် ဒါပေမယ့် ကိုယ်က မင်းရဲ့ အဆက်အသွယ်၊ မင်းရဲ့ အရင်းအမြစ်တွေဆိုတာကိုတော့ မမေ့ဖို့ သတိပေးချင်တယ် မင်း မလုပ်ချင်တာတွေကို အောင့်အည်းသည်းခံပြီး လုပ်နေဖို့ မလိုအပ်ဘူး မင်းက သရုပ်‌ဆောင်ရတာကို ကြိုက်တယ် မဟုတ်လား ဒါဆို ရည်မှန်းချက် ချပြီးပြီလား ..." 


"ကောနဲ့ ရင်ဘောင်တန်းပြီး ရပ်နိုင်မယ့် ရုပ်ရှင်ဧကရာဇ်တစ်ယောက် ဖြစ်ချင်ပါတယ် ..." 


တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် လင်းလဲ့ယန်က ပြန်ဖြေလိုက်သည်။ ထို့ကြောင့်လည်း ကျိမြန်အပေါ် မမှီခိုလိုခြင်းဖြစ်သည်။ သူသည်လည်း ယောကျာ်းတစ်ယောက်ပင် ဖြစ်ရာ ကျိမြန်၏ ဂရုစိုက်ပေးမှုကိုသာ လက်ခံနေရပါလျှင် အောင်မြင်လာသည့်တိုင် အဓိပ္ပါယ်ကင်းမဲ့နေပေမည်။ 


ကျိမြန်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ စကားကို မည်ကဲ့သို့ ဆက်ပြောသင့်မှန်းပင် မသိတော့ချေ။ 


"မင်းက ရုပ်ရှင်ဧကရာဇ် ဖြစ်ချင်တာဆို ဒီပန်းတိုင် ရောက်အောင်ပဲ အားသွန်ခွန်စိုက် လုပ်နေရမှာလေ ဘေးနားက လူတွေကို အာရုံထားမနေနဲ့ ကုမ္ပဏီပြန်ရောက်ရင် မင်းကို အတန်းတစ်တန်း အပ်ပေးမယ် မင်းရဲ့ သရုပ်ဆောင်စွမ်းရည်တွေက အဆင့်မြှင့်တင်ဖို့ လိုအပ်နေသေးတယ် ..." 


ရှောင်ကျားရှုနှင့် ပတ်သက်၍မူ ဆက်မပြောလိုတော့။ အနာဂတ်တွင် တစ်ဖြည်းဖြည်း စိမ်းသက်သွားကြလိမ့်မည်။ 


Xxxxxxx