အပိုင်း ၃၈
Viewers 43k

Chapter 38


သူက လူသစ်တစ်ဦးကို ကြည့်ကာ ပြောလိုက်သည်။


"မင်းမျက်နှာကိုတော့ ငါးမှတ်ပေးမယ် ဘာလို့လဲသိလား ဘာလို့လဲဆိုတော့ မင်းမျက်နှာက အရမ်းကို နုဖတ်နေလို့ မင်းက ဒီနှစ်ထဲဆို ၂၆ နှစ်ရှိပြီ ဒါပေမယ့် ထပ်ပြီးတော့ ရင့်ကျက်လာမယ့် အရိပ်အယောင် မတွေ့ရသေးဘူး ယေဘုယျအားဖြင့် ခြုံ‌ငုံပြောရရင် အသက်ငယ်တဲ့ ဇာတ်ကောင် ဒါမှမဟုတ် တက္ကသိုလ်နောက်ခံ ဇာတ်လမ်းတွေကလွဲလို့ တစ်ခြား ဘယ်ဇာတ်ကောင်ကိုမှ သရုပ်ဆောင်နိုင်မှာ မဟုတ်ဘူး မင်း သရုပ်‌ဆောင်တာ ဘယ်လောက်ကောင်းကောင်း ဒီ ကလေးမျက်နှာလေးနဲ့ဆို ရွေးစရာ ဘောင်ကျဉ်းလွန်းတယ် မင်းက သရုပ်ဆောင်နတ်ဘုရား ဖြစ်နေရင်တော့ တစ်မျိုးပေါ့ ..." 


လှောင်ပြောင်နေသည့် လူသစ်လေး၏ မျက်နှာမှာ မိုးကြိုးပစ်ချခံလိုက်ရသည့်နှယ် တောင့်တင်းသွားတော့သည်။ 


ဟွမ်ကျိကျင်းက ကျန်လူသစ်တစ်ယောက်ကို ညွှန်ပြလိုက်သည်။ 


"မင်းကတော့ ရင့်ကျက်ခန့်ညားတဲ့ ရုပ်ကလေး ပေါက်ပေမယ့် မျက်နှာကို ခွဲစိတ်ထားတယ် မဟုတ်လား သဘာဝကျကျလည်း မရယ်နိုင်သလို အမူအယာတွေ အများကြီးလည်း မလုပ်နိုင်ဘူး မျက်နှာသေနဲ့ပဲ နေရမယ့် ဇာတ်ကောင်မျိုးဆိုရင်တော့ အဆင်ပြေပေမယ့် ကောင်းကောင်းမွန်မွန်‌တောင် မရယ်နိုင်၊ မငိုနိုင်ရင် သရုပ်ဆောင်လုပ်ဖို့ဆိုတာ ခဲယဉ်းမှာပဲ မင်းကို Botox တွေ လျော့ထိုးဖို့ အကြံပေးချင်တယ် အဲဒါက မင်းမျက်နှာကြွက်သားတွေကို ဖျက်ဆီးပစ်လိမ့်မယ် ကြွက်သားမရှိတော့ရင် မင်း ဘယ်လိုလုပ်ပြီး သရုပ်ဆောင်လို့ ရတော့မှာလဲ မင်းရဲ့ ရုပ်ရည်အတွက် ၄ မှတ်ပဲ ပေးမယ် အရမ်းကို အတုအယောင်ဆန်လွန်းလို့ ..." 


နောက်ဆုံးတွင်တော့ သူနှင့် မျက်နှာချင်းဆိုင် ထိုင်နေသည့် ရှောင်ကျားရှုကို စိုက်ကြည့်ရင်း နူးနူးညံ့ညံ့ ပြောလိုက်သည်။ 


"ရှောင်ရှု မင်းကိုတော့ ၇ မှတ်ပဲ ပေးမယ် နုတ်တဲ့ ၃ မှတ်က အရမ်းကို ချောမောပြီး တက်ကြွလွန်းလို့ မင်းသာ သာမန်အိုင်ဒေါလေးဆိုရင်တော့ ဒီရုပ်ရည်က ဘုရားပေးတဲ့ဆုပဲ ဒါပေမယ့် ရုပ်ရှင်ရိုက်မယ်ဆိုရင်တော့ ဇာတ်ကောင်တွေ အများကြီးကို မထိန်းချုပ်နိုင်ဘူး မင်းသိလား ဒီနှစ် ဘယ်မင်းသား အော်စကာ ရသွားလဲဆိုတာကို အစောပိုင်းနှစ်တွေတုန်းက သူ့ရဲ့ ရုပ်ရည်က အရမ်းကို ချောမောလွန်းလို့ အော်စကာဆုနဲ့ လွဲခဲ့ရတာလေ ဒီနှစ် သူ့ရုပ်ရည်ကို ကိုယ်တိုင် ဖျက်ဆီးပစ်လိုက်ကာမှ အော်စကာ ရသွားတာ မင်းကလည်း သူ့လိုပဲ ရုပ်ရည်က အဟန့်အတား ဖြစ်နေလိမ့်မယ် ဒီလောကက တစ်ခြားနယ်ပယ်တွေနဲ့ မတူဘူး အရမ်း ချောမောလွန်းတာက တစ်ခါတစ်လေမှာ သိပ်မကောင်းဘူး ..." 


ရှောင်ကျားရှုက ကျိမြန်ကို လှမ်းကြည့်ရင်း စောဒကတက်လိုက်သည်။ 


"ကျိကောလည်း တအားချောတာပဲလေ သူဆို ရုပ်ရှင်ဧကရာဇ်တောင် ဖြစ်နေပြီ ဇာတ်ကောင်တိုင်းကိုလည်း ထိန်းချုပ်နိုင်သားပဲ ..." 


"ပြောချင်တာက ဒီဟာ ကျိမြန်လို ဖြစ်ဖို့ဆို ပရိသတ်က မင်းရဲ့ ရုပ်ရည်ကို အာရုံမစိုက်ဘဲ သရုပ်ဆောင်စွမ်းရည်ကိုပဲ အာရုံစိုက်လာတဲ့အထိ ထူးခြားစွမ်းရည်ကို ပိုင်ဆိုင်ထားမှဖြစ်မှာ သူများတွေ ကြိုးစားတဲ့အချိန်မှာ မင်းက အလွန်အကျူးကို ကြိုးစားနေရမယ် သူတို့ထက် အဆတစ်ရာလောက် ပိုပြီး ကြိုးစား တစ်ခြားသူတွေ အလွယ်တကူ သရုပ်ဆောင်နိုင်တဲ့ ဇာတ်ကောင်ကအစ စိတ်ရောကိုယ်ပါ နစ်မြှုပ်ထားမှဖြစ်မှာ လုပ်နိုင်ရဲ့လား ..." 


အမေးခံလိုက်ရသည့် ရှောင်ကျားရှု၏ အကြည့်တို့ မီးဟုန်းဟုန်းတောက်လာတော့သည်။ ခက်ခဲလေလေ အလျော့ပေးလိုစိတ် နည်းပါးလာလေဖြစ်သည်။ သရုပ်ဆောင်ခြင်းတွင် ကိုယ်စိတ်နှစ်ပါးလုံး နှစ်မြှုပ်ထားရန်မှာ အခြားသူများအဖို့ ခက်ခဲကောင်း ခက်ခဲနိုင်သော်ငြား သူ့အတွက်တော့ ပျော်စရာပင်ဖြစ်သည်။ စိတ်ကူးယဉ်မှုမှတစ်ဆင့် သီးခြားကမ္ဘာတစ်ခုဆီသို့ ဝင်ရောက်ကာ နောက်ထပ်ဘဝတစ်ခုကို ပုံဖော်ရခြင်းမှာ လွန်စွာ အံ့ဩဖွယ် ကောင်းလှပေသည်။ 


"ကျွန်တော် လုပ်နိုင်ပါတယ် ကျိကျင်ကော ကျွန်တော်က ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီး တရားဝင်သရုပ်‌ဆောင် ဖြစ်လာတော့မှာပါ ..."


သူက ဟွမ်မိန်ရွှမ်၏ လက်ဆွဲအိတ်ကို ညွှန်ပြရင်း ပြောလိုက်သည်။ 


ဟွမ်ကျိကျင်းက ခပ်ပြုံးပြုံးဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


"ဒါဆို ပြီးရင် တစ်ခေါက်ထပ်လာခဲ့ မင်းရဲ့ ခန္ဓာကိုယ်နဲ့ ပင်ကိုယ်စိတ်နေစိတ်ထားကို ထပ်ပြီး အကဲဖြတ်ပေးမယ် အနာဂတ်မှာ မင်း ဘယ်လိုလမ်းကြောင်းကို ရွေးချယ်မလဲ စဉ်းစားမယ့်အပေါ် အထောက်အကူ ဖြစ်စေတာပေါ့ မင်းရဲ့ အေးဂျင့်လည်း ..." 


လင်းလဲ့ယန်မှာ ထိုစကားများကို ဆက်နားမထောင်လိုတော့။ ကျိမြန်ကိုတစ်လှည့်၊ စိုနေသည့် ဘောင်းဘီကိုတစ်လှည့် ကြည့်နေရင်း တစ်ဖြည်းဖြည်း ရှက်ရွံ့လာမိတော့သည်။ 


သူသာ ဒေါသတကြီး ထထွက်သွားရင် ဟွမ်ကျိကျင်းက အမြင်စောင်းသွားလောက်လား ဘာပဲဖြစ်ဖြစ် ဒီမှာ မထွက်သွားရင်တောင် သူက အမြင်စောင်းနေပြီးသားပဲကို သည်းခံနိုင်စွမ်းတွေ ကုန်ခမ်းနေတာတောင် မျက်နှာထားပြင်ပြီး နားထောင်နေရတာ တကယ် စိတ်ညစ်ဖို့ ကောင်းလိုက်တာ အမြင့်ဆုံးအမှတ်တောင် ရလိုက်သေးတယ် ရှက်စရာကောင်းချက်ပဲ ... 


ကျိမြန်ကလည်း ဒါတွေကို မြင်ပြီးသွားလောက်ရောပေါ့ သူ စိတ်ပျက်သွားလောက်လား ... 


လင်းလဲ့ယန်မှာ တွေးလေလေ စိတ်ဓာတ်ကျလာလေပင်ဖြစ်သည်။ အခြားသူများသာ ရှိမနေပါလျှင် မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်တော့မည်ဖြစ်သည်။ 


ကျိမြန်က ထိုင်ခုံနောက်မီကို ခေါက်လျက် တီးတိုးပြောလိုက်သည်။ 


"ဂရုတစိုက် နားထောင်လေ ..." 


လင်းလဲ့ယန်က အာရုံကို အလျင်အမြန် ပြန်စုစည်းလိုက်ပြီးနောက် သူ့ကို မနာလိုမုန်းတီးမှုအပြည့်ဖြင့် စိုက်ကြည့်နေသော လူသစ်နှစ်ဦးကို သတိထားမိလိုက်သည်။ လောက၏ အနိမ့်အမြင့်အတက်အကျတို့ကို ကြုံခဲ့ပြီးဖြစ်သည့်အတွက် သူတို့၏ ပြောင်းလဲမှု အရင်းခံကို သဘောပေါက်လိုက်ပေသည်။ ကျိကော၏ ဂရုစိုက်မှုအောက်တွင် ရှိနေသည့် အနုပညာရှင်တစ်ဦး ဖြစ်သည့်အပြင် ကျိကောကလည်း သူနှင့်အတူ အတန်းလာတက်ပေးသေးသည်။ ထိုဆက်ဆံရေးတစ်ခုတည်းဖြင့်ပင်လျှင် သူ၏ စမှတ်သည် ကျန်သူများထက် မြင့်မားနေပြီဖြစ်သည်။ 


တစ်ချို့လူတွေက ဒီပေါ်မှာ မှီခို၊ ဂရုစိုက်ရုံတင်မကဘူး အားပေးအားမြှောက်လည်း လုပ်ကြသေးတာပဲ ... 


လင်းလဲ့ယန်က အတွေးစတို့ကို ဖြတ်တောက်ကာ လက်ချာ‌အပေါ် အာရုံစိုက်လိုက်ချိန်တွင် ဟွမ်ကျိကျင်းက ပြောပြီး၍ စာအုပ်စာရင်းများပင် ပေးနေပြီဖြစ်သည်။ 


ကျိမြန်က ထိုင်ခုံနောက်မီကို စဉ်ဆက်မပြတ် ခေါက်နေခြင်းမှာ လင်းလဲ့ယန်ကို အာရုံစိုက်စေလိုသည့် ရည်ရွယ်ချက်တစ်ခုတည်းကြောင့် မဟုတ်ချေ။ မျက်ခုံးနှစ်ခုအကြားတွင် စိတ်ပျက်ဝမ်းနည်းမှုတို့ ပြည့်နှက်နေသည်။ 


သူက ဟွမ်ကျိကျင်းအနောက် တကောက်ကောက်လိုက်ကာ မေးခွန်း‌ထုတ်နေသည့် ရှောင်ကျားရှုကိုတစ်လှည့်၊ စာအုပ်စာရင်းကိုင်ကာ လမ်းပတ်လျှောက်နေသည့် လင်းလဲ့ယန်ကို တစ်လှည့် ကြည့်ကာ သတိပေးလိုက်သည်။ 


"မနက်ဖြန် ရိုက်ကူးရေး ပြီးကာမှ အတန်းပြန်လာတက်လည်း အဆင်ပြေတယ် ဟွမ်ကျိကျင်းရဲ့ အတန်းချိန်တွေက အတည်တကျ မရှိဘူး သူက တစ်ယောက်ချင်းရဲ့ အရည်အချင်းပေါ် မူတည်ပြီး အတန်းကို စီစဉ်တာ မင်း မြန်မြန် လေ့လာနိုင်လား ဖြည်းဖြည်းပဲ လေ့လာနိုင်လားဆိုတာပေါ် မူတည်တယ် အကုန်လုံးပေါင်းမှ သင်ခန်းစာခြောက်ခုပဲရှိတာ အခွင့်အရေးကို ကောင်းကောင်း ဆုပ်ကိုင်ထား မဖြုန်းတီးမိစေနဲ့ ..." 


လင်းလဲ့ယန်က ရှက်သွေးဖြာရင်း ပြန်ဖြေလိုက်သည်။ 


"ကျိကော မစိုးရိမ်ပါနဲ့ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ် ...


ကျိမြန်က ချိန်ဖမ်းရှင်းကို ပထုတ်ကာ လင်းလဲ့ယန်ကို ရုံးခန်းထဲသို့ ခေါ်လာလိုက်သည်။ ထို့နောက်မှ သူက အေးအေးဆေးဆေး ပြောလိုက်သည်။ 


"လဲ့ယန် ကိုယ် ဒီနေ့ မင်းရဲ့ ပြဿနာတစ်ခုကို သတိထားမိလိုက်တယ် မင်းက အာရုံထွေပြားလွယ်နေတယ် အတွေးနွံထဲကနေ အလွယ်တကူ ရုန်းမထွက်နိုင်ဘူး သရုပ်ဆောင်တစ်ယောက်အတွက် အာရုံစူးစိုက်မှုက အရေးအကြီးဆုံးပဲ ပြင်ပလွှမ်းမိုးမှုတွေကြောင့် မင်းရဲ့ အာရုံစူးစိုက်မှုတွေကို မဖျက်ဆီးမိစေနဲ့ နာမည်ကြီးလာလေ ဝေဖန်မယ့်သူတွေ များလာလေပဲ ကောင်းတာရော ဆိုးတာရော မုန်းတဲ့ဒဏ်တွေကိုပါ ခံရမှာ စဉ်းစားကြည့်လိုက် မင်းရဲ့ လက်ရှိစိတ်အခြေအနေနဲ့ဆို ဒါတွေကို ကိုင်တွယ်နိုင်ပါ့မလားလို့ ..." 


လင်းလဲ့ယန်က အနည်းငယ် တုန့်ဆိုင်းနေပြီးနောက် ခေါင်းကို အသာယမ်းပြလိုက်သည်။ လူထုတစ်ရပ်လုံး၏ မှတ်ချက်ကို မဆိုထားနှင့်။ ဟွမ်ကျိကျင်း၏ စကားအနည်းငယ်ကိုပင် သည်းမခံနိုင်သေးချေ။ သရုပ်ဆောင်တစ်ဦးအတွက်မူ ဤဖြစ်ရပ်မျိုးကို မြေကြီးလက်ခတ်မလွဲ ကြုံတွေ့ရမည်ဖြစ်သည်။ 


"ကျိကော ကျွန်တော် သဘောပေါက်ပါပြီ အနာဂတ်မှာ ရိုက်ကူးရေးအပေါ်မှာပဲ အာရုံစိုက်ပါတော့မယ် ကောပြောထားသလိုပဲ ကိုယ့်လမ်းကိုပဲ ဂရုစိုက်ပြီး ဘေးစကားတွေကို နားမယောင်တော့ပါဘူး ..." 


"ဟုတ်ပြီ မင်းသာ သရုပ်ဆောင်စွမ်းရည်ကို တိုးတက်အောင် လုပ်နိုင်ရင် မင်းရဲ့ လမ်းကြောင်းက တစ်ဖြည်းဖြည်း ကျယ်ပြန့်လာပြီး ပန်းတိုင်နဲ့ နီးကပ်လာမှာပဲ ဘေးနားက လူတွေ၊ အရာဝတ္ထုတွေကြောင့် စိတ်အာရုံထွေပြားတာက မင်းအတွက် အဆိုးဘက်ကိုပဲ ဦးတည်နေလိမ့်မယ် ..." 


သူက လက်ကို ယမ်းပြလိုက်သည်။ 


"အိုကေ ဒါဆို ပြန်နှင့်တော့ အနာဂတ်မှာ သရုပ်ဆောင်တဲ့အပေါ်မှာပဲ အာရုံစိုက်ထား ..." 


"ကျေးဇူးတင်ပါတယ် ကျိကော ..." 


လင်းလဲ့ယန်က တံခါးဝနား ရောက်ကာမှ နောက်ပြန်လှည့်ကာ ကျိမြန်၏ နှုတ်ခမ်းကို အပြေးလေး နမ်းလိုက်သည်။ 


ကျိမြန်က ယုန်တစ်ကောင်ထက်ပင် မြန်လှသည့် အရှိန်ဖြင့် ပြေးထွက်သွားသူကို ကြည့်ရင်း ခါးသီးစွာ ရယ်မောလိုက်သည်။ 


တစ်ဖက်တွင်မူ ရှောင်ကျားရှုသည် လင်းလဲ့ယန်ကဲ့သို့ စိတ်အနှောင့်အယှက် ဖြစ်မနေ။ သူက ဘာတစ်ခုကိုမှ ပူပန်မနေဘဲ စိတ်အေးလက်အေးသာ ဆော့ကစားနေလိုက်သည်။ ကုမ္ပဏီနှင့် စာချုပ်ချုပ်ပြီးနောက် စာချုပ်ကိုယူကာ အိမ်ပြန်ပြီး အကြောင်းကြားလိုက်သည်။ 


"အဖေ အစ်ကိုကြီး ကျွန်တော် သရုပ်ဆောင်လုပ်ချင်လို့ စာချုပ်မှာ လက်မှတ်ထိုးခဲ့လိုက်ပြီ ..." 


"ဘာပြောတယ် ..." 


ရှောင်ချီကျဲမှာ အံ့ဩမှုနှင့် ဒေါသတို့ကို တစ်ပြိုင်တည်း ခံစားလိုက်ရသည့်အတွက် မျက်နှာတစ်ခုလုံး မည်းပုတ်သွားတော့၏။ 


"သရုပ်ဆောင် ဖြစ်ချင်တယ် ဟုတ်လား အေး ဒါဆို အရင်ဆုံး ရှောင်အိမ်ကနေ ထွက်သွားလိုက် ငါတို့ ရှောင်မိသားစုမှာ မင်းလို ရှက်စရာကောင်းတဲ့သူမျိုး မရှိဘူးကွ ရှောင်မိသားစုရဲ့ ဒုတိယသခင်လေးက ဟိုဟိုသည်သည် ပြေးလွှားပြီး ရုပ်ရှင်ရိုက်နေရတယ်ဆိုတာ ဖြစ်သင့်တယ်များ ထင်နေလား မင်းအဘိုးသာ သိသွားရင် မင်းကို ဒီအိမ်ကနေ ချက်ခြင်း နှင်ထုတ်လိုက်မှာ သေချာတယ် ..." 


ရှောင်ကျားကျုသည် အဖိုးတန် ကျန်းမာရေးစောင့်ရှောက်မှု စံချိန်များစွာကို ပိုင်ဆိုင်ထားသည့် ရှေးရိုးစွဲအိမ်ထောင်ဦးစီး ဆရာဝန်တစ်ဦးဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုစင်တာသည် နိုင်ငံ့အကြီးအကဲများ၏ ကျန်းမာရေးကို အထူးတလည် တာဝန်ယူထားပေးရရာ သူသည် မိသားစုကို စည်းမျဉ်းစည်းကမ်းများဖြင့် တင်းတင်းကြပ်ကြပ် အုပ်ချုပ်ကာ အာဏာရှင်ဆန်ဆန် အတွေးအခေါ်များကို လက်ကိုင်ထားသူဖြစ်သည်။ 


ရှောင်ချီကျဲ၏ ရွှယ်မြောင်နှင့် လက်ထပ်မှုကပင်လျှင် ပုန်ကန်ထကြွမှုဟု သတ်မှတ်၍ရရာ သူ့သား၏ ဆန္ဒမှာ ပို၍ပင် အာဏာဖီဆန်ရာ ရောက်ပေသေးသည်။ ရှောင်ကျားကျုသာ ဤအကြောင်းကို သိပါလျှင် မုချ ဒေါသပုန်ထမည်ဖြစ်သည်။ 


ရှောင်ကျားရှုက စကားပြောရန် ပြင်နေစဉ်မှာပင် ရွှယ်မြောင်က အေးစက်စွာ ဝင်ပြောလိုက်သည်။ 


"ကျွန်မတို့ သားအမိက ရှောင်မိသားစုအတွက် ဘယ်လောက်တောင် ရှားပါးလိုက်သလဲ သား ‌အပေါ်ထပ်သွားပြီး အထုပ်တွေ သိမ်းလာခဲ့လိုက်တော့ အမေ မင်းနဲ့အတူ လိုက်ခဲ့ပေးမယ် ..." 


"အမေ တကယ်ကြီး သွားမလို့လား ..." 


ရှောင်ကျားရှုက ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။ သူမကို ဤမျှအထိ တည့်တိုးဆန်လိမ့်မည်ဟု လုံးဝ တွေးမထားဖူးချေ။ 


"သား ပြောပြီးကတည်းက ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ တွေးထားပြီးသားပါ အမေ အဆင်သင့် ဖြစ်နေပြီ မင်းအဖေနဲ့ အဘိုးရဲ့ လုပ်ရပ်တွေက မလျော်ကန်ဘူးလေ သွားကြရအောင် ..." 


သူမက ရှောင်ချီကျဲကို ကြည့်ကာ ပြောလိုက်သည်။ 


"ရှင် ကွာရှင်းချင်တာပဲဖြစ်ဖြစ် ရှောင်ရှုရဲ့ အမွေဆက်ခံခွင့်ကို ရုတ်သိမ်းချင်တာပဲဖြစ်ဖြစ် စိတ်ကြိုက်သာလုပ် ကျက်သရေ မရှိတဲ့သူအဖြစ် ဆယ်စုနှစ်တွေ အများကြီး အပြောဆိုခံလာရတာ လုံလောက်တာထက် ပိုနေပြီ ရှင်တို့ ရှောင်မိသားစုကို ဆက်ပြီး အိုးမဲသုတ်မှာ မဟုတ်တော့လို့ စိတ်ချလက်ချသာ နေပါ ရှောင်ရှု သားရော ရှောင်ရဲ့ ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်နိုင်ရဲ့လား ..." 


ရှောင်ကျားရှုက တွေးပင် တွေးမနေဘဲ ချက်ခြင်း ခေါင်းငြိမ့်ပြလိုက်သည်။


"ဘာပဲဖြစ်ဖြစ် အဲဒါတွေက ကျွန်တော့်အတွက်မှ မဟုတ်တာ ဘာလို့ တွန့်ဆုတ်နေရမှာလဲ အဘိုးပေးထားတဲ့ ရှယ်ယာတွေလည်း အစ်ကိုကြီးဆီ လွှဲပေးပြီးပြီ ရှယ်ယာ လွှဲပေးထားတဲ့ စာချုပ်က အိပ်ယာခေါင်းရင်းက ဗီရိုထဲမှာ သတိတရနဲ့ ယူလိုက်ဦး ..." 


ရှောင်ချီကျဲမှာ ဒေါသထွက်လွန်း၍ စကားပင် မပြောနိုင်တော့။ သူ့လက်များမှာ‌ လေဖြတ်ထားသူနှယ် တဆတ်ဆတ် တုန်လာတော့သည်။ တစ်လျှောက်လုံး အသံတိတ်နေခဲ့သည့် ရှောင်တင်းပန်းက ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ 


"လွှဲပြောင်းခြင်းစာချုပ်မှာ ငါ လက်မှတ်ထိုးမှာ မဟုတ်ဘူး ရှယ်ယာတွေက မင်းအပိုင်ပဲ သရုပ်ဆောင်ဖြစ်ချင်တယ်ဆိုရင်တော့ အဘိုးနဲ့ အဖေရဲ့ အကူအညီကို မယူသရွေ့ မင်းသဘောပဲ အိမ်တော်ထိန်းလီ အန်တီရွှယ်နဲ့ အာ့ရှောက်ရဲ့ ခရီးဆောင်အိတ်တွေကို ကူသယ်ပေးလိုက်ပါဦး ..." 


သူ့အစ်ကိုက ချက်ခြင်း သွားခွင့်ပြုလိုက်သည့်အပေါ် ရှောင်ကျားရှုမှာ မယုံနိုင်သေးချေ။ ရွှယ်မြောင်ကမူ ထူးဆန်းသည်ဟုပင် မတွေး။ ရှောင်တင်းပန်း၏ အတွင်းစိတ်မှာ ခန့်မှန်း၍ မရလောက်အောင် နက်ရှိုင်းသည့်တိုင် တရားလွန် ဆိုးဝါးနေသူတော့ မဟုတ်ချေ။ သူက မိသားစုအမွေအတွက် ရှောင်ကျားရှုနှင့် တိုက်ခိုက်ရမည်ကို မနှစ်မြို့သူသာဖြစ်ရာ ရှောင်ရှုပိုင်ဆိုင်သည့် ရှယ်ယာများကိုတော့ လောဘတကြီး ယူလိမ့်မည် မဟုတ်ချေ။ ရှောင်ရှု သရုပ်ဆောင်တစ်ယောက် ဖြစ်လာပါလျှင် သူ့အတွက် ပိုပြီး အကျိုးရှိမည်ဖြစ်သည့်အတွက် သဘောမတူဘဲ နေမည် မဟုတ်။ ရှောင်ချီကျဲနှင့် လူအိုကြီးရှောင်ကိုပင် ကူညီကာ နားချပေးလိမ့်ဦးမည်။ 


အိမ်အကူများက အိတ်နှစ်လုံးဖြင့် ဆင်းလာကာ သားအမိနှစ်ဦးကို ချက်ခြင်း လိုက်ပို့ပေးလိုက်သည်။ ရှောင်တင်းပန်းက တံခါးဝနားတွင်ရပ်ကာ ကားထွက်သွားသည်ကို ကြည့်နေစဉ် အသိစိတ်ပြန်ကပ်လာပြီဖြစ်သော ရှောင်ချီကျဲက ဒေါသတကြီး ပြောလိုက်သည်။ 


"သူတို့ကို သွားခွင့်ပြုလိုက်တယ်ပေါ့ ဟုတ်လား မင်းတို့အားလုံးက ငါ့ကို စိတ်ကုန်သွားအောင် လုပ်နေကြတာပဲ ငါတို့ ရှောင်မိသားစု နှစ်တွေ ရာချီပြီး ရှိလာတဲ့တစ်လျှောက် ဒီလိုမျိုး အရှက်ရစရာသားမျိုး တစ်ခါမှ မမွေးထုတ်ခဲ့ဖူးဘူး ..." 


"တော်လောက်ပြီ အဖေ သူတို့လည်း ထွက်သွားကြပြီ ..." 


သူက အပေါ်ထပ်အင်္ကျီကို ဝတ်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ 


"အိမ်ဟောင်းကို ပြန်သွားလိုက်ဦးမယ် အဘိုးဆီပါ တစ်ခါတည်း ဝင်လိုက်မှာဆိုတော့ အဖေ စိတ်ပူမနေနဲ့တော့ ..." 


Xxxxxxxx