အပိုင်း ၃၉
Viewers 44k

Chapter 39


သူက အပေါ်ထပ်အင်္ကျီကို ဝတ်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ 


"အိမ်ဟောင်းကို ပြန်သွားလိုက်ဦးမယ် အဘိုးဆီပါ တစ်ခါတည်း ဝင်လိုက်မှာဆိုတော့ အဖေ စိတ်ပူမနေနဲ့တော့ ..." 


ရှောင်ကျားရှုမှာ သူ့အစ်ကို၏ ဆိုလိုရင်းကို လုံးဝ နားမလည်သေးချေ။ လူအိုကြီးရှောင်က ညလယ်ခေါင်တွင် သက်တော်စောင့်များလွှတ်ကာ အတင်းအဓမ္မ ပြန်ဆွဲခေါ်လာလိမ့်မည်ဟု တွက်ဆလိုက်သော်ငြား တစ်ညလုံး အပူအပင်ကင်းကင်းဖြင့် အိပ်မောကျသွားခဲ့သည်။ နောက်နေ့မနက် နိုးလာချိန်အထိ ဖြစ်ပျက်သွားသည်များကို မယုံကြည်နိုင်သေး။ သို့သော် သေးငယ်သည့်တိုင် နွေးထွေးကာ လွတ်လပ်သည့် လေထုတို့ ပြည့်နှက်နေသည့် တိုက်ခန်းငယ်လေးကြောင့် စိတ်လှုပ်ရှားလာတော့သည်။ 


ရှောင်မိသားစုစံအိမ်မှ ထွက်လာပြီးနောက် ရှောင်ကျားရှု၏ တစ်ကိုယ်လုံး လွတ်လပ်ပေါ့ပါးလာကာ ရွှယ်မြောင်သည်လည်း အလားတူပင်ဖြစ်သည်။ သူမက အပွင့်ရိုက်အေပရွန်တစ်ထည်ကို ဝတ်ကာ ခေတ်စားနေသည့် သီချင်းတစ်ပုဒ်ကို ဆိုညည်းလျက် မနက်စာပင် ပြင်ဆင်နေလိုက်သေးသည်။ 


"အမေ ဒီမနက်အတွက် ဘာစားရမှာလဲ ..." 


ရှောင်ကျားရှုက သွားတိုက်နေရင်းတန်းလန်း မီးဖိုထဲသို့ ဝင်ကာ မေးလိုက်သည်။ 


ရွှယ်မြောင်က အသံမြည်နေသည့် ဖုန်းကို ကောက်ကိုင်ကြည့်လိုက်ကာ ခေါ်ဆိုသူမှာ ရှောင်ချီကျဲဖြစ်ကြောင်း သိလိုက်ရသည်နှင့်တစ်ပြိုင်နက် ဖုန်းကို ချပစ်ရင်း ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။ 


"ခရမ်းချဉ်သီးကြက်ဥခေါက်ဆွဲ အမေ ဟင်းမချက်ဖြစ်တာ တော်တော်ကြာပြီ‌ဆိုတော့ လက်ရာတွေက အရင်လို ကောင်းသေးရဲ့လားတောင် မသိတော့ဘူး ..." 


"အရသာရှိလိုက်တာ တကယ်ကို စားဖိုမှူးအဆင့်ပဲ ..." 


ရှောင်ကျားရှုက ခေါက်ဆွဲပြုတ်၏ မွှေးရနံ့ကို အားရပါးရ ရှုသွင်းရင်း လက်မထောင်ကာ ပြောလိုက်သည်။ 


ဒါက သူ လိုချင်ခဲ့တဲ့ မိသားစုပုံစံမျိုးပဲ ဗီလာတွေ ခြံဝင်းအကျယ်ကြီးတွေ ပြီးတော့ လူစည်ကားတဲ့ ဧည့်ခံပွဲတွေ မရှိဘူး နေရောင်ဖြာကျနေတဲ့ တိုက်ခန်းသေးသေးလေးထဲမှာ သားအမိနှစ်ယောက်တည်း ... 


သားဖြစ်သူ၏ စကားများကြောင့် ဖရဏာပီတိ ဂွမ်းဆီထိသွားရှာလေသော ရွှယ်မြောင်က သူ့ကို လောဆော်လိုက်သည်။ 


"သွက်သွက်လက်လက်လေး သွားတိုက်၊ မျက်နှာသစ်ဖို့ လုပ်တော့ ခဏလောက်နေရင် စားလို့ရပြီနော် ..." 


မျက်နှာသစ်ဆေးကြောခြင်းကို အမြန်ဆုံး ဆောင်ရွက်ပြီးနောက် ရှောင်ကျားရှုက မီးဖိုချောင်ထဲ ပြန်လာကာ ပြောလိုက်သည်။ 


"အမေ ကျွန်တော်တို့ စောစောစီးစီး ပြောင်းလာနိုင်ခဲ့ရင် ကောင်းမှာပဲနော် ..." 


ရွှယ်မြောင်က သူ့ပုခုံးကို ပုတ်လျက် ခါးသီးစွာ ပြောလိုက်သည်။ 


"အမေက သားအတွက် ပြီးပြည့်စုံတဲ့ အိမ်တစ်လုံး ပေးချင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ သားကိုပဲ နာကျင်စေခဲ့မိတယ် ရှောင်ရှု အမေ သားအဖေနဲ့ ကွာရှင်းချင်တယ်ဆိုရင်ရော ဘယ်လို သဘောရလဲ ..." 


ရှောင်ကျားရှုက လက်ကိုယမ်းကာ စိတ်မဝင်စားလေဟန်ဖြင့် ပြောလိုက်သည်။ 


"အမေ ပျော်နေသရွေ့ သားက ပြဿနာ မရှိဘူး ..." 


"အိုကေ ဒါဆို အမေ ရှေ့နေနဲ့ ဆက်သွယ်လိုက်တော့မယ် ..." 


ရွှယ်မြောင်က ပြောလိုက်သည်။ သည်းမခံနိုင်သည့် ရှောင်ချီကျဲက သူမကို ကွာရှင်းပြတ်စဲခြင်း သဘောတူစာချုပ်တစ်စောင် ပေးပို့လိုက်ပြီး အကယ်၍ သူမသာ ကွာရှင်းလိုပါလျှင် ခြူးတစ်ပြားမှ ရလိမ့်မည်မဟုတ်ဟု ဖော်ပြထားသည်။ 


ရွှယ်မြောင်က လှောင်ရယ်လိုက်သည်။ 


"သဘောတူတယ် ကွာရှင်းစာချုပ်ကို လက်မှတ်ထိုးပြီးရင် ကျွန်မ ရှေ့နေဆီ ပို့ထားလိုက် သူ့ကို အပြည့်အဝ အာဏာလွှဲထားပြီးသား ..." 


သူမက ရှေ့နေ၏ လိပ်စာကတ်ကို ပေးလိုက်သည်။ 


များမကြာမီ ရှောင်ချီကျဲက ရှေ့နေနှင့် ဆက်သွယ်ကာ ကွာရှင်းစာချုပ်ကို လက်မှတ်ထိုးပြီး သူမထံ ‌ပို့ပေးလိုက်သည်။ 


ရှောင်မိသားစုဆိုတာ တရုတ်ပြည်ရဲ့ ပထမတန်းစား မိသားစုလေ ရွှယ်မြောင်က သူမရဲ့ နေရာကို အလွယ်တကူ လက်လျော့လိမ့်မယ်လို့ လုံးဝ မယုံဘူး ... 


မယုံလည်းနေလေ စောင့်ကြည့်လိုက် ... 


ရွှယ်မြောင်၏ အကြည့်တို့က ဖုန်းစခရင်ပေါ်တွင် ရပ်တန့်နေသည်။ "ငယ်ရွယ်စဉ် အချိန်တွင် ဆန်ကုန်မြေလေးကောင်နှင့် မတွေ့ဖူးသူ မရှိ" ဟူသည့် ဆိုရိုးစကားပင် ရှိသေးသည်။ ရှောင်ချီကျဲသာ ငါးဆားနူဖြစ်မှန်း ကြိုသိခဲ့ပါလျှင် သူနှင့် လက်ထပ်လိမ့်မည် မဟုတ်ချေ။ သူမ၏ အသက်မွေးဝမ်းကြောင်း၊ ရည်မှန်းချက်အားလုံး ထိုသူကြောင့် ပျက်စီးသွားခဲ့ရသည်။ 


သူ့အမေ စိတ်အခြေအနေမကောင်းကြောင်း သတိထားလိုက်မိသည့်အတွက် ရှောင်ကျားရှုက သူမကို ပွေ့ဖက်ကာ ကလေးတစ်ယောက်နှယ် ချွဲနွဲ့ရင်း နှစ်သိမ့်ပေးလိုက်သည်။ 


"အမေ စိတ်တိုနေစရာ မရှိပါဘူး ကျွန်တော်တို့တွေ ထွက်လာပြီးကတည်းက အဆင်ပြေနေတာပဲလေ အမေ့ကိုပဲ ကြည့်ပါလား ရုပ်က ကျမှ ကျမသွားတာ သားတို့သာ အပြင်သွားရင် အမေ့ကို သားရဲ့ အစ်မလို့ပဲ ထင်ကြမှာ အဖေနဲ့ ကွာရှင်းပြီးသွားရင် ပိုတောင် အဆင်ပြေသွားလိမ့်ဦးမယ် ..." 


"တကယ်ကြီး မအိုသေးဘူးလား ..." 


ရွှယ်မြောင်က ဖုန်းကိုထုတ်ကာ ဓာတ်ပုံရိုက်လိုက်ကာမှ သူမ၏ ပုံမှာ ယခင်ကဲ့သို့ပင် တောက်ပတက်ကြွကာ စတိုင်မိမိုက်နေဆဲဖြစ်ကြောင်း သိလိုက်ရတော့သည်။ 


ရှောင်ကျားရှုလည်း ထိုအခါမှ စိတ်အေးသွားတော့သည်။ သူက သူမကို နှုတ်ဆက်ကာ ယုရှန်ရွှမ်ဆိုင်မှ မနက်စာဝယ်ပြီး လောကျန်းဝေ့ကို အတူတူစားရန် ဖိတ်ခေါ်လိုက်သည်။ စတူဒီယိုထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ကျိမြန်နှင့် စကားပြောနေသော ရှို့ချန်ယုကိုပါ တွေ့လိုက်ရသည်။ 


"အန်ကယ်ရှို့ ကျိကော ဒါရိုက်တာလော ကျွန်တော် မနက်စာ ဝယ်လာတယ် ..." 


သူ့လက်ထောက်နှင့်အတူ စားပွဲပေါ်သို့ စားစရာအထုပ်ပေါင်းများစွာကို တင်လိုက်သည်။ အပြုံးတို့မှာ မနက်နေရောင်ထက်ပင် တောက်ပနေသည်။ 


အစားအစာ ချစ်မြတ်နိုးသူ လောကျန်းဝေ့က ချက်ခြင်း ရောက်ချလာကာ အသားပေါင်းတစ်ခုကို ကောက်ယူရင်း တအံ့တဩ မေးလိုက်သည်။ 


"ဘာသတင်းကောင်းတွေ ရှိလို့လဲ ရှောင်ကျားရှု ပြောပါဦး ငါတို့ကို နှစ်ရက်ဆက်တိုက်တောင် ကျွေးမွေးနေတာဆိုတော့လေ ..." 


ရှောင်ကျားရှုမှာ အလွန်အူမြူးနေသည့်အတွက် အားရပါးရ ထုတ်ပြောလိုက်သည်။


"အဖေရဲ့ ကန်ထုတ်တာကို ခံလိုက်ရလို့လေ ..." 


လောကျန်းဝေ့မှာ သီး၍ သေလုမတတ်ပင် ဖြစ်သွားတော့သည်။ 


ဘယ်လို အဖြေကြီးလဲ မင်းအဖေ နှင်ထုတ်တာကို ခံရတာက ဒီလောက်တောင် ပျော်စရာကောင်းလား ... 


ပြုံးနေသည့် ရှို့ချန်ယုမှာ ထိုအကြောင်း ကြားလိုက်ရသည့်အခါ ရုတ်ချည်း အေးစက်သွားတော့သည်။ သူက မေးလိုက်သည်။ 


"ရှောင်ချီကျဲက မင်းကို နှင်ထုတ်လိုက်တယ် ဟုတ်လား မင်းအမေရော ဘယ်လိုနေလဲ ..." 


ထိုသို့ပြောရင်း ရွှယ်မြောင်ကို အကျိုးအကြောင်းမေးရန် ဖုန်းကို ထုတ်လိုက်သည်။ 


အခုမှ ပြန်သက်သာလာကာစ လောကျန်းဝေ့မှာ "ရှောင်ချီကျဲ" ဟု ကြားလိုက်ရ၍ တစ်ဖန် သီးသွားပြန်တော့သည်။ ရှောင်ကျားရှု၏ နောက်ခံမှာ ကြီးမားကြောင်း သိထားသည့်တိုင် ရှောင်ဆေးဝါးလုပ်ငန်းစု၏ ဒုတိယသခင်လေးဟုတော့ လုံးဝ ထင်မထားချေ။ 


ရှောင်ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်သည့် အထူးဆေးဝါးများမှာ နိုင်ငံ့လျှို့ဝှက်ချက်ဟုပင် သတ်မှတ်၍ ရပြီး နိုင်ငံခြားဆေးကုမ္ပဏီများ အနေဖြင့် ကုန်ချောကို ရသည့်တိုင် တုပကာ ထုတ်လုပ်နိုင်ခြင်း မရှိချေ။ ၎င်းမှာ ရှောင်မိသားစု၏ အကြီးအကဲကသာ ဖော်စပ်နိုင်သည့် ‌ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းလာသော ရှေးဟောင်းဆေးညွန်းဖြစ်ကာ နောက်ကွယ်တွင် အာဏာပိုင်များကလည်း အထောက်အပံ့ ပေးထားသည်။ ရှောင်အုပ်စု၏ အောက်တွင် ကမ္ဘာ့ထိပ်သီး ဇီဝ‌ဗေဒ သုတေသန စင်တာများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းများစွာ ရှိနေကာ စိတ်ကူး၍ မရလောက်အောင်ပင် ကောင်းမွန်စွာ ချိတ်ဆက်ထားသည်။ သူသာ ရှောင်မိသားစုတွင် မွေးဖွားခဲ့ပါလျှင် သရုပ်ဆောင်အလုပ်ကို လုံးဝ ရွေးချယ်လိမ့်မည်မဟုတ်။ ရှောင်ကျားရှု၏ အတွေးတို့ကို လုံးဝ နားမလည်နိုင်တော့ချေ။ လောကျန်းဝေ့က ခေါင်းကိုသာ အသာခါယမ်းလိုက်သည်။ သခင်လေးရှောင်အပေါ် သူ့အမြင်တို့မှာ ပို၍ပင် ရှုပ်ထွေးလာတော့၏။ 


"အမေလည်း ကျွန်တော်နဲ့အတူတူ ထွက်လာတာ အန်ကယ်ရှို့ ဖုန်းဆက်မနေပါနဲ့တော့ အခုလောက်ဆို အမေက ရှေ့နေနဲ့ စကားပြောနေလောက်တယ် ..." 


ရှောင်ကျားရှုက အသားပေါင်းတစ်ခုကို စားရင်း ပြောလိုက်သည်။ 


"သွက်သွက်လေး စားလိုက် အေးသွားရင် စားမကောင်းဘဲ နေလိ့မ်မယ် ..." 


ရှေ့နေနဲ့ စကားပြောနေတယ် ဘာလို့လဲ ... 


ဖြစ်နိုင်ချေများကို တွေးမိသည့်အခါ ရှို့ချန်ယုမှာ ရင်တုန်ပန်းတုန် ဖြစ်သွားတော့သည်။ သို့သော် ထိုစိတ်ကို အလျင်အမြန် ဖိနှိပ်လိုက်၏။  


ဘယ်လိုလုပ်ပြီး မနက်စာ စားချင်စိတ် ရှိတော့မှာလဲ ... 


သူက အသားပေါင်းကို ကျိမြန်ပန်းကန်ထဲ ထည့်ပေးရင်း အမောတကော ရှင်းပြလိုက်သည်။ 


"ငါ သွားစရာလေး ရှိနေသေးလို့ ‌ရှောင်ကျားရှုကို ဂရုစိုက်ပေးလိုက်ကြပါဦး ရှောင်ရှုလည်း ဝမ်းနည်းမနေနဲ့နော် ငါ ရှောင်အိမ်ကို သွားပြီး ရှောင်ချီကျဲ ဘာဖြစ်ချင်နေတာလဲဆိုတာ မေးကြည့်လိုက်မယ် ..."


ရှို့ချန်ယု၏ နောက်ခံမှာ ရှောင်မိသားစုထက် မနိမ့်ကျလှသည့်အတွက် ရှောင်ချီကျဲဟု ခေါ်နိုင်ခြင်းဖြစ်သည်။ 


"အန်ကယ်ရှို့ မေးနေဖို့ မလိုပါဘူး ... အမေနဲ့ ကျွန်တော်လည်း အရမ်းပျော်နေတယ်လေ ..." 


သူ့စကားများပင် မဆုံးသေး။ ရှို့ချန်ယုက ပြေးထွက်သွားနှင့်ပြီ ဖြစ်သည့်အတွက် ကျိမြန်ဘက်သို့ မျှားဦးကို လှည့်လိုက်တော့သည်။ 


"ကျိကော ဒါက ကောအကြိုက်ဆုံး ကဏန်းဖက်ထုပ်လေ စားကြည့်ပါဦး ..." 


အိမ်မှ နှင်ထုတ်ခံလိုက်ရကာ ရှယ်ယာများကိုလည်း သူ့အစ်ကိုထံ လွှဲပေးလိုက်ရသည့်အပေါ် ရှောင်ကျားရှုမှာ လုံးဝ ဝမ်းနည်းမနေ။ ရုပ်ရှင်ရိုက်ကာ သူ့ရည်မှန်းချက်ပန်းတိုင်ကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်နိုင်ခွင့် ရရှိခြင်းကပင်လျှင် တန်ဖိုးဖြတ်၍ မရတော့ချေ။ တရုတ်ပြည်သို့ ပြန်ရောက်ကာစ အခြေအနေနှင့် နှိုင်းယှဉ်ပါလျှင် ယခုမှ သူ့စိတ်ကြိုက် နေထိုင်ခွင့် ရလာခြင်း ဖြစ်သည်။ 


ကျိမြန်က သူ့ကို ဂရုတစိုက် အကဲခတ်ပြီးနောက် တစ်ဖြည်းဖြည်း စိတ်အေးသွားတော့သည်။ သူက ကဏန်းဖက်ထုပ်ကိုယူရင်း အားပေးလိုက်သည်။ 


"အခု မင်းက အမှီအခိုကင်းသွားပြီဆိုတော့ အလုပ်ကို သေသေချာချာ လုပ်မှ ရမယ်နော် ..." 


"ဒါပေါ့ ဒါပေါ့ ..." 


ရှောင်ကျားရှု၏ အကြည့်တို့တွင် တွေဝေငေးမှိုင်နေခြင်း တစ်စိုးတစ်စေ့မှပင် မရှိ။ ရုပ်ရှင်ရိုက်နိုင်သရွေ့ မည်သည့်အခက်အခဲကိုမဆို ကျော်လွှားနိုင်ပေသည်။ 


ကျိမြန်က သူ့ကို နောက်တစ်ဖန် ငေးကြည့်နေလိုက်သည်။ သူ့အမူအယာတို့မှာ ရှင်းမပြတတ်မှုမှသည် ရှုပ်ထွေးမှုဆီသို့ ကူးပြောင်းသွားတော့၏။ သူ့ပုံစံမှာ အံ့ဩမှုနှင့် စိတ်မကောင်းဖြစ်မှုတို့ ရောထွေးနေဟန်ပင်။ 


ရှောင်ကျားရှုမှာ မနက်စာ စားသောက်ပြီးဖြစ်၍ ဇာတ်ညွှန်းဖတ်ရန် နားနေခန်းသို့ ပြန်လာခဲ့လိုက်တော့သည်။ စာသားများကို အပြန်ပြန်အလှန်လှန် ဖတ်ရင်း သူတစ်ယောက်တည်း အစမ်း လေ့ကျင့်နေလိုက်သည်။ 


လောကျန်းဝေ့က သူ့ကို ပြတင်းပေါက်မှတစ်ဆင့် ချောင်းကြည့်ရင်း သက်ပြင်းချလိုက်သည်။ 


"အစောပိုင်းတုန်းကတော့ ငါ ရှောင်ကျားရှုကို အရမ်း သဘောမကျခဲ့ဘူး သူ့သရုပ်ဆောင်အရည်အချင်းကလည်း မကောင်း၊ ဝီရိယလည်း မရှိလို့ ထင်ခဲ့မိတာလေ သူက ဒီနေရာကို ပြဿနာရှာဖို့ ရောက်လာတယ်ပေါ့ ဒါပေမယ့် မထင်ထားမိတာက သူ့သရုပ်ဆောင်တာက မကောင်းတာ မဟုတ်ဘဲ ပျင်းနေတာတဲ့လေ သူ့စိတ်ကို အလုံးစုံ မဖွင့်လှစ်နိုင်ခဲ့ရုံလေးတင် အခု သူများတကာတွေထက်တောင် ပိုပြီး ကြိုးစားနေပြီ ငါသာ သူ့လိုနောက်ခံမျိုး ရှိလို့ကတော့ ဦးနှောက်ပျက်မှပဲ အနုပညာလောကထဲ ဝင်ဖို့ စဉ်းစားမိမှာ ကြည့်ရတာတော့ သူက သရုပ်‌ဆောင်ရတာကို တကယ် ကြိုက်တာထင်တယ် ..." 


ကျိမြန်က ဘာမှ ပြန်မဖြေဘဲ ပြုံးလျက်သာ ခေါင်းယမ်းပြလိုက်တော့သည်။ 


ရှို့ချန်ယုက ရှောင်ချီကျဲနှင့် မည်သို့မည်ပုံ ဆွေးနွေးခဲ့သည်မသိ။ မူလက လူသစ်လေးအကြောင်း တိုးတိုးတိတ်တိတ်သာ ကြေငြာရန် ကြံရွယ်ထားသော ဟွမ်မိန်ရွှမ်က သတင်းစာ၏ အကြီးဆုံးစာမျက်နှာတွင် ရှောင်ကျားရှု၏ အလှဓာတ်ပုံများစွာကို ထည့်သွင်းရင်း အနုပညာလောကတစ်ခွင်ကို ပျံ့နှံ့စေလိုက်သည်။ ပုံအားလုံးတွင် အဆင့်မြင့် အနောက်တိုင်းဝတ်စုံများ ဆင်ယင်ပေးထားကာ လူကြီးလူကောင်းဆန်သည့် ဒီဇိုင်းနှင့် ခြိမ်းခြောက်နိုင်သည့် ပုံစံဟူ၍ နှစ်မျိုးနှစ်စား ခွဲထားပြီး ခြိမ်းခြောက်‌နေသည့်ဟန် မျက်နှာထားမှာ အဓိကဓာတ်ပုံထက်ပင် ပိုပြီး မျက်စိကျဖွယ်ရာ ကောင်းလှသေးသည်။ ငွေရောင်တို့ ဖြာထွက်နေသည့် မျက်ဝန်းဖြင့် စိုက်ကြည့်ခံရပါလျှင် စိတ်နှလုံးတို့ကိုပါ ဆွဲထုတ်ခံလိုက်သည့်နှယ်။ 


ထိုဓာတ်ပုံများ ထွက်လာသည်နှင့်တစ်ပြိုင်နက် အင်တာနက်တစ်ခွင် အုတ်အော်သောင်း‌နင်း ဖြစ်ကုန်ကြတော့သည်။ အာမေဋိတ်သံ သောသောညံကာ စခရင်ကို လျာနှင့် လျက်ကြသူများလည်း အများအပြားပင်။ 


ရှောင်ကျားရှုနှင့်အတူ လင်းလဲ့ယန်ကလည်း တစ်ချိန်တည်း ပွဲဦးထွက် ကြေငြာခဲ့သည်။ သို့သော် ကျိမြန်၏ ညွှန်ကြားချက်အရ စတူဒီယိုသည် သူ့ပွဲဦးထွက်ကို အကြီးအကျယ် မလုပ်ဘဲ "တမန်တော်" ရုံတင်သည်အထိ စောင့်ရန် ဆုံးဖြတ်လိုက်သည်။ သူ့ကျော်ကြားမှုတို့ လွယ်လင့်တကူ မကုန်ဆုံးရန် ဖြစ်သည်။ သူ့ဓာတ်ပုံအချို့ကိုသာ တရားဝင်ဝဘ်ဆိုဒ်တွင် တင်လိုက်ပြီး အပြုံးတို့မှာ ယခင်ကထက် နွေးထွေးတောက်ပ‌နေပေသည်။ အတိတ်တွင်သာ ဤသို့ ဖြစ်ခဲ့ပါလျှင် အများ၏ အာရုံစူးစိုက်မှုကို မုချ ဆွဲခေါ်နိုင်မည်ဖြစ်သည်။ 


ပရိသတ်အများစုက ကျိမြန်တစ်ယောက် ဒီလိုလူသစ်မျိုးကို ဘာကြောင့် မျက်စိကျသွားသလဲဟု ဝေဖန်မေးခွန်းထုတ်ကုန်ကြတော့သည်။ အချို့က ပူပူနွေးနွေး ပွဲဦးထွက်လာသည့် အနုပညာရှင်နှစ်ဦး၏ အလှအပ၊ အသက်အရွယ်၊ အရပ်အမြင့်၊ ပညာအရည်အချင်း၊ ပုံပန်းသဏ္ဍာန်၊ အဝတ်အစား၊ စိတ်နေစိတ်ထား အစရှိသည့် နယ်ပယ်အမျိုးမျိုးကိုပင် နှိုင်းယှဉ်ကြည့်လိုက်ကြသေးသည်။ ရလာသည့် ရလဒ်မှာမူ အလွန် စိတ်မချမ်းမြေ့ဖွယ် ကောင်းလှသည်။ 


"သူတို့တွေ ဘာတွေတွေးနေလဲကို နားမလည်နိုင်တော့ဘူး ..." 


ဟေးကျီက မှတ်ချက်ပြုလိုက်သည်။ 


"လုံးဝ မတူညီတဲ့ လူနှစ်ယောက်ကို တစ်ချိန်တည်း ပွဲဦးထွက်ခိုင်းတယ် တစ်ယောက်က မင်းသားလေးနဲ့ တူနေတဲ့အချိန်မှာ နောက်တစ်ယောက်က အခြွေအရံလေးလိုပဲ ရယ်စရာ မကောင်းဘူးလား ..." 


အချို့က စိုးရိမ်တကြီး မေးလိုက်ကြသည်။


"ကျိရှန်ရေ နောက်တစ်ခေါက်လောက်များ ပြန်မစဉ်းစားတော့ဘူးလား ရှင့်စတူဒီယိုမှာ ရှင်အပါအဝင်မှ အနုပညာရှင်သုံးယောက်ပဲ ရှိတာလေ ဘာလို့ လင်းလဲ့ယန်ကို ဒီလောက်အထိ တန်ဖိုးကြီးတဲ့ အရင်းအမြစ်တွေ ပေးမှာလဲ သူ့အရည်အချင်းကို‌ လုံးဝ မြင်ကြည့်လို့ မရဘူး ..." 


မည်သူကမှ လင်းလဲ့ယန်၏ အနာဂတ်ကို ကောင်းစွာ မျှော်မှန်းမထားကြ။ ချောမောတောက်ပသည့် သူ့ရုပ်ရည်မှာ သာမန်သူများအကြားတွင် ထူးကဲကောင်း ထူးကဲနိုင်သော်ငြား အနုပညာလောကထဲတွင်မူ များစွာ မထူးခြားလှပေ။ ပိုဆိုး‌သည့်အချက်မှာ ကြည့်ရှုသူများက သူနှင့် ရှောင်ကျားရှု၏ ဓာတ်ပုံများကို အတူတကွ ယှဉ်တွဲကာ တင်လာကြသည့်အတွက် နှစ်ဦးအကြား ကွာဟချက်မှာ ပို၍ပင် ကြီးမားလာတော့သည်။ 


Xxxxxxx