အပိုင်း ၄၀
Viewers 44k

Chapter 40


ချောမောတောက်ပသည့် သူ့ရုပ်ရည်မှာ သာမန်သူများအကြားတွင် ထူးကဲကောင်း ထူးကဲနိုင်သော်ငြား အနုပညာလောကထဲတွင်မူ များစွာ မထူးခြားလှပေ။ ပိုဆိုး‌သည့်အချက်မှာ ကြည့်ရှုသူများက သူနှင့် ရှောင်ကျားရှု၏ ဓာတ်ပုံများကို အတူတကွ ယှဉ်တွဲကာ တင်လာကြသည့်အတွက် နှစ်ဦးအကြား ကွာဟချက်မှာ ပို၍ပင် ကြီးမားလာတော့သည်။ သူတို့နှစ်ဦးအပေါ် ကုမ္ပဏီ၏ သဘောထားမှာလည်း သာမန်မျက်စိဖြင့်ပင် မြင်နိုင်ပေသည်။ တစ်ဦးကို ထူးထူးကဲကဲ မြှောက်စားကာ ကျန်တစ်ဦးကိုမူ ထူးမခြားနားပင်။ မြင်အောင် ကြည့်ဖို့ရန်ပင် ပျင်းရိစရာ ကောင်းလှတော့သည်။ 


လင်းလဲ့ယန်က ဖုန်းကို စိုက်ကြည့်ရင်း မေးလိုက်သည်။  


"ရှောင်ကျားရှုလည်း ဒီနေ့ပဲ ပွဲဦးထွက်တာလား ..." 


ချိန်ဖမ်းရှင်းက ဒေါသတကြီး ခေါင်းငြိမ့်ပြလိုက်သည်။ 


"ငါလည်း အခုမှ သတင်းရတာ မဟုတ်ရင် ငါလည်း မင်းအတွက် သတင်းဝယ်ပေးတာပေါ့ စောက်ကျိုးနည်း တစ်ယောက်က ကြီးကြီးကျယ်ကျယ် ပွဲဦးထွက်တဲ့အချိန်မှာ နောက်တစ်ယောက်ကိုကျ လူမသိသူမသိလေး လုပ်နေရတယ်ပေါ့ ဒါက သိသိသာသာကို ခွဲခြားဆက်ဆံလိုက်တာပဲ အုပ်စုဖွဲ့ပြီး အနိုင်ကျင့်နေကြတာပဲကွ မဟုတ်သေးဘူး ဥက္ကဌကျိနဲ့ သွားစကားပြောမှ ရတော့မယ် စတောင်မစရသေးဘူး မင်းကို ဖိနှိပ်နေတဲ့ အဖြစ်မျိုး လုံးဝ လက်သင့်မခံနိုင်ဘူး ..." 


"မဟုတ်ဘူး ကျိကောကို သွားမရှာနဲ့ ..." 


လင်းလဲ့ယန်က ခိုင်မာသည့် အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။ 


"ဟိုးအရင်ကတည်းက ကျိကောက ငါ့ကို ဇာတ်လမ်း ကောင်းကောင်းရိုက်ဖို့ ပြောထားပြီးသား နာမည်ကြီးလာပြီဆိုမှ တစ်ဖြည်းဖြည်း တိုးတက်အောင်လုပ်တဲ့ ရှောင်ကျားရှုလိုမျိုး ဘာအလုပ်မှ မလုပ်ရသေးခင် ရေးကြီးခွင်ကျယ်လုပ်လိုက်ရင် မြန်မြန်ကြီး ပြုတ်ကျသွားမှာပေါ့ ငါတို့ ဘာမှ‌တောင် တုန့်ပြန်နိုင်လိုက်မှာ မဟုတ်ဘူး..." 


"သူက မင်းကို ခြေနင်းတုံးလို အသုံးချသွားတာလေ ဘယ်လိုလုပ် တူနိုင်မှာလဲ ကျိမြန်ကို နည်းလမ်းရှာခိုင်းမှ ဖြစ်မယ် မပူနဲ့ ..." 


ချိန်ဖမ်းရှင်းက ဆူပူလိုက်သည်။ သူ့အကြည့်တို့မှာ ဆိုးယုတ်မှုတို့ ပြည့်လျှံနေသည်။ 


လင်းလဲ့ယန်က အတော်ကြာသည်အထိ စကားမပြော။ ထို့နောက်မှ အခိုင်အမာ ပြောလိုက်သည်။ 


"ငါပြောတာ နားထောင် ကျိကောကို သွားမနှောင့်ယှက်နဲ့ ..."


ရှောင်ကျားရှု၏ Weibo account "ရှောင်ရှုမြောင်" ကို ကုမ္ပဏီက အတည်ပြုပေးလိုက်သည်။ ယခုမှစ၍ ဤနာမည်ကို အသုံးပြုကာ selfie နှင့် ကိုယ်ရေးအချက်အလက်များ တင်နိုင်မည်ဖြစ်သည်။ လက်ရှိတွင်မူ သူ၏ column ထဲတွင် ကျိမြန်သာ ရှိနေသေးပြီး ဒါရိုက်တာလော၊ ရှစ်ထင်းဟန်နှင့် မြောင်မူချင်တို့ကို ထပ်ထည့်ရဦးမည်ဖြစ်သည်။ 


(Column က follow လုပ်ထားတဲ့လူကို ပြောချင်တာလား မသိဘူး) 


ဖုန်းကို ဖွင့်ကြည့်မိရုံရှိသေး။ သူ့အဖေထံမှ ဖုန်းဝင်လာသည်။ 


"အဖေ နေကောင်းရဲ့လား ..." 


အတိတ်ကာလများတွင် ရှောင်ချီကျဲသည် အားလပ်သည့်တိုင် သူ့သားကို စတင်ကာ မဆက်သွယ်ဖူးချေ။ နိုင်ငံခြားတွင် ပြဿနာအချို့ ကြုံပါလျှင်လည်း အတွင်းရေးမှူးကိုသာ ‌ကိုင်တွယ်စေခဲ့သည့် အာဏာရှင်ဖခင်မျိုးဖြစ်ကာ ရှိသင့်ရှိထိုက်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုများကိုလည်း ဆောင်ရွက်ပေးခဲ့ခြင်း အလျဉ်းမရှိပေ။ သို့သော် ရှောင်တင်းပန်းအတွက်ဆိုပါလျှင် သူပိုင်ဆိုင်သမျှအားလုံးကို ပေးဆပ်လိုသည့် ဖခင်ကောင်းအဖြစ် ပြောင်းသွားပြန်တော့သည်။ 


"မင်းအမေရော သူ့ကို ပြန်လာခိုင်းလိုက် မလာချင်ဘူးဆိုရင် ဘာလို့ ရှောင်မိသားစုထဲ ဝင်ဖို့ ကြံခဲ့သလဲဆိုပြီး မေးလိုက် သားတစ်ယောက် မွေးထားတာနဲ့ပဲ သတ္တိတွေ ကောင်းနေလိုက်တာများ သူမထက် အများကြီး နုပျိုလှပတဲ့ မိန်းမမျိုး အချိန်မရွေး ကောက်ယူလိုက်လို့ ရတယ်ကွ ..." 


ရှောင်ချီကျဲက ဒေါသတကြီး ပြောလိုက်သည်။ 


"အဖေ အမေက ဘာလို့ အဖေနဲ့ လက်ထပ်ခဲ့လဲဆိုတာကို အခုထိ သဘောမပေါက်သေးဘူးလား သူမက အဖေ့ကို တကယ် ချစ်လို့လေ ပိုက်ဆံတွေ၊ ကျော်ကြားမှုတွေကို လိုချင်လို့သာဆိုရင် ပေးနိုင်မယ့်သူတွေမှ အများကြီး တစ်‌ယောက်မှ အဖေ့ထက် မညံ့ဘူးနော် အဖေက အိမ်ထောင်ကျဖူးတဲ့အပြင် သားတစ်ယောက်တောင် ရှိထားသေးတယ် သူမက အဖေနဲ့ လက်ထပ်ပြီးတော့ အဖေ့ရဲ့ သား၊ မိသားစုကို စောင့်ရှောက်ပေးရတဲ့အပြင် အနုပညာလောကထဲကနေတောင် နုတ်ထွက်ခဲ့ရတာလေ ဒီ့ထက်ပိုပြီး စွန့်လွှတ်စေချင်နေသေးတာလား ဘာလို့ လက်ထပ်ခဲ့သလဲလို့တောင် မေးရက်သေးတယ်ပေါ့ သူမက ချစ်ခဲ့သလောက် အဖေကတော့ ရက်စက်လွန်းတယ် အမြဲတမ်း သတ္တိကောင်းနေခဲ့တဲ့သူက အဖေပဲလေ ..." 


ရှောင်ကျားရှုမှာ ပြောလေလေ သည်းမခံနိုင်လေ ဖြစ်လာသည့်အတွက် ဆက်မပြောခင် မျက်ရည်ခိုးသုတ်လိုက်သည်။ 


"ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းဖို့ဆို လူနှစ်ယောက်စလုံးက အားစိုက်ထုတ်မှ ရမှာလေ အမေက တစ်လျှောက်လုံး ကြိုးစားခဲ့ပေမယ့် အဖေကတော့ ဘာလုပ်နေလဲ သူမရဲ့ ပင်ပန်းမှုတွေအပေါ်မှာပဲ အေးအေးဆေးဆေး ပျော်မွေ့နေတာလေ အဖေ့ရဲ့ လျစ်လျူရှုမှုတွေကြောင့် စိတ်အားထက်သန်မှုတွေ ဘယ်လောက်တောင် ပျက်စီးသွားခဲ့ရသလဲဆိုတာ အဖေသိလား မနေ့ကဆို အမေလေ အိပ်ဆေးတောင် သောက်စရာမလိုဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာ မနက်နိုးလာတော့လည်း သီချင်းလေးတောင် ညဉ်းလိုက်သေးတယ် ကျွန်တော့်အတွက်လည်း ခေါက်ဆွဲပြုတ်ပေးပြီးတော့ အိမ်ကနေ ထွက်လာကတည်းက စိတ်အခြေအနေ ကောင်းနေတဲ့ပုံပဲ အဲဒါ ဘာလို့လဲ ‌အဖေသိလား ..." 


ရှောင်ချီကျဲ၏ အသက်ရှူသံတို့မှာ မတည်ငြိမ်တော့။ တစ်ခဏ အသံတိတ်နေပြီးကာမှ မေးလိုက်သည်။ 


"ဘာလို့လဲ ..." 


"ဘာလို့လဲဆိုတော့ အဖေ့ကို လုံးဝ မချစ်တော့လို့လေ သူမက လက်မထပ်ခင်ကတည်းက အဖေနဲ့ သဘောတူစာချုပ်မှာ လက်မှတ်ထိုးထားပြီးသား သူမက လူတစ်ယောက်ကို အကြွင်းမဲ့ ချစ်တတ်သလို မချစ်တော့ရင်လည်း ဘယ်လောက်အထိ တည့်တိုးဆန်သလဲဆိုတာ နားလည်သင့်တာပေါ့ အဖေ ... " 


ရှောင်ကျားရှုပင် ပြောမပြီးသေး။ ရှောင်ချီကျဲက ဖုန်းကို ချပစ်လိုက်တော့သည်။ 


ရွှယ်မြောင်ကို ကွာရှင်းစာချုပ် ပို့ခဲ့သူမှာ ရှောင်ချီကျဲဖြစ်ကြောင်းကိုတော့ သူမသိလိုက်။ ဤသို့ပို့ခဲ့ခြင်းဖြင့် သူ့ဇနီးကို ခြိမ်းခြောက်နိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း သားဖြစ်သူ၏ စကားများကို ကြားလိုက်သည့်အခါ အိပ်မက်မှ လန့်နိုးသည့်နှယ် အလောတကြီး ဟန့်တားရန် ပြင်ဆင်လိုက်တော့သည်။ 


"မွေးလာတဲ့ သက်တမ်းရဲ့ တစ်ဝက်လောက် ဒုက္ခခံလာရတာ လုံလောက်သင့်နေပါပြီ ..." 


ဖုန်းချပြီးနောက် ခေါင်းယမ်းကာ သက်ပြင်းချလိုက်သော်ငြား သူ့ပုံစံမှာတော့ ဝမ်းနည်းနေခြင်း အလျဉ်းမရှိပေ။ မိဘနှစ်ပါးလုံးမှာ အရွယ်ရောက်ပြီးသူများ ဖြစ်ကြသည့်အတွက် သူတို့ကိုယ်ပိုင်ဘဝကို ကိုယ်တိုင် ရွေးချယ်ခွင့် ရှိပေသည်။ 


ဖုန်းခေါ်သူမှာ ရှောင်ချီကျဲဖြစ်ရာ မချေမငံ ပြောမိမည်ကို စိုးရိမ်သည့်အတွက် အဝတ်လဲခန်းထဲသို့ဝင်ကာ ဖုန်းပြောနေခဲ့ခြင်းဖြစ်သည်။ တံခါးကို ဆွဲဖွင့်တော့မည့်အချိန်တွင် ဘေးဘက်အခန်းဆီမှ တီးတိုးစကားသံတစ်ခုကို ကြားလိုက်ရသည်။ 


မြောင်မူချင်၏ အေးဂျင့်က စောဒကတက်လိုက်သည်။ 


"ချင်ချင် ကြည့်ပါဦး နင့်လက်မောင်းက ညိုလာပြန်ပြီ မနက်ဖြန် မိတ်ကပ်ကြော်ငြာတစ်ခု ရှိနေတာကို ဘယ်လိုလုပ်ကြမလဲ ..." 


မြောင်မူချင် "concealer နဲ့ အုပ်လို့ မရလို့လား လုပ်စမ်းပါ ..." 


"ဒီလောက် ညိုပုတ်နေတဲ့ ဒဏ်ရာတွေကို အုပ်နိုင်ဖို့ဆို concealer ဘယ်လောက် လိုမလဲဆိုတာရော စဉ်းစားမိရဲ့လား နင့်ကို လူစားထိုးသုံးဖို့ ပြောသားပဲ နားမှမထောင်တာ ကြော်ငြာပိုင်ရှင်သာ စိတ်အနှောင့်အယှက်ဖြစ်သွားရင် ငါတို့‌နဲ့ စာချုပ်ဖျက်ပစ်လိုက်လိမ့်မယ် ..."


"နေပါဦး ဘာ လူစားထိုးလဲ ကျိကောနဲ့ ဟန်ကောတောင် လူစားထိုး မသုံးတာ ငါက ဘာလို့ သုံးရမှာလဲ ..." 


"မတူဘူးလေ သူတို့က ယောကျာ်းလေး နင်က မိန်းကလေးလေ ..." 


"ရိုက်ကွင်းထဲမှာ ယောကျာ်းရော မိန်းမရော အကုန် သရုပ်ဆောင်တွေပဲ ဘာ ကွာခြားချက်မှ မရှိဘူး အမျိုးသမီး လူစားထိုးကောင်းကောင်းတစ်ယောက်လောက် ရှာနိုင်ဖို့ဆိုတာကလည်း လွယ်မှမလွယ်တာ ငါ့ဘာသာ သရုပ်ဆောင်‌လိုက်တာ အကောင်းဆုံးပဲ ယောက်ျားလေး လူစားထိုးကို သုံးလိုက်ပြန်ရင်လည်း ခန္ဓာကိုယ်အချိုးအစားက သိသာတယ်လေ ဒါတင်မကသေးဘူး မျက်နှာပြရမယ့်နေရာဆို ခဏရပ်ပြီး ငါ့မျက်နှာကြီး ထည့်ရဦးမယ် အချိန်တွေ ဘယ်လောက်တောင် ကုန်လိုက်သလဲ ဒါရိုက်တာလောကရော စိတ်ရှည်နေပါဦးမယ်လို့ အာမခံနိုင်လား ငါ ဘာလို့ နာမည်ကြီးလာသလဲဆိုတာကို နင်မသိဘူးလား အကုန် ငါ့သွေးတွေချွေးတွေနဲ့ ရင်းပြီး ရလာတာတွေဖြစ်လို့ တစ်ခုမှ အပျက်စီး မခံနိုင်ဘူး ..." 


အေးဂျင့်မှာလည်း သူမ၏ စကားကို လက်ခံနိုင်သွားသည့်နှယ် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ 


ရှောင်ကျားရှုသည် သရုပ်ဆောင်ရခြင်းကို နှစ်သက်သွားကတည်းက ရိုက်ကူးရေးတွင် ပါဝင်မည့် သရုပ်ဆောင်များအကြောင်း စူးစမ်းခဲ့သည့်အတွက် မြောင်မူချင်၏ နောက်ကြောင်းရာဇဝင်များကိုလည်း သိထားပေသည်။ သူမသည် အဆက်အသွယ်မရှိ၊ နောက်ခံမရှိပါဘဲလျက် ကိုယ့်ခွန်ကိုယ့်အားဖြင့် ရဲရဲဝင့်ဝင့်ကြိုးစားကာ အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့သည့် မတစ်ထောင် တစ်ကောင်ဖွားပင် ဖြစ်သည်။ 


သူမ ပြောခဲ့သလိုပင် ယခုရောက်နေသည့် နေရာသည် သွေးချွေးများစွာကို မြှုပ်နှံပြီးကာမှ ရောက်လာခဲ့ခြင်းဖြစ်သည်။ မူးယစ်ဆေး သယ်ယူသည့် အခန်းကို ရိုက်ကူးရင်း ‌ကားမှောက်ကာ သေလုမျောပါး ဖြစ်ခဲ့သည့်တိုင် ဆေးရုံမှဆင်းကာ ရိုက်ကူးရေးကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ သူမသည် ထုတ်လုပ်သူနှင့် ရင်းနှီးမြှုပ်နှံသူတို့ မျက်စိကျလောက်သည့် သရုပ်ဆောင်ဖြစ်သော်ငြား ရံဖန်ရံခါတွင် နောက်ခံမရှ်ိခြင်းကြောင့် ကူကယ်ရာမဲ့နေရဆဲဖြစ်သည်။ 


အနုပညာလောကရှိ လူတိုင်းတွင် မျက်နှာနှစ်ဖက် ရှိ‌ထားကြကာ တစ်ခုကိုသာ လှစ်ဟပြထားလေ့ရှိသည်။ အားလုံးတွင် ထုတ်ပြော၍ မရနိုင်သည့် လျှို့ဝှက်ချက်များ၊ အကြံအစည်များ ရှိနေတတ်သည့်အတွက် အပေါ်ယံတစ်ခုတည်းကိုသာ မြင်နေ၍ မရချေ။ ရိုက်ကွင်းသို့ ရောက်ကာစက ရှောင်ကျားရှုသည် အမြဲလိုလို ဦးချိုးနေတတ်သည့် မြောင်မူချင်ကို မနှစ်မြို့လှ။ သို့သော် ယခုမူ သူ့ခံစားချက်တို့ ပြောင်းလဲသွားတော့သည်။ ရှောင် R&D ဌာနကို သွားကာ သွေးလှည့်ပတ်မှုအတွက် အထူးဆေးဝါးများ ယူဆောင်လာရန် လက်ထောက်ကို WeChat မှတစ်ဆင့် စာပို့ပြီးနောက် အဝတ်လဲခန်းထဲမှ တိတ်တဆိတ် ထွက်လာလိုက်တော့သည်။ 


ယနေ့ ရိုက်ကူးရေးအတွက် ရှစ်ထင်းဟန်နှင့် လင်းလဲ့ယန်တို့သည် ဒါရိုက်တာလော ပြောနေသည်များကို ဂရုတစိုက် နားထောင်ရင်း မြောင်မူချင်ကို စောင့်နေလိုက်ကြသည်။ သူမ ပြင်ဆင်ပြီးသည်နှင့်တစ်ပြိုင်နက် စတင်ရိုက်ကူးတော့မည်ဖြစ်သည်။ အန်နီအဖြစ် သရုပ်ဆောင်ထားသည့် မြောင်မူချင်သည် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စေလွှတ်ထားသည့် လျှို့ဝှက်အေးဂျင့်တစ်ဦးဖြစ်ကာ လင်အုပ်စုတွင် စာရင်းကိုင်တစ်ဦးအဖြစ် အလုပ်ဝင်နေသည်။ ဟဲမင်အဖြစ် သရုပ်‌ဆောင်သည့် ရှစ်ထင်းဟန်နှင့် ဌာနချင်း မတူသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် မသိကြ။ စုံစမ်းနေစဉ်အတွင်း တစ်ဦးကိုတစ်ဉီး သံသယဝင်လာကြသည့်အတွက် အချင်းချင်း တိုက်ခိုက်လိုက်ကြတော့သည်။ 


ဤသည်မှာ ယနေ့ရိုက်ကူးရမည့်အပိုင်းပင် ဖြစ်သည်။ သုံးဦးသား တိုက်ခိုက်ကြပြီးနောက် တစ်ယောက်အကြောင်း တစ်ယောက် သိသွားကြချိန်တွင် မဟာမိတ်အဖြစ် ပူးပေါင်းကြမည်ဖြစ်သည်။ ဟဲကျင်က ပြင်ပရှိ မူးယစ်ဆေး ကူးသန်းရောင်းဝယ်မှုများကို စုံစမ်းရန် တာဝန်ယူကာ အန်နီက လင်အုပ်စုကို စစ်ဆေးရန် တာဝန်ယူလိုက်သည်။ ရှစ်ယွီအဖြစ် သရုပ်ဆောင်ထားသည့် လင်းလဲ့ယန်ကမူ ရဲဌာန၏ သူလျှိုကို ရှာဖွေရန် အသီးသီး တာဝန်ခွဲဝေလိုက်ကြသည်။ 


ရှောင်ကျားရှုက ဒါရိုက်တာလောအနား အပြေးလေးရောက်လာကာ ဂရုတစိုက် နားထောင်လိုက်သည်။ ရိုက်ချက်တိုင်းသည် သူ့အတွက် တိုက်ရိုက်ပို့ချပေးနေသော သင်ခန်းစာများ ဖြစ်နေရာ သရုပ်ဆောင်ချက်တိုင်းကို ရေမြှုပ်သဖွယ် စုပ်ယူကာ လေ့လာလိုက်တော့သည်။ 


"မြောင်မူချင် အဆင်သင့်ဖြစ်ပြီလား ဖြစ်ရင် စကြရအောင် ..." 


ဒါရိုက်တာလောက အသံချဲ့စက်မှတစ်ဆင့် လှမ်းအော်လိုက်သည်။ 


"အဆင်သင့်ဖြစ်ပါပြီ ..." 


မြောင်မူချင်က လက်မ ထောင်ပြလိုက်သည်။ 


"အိုကေ အဖွဲ့အားလုံး အဆင်သင့်ပြင်ထားမယ် ..." 


ဒါရိုက်တာလောက "အက်ရှင်" ဟု အချက်ပြလိုက်သည်။ 


ရှောင်ကျားရှုက ထိုင်ခုံကို လောကျန်းဝေ့အနား တိုးကာ မော်နီတာကို ဂရုတစိုက် ကြည့်နေလိုက်သည်။ များမကြာမီ သူ့အပေါ်သို့ အရိပ်တစ်ခုက အုပ်မိုးလာသည့်အတွက် မော့ကြည့်လိုက်ရာ ဆေးလိပ်ကို လက်တစ်ဖက်က ကိုင်လျက် ကျန်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ ရိုက်ကွင်းနေရာကို ငေးကြည့်နေသည့် ကျိမြန်ကို တွေ့လိုက်ရသည်။ ၁၉၀ စင်တီမီတာ ရှိသည့် အရပ်၊ ‌ရှည်လျားလှသော ခြေတံ၊ ဖြောင့်တန်းနေသော နောက်ကျောပြင်နှင့် အနုစိတ်ပြင်ဆင်ထားသော ဆံပင်တို့ကြောင့် သူ့ပုံစံမှာ တမင်လုပ်ယူနေစရာ မလိုဘဲ လေးနက်နေသည်။ ကျိမြန်၏ ပုံစံမှာ ကျောင်းဆရာတစ်ဦးနှင့်ပင် တူနေပြီး ငွေကိုင်းမျက်မှန်ကို တပ်လိုက်ချိန်တွင် ပို၍ပင် တူနေသေးသည်။ သရုပ်ဆောင်တစ်ဦးနှင့် မတူဘဲ ထိပ်သီးတက္ကသိုလ်မှ ပါမောက္ခတစ်ဦးကဲ့သို့ ခံစားချက်ကို ပေးစွမ်းနေသည်။ သူသည် ဇာတ်ကောင်းတိုင်းကို အလွယ်တကူ သဘာဝကျကျ ပြောင်းလဲနိုင်သည့် စွမ်းရည်မျိုးကိုလည်း ပိုင်ဆိုင်ထားသေးသည်။ 


သူ့ကို ငေးကြည့်နေသော ရှောင်ကျားရှုမှာလည်း ကျိမြန်၏ ချောမောမှုကို လက်ခံလိုက်ရတော့သည်။ 


အကြည့်တိုင်း၊ အမူအယာတိုင်း၊ လှုပ်ရှားမှုတိုင်းက တအားကို ချောမောနေတာပဲ ဒါတင် မကသေးဘူး သရုပ်ဆောင်တဲ့နေရာမှာ အာရုံစိုက်လိုက်ရင်လည်း ဩဇာတိက္ကမနဲ့ ပြည့်စုံတဲ့ စရိုက်သဘာဝက ဘယ်သူမှကို လိုက်မမီနိုင်ဘူး ချောလည်းချော အံ့ဩချီးကျူးစရာ‌လည်း ကောင်းပဲ ... 


ကျိမြန်က ဆောက်တည်ရာမရစွာဖြင့် မေးလိုက်သည်။ 


"ဘာတွေ ကြည့်နေတာလဲ ..." 


ခင်ဗျားက တအားချောလွန်းလို့ ကြည့်နေတာပေါ့ ... 


ရှောင်ကျားရှုက စိတ်ထဲမှ တိတ်တိတ်လေး ပြန်ဖြေလိုက်သည်။ သို့သော် သူ့အရေပြားမှာ အလွန်ပါးလှသည့်အတွက် အပြင်ဘက်တွင်တော့ ထုတ်မပြောရဲ။ ရိုက်ကွင်းနေရာသို့ အကြည့်ပြန်လွှဲရင်း ရှက်အားကြီးစွာဖြင့် ပြောလိုက်သည်။ 


"ဘာမှ မဟုတ်ပါဘူး ဒီနားမှာ ခဏလောက်ပဲ နေမလို့ ..." 


ကျိမြန်က ခပ်ဖွဖွ ပြုံးလိုက်သည်။ သူ့အမူအယာမှာ ယခင်ကလောက် မတင်းမာတော့။ 


တိုက်ခိုက်နေသည့် အခန်းကို ရပ်တန့်လိုက်ရပြန်သည်။ လင်းလဲ့ယန် နောက်တစ်ကြိမ် NG ဖြစ်သွားပြန်သည့်အတွက် လောကျန်းဝေ့မှာ အသံချဲ့စက်ကိုပင် ဖျက်ဆီးမိလုမတတ် ဒေါသထွက်နေတော့သည်။ 


"Cut Cut Cut ... တိုက်ခိုက်ရေးနည်းပြဆရာ ဘယ်ရောက်နေလဲ သူ့ကို လေ့ကျင့်‌ဖို့ ခေါ်သွားလိုက် ခြေကန်ချက်လေးတောင် ကောင်းကောင်းမွန်မွန် မလုပ်နိုင်ဘူး မင်းတို့ကျောင်းက အားကစားချိန်တိုင်း တရုတ်ဘာသာစကားဆရာ ဝင်သင်ခဲ့တာလား ..." 


(T.N ဒီမှာ ကာယချိန်ဆို သင်္ချာဆရာမ ဝင်သင်သလိုပေါ့:3) 


ထိုအချိန်တွင် လင်းလဲ့ယန်၏ NG အရေအတွက် ၂၆ ကြိမ် ရှိနေပြီဖြစ်ရာ ရိုက်ကူးရေးမှာ အလုပ်မတွင်တော့။ လင်းလဲ့ယန်ကိုယ်တိုင်လည်း အလွန်အမင်း ရှက်ရွံ့နေသည့်အတွက် အာရုံမစူးစိုက်နိုင်တော့။ ထိုစဉ် သူ့အေးဂျင့်က နားနေခန်းထဲတွင် ပုန်းကာ Weibo ကို scan ဖတ်လျက် တစ်ခုခုကို ရိုက်နေသည်။ သူဘာလုပ်နေသလဲတော့ မည်သူမှ မသိကြ။ 


Xxxxxxxx