အပိုင်း ၄၁
Viewers 45k

Chapter 41


လင်းလဲ့ယန်က လောကျန်းဝေ့၊ ရှစ်ထင်းဟန်နှင့် မြောင်မူချင်တို့ကို ထပ်ကာတလဲလဲ တောင်းပန်ကာ အနီးရှိ ကျိမြန်နှင့် ရှောင်ကျားရှုကိုပါ ခိုးကြည့်လိုက်သည်။ နောက်တစ်ကြိမ် ရိုက်ကူးရာတွင်လည်း ထုံးစံအတိုင်းပင် NG သာ ဖြစ်နေသည့်အတွက် နာရီပေါင်းများစွာ မရည်ရွယ်ဘဲ ကုန်ဆုံးသွားတော့သည်။ 


"အား ... နင့်မှာ မျက်လုံး မပါဘူးလား ..."


မြောင်မူချင်၏ အော်ဟစ်သံက မနက်ပိုင်း ရိုက်ကူးရေးကို ကန့်လန့်ကာချလိုက်သည်။ သူမ၏ ဘယ်ဘက်မျက်နှာမှာ လင်းလဲ့ယန်၏ ခြေကန်ချက်ကို ခံလိုက်ရသည့်အတွက် ချက်ခြင်း နီမြန်းယောင်ယမ်းလာတော့သည်။ ဒဏ်ရာမှာ ပြင်းထန်ဟန်ပင်။ 


သူမ၏ အေးဂျင့်က ချက်ခြင်း လာကြည့်ပေးကာ ဒါရိုက်တာလောကလည်း Cut ဟု အော်လိုက်သည်။ သူက လင်းလဲ့ယန်ကိုလည်း ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်တော့သည်။ 


"အနုပညာလောကထဲကနေ ထွက်သွားလိုက်တော့ ..." 


လင်းလဲ့ယန်မှာ မူလက ခေါင်းငုံ့ခံနေသေးသော်ငြား တစ်ဖြည်းဖြည်း မျက်ရည်တို့ အိုင်ထွန်းလာတော့သည်။ 


ကျိမြန်က ဆေးလိပ်ကို မီးသတ်ကာ မြောင်မူချင်ကို တောင်းပန်ရန် ထွက်လာလိုက်သည်။ 


မြောင်မူချင်က ပါးကိုအုပ်ကာ ဒေါသတကြီး စိုက်ကြည့်လိုက်သော်လည်း ကျိမြန်ပါ ရှိနေသည့်အတွက် ‌ဆန်တက်လာသော ဒေါသတို့ကို ပြန်လည်မျိုသိပ်ထားလိုက်ရတော့သည်။ 


"ကျိကောနဲ့ တွေ့လိုက်လို့ ကံကောင်းသွားတယ်မှတ် အခုခေတ်လူငယ်တွေက တအားကို စိတ်မြန်လက်မြန် ရှိလွန်းတယ် ရုပ်ရှင်ရိုက်နေရင် အာရုံကို ကပ်ထားမှပေါ့ ..." 


"ကျွန်တော် နားလည်ပါတယ် မူချင်ကျဲ တောင်းလည်းတောင်းပန်ပါတယ် ..." 


လင်းလဲ့ယန်က အလျင်အမြန် ဦးညွတ်လိုက်သည်။ ခေါင်းငုံ့လိုက်ချိန်တွင် မျက်ရည်နှစ်စက် ကျဆင်းသွားသော်ငြား ပြန်မော့လာချိန်တွင်မူ မျက်နှာတွင် ငိုထားသည့် အရိပ်အယောင် မရှိတော့။ 


‌မြောင်မူချင်က အံကိုသာ တင်းတင်းကြိတ်ထားပြီး ဘာမှ ဆက်မပြောတော့။ သူမသာ တတ်နိုင်ပါလျှင် လင်းလဲ့ယန်ကို မမေ့နိုင်စရာ သင်ခန်းစာ‌ ကောင်းကောင်းတစ်ခု ပေးလိုက်မည်ဖြစ်သည်။ မနက်ဖြန်တွင် မိတ်ကပ်ကြော်ငြာတစ်ခု ရိုက်ကူးရန် ရှိသော်လည်း ယခုမူ ပါးတစ်ဖက်လုံး ယောင်ကိုင်းနေသည့်အတွက် စာချုပ်ဖျက်ရမည့်ကိန်းသို့ ဆိုက်ရောက်နေတော့သည်။ 


ဟိုဖက်က စာချုပ်ဖျက်လိုက်မယ်ဆိုရင် ဘယ်သူ သူမရဲ့ နစ်နာကြေးကို ပေးမှာလဲ ... 


ကျိမြန်က လျော်ကြေးအကြောင်း ပြောမည်ပြုစဉ်မှာပင် ရှောင်ကျားရှုက ‌ဝင်ပြောလိုက်သည်။ 


"မူချင်ကျဲ ဒီဆေးလေး လိမ်းလိုက်ပါလား ဒါလိမ်းပြီး တစ်ညအိပ်လိုက်ရင် ယောင်တာ နည်းနည်း သက်သာသွားလိမ့်မယ် ..." 


မြောင်မူချင်က ဆေးပုလင်းကို လှမ်းယူလိုက်သည်။ ရှောင်ကုမ္ပဏီ၏ အထူးဆေးဝါးဖြစ်ကြောင်း သိလိုက်ကာမှ သူမ၏ မျက်နှာထားလည်း ပြေလျော့သွားတော့သည်။ 


ဆေးပုလင်းကို ယူပြီးနောက် အမြန်လိမ်းပေးရန် သူမ၏ အေးဂျင့်ကို ပြောလိုက်ကာ ယောင်နေသေးသလားဟူ၍လည်း ဆက်တိုက် မေးနေသေးသည်။ 


မျှော်လင့်လေလေ ပိုပြီး စိတ်ပျက်နိုင်ချေ များလေ ဖြစ်သည့်အတွက် ရှောင်ကျားရှုက သူမအပေါ် ရေအေးတစ်ခွက် သွန်ချလိုက်သည်။ 


(ဒီမှာက တကယ့်ရေကို သွန်ချလိုက်တာ မဟုတ်ဘူးနော် သူပြောတဲ့စကားက ရေအေး‌နဲ့ အပက်ခံလိုက်ရသလိုပဲလို့ ပြောချင်တာပါ) 


"မူချင်ကျဲ ဒီဆေးရဲ့ အာနိသင်က ကောင်းပြီး‌တော့ အယောင်သက်သာတယ်ဆိုပေမယ့် အမာရွတ်နည်းနည်းတော့ ကျန်လိမ့်မယ် ..." 


မြောင်မူချင်၏ အနည်ထိုင်ကာစ ဒေါသတို့ တစ်ဖန် လှိုင်းထလာကာ လင်းလဲ့ယန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြန်သည်။ သူမ၏ အေးဂျင့်ကလည်း အလွန်ပူပန်သွားသည့်အတွက် အရေပြားဆရာဝန်ကို ဖုန်းခေါ်လိုက်သည်။ သိူ့သော် ဆရာဝန်တွင်လည်း ထိရောက်သည့် နည်းလမ်းမျိုး မရှိ။ သူက ပြောလိုက်သည်။ 


"ရှောင် ဆေးဝါးကုမ္ပဏီကနေ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ထုတ်ထားတဲ့ သွေးလှည့်ပတ်မှုကို လှုံ့ဆော်ပေးနိုင်တဲ့ဆေးကို ဝယ်ကြည့်ပါလား အဲဒါက တကယ် ထိရောက်တယ် နိုင်ငံခြားက နာမည်ကြီး ဘောလုံးသမားတွေ၊ basketball ကစားသမားတွေတောင် ဒါကို အလုအယက် ဝယ်သုံးနေကြတာလေ မင်းသာ ကူပြီး ကြော်ငြာပေးရင် ပိုက်ဆံမယူလောက်ဘူး ..." 


အေးဂျင့်က လက်ထဲရှိ ဆေးပုလင်းကို ကြည့်ရင်း ငိုချလုမတတ်ပင် ဖြစ်သွားတော့သည်။ 


ရှောင်ကျားရှုမှာ ငိုနေသူများကို သည်းမခံနိုင်သည့်အတွက် အနည်းငယ် နှစ်သိမ့်ပေးလိုက်သည်။ 


"မူချင်ကျဲ မစိုးရိမ်ပါနဲ့ အယောင်ကျပြီး ထွက်လာတဲ့ အမာရွတ်က တော်တော်လေးကို မှိန်ပါတယ် concealer နဲ့ အုပ်လိုက်ရင်တောင် အဆင်ပြေတယ် ဒါမှမဟုတ် ကြော်ငြာပိုင်ရှင်ကို အစီအစဉ်ပြောင်းဖို့ အကြံပေးလိုက်ရင်ရော ယောင်နေတဲ့ နှာခေါင်းနဲ့ မျက်နှာကို ဒီတိုင်း ဓာတ်ပုံရိုက်လိုက်ပြီးမှ ပြစ်မျိုးမှဲ့မထင်မိတ်ကပ်ကို ကင်မရာရှေ့မှာ လိမ်းပြလိုက်လေ ဒါက သူတို့မိတ်ကပ်ရဲ့ အရည်အသွေးကိုပါ ပြပြီးသား ဖြစ်သွားမှာပေါ့ ..." 


သူက ဟာသလုပ်နေခြင်းသာ ဖြစ်သော်ငြား မြောင်မူချင်၏ အကြည့်တို့မှာမူ ရုတ်ချည်း ဝင်းလက်သွားတော့သည်။ သူမက ဖုန်းကိုယူကာ အလောတကြီး ထွက်သွားပြီး အေးဂျင့်ကပါ ခပ်သွက်သွက် လိုက်သွားတော့သည်။ မသွားခင် သူမက သခင်လေးရှောင်ကို လက်မ ထောင်ပြလိုက်သေးသည်။ 


ရှောင်ကျားရှုက နားဝေတိမ်တောင် ဖြစ်နေကာ လင်းလဲ့ယန်၏ နှလုံးသားမှာမူ လှိုင်းတံပိုးတို့ ထန်နေတော့သည်။ ရှောင်ကျားရှုက သူ့ဘက်မှ ရပ်တည်ပေးခဲ့သည့်အပေါ် ကျေးဇူးတင်မိသော်ငြား ထိုသို့လုပ်ပေးခြင်းမှာလည်း ကျိကောနှင့် မြောင်မူချင်ကြောင့်သာ ဖြစ်ကာ ရှောင်ကျားရှု၏ မျက်လုံးထဲတွင် သူသည် ဘောင်မဝင်ကြောင်းလည်း နားလည်ထားပေသည်။ ဖုန်းကို ထုတ်ပြီး အင်တာနက်သုံးစွဲသူများ၏ မှတ်ချက်များကို ကြည့်လိုက်မိသည့်အခါ‌တွင်တော့ ပို၍ပင် စိတ်ဓာတ်ကျလာတော့သည်။ ချိန်ဖမ်းရှင်းက လူထုအမြင်ကို ပြောင်းလဲရန် ရေတပ်ကို ငှားရမ်းခဲ့သော်ငြား ရလဒ်မှာ ထင်သလောက် မကောင်းလှပေ။ ကျန်အရည်အချင်းများကို မဆိုထားနှင့်။ ရုပ်ရည်တစ်ခုတည်း ယှဉ်လျှင်ပင် ရှောင်ကျားရှုကို မကျော်လွန်နိုင်ချေ။ 


ဖုန်းကို ပိတ်‌လိုက်တော့မည့်အချိန်တွင် ကျိမြန်က သူ့ပုခုံးကိုဖက်ကာ နူးနူးညံ့ညံ့ ပြောလိုက်သည်။ 


"ပြုံးလိုက်ပါဦး ..." 


ခေါင်းကိုမော့လျက် ကျင့်သား‌ရနေသော တောက်တောက်ပပ အပြုံးတစ်ပွင့်ကို လှစ်ဟလိုက်သည်။ နှစ်ဦးသား ဘေးချင်းယှဉ်၊ ခေါင်းချင်းဆိုင်ကာ ရိုက်ထားသည့် ဓာတ်ပုံကို ကျိမြန်က သူ့ Weibo ‌account တွင် တင်လိုက်သည်။ 


@ လင်းလဲ့ယန် ဒါက ငါနဲ့ စာချုပ်ချုပ်ထားတဲ့ လူသစ်လေးပါ အရည်အချင်းကောင်းတွေလည်း အများကြီး ရှိတဲ့သူဖြစ်လို့ သူ့ကို အားပေးစောင့်ရှောက်ပေးကြပါဦး 


ကျိမြန်၏ ပရိသတ်အရေအတွက်မှာ ဆယ်သန်းကျော်ရှိကာ တစ်ဦးချင်းစီတိုင်းမှာလည်း ထူးထူးကဲကဲ သစ္စာရှိကြပေသည်။ ယခင်က အနိုင်ကျင့်ခံခဲ့ရသည့် လင်းလဲ့ယန်မှာ ယခုမူ အားပေးသူအများအပြား ရရှိလာတော့သည်။ တစ်ယောက်ပြီးတစ်ယောက် သူ့ကို မြှောက်ပင့်ချီးကျူးလိုက်ကြသည်။ 


"ယန်ယန်လေး ငါတို့ရဲ့ တောင်ပံတွေကို ဖြန့်ကျက်ပြီး အားရပါးရ ပျံသန်းလိုက်ပါ" 


"ငါကတော့ ကျိမြန်ရဲ့ အမြင်ကို ယုံတယ် ပြောရရင်ဟယ် ဒီလူသစ်လေးက ချစ်စရာလေး သူပြုံးလိုက်ရင် တစ်လောကလုံး တောက်ပသွားသလိုပဲ သွားစွယ်သေးသေးလေးနှစ်ချောင်းလည်း ပါသေးတယ်နော်" 


"တအားကို ချစ်ဖို့ကောင်းတာပဲ အမြင့်အထိရောက်အောင် မြှင့်တင်ပေးကြတာပေါ့" 


ထိုကဲ့သို့သော မှတ်ချက်များကြောင့် လင်းလဲ့ယန်၏ အခြေအနေမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားတော့သည်။ အပုပ်ချလိုသူများ ရှိနေဆဲဖြစ်သော်ငြား ထိုသူများမှာလည်း များမကြာမီမှာပင် ကျိမြန်၏ ပရိသတ်များ လက်ချက်ကြောင့် ဆုတ်ခွါလိုက်ရတော့သည်။ ဤသို့ဖြင့် Weibo တစ်ခုလုံး ထူးထူးခြားခြား သဟဇာတ ဖြစ်နေ‌တော့သည်။ 


ကျိမြန်က ရှစ်ထင်းဟန်ကိုပါ တိုက်တွန်းလိုက်သည်အထိ လင်းလဲ့ယန်မှာ မိန်းမောနေဆဲဖြစ်သည်။ 


"ဒီလာပြီး ဓာတ်ပုံရိုက်လှည့် ..." 


အခြေအနေကို သဘောပေါက်သည့် ရှစ်ထင်းဟန်ကလည်း လင်းလဲ့ယန်နှင့် ရင်းရင်းနှီးနှီး ဓာတ်ပုံရိုက်ကာ Weibo တွင် တင်လိုက်သည်။ 


"ဒီလူသစ်လေးက ကောင်းကောင်းကြီးကို သရုပ်ဆောင်နိုင်တာနော် သူ့အနာဂတ်‌က တောက်ပနေမှာ သေချာတယ်"


ရုပ်ရှင်ဧကရာဇ်နှစ်ပါး ဆက်တိုက် ထွက်ပေါ်လာမှုကြောင့် လင်းလဲ့ယန်ကို စိတ်ဝင်စားသူ များပြားလာကာ သူ့ Weibo follower အရေအတွက်မှာလည်း ဆယ်မိနစ်အတွင်း တစ်သန်းကျော် တိုးလာခဲ့တော့သည်။ 


ကျိမြန်က လင်းလဲ့ယန်ကို နေ့လည်စာစားရန် နားနေခန်းသို့ ခေါ်လာပြီး‌ ပြောလိုက်သည်။ 


"စားရအောင် စားသောက်ပြီးရင် ရိုက်ကူးရေးမှာပဲ အာရုံစိုက်ထားလိုက်တော့ ဘာမှ တွေးမနေနဲ့ ..." 


လင်းလဲ့ယန်၏ နီမြန်းနေသော မျက်ဝန်းတို့တွင် မျက်ရည်စတို့ တွဲလွဲခိုလာတော့သည်။ သူက ကျိကောကို တစ်ခုခု ပြောလိုက်ချင်သော်ငြား မည်သည့်စကားလုံးကမှ သူ့ခံစားချက်ကို အပြည့်အဝ မဖော်ပြနိုင်ချေ။ 


ကျိကောက အမြဲတမ်း ဒီလိုပဲ သူအခက်ကြုံနေ‌တိုင်း ရောက်လာပြီးတော့ လွယ်လွယ်ကူကူ ကယ်ထုတ်ပေးသွားတယ် ... 


သူက ခေါင်းငြိမ့်ကာ ဂရုတစိုက် ပြောလိုက်သည်။ 


"ကျေးဇူးတင်ပါတယ် ကျိကော ကျွန်တော် သေချာပေါက် ကြိုးစားပါ့မယ် ..." 


ထိုစကားများကို လင်းလဲ့ယန်၏ နှုတ်ဖျားမှ မကြာခဏ ကြားရသောကြောင့် ကျိမြန်မှာ မည်သို့မှ မခံစားရတော့ချေ။ သူက လင်းလဲ့ယန်ကို နက်နက်ရှိုင်းရှိုင်းသာ စိုက်ကြည့်နေပြီး ဘာမှ ဆက်မပြောတော့။ 


(မူရင်း ဘာသာပြန်သူမှာ ပြောစရာ ရှိပါတယ် : လင်းလဲ့ယန်ရဲ့ "ကြိုးစားပါ့မယ်" ဆိုတဲ့ ကတိကြီးကို ဝေဖန်တော့မယ် လုပ်လိုက်ပေမယ့် ကျိကောကလည်း ငါနဲ့ ခံစားချက် တူနေတယ်လေ ဟား ဟား "မျက်လုံးလှိမ့်တဲ့ emoji" )


(🙄 ဒီလိုလေးပါ) 


Weibo ကို စစ်ကြည့်နေသည့် ချိန်ဖမ်းရှင်း၏ မျက်နှာတွင် ဂုဏ်ယူမှုတို့ ပြည့်နှက်လာသည်။ 


ဒါက စူပါစတားကျိမြန်ရဲ့ လွှမ်းမိုးနိုင်စွမ်းတွေပေါ့ သူ တစ်မနက်လုံး မဖြေရှင်းနိုင်တဲ့ ပြဿနာကို မိနစ်ပိုင်းအတွင်းမှာ ဖြေရှင်းလိုက်တာ လဲ့ယန်လည်း ဒီလိုအဆင့်အထိ ရောက်လာရင် ကောင်းမှာပဲ ... 


သို့သော် နောက်တစ်စက္ကန့်အတွင်းမှာပင် သူ့အပြုံးတို့ ကြောင်အသွားတော့သည်။ အကြောင်းမှာ ထမင်းဘူးကိုင်ကာ ရောက်လာသည့် ရှောင်ကျားရှု၏ စကားကြောင့် ဖြစ်သည်။ 


"ကျိကော ဟန်ကော ကျွန်တော်နဲ့ ဓာတ်ပုံတစ်ပုံလောက် ရိုက်ပေးလို့ ရမလား ..." 


နာမည်ကြီးတစ်ယောက်နဲ့ ဓာတ်ပုံတွဲရိုက်ပြီးရင် မင်း ဘာလုပ်မလဲ သေချာပေါက် Weibo မှာ တင်မှာပေါ့ ... 


ချိန်ဖမ်းရှင်းမှာ ရှောင်ကျားရှု၏ မျက်နှာကို ကြက်ဥများဖြင့် ပစ်ပေါက်လိုစိတ်ပင် ဖြစ်လာတော့သည်။ 


ဘာလို့ နေရာတကာမှာ မင်းရှိနေတာလဲ သူများတွေ Weibo မှာ တင်ရင် မင်းလည်း လိုက်တင်တယ် သူများတွေ စိတ်ပါဝင်စားတဲ့ဟာဆို မင်းလည်း လိုက်ပြီး စိတ်ဝင်စားလိုက်တာပဲ မတော်နိုင်သေးဘူးလား ... 


လင်းလဲ့ယန်၏ မျက်နှာမှာလည်း မကောင်းလှ။ ရှောင်ကျားရှုသာ ပို့စ်တင်ပြီး ကျိကောနှင့် ဟန်ကောက တစ်ဖန် မှတ်ချက်ပြန်ရေးပါလျှင် သူတို့၏ ဆက်ဆံရေးကောင်းမွန်လှကြောင်း လူသိသွားမည့်အပြင် ဒါရိုက်တာလောပါ ဝင်ပါလာဦးမည်ဖြစ်သည်။ ဤရက်ပိုင်းအတွင်း ရှောင်ကျားရှုအပေါ် သူ၏ နှစ်လိုမှုတို့မှာ သိသိသာသာ တိုးပွားလာပေသည်။ 


ရှစ်ထင်းဟန်က သူ့ကို သရုပ်ဆောင်ကောင်းသည်ဟု ချီးကျူးခြင်းသည် အနည်းငယ် ချဲ့ကားရာရောက်သော်ငြား ရှောင်ကျားရှုသာ ဖြစ်ပါလျှင် ထိုချီးကျူးစကားမှာ ထိုက်တန်ပေသည်။ နာမည်ကြီးများသာ တစ်ယောက်ပြီးတစ်ယောက် ထွက်လာပါလျှင် ရှောင်ကျားရှု၏ ကျော်ကြားမှုက သူ့ကို လွှမ်းမိုးသွားဦးမည်ဖြစ်သည်။ ပြောင်းပြန်လှန်ရန် ခက်ခဲလှသည့် အခြေအနေမှာ အထိန်းအကွပ်မဲ့တော့မည့်လမ်းနှင့် နီးကပ်လာသည့်အတွက် လင်းလဲ့ယန်မှာ စိတ်ကသိကအောက်ဖြစ်ကာ ရှောင်ကျားရှုကို မုန်းတီးစ ပြုလာတော့သည်။ 


(ဘာသာပြန်သူမှာ ပြောစရာ ရှိပါတယ် : ဒီတစ်ယောက်ကတော့ သူ့ကိုယ်သူ တွင်းတူးနေမိတာပဲ သူ့ကို တကယ် စိတ်ကုန်နေပြီ ငါတို့တွေ သူ့ရဲ့ ရှုထောင့်ကို ဖယ်ထုတ်လိုက်လို့ မရဘူးလား ... *သက်ပြင်းချသံ*)


ရှောင်ကျားရှုကမူ အခြားသူများ၏ အတွေးကို မခန့်မှန်းမိ။ ကျိမြန်ကိုသာ အားတက်သရော စိုက်ကြည့်နေလိုက်သည်။ ကျိမြန်က နှစ်စက္ကန့်ခန့် တုန့်‌ဆိုင်းနေပြီးကာမှ ပြန်ဖြေလိုက်သည်။ 


"ဘယ်နားမှာ ရိုက်ချင်လဲ နေ့လည်စာဘူးတွေ အားလုံးက ဒီနားမှာဆိုတော့ မြင်ကွင်း သိပ်မကောင်းလောက်ဘူး ..." 


"ကျွန်တော်လိုချင်တာလည်း ဒါပဲလေ ..." 


ရှောင်ကျားရှုက ထမင်းဘူးကိုကိုင်ကာ သူ့ဘေးဝင်ထိုင်ရင်း လက်ထောက်ကို ပြောလိုက်သည်။ 


"ငါတို့ စားနေတဲ့ပုံပဲ ရိုက်ပေး ..." 


"အိုကေ ..." 


လက်ထောက်က ပုံအနည်းငယ်ရိုက်ကာ ရှောင်ကျားရှုကို လာပြတော့မည် ပြင်နေစဉ် သူက ထမင်းဘူးကိုင်လျက် ရှစ်ထင်းဟန်အနား ပြေးသွားကာ ပို့စ်ပေးလိုက်ပြန်သည်။ ရှစ်ထင်းဟန်ကလည်း တက်တက်ကြွကြွ ပူးပေါင်းပေးလိုက်၏။ 


လူသစ်တစ်ယောက်ပဲ ဖြစ်ဖြစ် နှစ်ယောက်ပဲဖြစ်ဖြစ် တစ်ကုမ္ပဏီတည်းပဲဟာ ဘယ်သူ့ကိုပဲ အားပေးပေး ကိစ္စမရှိလောက်ပါဘူး ... 


ဓာတ်ပုံရိုက်ပြီးနောက် ကျိမြန်နှင့် ရှစ်ထင်းဟန်တို့က ရှောင်ကျားရှု ပုံတင်ကာ သူတို့ကို mention ခေါ်လာမည်အား စောင့်နေသေးသော်လည်း ထိုသူကမူ ဖုန်းကို အိတ်ထဲသိမ်းလျက် ထမင်းဆက်စားနေပေသည်။ ရှောင်ကျားရှုသည် နိုင်ငံခြားတွင်သာ နှစ်ရှည်လများ နေထိုင်ခဲ့ရရာ သူပြန်ရောက်လာစဉ်အထိ Weibo account တစ်ခုမှပင် မရှိချေ။ 


ဘာလို့ ပရိုမိုးရှင်းဆင်းဖို့အရေး ဓာတ်ပုံတွေ တင်ဖို့ လိုအပ်သေးတာလဲ ဓာတ်ပုံရိုက်တယ်ဆိုတာ အမှတ်တရအတွက်လေ သူ့ဖုန်းထဲမှာပဲ သိမ်းထားမှာပေါ့ Weibo မှာ တင်ပြီး ဘာလုပ်မှာလဲ ... 


ညစာစားပြီးနောက် မြောင်မူချင် ရောက်လာကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


"အိုကေ ကြော်ငြာပိုင်ရှင်က ငါ့အကြံပြုချက်ကို စိတ်ဝင်စားသွားလို့ အစီအစဉ်တွေ ပြန်ပြင်နေတယ်တဲ့ ရှောင်ကျားရှုရေ အားတဲ့တစ်ရက်လောက်ကျ မင်းကို ညစာလိုက်ကျွေးမယ်နော် ..." 


"မဟုတ်တာ မူချင်ကျဲ ကျွန်တော့်အမေက ဒီနေ့ ဝက်နံရိုးနဲ့ ကျောက်ဖရုံသီးနှပ် ချက်ကျွေးမလို့တဲ့ ကျွန်တော်သာ ညစာစားဖို့ ပြန်မလာရင် သူမက ကျွန်တော့်ကိုပါ အစိမ်းလိုက် ဝါးစားပစ်လိမ့်မယ် ..." 


မြောင်မူချင်က တွန်းအားပေးမနေတော့။ ကျိမြန်နှင့် ရှစ်ထင်းဟန်တို့က လင်းလဲ့ယန်ကို အမြင့်သို့ တွန်းပို့ပေးနေကြကြောင်း တွေ့လိုက်သည့်အခါ သူမက သရော်လိုဟန်ဖြင့် ပြောလိုက်သည်။ 


"ရှောင်ရှု လာ ဓာတ်ပုံတစ်ပုံလောက် ရိုက်ကြရအောင် ..." 


ဓာတ်ပုံရိုက်ပြီးနောက် သူမက ရှောင်ကျားရှုထံ ပို့ပေးကာ သူပို့စ်တင်လာမည်ကို စောင့်နေလိုက်သည်။ ထိုအခါမှ သူမလည်း အကြောင်းပြန်ကာ သူ့အတွက် အနည်းငယ် အားဖြည့်ပေးနိုင်မည်ဖြစ်သည်။ 


ဟွမ်မိန်ရွှမ်က သူမကို ရှောင်ကျားရှုနှင့် သတင်းမထွက်စေရန် ဆင်ခြင်ရမည်ဟု သတိပေးထား၍သာ မဟုတ်ပါလျှင် သူမကိုယ်တိုင် ပို့်စ်တင်လိုက်မည်ဖြစ်သည်။ 


Xxxxxxx